Wednesday, December 30, 2009

၂၀၀၉-ခုနှစ်အတွက် ပို့စ် (၁၀၀) အမှတ်တရ



ထူးထူးခြားခြား မ
ဟုတ်ပေမယ့်

“အမေနေ့” မှာ
၂၀၀၉-ခုနှစ်အတွက်
ရေးသားဖြစ်ခဲ့တဲ့ ပို့စ်အရေအတွက်ဟာ

(၁၀၀)တိတိ ပြည့်မြောက်သွားခဲ့ပါတယ်။

အဲဒီထဲမှာကိုယ့်ကဗျာ အက်ဆေးနဲ့
သူများ ကဗျာတွေ အပါအ၀င်ဆိုပါတော့..။

ပို့စ်(၁၀၀)ပြည့် အထိမ်းအမှတ်အမှတ်အဖြစ
သာရလင်းက လောလောဆယ်မှာ
သူဝယ်ထားတဲ့
ကားအသစ်နဲ့
ချောင်းသာလိုက်ပို့ပါတယ်။


ဟိုမှာ တည်းခိုခန်းစရိတ်နဲ့
စားစရိတ်အားလုံး

သူကပဲ စပွန်ဆာ ပေးတယ်ပေါ့။


နယူးယီယားညမှာ
ကျွန်တော်၊
မောင်မင်းစိုး၊ သာရလင်း၊
မိုးပြည့်၊ ၀ိုင်ဝိုင်၊
ကေခိုင်၊ သီတာတို့ သူငယ်ချင်းတွေ

ချောင်းသာမှာ နှစ်သစ်ကို ကြိုဆိုကြပါမယ်။


အမေရိရောက်နေတဲ့ နေသစ်မှူးကတော့
သူလည်း သူငယ်ချင်းအားလုံးကို
သတိရတယ်ဆိုတဲ့အကြောင်း
နယူးယီးယားညကို အတူတူ
ဖြတ်သန်းချင်တဲ့အကြောင်းတွေ
လွမ်းလွမ်းမောမောပြောပြီး

သူငယ်ချင်းတွေ သုံးရအောင်လို့တဲ့

ဒေါ်လာ(၅၀၀)ကို အစောကြီးကတည်းက
လူကြုံနဲ့ ထည့်ပေးလိုက်ပါတယ်။

အဲဒီ ဒေါ်လာ(၅၀၀) ကို
ကျွန်တော်ကပဲ အားနာနာနဲ့

အိပ်ကပ်ထဲ ထည့်လာခဲ့ပါတယ်။


သူ့လိုပဲ အပြင်မှာ ရောက်နေကြတဲ့

နွေမင်းသစ်၊ နေရု၊ အတည်မဲ့၊
ဇာဇာ၊ သက်သက်ဦးတို့ကလည်း
သူတို့ကို စောင့်ဦး၊ ပြန်လာခဲ့မယ်

သူတို့လဲ လိုက်မယ်လို့ ပြောခဲ့ကြပေမယ့်

သူတို့ အချိန်မီ ရောက်မလာခဲ့ကြပါဘူး။


စိတ်မကောင်းစွာပဲ ကျွန်တော်တို့
ချောင်းသာကို ထွက်လာခဲ့ကြပါတယ်။
နယူးယီးယားညကလဲ နီးနေပြီလေ..
မနက်ဖြန်ဆို ရောက်တော့မယ်မို့လား...။


သာရလင်းကတော့ ကား/ဆီဖိုးကအစ
ဘယ်သူလိုက်လိုက် သူအားလုံး
ကုန်ကျစရိတ်ကို စပွန်ဆာပေးမယ်
လိုက်ချင်တဲ့ သူလိုက်ခဲ့ကြလို့ ပြောပါရဲ့ ။

ကျွန်တော့်ရဲ့ ပို့စ်(၁၀၀)ပြည့်

နယူးယီးယားည ချောင်းသာခရီးစဉ်ဟာ
ပျော်စရာ အရမ်းကောင်းခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ ပျော်ရွှင်မှုဟာ

ထင်ထားသလောက် တာရှည်မခံလိုက်ပါဘူး။

မြောက်လေအဝှေ့မှာ တံခါးတစ်ချပ်
“ဒုန်း”ကနဲ့ ပိတ်သံ ကြားလိုက်ရပါတယ်။
အေးစက်စက် အတွေ့ကို
ရလိုက်မိတဲ့အချိန်မှာ

ကျွန်တော် လန့်နိုးသွားပါတယ်.။


ဒါကိုပဲ လူတွေက
”အိပ်မက်”လို့
ခေါင်းစဉ်တပ်လိုက်ကြပါရဲ့။

ဘာပဲဖြစ်ဖြစ် “ပင့်ကူအန် တိမ်တိုက်”
မှာ
၂၀၀၉-ခုနှစ်အတွက
် ပို့စ် (၁၀၀)ပြည့်အောင်
တင်လိုက်တဲ့အတွက်
အင်တာနက်အသုံးပြုခ
ဘယ်လောက်ကုန်သွားတယ်ဆိုတာ
မေ့ထားပြီး
ကျွန်တော် ပျော်ပါတယ်။


“ ပင့်ကူအန် တိမ်တိုက် ” ဆီ

ရောက်လာသူအားလုံး၊

ရောက်မလာသူအားလုံး

နှစ်သစ်မှာ စိတ်အသစ်၊ အောင်မြင်မှုအသစ်နဲ့

ပျော်ရွှင်ချမ်းမြေ့ကြပါစေ....။ ။


ဆူးရင့်၊တန့်ဆည်၊

အမေ သို့မဟုတ် ညီမျှခြင်း



အမေ့ဗိုက်ထဲမှာ

ကျွန်တော်
ဘာတွေများ တောင်းဆိုခဲ့ပါသလဲ၊

မမှတ်မိတော့ဘူးအမေ
မှတ်သားမှု နည်းပါးလွန်းတဲ့ ကျွန်တော်လေ

ကွန်ပျုတာဆေးပြားတွေ

မနက်နေ့ည ဆက်တိုက် မျိုချနေရ


အဲဒီနောက်

လောကထဲ အကောင်းဆုံးလူတွေကို

ရွေးထုတ်လိုက်တယ်၊

အဲဒီနောက်

ထိပ်ဆုံးကအမေဟာ
ညီမျှခြင်းတွေနဲ့ အောင်ပွဲခံနေရဲ့ ။

ဆူးရင့်၊တန့်ဆည်၊
အမေနေ့ အမှတ်တရ

၁၃၇၁-ခုနှစ်၊ ပြာသိုလ်လပြည့်။

Sunday, December 27, 2009

ရိုက်သီချင်း




ခြင်ရိုက်တံနဲ့ ခြင်တွေကို ရိုက်ခဲ့ကြသလို
မစာနာမှု ရိုက်တံနဲ့ မစာနာမှုတွေကို ရိုက်
အကြမ်းဖက်မှု ရိုက်တံနဲ့ အကြမ်းဖက်မှုတွေကို ရိုက်
ကပ်ဆိုးဘေးဆိုး ရိုက်တံနဲ့ ကပ်ဆိုးဘေးဆိုးတွေကို ရိုက်

ဒီမှာ တိုးတိုးလေး ခိုးဝင်လာနေတဲ့ ကူးစက်ရောဂါပိုးမွှားတွေ
ကူးစက်ရောဂါပိုးမွှား ရိုက်တံနဲ့ ကူးစက်ရောဂါပိုးမွှားတွေကို ရိုက်
သေခြင်းတရားဟာ တစ်နေ့ပြီး/တစ်ညပြီး တစ်ဘဝအထိ စီးဝင်လာတယ်
အန္တရာယ်ဆိုးတွေ မြင့်တက်လာတယ်
လည်မျိုအထိ မြုပ်လုပြီ
သေခြင်းတရား ရိုက်တံနဲ့ သေခြင်းတရားတွေကို ရိုက်
အန္တရာယ်ဆိုး ရိုက်တံနဲ့ အန္တရာယ်ဆိုးတွေကို ရိုက်

သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု ရိုက်တံနဲ့
သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုတွေကို ရိုက်
စိတ်စံနှုန်းတွေ ပြိုဆင်းလျောကျလာနေတယ်
လူတွေ အပေါ်ယံတွေကိုပဲ မိန်းမူးလာကြတယ်
စိတ်စံနှုန်းတွေ ပြိုဆင်းလျော့ကျမှု ရိုက်တံနဲ့
စိတ်စံနှုန်းတွေ ပြိုဆင်းလျော့ကျမှုတွေကို ရိုက်
အပေါ်ယံ ရိုက်တံနဲ့ အပေါ်ယံတွေကို ရိုက်

ခဏလေးပဲ ပျောက်ဆုံးပျက်စီးသွားကြတယ်
ခဏလေးပဲ၊
ပျောက်ဆုံးပျက်စီးမှု ရိုက်တံနဲ့
ပျောက်ဆုံးပျက်စီးမှုတွေကို ရိုက်
ဖရိုဖရဲ ပရမ်းပတာရိုက်တံနဲ့
ဖရိုဖရဲ ပရမ်းပတာတွေကို ရိုက်

သူများ ဦးနှောက်တွေ ဖောက်စားကြတယ်
သူများ သွေးသားတွေ လုယက်ကြတယ်
သူများ ခံစားမှုတွေ အဓမ္မကျင့်ကြတယ်
ဦးနှောက်ဖောက်စားမှု ရိုက်တံနဲ့ ဦးနှောက်ဖောက်စားမှုတွေကို ရိုက်
သွေးသားလုယက်မှု ရိုက်တံနဲ့ သွေးသားလုယက်မှုတွေကို ရိုက်
ခံစားမှု အဓမ္မကျင့်မှု ရိုက်တံနဲ့ ခံစားမှု အဓမ္မကျင့်မှုတွေကို ရိုက်
ညစ်ညမ်းစေတဲ့ အရာတွေကို ရိုက် ရိုက် ရိုက် ။ ။

စိုးမင်းအောင်



သူငယ်ချင်း စိုးမင်းအောင်ရဲ့ ကဗျာကို ကြိုက်တာနဲ့ တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

ပုံကတော့ မော်လမြိုင်သွားတုန်းက ၀င်းစိန်တောရ အတောင်လေးရာဘုရားကြီးထဲက
အပြီးမသတ်ရသေးတဲ့ ပန်းပုရုပ်တစ်ခုကို ဓာတ်ပုံရိုက်ယူလာတာပါ။
ဆူးရင့်



Sunday, December 13, 2009

ငါက ဒီမှာ ဒီလို..........လို

အရင်လို မွစာကျဲ အကျိုးအပဲ့တွေဆီ ငေးလို့၊ မီးခိုးလို ငွေ့ငွေ့အူခဲ့တာ
ငါ့အတွက် မင်းဆီကဦးနှောက်ဟာ အိပ်စက်နေသလား၊
စိတ်နံရံ တစ်ပြင်လုံး ယားယံနေသလား။
ခေတ်ပြေးလမ်းကို သိုဝှက်ရင်း ငါ့ကဗျာတွေ တုန်ရီအေးစက်ဆဲ ညက ယင်းထလို့ နာတယ်။

ခံစားချက်လေးတစ်ခု ချာချာလည်နေရုံနဲ့ ချာတူးလန်ဖြစ် ဖျားနာသွား။
အကြံကောင်းရင် တစ်ချက်ဆိုတဲ့ စကားပုံတွေလည်း သွား။

ကွန်ပျူတာ အင်တာနက် မသုံးတတ်ရင်..
နာမည်နောက်က အမြီးဆန်တဲ့ ဘွဲ့ဒီဂရီ မပါရင်...
အင်္ဂလိပ်စာနဲ့ ဘာသာစကား မကျွမ်းကျင်ရင်....
ရင်ကွေးပြီး ကျွမ်းထိုးဖို့ အသင့်ပြင်ကြစို့။

တောမှာပဲ တေနေလိုက်တော့မယ်၊ လုံလောက်ပြီ၊ သိပ်ပြီး မသိချင်တော့ဘူး။
နေထိုင်ဖြတ်သန်းမှုက နေ့တိုင်း သောင်မတင်ရေမကျဖြစ်ခဲ့။
ပါးညောင်းအောင် တောက်ခေါက်ပြီး အကြောလန်ထွက်လို့ လန့်နေရတယ်။
အရွယ်က လက်ဖြန့်တောင်းရမယ့်အရွယ် မဟုတ်သလို၊
အချိန်က လက်ခမောင်းခတ်ပြီး အောင်လံမလွှင့်နိုင်သေတဲ့ အချိန်ပေါ့။
အားယားနေရင် ချိန်ကြည့်၊ အခြေအနေကို ချိန်ဆဖို့ ချိန်းဆိုထားပါတယ်။
ဘာမှ မပိုင်ဘူး၊ ဘာမှ မနိုင်ဘူး၊ ဘာမှ မဆိုင်ပါဘူး။ မသိ နားမလည်ေ၀၀ါး ရောထွေး၊
ဖြေရှင်းရခက်တဲ့ ပွတ်သပ်မှုတွေ သွား၊ နားလည်ရခက်တဲ့ လောကဓံတွေ သွား။

ရန်ကုန်ဆောင်းဟာ စောင်မလိုဘူး သွား/မေးကြည့်။
လက်မ မထောင်နိုင်သေးတဲ့ ရောဂါဟာ စိတ်နဲ့ကိုယ်မှာ ငေါထွက်လို့ ကူးစက်ခံရတယ်။
Sign out မလုပ်ခဲ့ရင် ဘ၀ဟာ Enter တစ်ချက်ခေါက်တာနဲ့ ဘ၀ပျက်သွားမယ်။
ဘယ်သူ ဘာအတွက် ဘာကြောင့် Data တွေ ဗိုင်းရပ်စ်ကိုက်တာ၊
မိတ်ဖြစ်ပြီး ဆွေမတော်တဲ့ မိတ်ဆွေဆိုတာလည်း မူးယစ်ဆေးပဲ။
ပတ်ဝန်းကျင်မှာ ပြင်ပမှာ ရာသီဥတုမှာ…..

အွန်လိုင်းမှာ လူတွေ အီနေတာ တွေ့လား။
ကဖျက် ယဖျက်ဆိုသလို အရင်တုန်းကဆိုတာလည်း ပုံစံပြောင်း မူကွဲသွား၊
ဘာတွေလဲ နေ့တွေလား ညတွေလား
ဝလုံးတွေ စက်ဝိုင်းတွေ လမင်းတွေ သုညတွေ ဗလာနဲ့ ဇီးရိုးတွေဆီ။
မရှိခြင်းသက်သက်နဲ့ လွမ်းလွမ်းနေရတာ အားငယ်လိုက်တာ..။

နာကျင်စရာ ကြိုးစတွေ လေတဲ့အချစ်နဲ့ လေထဲမှာ လွင့်လေနေခဲ့တာ၊
လေးတွဲ့တွဲ့ ဘတ်စ်ကားပေါ်မှာလည်း ငါ၊ ဦးလေးကြီး လက်ဖက်ရည်ဆိုင်က ငူငူငေါင်ငေါင်လည်း ငါ၊
ငွေကို အလေးမထားဘဲ သုံးတတ်ပြီး လိုက်မရှာတတ်တာလည်း ငါ၊
ဘတ်စ်ကား စီးတိုင်း အန်ချင်တယ်။ ဖရိုဖရဲမလေးတွေ စိတ်မ၀င်စားဘူး။

ဒေါသနဲ့ မျှားယူမိတော့ အိပ်စက်ခြင်းဟာ များများမရဘူး။
အစာမတပ်တဲ့ ငါးမျှားချိတ်မှာလည်း မျှော်လင့်ခွင့်ရှိမယ်။
နေထိုင်မှုက သေသလို၊ စားသောက်မှုက သေသလို၊
လိုလို ….လိုလိုတွေနဲ့ ငါ ဒီမှာ ဒီလို …လို၊
ရှေ့မှာ မြင်နေရတဲ့ ပြဿနာတွေဟာ
ပြဿနာတွေပဲ။

ဆူးရင့်၊တန့်ဆည်၊

၁၃၊ ၁၂ ၊ ၂၀၀၉

Sunday, November 29, 2009

ငါ့ + ဆောင်း = ည




အိပ်ရာ မရှိဘဲ မိုးလင်းသွားတယ်/ည

ည/ငါ့ခန္ဓာကို ဘယ်မှာ ၀ှက်သိမ်းထားရမလဲ
အိပ်စက်ဖို့ ည/ဘယ်မှာ
အဲဒီ ည/က သံသရာ ရှည်တယ်

စစ်မြေပြင် လေယာဉ်သံတွေလို

ခြင်သံတွေ သိမ်းပိုက်ထားတဲ့/ည
ည/ လ မသာပါ
ငါ့သွေးကို ဖောက်စုပ်ယူကြ / ည

ည/ အေးစိမ့်စိမ့် မြောက်ပြန်လေ ဂီတနဲ့
ခိုက်ခိုက်တုန်တယ် /ည

သူငယ်ချင်းရဲ့ အကူအညီနဲ့

ဂိတ်တံခါးဝမှာ မိုးလင်းခဲ့ပေါ့ / ည

ကံကြမ္မာရဲ့ ရက်စက်ခြင်းဟာ

ဝဋ်နာ ကံနာလား / ည - ရက်စက်ကြ
ကွယ်စရာ နံရံ မရှိ

သုညကြွင်းတဲ့ / ည - ရက်စက်ကြ

ပိတ်စရာ တံခါးမရှိ

အားမပြည့်တဲ့ / ည - ရက်စက်ကြ

အဲဒီလို ည/ ည-မှာ

မင်းကို သတိရမိပါတယ်
ဒီဇင်ဘာရယ်...။
ဆူးရင့်၊တန့်ဆည်၊

Tuesday, November 24, 2009

တန့်ဆည် အလွမ်းပြေ


ရှေ့ တည့်တည့်က ကြည့်လျှင် တစ်ဆူတည်းလို့ ထင်ရပေမယ့်
အနီးကပ် ဖူးမျှော်ကြည့်မှ နှစ်ဆူတွေ့ရသည်။


အမတ်ကြီး ဦးပေါ်ဦး တည်ထားခဲ့တဲ့
မြတ်လှမဉ္ဖူ စေတီတော် အဝေးမှ ဖူးမြင်ရပုံ



ဒီ ရုပ်ပွားတော်ဟာ တန့်ဆည်မှာ တကယ်ရှိပါတယ် ။ တန့်ဆည်ဆိုတာ စစ်ကိုင်းတိုင်းထဲက မြို့ ၊ရွှေဘိုနဲ့ မနီးမဝေး မြို့ ၊ မြို့ ဆိုတဲ့နာမည်တစ်လုံးနဲ့ မြို့ရာမ၀င်တဲ့ မြို့ ၊ မစည်ကားသေးတဲ့ မြို့ ၊
ဒီကဆီ လောကဓံအဆိုးတွေ ကြည်စယ်သလိုလို ပစ်ပေးတတ်တဲ့ မြို့ ။ အဲဒီမြို့ ဗိုလ်မြရပ်ကွက်မှာ တည်ထားပူဇော်ခဲ့ကြတဲ့ မြတ်လှမဉ္ဖူစေတီတော်ကြီးရဲ့ လှိုဏ်ဂူတော်အတွင်းမှာ အထက်ကရုပ်ပွားတော်မြတ် ကိန်းဝပ်တော်မူနေပါတယ် ။

ဘုရားဒကာကတော့ အားလုံးသိကြတဲ့ ပညာရှိအမတ်ကြီး ဦးပေါ်ဦး ဖြစ်ပါတယ် ။ လူကြီးသူမတွေ ပြောစကားအရ တန်ဆည်ဇာတိဖွား ဦးပေါ်ဦးဟာ သူရဲ့မိဘနှစ်ပါးနဲ့ အစာမကြေဖြစ်နေတဲ့ အဘိုးဖြစ်သူကို
အမျက်ပြေအောင် ရွှေပန်းခိုင်ကို ဌာပနာသွင်းပြီး ဒီစေတီတော်ကို တည်ထားခဲ့တာပါ ။

ကမ္ဘာသိ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကတော့ အမတ်ကြီးဦးပေါ်ဦးကို လူ့ဘ၀သက်ရှိထင်ရှားရှိခဲ့ဖူး
တယ်လို့တောင် လက်မခံဘူးလေ ။ ဗိုလ်အောင်ဒင် အလီဘာဘာ တွက်ပီတို့လို ဖန်တီးထားတဲ့ ဇာတ်ကောင်တွေ
သာ ဖြစ်သတဲ့ ။ အမတ်ကြီးနဲ့ပတ်သက်လို့ ခိုင်လုံတဲ့အထောက်အထားတွေ ဘာတစ်ခုမှ ပြစရာမရှိတော့လည်း
အသာလေး ငြိမ်နေလိုက်ရုံပေါ ။

အမတ်ကြီး တန့်ဆည်လာတဲ့အခါ ဆင်တော်ရေချတဲ့ ကန်တို့ ၊ ဆင်ချဉ်တိုင်တို့ အရင်က ရှိတယ်လို့လည်း လူကြီးတွေပြောသံ ကြားဖူးပါရဲ့ ။ အခုမြင်နေရတဲ့ ရုပ်ပွားတော်ကို ရှေ့တည့်တည့်က ဖူးမျှော်ရင် တစ်ဆူတည်း
လို့ ထင်ရပေမယ့် ရှေ့တိုးပြီး အနီးအစပ်ဖူးမျှော်မှသာ နှစ်ဆူကပ်လျှက် ရှိနေတာကို သိရမှာပါ ။


ဒါဟာလည်း အမတ်ကြီးရဲ့ ပညာရှင်ဆန်တဲ့ ပဟေဠိတစ်ခုပေါ့ ။ သူပြောချင်တဲ့ ရည်ရွယ်ချက်က
အခု ဂေါတမဘုရားရှင်ရဲ့ နောက်မှာပွင့်တော်မူဖို့ဆိုတာ ဘုရားတစ်ဆူသာ ကျန်တော့တဲ့ အကြောင်းပဲဆိုပါစို့ ။
သတိ သံဝေဂရပြီး ကုသိုလ်ကောင်းမှုတွေ ပြုစေချင်တဲ့ စေတနာနဲ့ တည်ထားခဲ့တာ ဖြစ်လောက်ပါတယ် ။

အမတ်ကြီးဦးပေါ်ဦး လုပ်ချလိုက်ရင် အထူးအဆန်းချည်းမို့လား ။ ဦးပေါ်ဦးလျှောက်ထုံးတွေကို ဖတ်ကြည့်ရင်
သိနိုင်ပါတယ် ။ သူ့ရဲ့ အသုဘပွဲမှာတောင် ဇနီးဖြစ်သူကို မှာကြားပြီး စကားတွေပြောသွားသေးတယ်လေ ....
သေသွားတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှု မကောင်းမှုကလွဲပြီး ဘာတစ်ခုမှ ဟိုဘက်ဘ၀ယူသွားလို့ မရဘူးဆို
တာ သိစေချင်လို့ အခေါင်းရဲ့ အပြင်ဘက်မှာ သူ့လက်တစ်ဖက်ကို ထုတ်ပြီး သေတာတောင် စကားပြောသွားသေးတယ်မို့လား ။

သမိုင်းဆိုတာ ရေးမှပဲ ကျန်ရစ်ခဲ့တဲ့ အရာတွေပါလေ......ဘယ်သူနဲ့မှ မငြင်ခုန်ချင်တော့ပါဘူး။ ကိုယ်ကလည်း သမိုင်းပညာမှ နားမလည်တဲ့သူ တစ်ယောက်ဆိုတော့။ ။

ဆူးရင့် (တန့်ဆည်)
၎ ၊ ၉ ၊၂၀၀၇

တန့်ဆည်နဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေ ကြားချင်နေတဲ့
ခင်ရတဲ့ ချောင်းဆုံးသား သို့
ရည်ရွယ်ပြီး အရင်က တင်ထားပြီးသား အဟောင်းလေးကို
နောက်တစ်ကြိမ် ထပ်တင်လိုက်ပါတယ်။



Friday, November 20, 2009

ညဖွဲ့

စန်းလဂ် မကောင်းတဲ့ ရှင်သန်မှုဟာ
ည ကိုးနာရီရောက်တိုင်း
ပုလင်းဖွင့်သံကို ကြားရတတ်တယ်။

ငတ်မွတ်ခေါင်းပါးခြင်းအကြောင်း
၀၀လင်လင် ပြောကြ
ဖန်ခွက်ထဲက ရေခဲတုန်းလေးတွေလို
တဖြည်းဖြည်း အရည်ပျော်ရင်း......
ပြေးမလွတ်တဲ့ လမ်းမပေါ်
ခွေခေါက် လဲကျရင်း......။

တစ်ယောက်ရဲ့ အိတ်ကပ်ကို
တစ်ယောက်က စူးစိုက်လို့၊
တစ်ယောက်ရဲ့ ရင်ခုန်သံကို
တစ်ယောက်ဆီ ပစ်ခတ်လို့၊
ချဉ်စုတ်စုတ် အယူအဆတွေက အစ
ပွယောင်းယောင်း စကားလုံးတွေ အဆုံး
တင်ပြမယ်၊ ဆွေးနွေးမယ်၊ ငြင်းဆန်မယ်။

ပြီးရင်
အလိုမကျမှုအားလုံးကို မျက်ခွံမိုးပြီး
အိပ်မက်ကိုယ်စီနဲ့
တစ်နေ့တာ သေဆုံးကြမယ်။ ။

ဆူးရင့်၊တန့်ဆည်၊
၂၀၊ ၁၁၊ ၂၀၀၉

Thursday, November 19, 2009

ကြိုက်မိတဲ့ ခဲပန်းချီလေးများ



ခဲပန်းချီတွေလို့ သိရပါတယ်
ပုံတွေကိုတော့
သူငယ်ချင်း နေရုဆီက ပို့ပေးပါတယ်။

ပုံတွေ ရေးဆွဲတဲ့ ဆရာရဲ့
နာမည်ကိုတော့
ကျွန်တော် မသိပါဘူး။

အကြိုက်ဆုံး နှစ်ပုံကို
တင်ဖြစ်လိုက်ပါတယ်။
ဆူးရင့်၊တန့်ဆည်၊

Sunday, November 8, 2009

ဘေးထွက် ဆိုးကျိုး




စိတ်ရဲ့ မွန်းကျပ်မှုကို
ဖောက်ခွဲဖို့
စကားလုံးတွေနဲ့
မပျင်းပြေ လက်ထပ်ခဲ့တယ်။

ရှူရှိုက်မှုတိုင်းမှာ ကဗျာတွေနဲ့ နေခဲ့

နာကျင်မှုတိုင်းမှာ ကဗျာတွေနဲ့ လေခဲ့

ဖြတ်သန်းမှုတိုင်းမှာ ကဗျာတွေနဲ့ သေခဲ့


အဲဒီလို ပေါ့ပေါ့ပါးပါး လက်ခံပြီး

အဲဒီလို ပေါ့ပေါ့ပါးပါး ငြင်းဆန်တတ်သူဟာ
ခင်ဗျား မဟုတ်ရင် ပင့်ကူအန် တိမ်တိုက်ပဲ။ ။
ဆူးရင့်၊တန့်ဆည်၊

Wednesday, November 4, 2009

စိတ်ပျက်စရာကောင်းတဲ့ ဇာတ်ဝင်ခန်း

စာမကျက်ချင်ပေမယ့်
ကျောင်းသားပဲ လုပ်ချင်နေခဲ့တယ်
မုန့်ဖိုးတောင်းလို့ လွယ်သလိုလို
ဘာလိုလို ညာလိုလို ဟိုဟာလိုလို ဒီဟာလိုလို
လူကြီးလုပ်ဖို့ အသက်ကြီးရမှာ
ကြောက်ကြောက်နေခဲ့
လူကြီးလိုလို ကလေးလိုလို
လိုလိုတွေနဲ့ လော်လီနေဆဲလူ။

ဆန်တစ်ခွဲ မရချင်နေ
သူများအကြောင်း မပြောပဲ မနေနိုင်
ကဗျာဆရာတစ်ယောက်
အရက်မူးပြီး ပန်းကန်ပြားတစ်ချပ် ပေါက်ခွဲ
စသဖြင့် ပါးစပ်က သွေးသံရဲရဲ
ညှီဟောက်နေတဲ့ အန်ဖတ်တွေကို
အန်နေရတဲ့ အရသာ
စိတ်က လိုချင်မှုနဲ့ ခါးစပ်နေရမှ။

ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့အခါ
အင်တာနက်ပေါ်ကိုပဲ တက်တက်မျှော်မိ
ကဗျာတွေကို အပြိုင်ရေဖျန်းကြ
ဒီဇိုင်းတွေ ပြိုင်ဆွဲကြ
ဟီ..ဟိ.. လို့ ရယ်ရယ်နေတဲ့
ဘလော့ဂါတွေကို ပါးပိတ်ရိုက်ချင်တယ်
နင် ငါ့ကို ချစ်လား yes (or) no
အချစ်က ချက်စားလို့မှ မရတာ။

လူစွမ်း မပြနိုင်လို့ကတော့
လူ့အသင်းအပင်းက အရွေးချယ်ခံရမှာမဟုတ်
တအိအိပျော်ကျနေတဲ့ ရေခဲတုံးကြီးကို
စိတ်က စိုးရိမ်တကြီး ဖက်တွယ်ထား
အပျင်းပြေ ရေဒီယိုနားထောင်ဖို့
ဓာတ်ခဲက အားမရှိ
အနာဂတ်မိုးက မထိတထိ ရွာနေ။
သာရလင်း

Monday, November 2, 2009

လူငယ်နှင့် လောကဓံ


ယနေ့ခေတ် လူငယ်တွေအတွက် ရည်ရွယ်ပြီး
ရေးသားထားတဲ့
ဆရာမောင်မင်းစိုး၊ရွှေနံ့သာ၊
ရဲ့
တတိယမြောက် တင်ဆက်မှု အသစ်ဖြစ်ပါတယ်။

အတွေးအမြင် ဆောင်းပါးလေးတွေပါ
မကြာမီ
ရွှေနံ့သာစာအုပ်တိုက်မှ
ထုတ်ဝေတော့မယ်လို့ သိရပါတယ်။
ဆူးရင့်၊တန့်ဆည်၊

Wednesday, October 28, 2009

သွေးကြောအသေနဲ့ လွင့်အော်နေသော တောအုပ်

ပြဿဒါး ပြဿနာနဲ့ ပြက္ခဒိန်အဟောင်းတွေပဲ
တအုံ့တဆိုင်း ပျိုဆင်းလျောကျ
ဖြတ်သန်းမောင်းနှင်ရာ လမ်းတစ်လျှောက်
မာနနဲ့ အေးစက်မာကျောရင်း
အမှိုက်တွေ ခေါင်းထဲပြေးဝင်လာတယ်
ရှင်သန်မှု အလွင့်စိတ် ငိုသံများလည်း
အောင်ပွဲအလီလီ ပစ်မှတ်လွဲခဲ့ ။

သမာသမတ်ကျကျ သမာနိုင်ဖို့
ဝန်းကျင်ရဲ့ အငွေ့အသက်ကို လှုံတယ်
တစ်ကိုယ်ရည် မွန်းကြပ်မှုအတွက်
ကဗျာ့လေကို ရှူတယ်
အဖိတ်အစင်ကင်းကင်း မေတ္တာပို့တယ် ။
အိပ်ရေး၀၀ အိပ်တာလည်း
ဘ၀အတွက်ပါပဲ ။

လူသားဆန်တဲ့ လူ့အဖြစ်ကို
လူလူသူသူ ရခဲ့ပြီလား
သေခြင်းဆိုတာ
ကျုပ်တို့ရဲ့ ဝေးဝေးမှာ မပျော်မွေ့ပါဘူး
မျက်စိရှေ့က ပျောက်သွားတဲ့
လူတွေ တိရစ္ဆာန်တွေ စကားလုံးတွေ စာလုံးတွေ ။

လောကဓံဆီက
အလိုမတူ စူးဝင်လာတဲ့
ဆိပ်လူးမြားက
ရင်ညွန်ဆီ တည့်တည့်
ငြိမ်သက်နေလိုက်တယ်
အော်သံတွေ ဘယ်သူမှ မကြားစေချင်ဘူး ။ ။

ဆူးရင့်၊တန့်ဆည်၊
စရဏမဂ္ဂဇင်း
အတွဲ ၆ ၊ အမှတ် ၅
နိုဝင်ဘာလ ၊ ၂၀၀၉




Sunday, October 18, 2009

သို့ ..... ဆူးရင့်

မငိုသေးတဲ့ တိမ်တွေကို ခင်ဗျားငိုအောင်လုပ်နေတာလား
မရွာသေးတဲ့ ပင်လယ်ကို ခင်ဗျားရွာအောင်လုပ်နေတယ်ထင်တယ်
မပြောဖြစ်သေးတဲ့ စကားအတွက် ဆက်ပြီးသိမ်းထားပေးပါ
သေချာမှုတွေအတွက် မသေချာပေးတာလား
ရိုးတန်ကျဲ ကျေးလက်ညများဆီ ခင်ဗျားရောက်အောင် သွားပါ
သဘာဝ အလှမရှိတဲ့ မြို့ ပြညတွေကို ကျောခိုင်းလိုက်ပါတော့
ယဉ်ကျေးမှုတွေ ဆိတ်သုဉ်းနေမှတော့ ဘာကို ရှာဖွေနေတော့မှာလဲ။

ခင်ဗျားရဲ့ ခင်ဗျားက လှနေပြီးသားပါ
အခါခါ သေဆုံးခဲ့ဖူးတဲ့ မွေးနေ့ပွဲမှာ တစ်ခုခုတော့ လုပ်နေမှာ သေချာတယ်။
ပြီးဆုံးချင်ပါတယ်ဆိုမှ မပြီးသေးတဲ့ ည၊ ဇာတ်နာလွန်းတယ်ဗျာ
ကားဟွန်းသံတွေ ဆူညံနေမှတော့ ခင်ဗျားရဲ့ စုတ်ချက်တွေလဲ ဆူညံနေမှာပဲ
ခင်းဗျားရဲ့ ယောင်ပြီး ထ ထ အော်တတ်တဲ့ အကျင့်၊ ခင်ဗျားတစ်ခုခုကို လန့်နေတယ်။

ခင်ဗျားရဲ့ အားနာတက်တဲ့ အပြုံး
ဘယ်အရာတွေမှ အရှုံးမပေးဘူးဆိုတာ ကျုပ်သိတယ်
တစ်ခါတစ်ရံ ကျုပ်တောင် လန့်လန့်သွားတယ် တကယ်ပါ
ဘာမှ မထူးဆန်းတဲ့ ဘာပကာသနမှ မပါတဲ့ မွေးနေ့ ပွဲလေးမှာ ခင်ဗျား ငြီးမနေပါနဲ့
နေရမယ့် ရက်တွေက လက်ချိုးပြီး ရေတွက်လို့ ရနေပြီပဲဗျာ
မရနိုင်တော့တဲ့ အတောင်ပံ တစ်စုံအတွက် မမျှော်လင့်ဘဲ နေလိုက်ကြစို့ရဲ့ ။

မွေးနေ့မှသည်
နေရသလောက်ထိ
ကျုပ်တို့ရဲ့ ဆူးရင့်
အထူးသဖြင့် ပျော်ရွှင်ပါစေ...။
နေရု

Friday, October 16, 2009

ညဉ်းဖြစ်တဲ့ သီချင်း

ပျင်းတဲ့ အခါတိုင်း သီချင်းတွေ ညဉ်းဖြစ်/ဆိုဖြစ်ခဲ့ပါတယ်
လောလောဆယ်မှာ ခံစားမှုက
ဘယ်လို ဖြစ်လို့ ဖြစ်နေမှန်းကို မသိအောင်ပါပဲ
စာဖတ်ချင်စိတ် မရှိသလို ကဗျာလည်း မရေးဖြစ်တာ ကြာနေပြီ
စိတ်ဓာတ်ကျနေတယ်လို့ ပြောရင် ပိုပြီး မှန်လိမ့်မယ် ထင်ပါရဲ့
မျှော်လင်ချက်တွေက ဖြစ်မှ မလာပဲလေ.........။

လူတစ်ယောက်မှာ အနည်းဆုံး မျှော်လင့်ချက် တစ်ခုလောက်တော့ ရှိကြလိမ့်မယ်
ထင်ပါတယ်။ ကျွန်တော်ကတော့ တစ်ခုထက်မက ရှိခဲ့ပါတယ်။
ဖြစ်ချင်/ရောက်ချင်တဲ့ အရာတစ်ခုကို ဖြစ်အောင် လုပ်/ ပြော/ကြံ
ပြီးနောက်....အမှန်တကယ် ရောက်ရှိလာမယ့် နေ့ရက်တစ်ရက်ကို
စောင့်မျှော် ငံ့လင့်နေတာကို မျှော်လင့်ချက်လို့ ထင်ပါတယ်။

များသောအားဖြင့် ကျွန်တော့်မျှော်လင့်ချက်တွေဟာ
ရောက်မလာပဲ အိပ်မက်လို ပျောက်ကွယ်သွားတာ များပါတယ်
သေးသေးမွှားမွှားလေးတွေတော့ တစ်ခါတစ်ရံ ရောက်ရှိလာတတ်ပါရဲ့
ကျွန်တော့် ညံ့ဖျင်းမှုကြောင့်လား။ ကံကြမ္မာကြောင့်လား။ နှစ်မျိုးလုံးကြောင့်လား။

စိတ်ကျရောဂါဆန်ဆန် ခွေခေါက် လဲပြိုနေချိန်မှာ
မှတ်မှတ်ရရ ပန်းရင့်ရောင် က တဂ်ထားတဲ့ အကြောင်း သတင်းပို့တယ်
“ ညဉ်းဖြစ်မိတဲ့ သီချင်းတဲ့ ”

မျှော်လင့်ချက်တွေ ရောက်မလာ ဖြစ်မလာတိုင်း
သတိရရ ညဉ်းဖြစ်တဲ့ သီချင်းလေး တစ်ပုဒ် ရှိပါတယ်။
အဲဒီ သီချင်းလေးက ကျနေတဲ့ ကျွန်တော့် စိတ်ဓာတ်တွေကို မြှင့်တင်ပေးသလို
ခံစားရပါတယ်..။ ခေါင်းစဉ်ကို ကြည့်ပြီး အားတတ်ရပါတယ်။

အချစ်ကြောင့် မျှော်လင့်ချက် ပျောက် ခဲ့တဲ့ နေ့တွေ.......
အပေါင်းအသင်းကြောင့် မျှော်လင့်ချက် ဆုံး ခဲ့တဲ့ နေ့တွေ........
ပတ်ဝန်းကျင်ကြောင့် မျှော်လင့်ချက် ပျက် ခဲ့တဲ့ နေ့တွေ.......
ကိုယ့်ညံ့ဖျင်းမှုကြောင့် မျှော်လင့်ချက် သုဉ်း ခဲ့တဲ့ နေ့တွေ.......
အဲလို နေ့မျိုးတွေမှာ ကျွန်တော် ဒီသီချင်းကို ဆိုဖြစ် ညဉ်းဖြစ်ခဲ့ပါတယ်။

သီချင်းနာမည်က “ ဖြေသိမ့်လိုက် ”
အငဲ ရေးပြီး ၀ိုင်ဝိုင်း သီဆိုထားပါတယ်
အခု ဂစ်တာမတီးဘဲ ညဉ်းဖြစ်လိုက်ပါတယ်။

အားလုံးပြီးဆုံးသွားတော့ ရင်တစ်ခုလုံး ကြေသွားလား
ကိုယ်ချင်းစာပါတယ်..။ အို သူငယ်ချင်း သိပ်မဆန်းဘူး
ရှေ့ဆက်ပြီးတော့ တွေ့ကြရမှာပဲ
ဆုံးရှုံးခြင်းက တို့တွေ ပြေးမလွတ်နိုင်
မောပန်းလွန်းတဲ့ မင်းရဲ့ လိပ်ပြာလေး ဖြေသိမ့်လိုက်...။

ကံကြမ္မာဆိုတာက ချိုတစ်လှည့် ခါးတစ်လှည့်
ခုလည်း ဒီလိုပဲ/ပေါ့ အောင်မြင်လိုက် ရှုံးနိမ့်လိုက်
လဲကျတဲ့အခိုက် ကွဲခဲ့တဲ့ မင်းနှလုံးသား
အက်ကြောင်းလေးက အမြဲတမ်း အမှတ်တရပေါ့
ရှေ့ဆက်/ဆက်လျှောက်ရမယ့် မင်းရဲ့ ဘ၀သစ်အတွက်
ဖြေသိမ့်လိုက်...။

သူငယ်ချင်း
ရှေ့ဆက် မင်းဘ၀ဟာ အမြဲချိုမြိန်ပါစေ.. အောင်မြင်ပါစေ
တစ်ခါတစ်ရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့လေ
ဟိုအရင် အချိန်က ကြေကွဲခြင်း မင်းမျက်ရည်
မြစ်ပြင်ကျယ်မှာမျှော ပင်လယ်ထိ စီးပါစေ
အားတင်းကာ လျှောက်လေ....။
စီးပါစေ....အားတင်းကာ ....လျှောက်......လိုက်.....။
ဆူးရင့်၊တန့်ဆည်၊

Friday, October 9, 2009

တစ်ပိုင်တစ်နိုင် စိတ္တဇ

မွေးနေ့ အမှတ်တရ
ကဗျာစာအုပ်လေး လုပ်မယ်ဆိုတော့
ကိုယ်နဲ့ ရေးဖေါ်ရေးဖက် အသိမိတ်ဆွေ သူငယ်ချင်တွေဆီ
အွန်လိုင်းက မိတ်ဆွေတွေဆီ
ကဗျာတွေ တောင်းခဲ့ပါတယ်။

မွေးနေ့က
အောက်တိုဘာ(၂၉)ရက်နေ့မှ
ရောက်မှာ ဖြစ်ပြီး
သေရမယ့် နေ့ရက်ကိုတော့
ကြိတင် မသိရသေးပေမယ့်
မကြာမကြာ စဉ်းစားဖြစ်ခဲ့ပါတယ်။

ကျွန်တော် လုပ်နေတဲ့
အဲဒီစာအုပ်လေး
အခု
ပြီးဆုံးသွားပါပြီ

စိတ်ဝင်စားလို့ ဖတ်ချင်ရင်တော့
ဒီမှာ
ကလစ်ပြီး ဖတ်ရှုနိုင်ပါတယ်။

ကဗျာတွေကို
မွေးနေ့လက်ဆောင်ပေးကြတဲ့
ဝါရင့်ကဗျာဆရာများ
သူငယ်ချင်းများ
အားလုံး အားလုံးကို
အထူး ကျေးဇူးတင်ပါတယ်လို့
ပြောပါရစေ။
ဆူးရင့်၊တန့်ဆည်၊

Sunday, October 4, 2009

တကယ်တော့ ငြင်းဆန်မရခြင်းတွေဟာ ယခုကဗျာပါ စာသားတွေပဲ

တစ်ယောက်ယောက်က အမှားတစ်ခုခုနဲ့
ချစ်မေတ္တာသာ မရှိခဲ့ရင်
ငါတို့ ကမ္ဘာအတွက် မတွေးဝံ့စရာ
အိပ်ပျော်နေတုန်း ချောက်အိပ်မက်တွေ မက်ခဲ့သေးလား
ကျောထောက် နောက်ခံတွေ စုတ်ပြဲနေသလား
မြစ်ကိုမှ ဖြတ်မကူးရဲရင်
ဒီမြင်နေရတဲ့ တစ်ဖက်ကမ်းကို
ငါတို့ ဘယ်တော့မှ ရောက်တော့မှာ မဟုတ်။

အသားကျနေတဲ့ အနာတရတွေ
လည်ပတ်နေတဲ့ အရာတွေ
မရေးဖြစ်သေးတဲ့ ကဗျာတစ်ပုဒ်ထဲမှာ
ဘာကိုမှလည်း သေချာပြောပြနိုင်သေးမှာ မဟုတ်။

ကိုယ်စုတ်ဖြဲမိချင် စုတ်ဖြဲမိဦးမှာ
အခက်အခဲ ရှေ့တိုးမသာ နောက်ဆုတ်မသာ ဖြစ်
မီးခိုးမည်းတွေ ဖုန်းနေတယ်
စိတ်အတွင်းက အစ ခန္ဓာတစ်ခုလုံး ကျွမ်းလို့လောင်
ဘ၀ထဲ လွတ်ကျသွားတာကို
ရပ်ငေးဆွေးနေတဲ့ လူတစ်ယောက်ကိုမှ
လှောင်ရယ်စရာလား။

အမှောင်ထဲ ချောင်းမြောင်းနေတဲ့ မျက်လုံး အန္တရာယ် ကျားရဲတွေ
တစ္ဆေသရဲ အတွေ့အကြုံကို ငါကြောက်တယ်
နှင်းဆီပန်း မပို့မိသေးတာဟာ
ညပ်နေတဲ့ စစ်ပွဲတံခါးကြားက
ရင်တစ်ခြမ်းကို ဆွဲထုတ်နေရလို့ပါကွာ။

လက်သည်း ခြေသည်း လောကတစ်ခုထဲက ကြေးတွေ
မျှော်လင့်ချက်ကို ငါမျှော်လင့်နေတာ
လူဆိုတာ မျှော်လင့်ချက် လိုတယ်
နောက်ကွယ်က ဖြတ်ပြေးသွားတဲ့ အရိပ်တွေ
နေ့ညတွေ အခုပဲ ကျန်းမာရေး ပြန်ကောင်းတော့ မလိုလို
တို့တစ်တွေ လုံခြုံရေး ဘလိတ်ဓားကြိုးတွေကြား
နေထိုင် အသက်ရှိရတယ်။

သင်္ဘောမှောက်နေတာဟာ
ဆယ်ယူခံဖို့မှ မဟုတ်ရင်
ပစ်ပယ်ခံရဖို့ စိတ္တဇ ရတယ်
ဘယ်လို ပေါင်မုန့်ထောပတ်သုပ်
အသည်းနှလုံး ယိုသုပ်တွေလဲ။

ရရှိလိုက်တာမှာ ဖုန်ကပ်နေတယ်
ထိတ်လန့် တုန်လှုပ်ရခြင်းသာ
အကောင်းဆုံး အသုံးအဆောင်တစ်ခုလို
မီးတောင်ဟာ ပေါက်ကွဲ။

ကိုယ်ဖက်ထားမိတာက
လူအဖြစ် ရုပ်အလောင်းနဲ့
ပျော်ရွှင်မှု ခြေပြတ် လက်ပြတ်တွေပဲ
အမြဲတမ်း သတိပေးချက်တွေ
တစ်နေရာရာဆီက ထုတ်ပြန်နေတယ်
တစ်နာရီ မိုင်စွမ်းအားအကုန်နဲ့ ပြေးဝင်လာနေတယ်
မကြင်နာ ရက်စက် ထက်ခြမ်းကွဲသွားစေမယ့်
အမျိုးအမည် မသိ မုန်တိုင်းများ

လူကြီးမင်းများ ခင်ဗျား
စာသားရဲ့ တစ်နေရာကို ရောက်ရင်
ကျွန်တော်တို့ အားလုံး
သေဟန်ဆောင်ရပါမယ်
ကိုယ့်အတ္တကိုယ် အနူးညံ့ဆုံးအထိ
ယဉ်ကျေးအောင် ချော့မြှူရပါမယ်။

အသည်းကွဲတာဟာ
အသည်းကွဲတာပေါ့ ခင်ဗျား
စာမျက်နှာပေါ်က တစ်စွန်းတစ်စ
ဖေါ်ပြထားတဲ့ လောကဘုံ
ကွယ်လွန်သွားတဲ့ အရာတွေ တစ်ခုပြီး တစ်ခု
ရထားတစ်စင်းဟာ
မနက်ဖြန် သင်္ချီုင်းတွေဆီ ခုတ်မောင်းသွားတယ်
လွမ်းဆွေးလိုက်တာ။

စိုးမင်းအောင်



Friday, October 2, 2009

ပဉ္စလက် ငှက်

အတောင်ပံ နာပေမယ့်
ငါ အခုထိ ပျံနေရတုန်း
ညောင်သီးက ရှားသထက်ရှား
လေးညှို့သံတွေပဲ များသထက်များ
အိပ်တန်းဝင်တာတောင်
ထောင်ချောက်ဆင်မလား စိုးနေရ
နေ့နေ့
ညည
ငှက်တစ်ကောင်မှာလည်း
စိတ္တဇဆိုတာ ရှိတယ်။

ငှက်တွေဟာ ပျံရင်း သေသတဲ့
ကြည့်လိုက်စမ်း
ဟောဒီမှာ ထူးဆန်းတဲ့ ငှက်တစ်ကောင်
သေရင်း ပျံနေရဲ့ ။ ။

ဝါဆိုကိုဦး(တောင်ကြီး)

Thursday, October 1, 2009

အချိန်ရဲ့ တန်ဖိုး

တစ်နှစ်ရဲ့ တန်ဖိုးကို သိချင်ရင်
စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ။

တစ်လရဲ့ တန်ဖိုးကို သိချင်ရင်
လမစေ့ဘဲ ကလေးမွေးတဲ့ မိခင်ကို မေးကြည့်ပါ။

တစ်ပတ်ရဲ့ တန်ဖိုးကို သိချင်ရင်
အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာကို မေးကြည့်ပါ။

တစ်နေ့ရဲ့ တန်ဖိုးကို သိချင်ရင်
ကလေး ခြောက်ယောက်ကို ကျွေးမွေးရတဲ့
နေ့စား အလုပ်သမားတစ်ယောက်ကို မေးကြည့်ပါ။

တစ်နာရီရဲ့ တန်ဖိုးကို သိချင်ရင်
ဆုံစည်းခွင့်ကို စောင့်နေကြတဲ့
ချစ်သူများကို မေးကြည့်ပါ။

တစ်မိနစ်ရဲ့ တန်ဖိုးကို သိချင်ရင်
ရထားမမီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ။

တစ်စက္ကန့်ရဲ့ တန်ဖိုးကို သိချင်ရင်
ယာဉ်တိုက်မှုနှင့် သီသီလေး လွဲသွားတဲ့
ဒရိုင်ဘာကို မေးကြည့်ပါ။

တစ်မီလီစက္ကန့်ရဲ့ တန်ဖိုးကို သိချင်ရင်
အိုလံပစ် ငွေတံဆိပ်ရှင်ကို မေးကြည့်ပါ။

ကျော်ဝင်း

Saturday, September 26, 2009

သရုပ်ဆောင်

ကောင်းကင်ဘုံမှ သံသယများ ရေရော၍ ပြီးဆုံးပြီ ဆိုလျှင်
ယာယီတည်မြဲမှု အပျက်အယွင်း၏ လက္ခဏာသည်
လူနှင့် မသက်ဆိုင်သော ဓားပျော့တစ်ချောင်းအဖြစ်။

မသက်မသာ သက်ရောက်လာသည့် သက်ရောက်အရှိတရားတို့
ဆန်ပြုတ်သောက်နိုင်သည့် အခြေအနေအထိ နာလန်မထသေး။

လိင်စိတ်၊ ကူးလူးဆက်ဆံခွင့်၊ ဖြစ်တည်မှု၊ ဗဟုဝါဒ
ဒေါင့်စွန်းတွင် အရေပြားတို့ ယားယံ ဆွေးမြေ့နေ၏။
ယားနာ မဟုတ်သဖြင့် တမာကို မသုံးခြင်းလား။
အထောက်အထား သပ်ရပ်စွာ ငေါ့ငေါ့ပြနေရသော မေးများ ခိုင်မာနေသည်။
ခိုင်နေသော မေးများ၌ မေးခိုင်ရောဂါပိုး ရှိ+မရှိ
စိုင်းမိသော မြင်းသည် ငါ့မြင်းမဟုတ်သလို စစ်ကိုင်းသို့ မရောက်
ထိုးမိသော လှေသည် ငါ့လှေမဟုတ်သလို ပဲခူးသို့ မဆိုက်
တစ်စုံတစ်ရာ မသက်ဆိုင်သော တိမ်မျှင်ဖွေးဖွေးသည်
အသွင် အပြင်ေ၀၀ါးခဲ့ရပြီ။

သို့
စိတ်ချင်း ချည်နှောင်ခဲ့သော ကြိုးလေး.......
အားလပ်သည့်အချိန် ပိုက်ပြွန်နဲ့ ဆေးထိုးအပ်တစ်ချောင်းကို ရှာပါ
ကမ်းလွန်နံရံပေါ် စက္ကန့်၏ လက်များ မချိပ်တွယ်မှီ
မေ့ဆေး လိုအပ်ခဲ့တာ မလိုအပ်တာ
ရုပ်ဝတ္ထု ဆာလောင်တာ သုံးမရတာ
ပွဲမလန့်သေး၍ ဖျာတစ်ချပ် အသုံးဝင်တာ မ၀င်တာ
ရွဲ့စောင်းတာ၊ ကန့်လန့်တိုက်တာ၊ အဆီအငေါ် မတည့်တာ
လွဲချော်တာ၊ ဘ၀ခြားတာ၊ မတူညီတာ။

ပွေလိမ် ကွေ့ကောက်သည့် လမ်းမများအကြား
ဆွံ့အ ငေးငိုင်နေသော ဘ၀၊ လုံခြုံမှု မရှိပါ။
ဂျင်းဘောင်းဘီထဲက တစ်သက်စာ မရှိခြင်းကို လိုက်ရှာသူ
ငါ့တီရှပ်မှာ မင်းနာမည်ပါတဲ့ အရောင်ကို ရွေးခြယ်ခဲ့ပြီးနောက်
အမြင့်ဆုံး ရောက်ဖို့ အမြန်လို ရဲဝံ့စိတ် “ မျှော်လင့်ချက် မိုင်း ”

လူစိတ် မရှိသော တစ်ချို့ သတ္တ၀ါ ဝေနေယျ
မိုးအစက်စက်၏ အက်စ်ဓာတ်
အွန်လိုင်းစနစ်ဖြစ် အိမ်အရောက် ပို့ပေးနေသော
ဘေးဆိုး ကပ်ဆိုး ရောဂါ၊ အမှိုက် သရိုက်
ကမ္ဘာ့ အနာအဆာ ပူနွေး ပေါက်ပြဲမှုက အစ
မာကြောဖို့ အကြောမမာနိုင်သည့် စိတ်ဓာတ်တွေ အဆုံး။

ရရာခွက်နဲ့ ခပ်ယူဖို့ ရေ
ရေရှားတဲ့ မိုးနည်းရပ်ဝန်း
ခေတ်က ရေအကြောင်း တွင်တွင်ပြောမည်
ဦးထုပ်ဆောင်းပြီး လမ်းလျှောက်ဖို့ ဖိတ်ခေါ်မည်
ကျိုးကြေနေသော စိတ္တဇဖြင့် ရေချိုးခန်း ၀င်မည်။

ရေမလျှံသော နေ့ရက်များ အတွက်
ခင်ဗျား အပေါက်အပြဲကို စာနယ်ဇင်းမှာ ကြော်ငြာပါ
ဖန်သားပြင်မှာ မြင့်တင်ရေး လုပ်ပါ
မျက်မှောက်ခေတ် စကားပုံ ပရိယာယ်တွေဟာ
“ ကြာကြာ ၀ါးမှ အချိုကို တွေ့ရတတ်သည် ”

ဥာဏ်မီသလောက် အဖြေလွှာမှာ ရေးထည့်
မေးခွန်းရဲ့ မွန်းကျပ်မှုနဲ့ အဖြေထွက်လာနိုင်သည့်
သိစိတ် မသိစိတ် အလျင်
“ မပြည့်စုံသော နေ့ရက်တို့ကို သင်ခေါ်မလာပါနှင့် ”
သည်စာကြောင်းကို များစွား ရေးမထားသော်လည်း
အကြိမ်ပေါင်း ရာထောင်မက ဖတ်ရှုသင့်ပါသလား။

ယုံကြည်မှုကို အပေါင်းအသင်းက
တည်ဆောက်သည် ဖျက်ဆီးသည်
မျှော်လင့်ချက်ကို ချစ်သူက
ပေးအပ်သည် ချေဖျက်သည်
ရေးလက်စ ၀ါကျအားလုံး အစအဆုံး
ငါဆက်၍ အော်နိုင်+ မအော်နိုင်။

မသိနိုင်ကြသဖြင့် သိခွင့်မရှိသော
မောဟ၏ အမှားတစ်ထောင်တွင်
တစ်/ရာခိုင်နှုန်း၏ ရာခိုင်နှုန်း/တစ်
အမှန်တရား....သရုပ်မှန်.... မှန်တစ်ချပ်
နှလုံးသားတွင် စိတ်ချင်းချည်နှောင်မိသူ
တိရစ္ဆာန်၊ နာနာဘာဝ၊ ဘေးအန္တရာယ်၊ ရောဂါပိုး
ဘာသာ သဘာဝ အက္ခရာများ ချရေးအပြီး
ဒီကဗျာကို အဆုံးမသတ်သေးကြောင်း
ကြော်ငြာရဦးမည်။ ။

ဆူးရင့်၊တန့်ဆည်၊





Thursday, September 24, 2009

အိပ်မက်















။တစ်။

ချစ်ခြင်းကို ဖွဲ့သီဖို့ ငါ့ရင်မှာ
မွန်းကျပ်မှု အသင်္ချေနဲ့ ရှူရှိုက်ခဲ့ရတယ်။
သတိရမှုတွေ လွတ်ထွက်မသွားအောင်
ငါ့မှာ ချည်နှောင်ခဲ့ရတယ်။
တမ်းတမှုတွေ အငွေ့မပျံအောင်
ငါ့မှာ လှစ်ဟခဲ့ရတယ်။
စွဲလမ်းမှုတွေ ပုတ်သိုးမသွားအောင်
ငါ့မှာ အေးစက်ခဲ့ရတယ်။
မင်းအသံလေးတွေ ခါးမသွားအောင်
ငါ့မှာ ဂရုစိုက်ပြီး အချိုကဲခဲ့ရတယ်။
မင်းပုံရိပ်တွေကို ပျောက်မသွားအောင်
ငါ့မှာ ငြို့ယူခဲ့ရတယ်။
ရင်ခုန်သံတွေ ရပ်တန့် မသွားအောင်
ငါ့မှာ ဆုတ်ကိုင်လှုပ်ရမ်းခဲ့ရတယ်။


မင်းလျှောက်ခဲ့တဲ့ လမ်းတွေရော
မင်းပျောက်သွားတဲ့ လမ်းတွေပါ
ငါ့မှာ ခြေရာခံ စုစည်းခဲ့ရတယ်။
မင်းသုံးစွဲခဲ့တဲ့ မိတ်ကပ် သနပ်ခါးတွေက အစ
မင်းကြိုက်တတ်တဲ့ အစားအစာ အရောင်တွေ အဆုံး
မင်းနင်းချေပြီးသား စာမျက်နှာတွေပါ
ငါမှာ ရှာဖွေမှတ်သားခဲ့ရတယ်။


မင်းဟာ အမုန်းဆီ ဦးတည်လျှောက်လှမ်းနေတဲ့
နှလုံးသား ကျောက်ဖြစ်ရုပ်ကြွင်းလား။
ခံစားချက်မရှိတဲ့
မိုးတိမ်အတုလား။
မာကျောခက်ထန်တဲ့
ပန်းတစ်ပွင့်လား။
သံယောဇဉ်ကို ရိတ်သိမ်းနိုင်တဲ့
မှော်ပညာရှင်လား။
အရာရာ ကွန်မန့်ပေးလို့ရတဲ့
နည်းပညာသစ် စက်ရုပ်တစ်မျိုးလား။


မင်းထားခဲ့သလို မနေတတ်တော့
ငါ့မှာ ကြိုးတွေနဲ့ ရုန်းရခက် လှုပ်ရှားရခက်
ငါ မင်းကို လိုက်ရှာနေပါတယ်
မလွတ်လပ်တဲ့ ကိုယ်ခံအားနဲ့
မင်းကို ငါလိုက်ရှာနေတယ်
ဟုတ်တယ်
တစ်ညလုံး မင်းကို လိုက်ရှာနေခဲ့တဲ့ ငါ


စိတ်လိုလက်ရ တောင်းဆိုခွင့် မရှိသလို
စိတ်လိုတိုင်း လက်ကမရနိုင်ခဲ့ဘူး
မပြတ်သားတဲ့ ရင်းနှီးမှုနဲ့
ငါ့မျှော်လင့်ချက်ဟာ ဝေးဝေးလာခဲ့တယ်
မျှော်လင့်ချက် မကင်းတဲ့ သီချင်းတွေ မဆိုချင်တော့ဘူး
မျှော်လင့်ချက် မကင်းတဲ့ ထမင်းတွေ မစားချင်တော့ဘူး
မျှော်လင့်ချက် မရှိရင် အရာရာ ပေါ့ပါးနေလိမ့်မယ်
ဘာမျှော်လင့်ချက်မှ မရှိဘဲ ငါ မင်းကို လိုက်ရှာနေတယ်


တွေ့တွေ့ မတွေ့တွေ့ ငါမှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး
မင်းကို ငါ လိုက်ရှာနေသလို
ငါ့ကိုယ်ငါတော့ သိမ်းဆည်းဝှက်ကွယ်ထားလိုက်တယ်
မင်းနားထင်ဆီ ရောက်နေတဲ့ သွေးတွေ
တရားမှတ်ရင်း ဖောက်ထုတ်ပစ်လိုက်ပါ။
မင်းဆံဖျားထက် ရှည်ထွက်နေတဲ့
မာနအကိုင်းအခက်တွေ
တရားမှတ်ရင်း ဖြတ်တောက်ပစ်ပါ။
ဘ၀သံသရာကို စောစီးစွာ
ကန့်လန့်ကာချနိုင်ပါစေ။
ငါ့ကို အမြဲတမ်း အနိုင်ယူနိုင်ပါစေ။
ငါ့အားနည်းချက် မြေနိမ့်ပိုင်းကို လှံစိုက်နိုင်ပါစေ။
ငါ မင်းကို လိုက်ရှာနေပါတယ်။


။နှစ်။

အခမ်းအနား တစ်ခုမှာ
မသဲမကွဲ မင်းကို တွေ့ရတယ်
အဲဒီပွဲမှာ မင်းက အခရာ
သိုးဆောင်းဘာသာ စကားတွေနဲ့
ဆက်၍ဆက်၍ အစီအစဉ်တွေကို လှုပ်ရှားသွားစေတယ်။


မင်းရဲ့ စကားသံတွေကို ကြားနေရပေမယ့်
ငါ လုံးဝ နားမလည်နိုင်ခဲ့။
မင်းဟာ ဧည့်ပရိသတ် အလယ်မှာ
ရဲရင့်ခဲ့တဲ့ ခြင်္သေ့မတစ်ကောင်ပဲ။
မျက်နှာပန်းလှလှ သွက်လက်နေလိုက်တာ
ငါကတော့ အရင်လို အညတရ
မင်းရဲ့ အောင်မြင်မှုကို ပရိသတ်အပြင်ကနေ
တိတ်တိတ်လေးသာ ကြည့်ခွင့်ရခဲ့သူ။


အဲဒီ အခမ်းအနားဟာ
ဘာကို ကိုယ်စားပြု
ရည်ညွှန်းတဲ့ အခမ်းအနားလဲ။


မင်္ဂလာဧည့်ခံပွဲလား
မွေးနေ့ဧည့်ခံပွဲလား
စေ့စပ်ပွဲလား
စုံညီပွဲလား
ဆုနှင်းသဘင်ပွဲလား
ရှင်ပြု နားသ အလှူတော်မင်္ဂလာပွဲလား
နည်းပညာ နှီးနှောဖလယ်ပွဲလား
ထိပ်သီး ဆွေးနွေးပွဲလား
အဲဒီအခမ်းအနားဟာ
ဘာပွဲရဲ့ အခမ်းအနားလဲ
ငါတကယ် မသိခဲ့ပါဘူး။
ငါဟာ အဲဒီပွဲနဲ့
လုံးဝ မပတ်သတ်တဲ့ သာမာန်လူတစ်ယောက်ပါ။


အခမ်းအနားပြီးဆုံးတော့
ကားတစ်စီးဆီ မင်းလျှောက်လာတယ်
ဒါဟာ မင်းရုပ်လွှာကို
ပီပီပြင်ပြင် မြင်ခွင့်ရတဲ့ မြင်ကွင်းတစ်ခုပဲ။


ငါသိဖူးတဲ့ အရင်ကရုပ်နဲ့
အခုမြင်နေရတဲ့ မင်းရဲ့ပုံဟာ ကွဲလွဲနေသလို
မင်း တကယ်ကို သားသားနားနား တည်ရှိနေခဲ့ပါတယ်
ငါမင်းကို မှတ်မိနိုင်ပေမယ့်
မင်းအတွက်တော့ ငါဟာ တစိမ်းတရံ ဖြစ်လို့။
နှုတ်ဆက်နိုးနိုးနဲ့ ငါမင်းကို ကြည့်နေခဲ့တယ်
ဘာမျှော်လင့်ချက်မှ မရှိခဲ့တာဟာ အရင်အတိုင်း။


ကားတစ်စီးဟာ မင်းကို သယ်ဆောင်ပြီး
“ ၀ူး ”ခနဲ့ မောင်းထွက်သွားတယ်
ငါ့ကိုယ်ငါ သယ်ဆောင်ပြီး
ဒေါင့်ကွေးလေးတစ်ခုမှာ
အိပ်စက်နေလိုက်တယ်
ဘာမျှော်လင့်ချက်မှ မရှိဘဲ
ငါ မင်းကို လိုက်ရှာနေပါဦးမယ်။


။သုံး။

မင်း ငါ့ဆီရောက်လာခဲ့တဲ့ကြောင်း
ငါ့အိပ်စက်ခြင်းတွေ ပျက်စီးသွားမှာစိုးပြီး
မနှိုးခိုင်းတဲ့အကြောင်း
မင်းရောက်ကြောင်းကို စာနဲ့ရေးပြီး
ထားခဲ့မလိုနဲ့ မထားခဲ့ဘဲ ပြန်ယူသွားတဲ့အကြောင်း
မင်းရဲ့အလှအပများအကြောင်း
မင်းတော်ကြောင်း တတ်ကြောင်း
အကြောင်းပေါင်းများစွာကို
ငါနိုးလာတော့
ဘေးကလူတစ်ယောက်ကပြောပြတယ်။


တကယ်တော့ မင်းဟာ
ပတ္တမြားမြေကနေ
ဘယ်လို ဘယ်ပုံ ရန်ကုန်ကိုရောက်နေတာလဲ
ငါမသိလိုက်ရပါလား။
မင်းရှိနိုင်မယ့်နေရာတွေ
ငါလိုက်ရှာခဲ့ပါတယ်။


လမ်းခုလတ်မှာ ကြုံတွေ့ရတဲ့
လူသတ်ပွဲတစ်ခုက မကြည့်ရက်စရာပဲ။
ဟုတ်တယ်
အားကောင်း မောင်းသန်လူတစ်ယောက်က
လူတွေကို လိုက်သတ်နေတာ
သူသတ်တဲ့လူတွေက
ဝေဒနာသည်တွေ
ရောဂါသည်တွေ
မသန်စွမ်းသူတွေ
ကိုယ်အင်္ဂါချို့တဲ့သူတွေ
သွေးပျက်စရာပါပဲ။


ခေါင်းကိုတူနဲ့ ဆက်တိုက်ထုနှက်တယ်
စီးကျလာတဲ့သွေးတွေ၊
နောက်ခန္ဓာကိုယ် အနှံ့
ဓါးနဲ့ခုတ်တယ်၊ ထစ်တယ်၊
သွေးတွေစီးကျလာပြန်တယ်။


တစ်ယောက်၊ နှစ်ယောက်
သုံးယောက်၊ လေးယောက်
ငါးယောက်၊ ခြောက်ယောက်
အို ----- အများကြီးပါပဲ
သွေးအိုင်ထဲ လဲနေတဲ့ လူတွေ
သွေးအိုင်ထဲ သေနေတဲ့ လူတွေ
အော်သံတွေ
အကူအညီ တောင်းသံတွေ
ငြီးတွားသံတွေ
တကယ့်ကို သွေးပျက်စရာ မြင်ကွင်းကြီးတစ်ခု။


လမ်းပေါ်မှာသွေးတွေစီးနေတယ်
ရေတွေစီးသလို
သွေးတွေ လမ်းပေါ်မှာစီးနေခဲ့တာ
အဲဒီ သွေးချောင်းကို ဖြတ်ကျော်ပြီး
မင်းရှိနိုင်မယ့်နေရာတွေ ငါလိုက်ရှာခဲ့တယ်
ဘာ မျှော်လင့်ချက်မှ မရှိတော့၊


မင်းတည်းခိုတဲ့ အိမ်ကိုရောက်တော့
အိမ်ရှင်တွေက
“မင်း ငါ့ဆီကို သွားတယ်”လို့ ပြောတယ်။
လွဲချော်မှုတွေနဲ့ ငါ ခလုတ်တိုက်လဲကျသွားခဲ့ပြီ။

မျှော်လင့်ချက် မရှိတဲ့
မျက်ဝန်းတစ်စုံဟာ
သွေးတွေ စီးကျလာတယ်။
ဟိုအဝေး သွေးချောင်းက
သွေးတွေဟာ စီးဆင်းလာတယ်။


သွေးတွေ
သွေးတွေ
သွေးတွေ
ငါ့ကို နစ်မြုတ်ပြီး
သယ်ဆောင်သွားကြတယ်။


ငါ တကယ် သေဆုံးသွားပြီလား
မသေဆုံးသေးဘူးလား
ငါမသိခဲ့ဘူး။
ငါ ဘာမှ မသိတော့ဘူး။


။လေး။

ငါ အိပ်မက်က လန့်နိုးလာခဲ့တယ်
ဘယ်လို အိပ်မက်တွေလဲ
ဘယ်လို ဖြစ်စဉ်တွေလဲ
ရေ တစ်ခွက် ထသောက်လိုက်တယ်
အိပ်မက်ထဲမှာလို
မင်း သားနားနိုင်ဖို့ ဆုတောင်းတယ်။
မျှော်လင့်ချက် မရှိဘဲ
ငါ မင်းကို လိုက်ရှာနေပါဦးမယ်။

ပြီးပါပြီ
ဆူးရင့်၊တန့်ဆည်၊
(၂၃၊ ၉ ၊ ၂၀၀၉)
အိပ်မက်တစ်ခုကို ခံစားပါသည်။

Friday, September 18, 2009

ပင့်ကူအန် တိမ်တိုက်မှ ကဗျာစာမူများ ဖိတ်ခေါ်ခြင်း

အောက်တိုဘာ (၂၉)ရက်တွင် ကျရောက်မယ့်
ကျွန်တော့်ရဲ့ မွေးနေ့အမှတ်တရအဖြစ်
မနှစ်က ကျွန်တော် ပြုလုပ်ခဲ့တဲ့
“ အခြားတစ်ဖက်မှ နေ၍ ” ကဗျာစာအုပ်လေးလို
ဒီနှစ်မှာလည်း အမှတ်တရ E-Book ကဗျာစာအုပ်လေး
ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် ကဗျာကို ချစ်သော
ကဗျာဆရာ/ဆရာမများ၊ ကဗျာဘလော့ဂါညီကို
မောင်နှမများ အနေနဲ့ ကဗျာများ ပေးပို့နိုင်ပါတယ်။
ပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါတယ်။

ပေးပို့ရမယ့် လိပ်စာကတော့
sueyint@gmail.com (or)
yy@sueyint.com
ဖြစ်ပါတယ်။ ။

အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ.......။
ဆူးရင့်၊တန့်ဆည်၊

Wednesday, September 16, 2009

မွေးနေ့ ပုံဆောင်ခဲများ

သံဝေဂနဲ့ တစ်နေ့ထက်တစ်နေ့ ရင့်ကျက်ခဲ့
လျှောက်ခဲ့ရာ လမ်းများပေါ်
မွေးနေ့ဆိုတာတွေ ဖြတ်ကျော်သွားခဲ့ရာ
ငါရရှိခဲ့သော အဓိပ္ပာယ်တွေ
လူလားမြောက်ခဲ့ရဲ့လား။

မွေးနေ့လက်ဆောင်မလိုအပ်တဲ့ မွေးနေ့မှာ
ငါတကယ်လိုအပ်နေတာက
စစ်စစ်မှန်မှန် ပျော်ရွှင်မှုများသာ
ဘ၀ကို တစ်ဆင့်ချင်းစီ
ပြန်ဖတ်ရှုကြည့်လိုက်တော့
ဆုံးရှုံးခဲ့ရသော ချစ်ခြင်းတရားများ
တဖျစ်ဖျစ်တောက်ပနေသော သောကများ

နွေးထွေးမှု ငတ်ခဲ့ရသော အိမ်ပြန်ချိန်များထဲမှာ
ငါဟာ မရဏကမ်းပါးရဲ့
မြူမှုန်လေး တစ်စက်သာဖြစ်နေရဲ့

အရိုးသားဆုံး ရှင်သန်ခြင်သော
ဖြစ်တည်မှုမှာ လိုအပ်ချက်ရဲ့
အသံထွက်တို့သာ တချွင်ချွင်တောက်ပလို့ ။



သွေး(စစ်ကိုင်း)

ရွေ့ လျားမှု မှတ်တမ်း

ဒုက္ခနဲ့ရတဲ့ နောင်တမျိုး
သောကနဲ့ရတဲ့နောင်တမျိုး
အလွမ်းခန်းတွေကို ဇာတ်မတိုက်ချင်ဘူး

ခပ်ပါးပါး ဆင်ခြင်တုံတရားနဲ့
ခပ်ပါးပါးယဉ်ကျေးမှုတွေကို
တည့်တည့်တိုး
ပြောမထွက်တဲ့ ခေတ်တစ်ခေတ်အကြောင်း
ခပ်ပါးပါးလေး ပြုံးပြနှုတ်ဆက်ကြမယ်

ကြိယာတစ်ခုနောက် ကြိယာဝိသေသန ထပ်ဖြည့်တယ်
နာမ်တစ်ခုနောက် နာမ၀ိသေသန ထပ်ဖြည့်တယ်
ဝါးပြီးရင် ၀ါးချင်ပါးစပ်တွေက သံချပ်ကာဝတ်လို့
သံသရာဆီ မိတ်ဆက်စာ ရေးကြတယ်

လပြည့်ညတွေ စောင့်ဆိုင်းနေရုံ မပြီးဘူး
ဓမ္မနဲ့ အဓမ္မကို ခွဲခြားနိုင်ဖို့လိုတယ်
လူများလူနိုင်ဆိုပေမယ့်
ကိုယ်ရှို့တဲ့မီး ကိုယ်နိုင်ဖို့ တော်တော်လိုတယ်
ကိုယ်သွယ်တန်းတဲ့ သံယောဇဉ်
ကိုယ်ဖြတ်နိုင်ဖို့ လိုတယ်

အတောင်ကိုယ်စီ ငှက်ကလေးတွေ
ခမ်းနားတဲ့ ပိုက်ကွန်ထဲ
အတင်းတိုးဝင်နေတာတွေ့တော့
ကိုယ့်ဇာတာနဲ့ ကိုယ့်မာယာကို
သီအိုရမ်တစ်ခု တည်ဆောင်ကြရုံပေါ့ ။



နွေဦးကို

လမ်းညွှန်ပြားတွေနောက် လိုက်ကြည့်သော အခါ

“ရူးချင်ယောင်ဆောင်သောသူသည် ကုရခက်သည်”
အဲဒီဆိုင်းဘုတ် ဘယ်ဘက်ကိုချိုး
နောက်
“အောက်တန်းကျ စိတ်ဓာတ်များ စုပုံထားရန်”
ထပ်ပြီး ညာဘက်ကိုလာ
“သတိ-ရှေ့ခရီးတွင် ခွဲခြားဆက်ဆံတတ်သူများ ရှိသည်”
တစ်ပြလောက် ဆက်လျှောက်လိုက်
“ မိတ်ဆွေ - မိတ်ဆွေဆိုတာ ခေါ်ခဲ့ပါ”
စိတ်ပျက်မနေနဲ့ အခုလမ်းအဆုံးလေးကို ကွေ့သွား
“ လိင်ကိစ္စ၊ ငွေကြေး၊ ချစ်မေတ္တာ၊ ဂုဏ်ရှိန်ဝါ၊ လူသားအမြင်”
ကုန်းပြေပြေလေးကနေ
စမ်းချောင်းလေးတွေ့ရမယ
် ပြီးရင်
ပါလာတဲ့ အသက်ကို ခပ်၀၀ရှူ
ဇရပ်တစ်ခုကို တွေ့လိမ့်မယ်
ဘယ်သူမှ မရှိဘူး မထင်နဲ့
ဝိညာဉ်လေးတွေကို ခရီးသွားဖေါ်အဖြစ် ဆောင်ထား
“ငါသိပ်ခင်ရတဲ့ ငါကို ခင်းလျှောက်ဖို့ စောင့်နေတယ်”
သိပ်ကျယ်ပြောတယ်
မာယာ၊ ပဉ္စလက်၊ ၀င်္ကဘာ၊ မှော်ရုံ
စိတ်တွေကို ဖောင်ဖွဲ့လိုက်
စိတ်တွေကို အလီမှတ်လိုက်
စိတ်တွေကို အဖေါ်မဲ့ ပစ်ထားလိုက်
တစ်ခုခုကို မြင်လိမ့်မယ်
ငါလား နက်ရှိုင်းခြင်းလား
သုခတရာလို လိမ်းကျံထားတဲ့
ဒုက္ခတရားလား
နောက်ထပ်ငါပွားလေးလား
ရောက်တော့ ရောက်ချင်နေပြီ
“မသိသေးတဲ့ သိခြင်းတရားရှိရာဆီသို့”

နွေဦးကို

ပျောက်ဆုံးခြင်းရဲ့ ဆန္ဒ

အတိတ်ကို မကြည့်ဘဲ
ငါတို့ အနာဂတ်ကို ဘယ်လိုဖြတ်သန်းရမှာလဲ
အတိတ်ဆီ ပို့ရမယ့် ပစ္စုပ္ပန်တွေမှာ
ငါတို့ဟာ ဘယ်လို သူရဲကောင်းမျိုးလဲ
မြတ်သောစိတ်ထားတွေနဲ့ ဘယ်နှည အိပ်စက်ပြီးပြီလဲ
ငါတို့ ရွေးခြယ်ထားတဲ့ အက္ခရာတွေက
ဖြူစင်ကြရဲ့လား

တကယ်ပါ ..
စိတ်ကူးနဲ့ လက်နဲ့ တည့်သွားတဲ့ နေ့မှာ
ပန်းချီဆရာက အနုပညာမြောက်
ပန်းချီကားတစ်ချပ်ရတယ်

တစစနဲ့ ကြွေခွင့်ရတဲ့ သဲပန်းပုလို
ဘ၀တွေဆိုတော့
စိတ်ကူးနဲ့ တည့်မယ့်နာရီ စက္ကန့်တွေ လိုချင်ကြမှာပေါ့
တစ်ရွက်ပြီးတစ်ရွက်
တစ်ရက်ပြီးတစ်ရက်
တစ်ယောက်ပြီး တစ်ယောက်
လေတိုက်နှုန်းနောက် လည်ပတ်ရတဲ့ လေဒလက်တစ်ခုလိုပဲ

ကိုယ်မွေးတဲ့ နေ့ဆိုးတွေ
ကိုယ့်ကို ပြန်မခြောက်စေနဲ့
ဟိုတုန်းကရယ် မနက်ဖြန်ရယ်ကြားမှာ
ငါတို့မက်နေတဲ့ အိပ်မက်တွေက မလန့်နိုးဖို့
လှပသော ပျောက်ဆုံးမှုသာ ဖြစ်သင့်တယ်။

နွေဦးကို

Saturday, September 12, 2009

ညစ်ညမ်းမှု

နယ်နိမိတ်အတွင်း လှေသမ္ဗန်တွေနဲ့ ကူးပြီး လာကြသလို
နယ်နိမိတ်အတွင်းထဲကနေ နည်းမျိုးစုံနဲ့ ပြန်ထွက်သွားကြတယ်
ဆန္ဒတွေ မိုးမမိခင် လေပြည်ထဲဖြတ်လျှောက်
သံဆူးကြိုးများ ကာရံထားတဲ့ဆီအရောက် အလွန်ဆွေးသွားတယ်
ဖိစီးမှုများလည်း အမြဲတမ်း အသစ်ဖြစ်ပေါ်ဖွံ့ဖြိုးနေတာကိုး
အရေးအသားတစ်နေရာမှာ ချစ်ခြင်းများဖြင့် တွေ့ကြပါစို့
အဲဒီမှောင်နေသော လောကထဲ ပျော်နေတော့မလား
ခွေး-သွားစိပ်/ စိတ်တွေကြား စိတ်ပိုင်းထွက်လာတယ်
မွှကြေနေတဲ့ စိတ်တွေ
မေတ္တာဟာသန္ဓေပျက်ကျလို့ မျိုးတုံးတော့မယ်
ဒုက္ခ ထူထပ်မှုများ များပြားဆဲ
မင်းအတွင်းခံ အတွင်းသားကို ဘယ်သတ္တ၀ါကမျှ နူးညံ့ထိတွေ့ပြုကြလိမ့်မှာ မဟုတ်
အကြမ်းတမ်းဆုံး ချွတ်လွှင့်ဆော့ကစား ကြမ်းတမ်းလိမ့်မယ်
တိရစ္ဆာန်တွေလို ပြုမူကျင့်ကြလိမ့်မယ်
တစ်စစီဆွဲဖြိုတော့မယ့် သန်းခြောက်ထောင် ရက်စက်မှုတွေ
သူပဲ အကြင်နာအစစ်ပေးနိုင်သလို ပုံဖမ်းမှု
ရင်ဟာ နာကျင်နေတယ်
ဘာလို့ ဘာဖြစ်နေကြတာလဲ
ရဲရဲကျလာနေတဲ့ အရာတွေ စီးကြောင်းတွေ
သင်ဟာ အလှည့်စားခံလိုက်ရပြီး
ပြိုပျက်လို့ ရှင်သန်နေရတော့တယ်
အဆိပ်ဖုံးနေ့တွေကို ဘယ်လိုရှင်းလင်းကြရမလဲ

စိုးမင်းအောင်

Wednesday, September 9, 2009



။ တစ် ။

ဖြတ်သန်းနေကြ လမ်းတွေဟာ အဟောင်းအတိုင်း
ဝန်ပိသလို လေးလံနေတယ်။
မထမ်းပိုနိုင်လောက်အောင် မွန်းကြပ်မှုမှာ
လက်တွေ့ကျကျ ပျော်ဝင်နေတာပါ။
အငွေ့တထောင်းထောင်း ထွက်နေတဲ့
ဦးခေါင်းတစ်လုံးကြောင့် ညနေခင်းတွေကို
သီးသီးသန့်သန့် ခံစားဖို့ မေ့လျော့ခဲ့ပါတယ်။
ကျွန်တော်ကိုယ်တိုင် ကျွန်တော်မပီသလောက်အောင်
ဦးတည်ရာ ပစ်မှတ်မဲ့ ခုတ်မောင်းသွားတဲ့
နေ့ရက်ဆိုးတွေဟာလည်း
ကဗျာဆန်ဆန် နေထိုင်ဖို့နဲ့ စနစ်တကျ ရှင်သန်ဖို့အတွက်
စိတ်ဝမ်းကွဲနေတယ်ဆိုတာ ပြောပြမနေချင်တော့ပါဘူး။


ဝတ်မှုန်ကူးခွင့် မရှိတဲ့ တံခါးချပ်တွေ ပိတ်ပစ်လိုက်တယ်။
လေကောင်းလေသန့်ကို ရွေးခြယ်ပြီး
ရှူရှိုက်တတ်တဲ့ အရောင်လေးအတွက်
စိတ်က ရေစီးကမ်းပြို ဝေ့၀ဲနေပြန်ရော့။
ဘယ်အရာကိုမှ မသိချင်တော့ပါဘူးလေ။
တံခါးချပ်တွေ ပြန်ဖွင့်ပေးလိုက်ပါတယ်။


ပျော်ရွှင်လို့ မရတဲ့ ခံစားမှုကို ရင်ဘတ်ထဲ ထည့်ပြီး
ကျွန်တော်အောက်ထပ်ကို ဆင်းလာခဲ့တယ်။
စောင်းယားရိပ်အောက်မှာ
တစ်ယောက်တည်း အထီးကျန်နေလိုက်ပုံများ။


ညအလင်းပျော့ပျော့ဟာ
မှောင်ရိပ်သန်း ငိုက်မြည်းနေပြီ။
ကျွန်တော်ရှေ့တည့်တည့်က ဗန်ဒါရွက်ကြွေတွေကို
အသက်မဲ့သလို ငေးနေလိုက်တယ်။


မတွေ့ချင်လည်း မြင်နေရတဲ့ ရှုခင်းတွေက
ကားလမ်းမပေါ်က အရှုပ်အထွေးတွေ၊
အတုအစစ်မခွဲခြားရသေးတဲ့ လူတွေ၊
လိုင်စင်မရှိတဲ့ ဈေးသည်တွေ၊ မျက်နှာဖုံးတွေ၊
အခွံတွေ၊ အလိုမကျတိုင်း ခွာထုတ်နေရတဲ့ သက်ပြင်းတွေ၊
အရိအရွဲတွေ၊ အမှားတွေ၊ အမောတွေ...။


“ အမှတ်မထင် ထိုးစိုက်လာတဲ့ အရောင်လေးတစ်ခု ”
ဒါဟာ မကောင်းဆိုးဝါးတွေရဲ့
တရားမ၀င် ဖမ်းစားခြောက်လှန့်မှု မဟုတ်တာ သေချာတယ်။
အဲဒီသေချာမှုကို သေသေချာချာသိနေတဲ့
ကျွန်တော်ကိုယ်တိုင်လည်း
ငိုရယ်ဖို့ အသိတရားက မေ့လျော့ နေပြန်ရော့။


“ဝေးးး”
အရောင်လေးကို လှမ်းခေါ်လိုက်တဲ့
အသံဟာ ကျွန်တောလည်ချောင်းကတဆင့်
ပြိုဆင်းလျောကျသွားတယ်။
အရောင်လေးက တစ္ဆေဆန်ဆန်
စကားမပြောဘဲ ရှေ့ဆက်လျောက်သွားသလို
ကျွန်တော်ကလည်း ကျွန်တော်ဆန်ဆန်
ငြင်းပယ်မှု ပရိုဂရမ်ထဲ ၀င်ထိုင်နေလိုက်တယ်။


မကြာခင် အချိန်ပိုင်းလေးမှာပဲ
အရောင်လေးဟာ လာရာလမ်းဆီ ပြန်ကွေ့လာခဲ့ပါတယ်။
ကျွန်တော် ဘာလုပ်ရမလဲ။
ဘာကို ကျွန်တော်လုပ်ရမလဲ။
အရောင်လေးနောက်မှာ
ကျွန်တော့်အရိပ်ဟာ လိုက်ပါသွားတယ်။


“ဘာလို့ တကောက်ကောက် လျောက်လိုက်နေတာလဲ”
ကျွန်တော် ငတ်မွတ်ဆာလောင်ခဲ့တဲ့
အရောင်လေးရဲ့ အသံပါ။
နှလုံးသားထဲ ကျွန်တော်ထွင်းနေတဲ့
အက္ခရာကို ဘယ်သူမှ မမြင်ခဲ့ဘူး။
ဘယ်သူ့ကိုမှလည်း ပြောမပြဖြစ်ခဲ့ဘူး။
ကျွန်တော့် အရောင်လေးရော မြင်နိုင်ပါ့မလား။


အသက်ဇီိဝိန်ကို အပြီးအပိုင် စွန့်လွှတ်ရတော့မယ့်
ရာဇ၀တ်သား တစ်ယောက်လို
ရင်ထဲ ၀မ်းထဲ နေထိုင်လို့ မကောင်းဘူး။
ခက်တော့တာပဲ။
လေလျော့နေတဲ့ လေထိုးရုပ်တစ်ခုလို
ကျွန်တော်နေထိုင်မှုဟာ
ပုံပျက် ပန်းပျက်ဖြစ်သွားခဲ့တယ်။


ဒီတော့ ကျွန်တော် သူငယ်ချင်းက
“ဟေ့ကောင် မင်းဘာဖြစ်နေတာလဲ”
“............................”
“မင်းကိုကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ”
“...........................................”
ကျွန်တော်ပြောလိုက်တဲ့ အသံကို
သူငယ်ချင်း နားမလည်မှာ သေချာပါတယ်။


။ နှစ် ။

ဟုတ်ပါတယ်......။
အရောင်လေးနဲ့ ပတ်သက်လာတိုင်း
ကောင်းကင်တစ်ပြန့်စာ စိတ္တဇတွေနဲ့
အရူးတစ်ယောက်လို
ကျွန်တော်လွင့်မျောနေတတ်ပါတယ်။
ရင်ညွှန့်တည့်တည့်မှာ စိုက်ဝင်နေတဲ့
ဆူးတစ်ချောင်းကို နုတ်မပစ်ရက်နိုင်လောက်အောင်
မိုက်တွင်းနက် ဆိုးသွမ်းနေသူ တစ်ယောက်ကို
ခင်များတို့ လိုက်ရှာကြည့်မယ်ဆိုရင်လည်း
ကျွန်တော်ကိုပဲ တွေ့ရမှာပါ။


အလွမ်းတွေ တရိပ်ရိပ် စီးနေတယ်။
အဲဒီအလွမ်းတွေကိုပဲ နုံနုံအအနဲ့
ကျွန်တော်မော့သောက်နေတယ်။
ဒီလိုနဲ့ ကျွန်တော့်နေ့ရက်တွေ
ဟောင်းနွမ်းသွားခဲ့ပါတယ်။
ကျွန်တော်ဆုပ်ကိုင်းထားတဲ့ မျှော်လင့်ချက်တွေဟာလည်း
အရောင်လေးအနားမှာပဲ
မျက်စိလည် လမ်းမှားနေခဲ့တာပါ။
မသိလို့ မမြင်နိုင်တဲ့ အရှိတရားတစ်ခုလို့
ပြောမယ်ဆိုရင်လည်း ရနိုင်လောက်တဲ့ အခြေအနေပါ။


တယ်လီပလီအားကိုးနဲ့
ကျွန်တော်အရောင်လေးကို ရင်ဖွင့်ပြတယ်။
တယ်လီပလီအားကိုးနဲ့
ကျွန်တော်အရောင်လေးဆီ စကားတွေ ပြောနေတယ်။


“အရောင်လေးရေ မင်းကို ငါ သိပ်ချစ်တယ်”
“မင်းကို သိပ်ချစ်ခဲ့တာ ငါပါကွာ”
ကျွန်တော် ပြောလိုက်တဲ့ စကားသံတွေ၊
စကားတွေ၊ စကားလုံးတွေ၊
အရောင်လေး ကြားနိုင်ပါ့ မလား။
ကျွန်တော့် ဦးနှောက်နဲ့ လိုက်မမီတော့ဘူး။


မီမယ်ထင်ရင်တော့
ခင်များတို့ ဦးနှောက်တွေ လိုက်ကြရုံပေါ့။
အချိန်တွေ ပုတ်သိုးလာတာနဲ့ အမျှ
အရာအားလုံးဟာ အဟောင်းရဲ့ ခေါင်းစဉ်အောက်မှာ
နေရာယူသွားကြလိမ့်မယ်။
ဒါကို ကျွန်တော်လက်ခံတယ်။
ကျွန်တော် အရောင်လေးလည်း လက်ခံနိုင်ပါလိမ့်မယ်။


။ သုံး ။

ကျွန်တော်အိပ်ပျော်သွားတဲ့ အခိုက်အတန့်ယာယီမှာ
အိပ်မက်ထဲ အရောင်လေးရောက်လာပြီး
ကျွန်တော်ကို စကားတွေပြောတယ်။


“နင်က တော်တော် စိတ်ကူးယဉ်တတ်တာပဲနော်”
“ဘာထူးလို့လည်း အဲဒါလည်း စိတ်ကူးယဉ်တာပဲ”
“ဟင် ဘယ်လိုဟာကြီးလည်း”
“နင် ပြန့်ကားထားတဲ့ စိတ်တွေက
အပြင်မှာ နင်ကြိုးဆွဲသလို ကပြတတ်လို့လား”
“ထားပါတော့လေ ငါကမှ စိတ်ကို အယဉ်အရိုင်းမခွဲတတ်တာ”
“စိတ်အကျဉ်းက ရှစ်ဆယ့်ကိုးပါးပေါ့ ဟုတ်လား”
“အကျယ်ကြတော့ ဘာလို့ တစ်ရာ့နှစ်ဆယ် ဖြစ်သွားရတာလဲ”
“အရူးစုပ်”


။ လေး ။

မိုးမျှော်ဆာလောင်စိတ်များ
အန်ချော်တိမ်းစောင်းသွားတဲ့ ကျွန်တော်ဟာ
အမှောင်ထုရဲ့သိပ်သိပ်သည်းသည်း
ဝါးမျိုခြင်းကို ခံနေရပါတယ်။
ညရဲ့ အပြေးများလည်း လိပ်တစ်ကောင်လို
တုံ့ဆိုင်း နှေးကွေးလွန်းလှပါရဲ့ ။


ပုံတူ မျိုးပွားခြင်းခံရတဲ့ “နေကြာပန်း”
ပန်းချီကားကို ဗလာစာအုပ်အဖုံးက
ဖြတ်တောက် ထုတ်ယူလိုက်တယ်။
ဣနြေ္ဒကင်းမဲ့အောင် စီးဆင်းလာတဲ့
ကျွန်တော့်စိတ်ရဲ့ တောင်းဆိုမှုကြောင့်
ခုနက ပန်းချီကားကို နံရံမှာ ကပ်ထားလိုက်တာပါ။
ဗင်းဆင့်ဗန်ဂိုး တစ်ယောက်တော့
သိနိုင်လိမ့်မယ် မထင်ပါဘူး။


ကျွန်တော်တို့ ရပ်ကွက်ရဲ့
စည်းကမ်းချက်တစ်ခုက
ညဆယ်နာရီကျော်တိုင်း မီးပျက်လေ့ရှိပါတယ်။
အမှောင်ကို တရင်းတနှီး ခံစားခွင့်ရလို့
ကျေးဇူးတင်စရာပေါ့။


အိပ်မပျော်တိုင်း ဖွင့်ထားတတ်တဲ့
ကျွန်တော့်မျက်လုံးတစ်စုံ။ ပုဂ္ဂလိပိုင် ဖြစ်ရိုးဖြစ်စဉ်များ၊
မပြီးပြတ်နိုင်သော ဘ၀ဖိုင်တွဲများ၊
အဖုအထစ် ၀ါဒကွဲပြားမှုများ၊
အလေအလွင့်နေ့ရက်များ၊
မွေးရပ်မြေက ညီ ညီမလေးများ၊


“ကဗျာဆရာဆိုတာ ငွေကလွဲရင
် အရာအားလုံးကို ဖန်ဆင်းနိုင်တယ်”
ဆရာအောင်ဘညိုရဲ့
ကဗျာအပိုင်းအစများ၊


“အချစ်ရူးလေးကို ခံစားပေးပါ
ဆိုင်သူမသိပဲ ချစ်နေမှာ”
ထွန်းအိန္ဒြာဗိုရဲ့ သီချင်းသံများ၊
နေ၀င်သွားပေမယ့်
ဝင်ရကောင်းမှန်းမသိတဲ့ ခံစားမှုများ၊
အမေ့ ပုံပြင် အဟောင်းများ၊


အားစိုက်ပြီးမှ လှမ်းလို့ရတဲ့
ကျွန်တော်ခြေတောက်များ၊
ကောက်ကွေးနေတဲ့
ကျွန်တော်ရဲ့ လက်များ၊
ရွဲ့ စောင်းနေတဲ့
ကျွန်တော်ရဲ့ ပါးစပ်များ၊
အားလုံး.....အားလုံးဟာ
အမှောင်ရဲ့ ပိုက်ကွန်မှာ ကျွန်တော်နဲ့အတူ
မလူးသာ မလွန့်သာ နစ်မြုတ်နေကြပါတယ်။


ကျွန်တော်သွေးသားက
စာပေတစ်ခုကို ဆာလောင်လာတဲ့အတွက်
ဖယောင်းတိုင်ကို လိုက်ရှာတယ်။
အမှောင်ဟာ အမှောင်အတိုင်းပါပဲ။
မီးခြစ်တစ်လုံးကို ပထမဆုံး တွေ့လိုက်ရလို့
ဝါကျင့်ကျင့် အရောင်အလင်းတွေ
အခန်းထဲ ပြန့်ကျဲလာခဲ့တာပေါ့။


ဖယောင်းမီးကို ဖက်တွယ်ထားရတဲ့ ည။
အဲဒီညကို “ ည မပီသဘူး ”လို့ ပြောလို့ရမလား။


လ္ဘက်ရည်၊ ကော်ဖီမစ်၊ ရေနွေကြမ်း၊
လ္ဘက်သုတ်နဲ့ ရောနှောမွှေနှောက်ထားမိလို့
အိပ်စက်ခြင်းဆိုတာကလည်း ကျွန်တော်နဲ့
မျက်နှာချင်း ဆိုင်လို့မရတဲ့ ဗေဒ။
ဝေးသည်ထက် ဝေးတဲ့ နေရာဆီ
မောင်းနှင်သွားကြတဲ့ အိပ်စက်ခြင်းတွေကို ကြည့်ရင်း
သဘာဝကို သဘာဝအတိုင်း လက်ခံဖို့
ကျွန်တော်ဝန်းလေးနေမိတယ်။


ဖတ်မိတဲ့ စာအုပ်ကလည်း
တိုက်ဆိုင်မှုမရှိတဲ့ သံစဉ်။
စာအုပ်ကို ပိတ်ပစ်လိုက်တယ်။


“အိပ်စက်ခြင်း”
ဒါကို အဘိဓမ္မာစကားက
“ဘ၀င်စိတ်”တဲ့။
ဒေါသနဲ့ မျှားယူနေမိတော့
အဲဒီစိတ်ကလည်း
ကျွန်တော်ကို စိတ်ဝမ်းကွဲနေပါတယ်။


ဖယောင်းမီးကို ပိတ်ပစ်လိုက်ပါတယ်
အမှောင်ဟာ အမှောင်အတိုင်း
ကျွန်တော်ဝန်ကျင်အနှံ့
ထူထူထဲထဲ ရောက်ရှိလာပြန်ရော့။
အင်ဂျင်သံတွေ၊ ခွေးအူသံတွေ
အလိုမတူ ကြားနေရပါတယ်။


အမှောင်တွင်းနက်နက်ထဲ
အမှောင်ကျနေတဲ့ ကျွန်တော့်နှလုံးသားဟာ
အိပ်ဖန်စောင့်နတ်သမီးဖြစ်တဲ့
အရောင်လေးကို လွမ်းဆွတ်သတိရနေပါတယ်ဆိုရင်
အဖြစ်သည်းလွန်းရာများ ကျနေမလား။


ညဟာ
အမှောင်ရဲ့ လောင်းရိပ်အောက်မှာ
ဝေ့ဝေ့လွင့်နေပါတယ်။


။ နိဂုံး ။

ကျွန်တော်ဟာ ပိုလီယိုရောဂါနဲ့
လူ့လောကထဲ ရောက်ရှိလာတဲ့
လူသားတစ်ယောက်ပါ။
မွေးကတည်းက ကံကြမ္မာဟာ
ကျွန်တော်ကို မျက်မှန်စိမ်းတပ်ပြီး ကြည့်ခဲပါတယ်။
ဝူးဝါး ၀ူးဝါးနဲ့ ကျွန်တော့်စကားသံတွေကို
ခင်များတို့ နားလည်နိုင်မှာ မဟုတ်ပါဘူး။


ကျွန်တော်သိပ်ချစ်ခဲ့တဲ့ အရောင်လေးကို
အချစ်အကြောင်းတွေ ရင်ခုန်သံတွေ
ခင်များတို့လို ပြေချင်နေပါတယ်။


အခုတော့ ကျွန်တော်မှာ
စကားတွေကို စိတ်ထဲကပဲ ပြောဆိုနေရပါတယ်။
စိတ်ထဲမှာပဲ လွင့်အော်နေရပါတယ်။
ကျွန်တော့်စိတ်နဲ့ ချည်နှောင်မိတဲ့
ကျွန်တော်ရဲ့အရောင်လေးရော
ကျွန်တော့်စကားသံတွေ လွင့်အော်သံတွေ
ရင်ခုန်သံတွေကို ကြားနိုင်ပါ့မလား။


“ အရောင်လေးရေ... မင်းကို ငါ သိပ်ချစ်တယ် ”
“ မင်းကို သိပ်ချစ်ခဲ့တာ ငါပါကွာ ”





ဆူးရင့်၊တန့်ဆည်၊

အရောင်လေးသို့ အမှတ်တရ ရေးဖွဲ့ပါသည်။
Note: :telepathy- အဝေး၌ ရှိနေသူအား စိတ်ချင်းဆက်သွယ်မှု။

LinkWithin

Related Posts with Thumbnails