Wednesday, September 9, 2009



။ တစ် ။

ဖြတ်သန်းနေကြ လမ်းတွေဟာ အဟောင်းအတိုင်း
ဝန်ပိသလို လေးလံနေတယ်။
မထမ်းပိုနိုင်လောက်အောင် မွန်းကြပ်မှုမှာ
လက်တွေ့ကျကျ ပျော်ဝင်နေတာပါ။
အငွေ့တထောင်းထောင်း ထွက်နေတဲ့
ဦးခေါင်းတစ်လုံးကြောင့် ညနေခင်းတွေကို
သီးသီးသန့်သန့် ခံစားဖို့ မေ့လျော့ခဲ့ပါတယ်။
ကျွန်တော်ကိုယ်တိုင် ကျွန်တော်မပီသလောက်အောင်
ဦးတည်ရာ ပစ်မှတ်မဲ့ ခုတ်မောင်းသွားတဲ့
နေ့ရက်ဆိုးတွေဟာလည်း
ကဗျာဆန်ဆန် နေထိုင်ဖို့နဲ့ စနစ်တကျ ရှင်သန်ဖို့အတွက်
စိတ်ဝမ်းကွဲနေတယ်ဆိုတာ ပြောပြမနေချင်တော့ပါဘူး။


ဝတ်မှုန်ကူးခွင့် မရှိတဲ့ တံခါးချပ်တွေ ပိတ်ပစ်လိုက်တယ်။
လေကောင်းလေသန့်ကို ရွေးခြယ်ပြီး
ရှူရှိုက်တတ်တဲ့ အရောင်လေးအတွက်
စိတ်က ရေစီးကမ်းပြို ဝေ့၀ဲနေပြန်ရော့။
ဘယ်အရာကိုမှ မသိချင်တော့ပါဘူးလေ။
တံခါးချပ်တွေ ပြန်ဖွင့်ပေးလိုက်ပါတယ်။


ပျော်ရွှင်လို့ မရတဲ့ ခံစားမှုကို ရင်ဘတ်ထဲ ထည့်ပြီး
ကျွန်တော်အောက်ထပ်ကို ဆင်းလာခဲ့တယ်။
စောင်းယားရိပ်အောက်မှာ
တစ်ယောက်တည်း အထီးကျန်နေလိုက်ပုံများ။


ညအလင်းပျော့ပျော့ဟာ
မှောင်ရိပ်သန်း ငိုက်မြည်းနေပြီ။
ကျွန်တော်ရှေ့တည့်တည့်က ဗန်ဒါရွက်ကြွေတွေကို
အသက်မဲ့သလို ငေးနေလိုက်တယ်။


မတွေ့ချင်လည်း မြင်နေရတဲ့ ရှုခင်းတွေက
ကားလမ်းမပေါ်က အရှုပ်အထွေးတွေ၊
အတုအစစ်မခွဲခြားရသေးတဲ့ လူတွေ၊
လိုင်စင်မရှိတဲ့ ဈေးသည်တွေ၊ မျက်နှာဖုံးတွေ၊
အခွံတွေ၊ အလိုမကျတိုင်း ခွာထုတ်နေရတဲ့ သက်ပြင်းတွေ၊
အရိအရွဲတွေ၊ အမှားတွေ၊ အမောတွေ...။


“ အမှတ်မထင် ထိုးစိုက်လာတဲ့ အရောင်လေးတစ်ခု ”
ဒါဟာ မကောင်းဆိုးဝါးတွေရဲ့
တရားမ၀င် ဖမ်းစားခြောက်လှန့်မှု မဟုတ်တာ သေချာတယ်။
အဲဒီသေချာမှုကို သေသေချာချာသိနေတဲ့
ကျွန်တော်ကိုယ်တိုင်လည်း
ငိုရယ်ဖို့ အသိတရားက မေ့လျော့ နေပြန်ရော့။


“ဝေးးး”
အရောင်လေးကို လှမ်းခေါ်လိုက်တဲ့
အသံဟာ ကျွန်တောလည်ချောင်းကတဆင့်
ပြိုဆင်းလျောကျသွားတယ်။
အရောင်လေးက တစ္ဆေဆန်ဆန်
စကားမပြောဘဲ ရှေ့ဆက်လျောက်သွားသလို
ကျွန်တော်ကလည်း ကျွန်တော်ဆန်ဆန်
ငြင်းပယ်မှု ပရိုဂရမ်ထဲ ၀င်ထိုင်နေလိုက်တယ်။


မကြာခင် အချိန်ပိုင်းလေးမှာပဲ
အရောင်လေးဟာ လာရာလမ်းဆီ ပြန်ကွေ့လာခဲ့ပါတယ်။
ကျွန်တော် ဘာလုပ်ရမလဲ။
ဘာကို ကျွန်တော်လုပ်ရမလဲ။
အရောင်လေးနောက်မှာ
ကျွန်တော့်အရိပ်ဟာ လိုက်ပါသွားတယ်။


“ဘာလို့ တကောက်ကောက် လျောက်လိုက်နေတာလဲ”
ကျွန်တော် ငတ်မွတ်ဆာလောင်ခဲ့တဲ့
အရောင်လေးရဲ့ အသံပါ။
နှလုံးသားထဲ ကျွန်တော်ထွင်းနေတဲ့
အက္ခရာကို ဘယ်သူမှ မမြင်ခဲ့ဘူး။
ဘယ်သူ့ကိုမှလည်း ပြောမပြဖြစ်ခဲ့ဘူး။
ကျွန်တော့် အရောင်လေးရော မြင်နိုင်ပါ့မလား။


အသက်ဇီိဝိန်ကို အပြီးအပိုင် စွန့်လွှတ်ရတော့မယ့်
ရာဇ၀တ်သား တစ်ယောက်လို
ရင်ထဲ ၀မ်းထဲ နေထိုင်လို့ မကောင်းဘူး။
ခက်တော့တာပဲ။
လေလျော့နေတဲ့ လေထိုးရုပ်တစ်ခုလို
ကျွန်တော်နေထိုင်မှုဟာ
ပုံပျက် ပန်းပျက်ဖြစ်သွားခဲ့တယ်။


ဒီတော့ ကျွန်တော် သူငယ်ချင်းက
“ဟေ့ကောင် မင်းဘာဖြစ်နေတာလဲ”
“............................”
“မင်းကိုကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ”
“...........................................”
ကျွန်တော်ပြောလိုက်တဲ့ အသံကို
သူငယ်ချင်း နားမလည်မှာ သေချာပါတယ်။


။ နှစ် ။

ဟုတ်ပါတယ်......။
အရောင်လေးနဲ့ ပတ်သက်လာတိုင်း
ကောင်းကင်တစ်ပြန့်စာ စိတ္တဇတွေနဲ့
အရူးတစ်ယောက်လို
ကျွန်တော်လွင့်မျောနေတတ်ပါတယ်။
ရင်ညွှန့်တည့်တည့်မှာ စိုက်ဝင်နေတဲ့
ဆူးတစ်ချောင်းကို နုတ်မပစ်ရက်နိုင်လောက်အောင်
မိုက်တွင်းနက် ဆိုးသွမ်းနေသူ တစ်ယောက်ကို
ခင်များတို့ လိုက်ရှာကြည့်မယ်ဆိုရင်လည်း
ကျွန်တော်ကိုပဲ တွေ့ရမှာပါ။


အလွမ်းတွေ တရိပ်ရိပ် စီးနေတယ်။
အဲဒီအလွမ်းတွေကိုပဲ နုံနုံအအနဲ့
ကျွန်တော်မော့သောက်နေတယ်။
ဒီလိုနဲ့ ကျွန်တော့်နေ့ရက်တွေ
ဟောင်းနွမ်းသွားခဲ့ပါတယ်။
ကျွန်တော်ဆုပ်ကိုင်းထားတဲ့ မျှော်လင့်ချက်တွေဟာလည်း
အရောင်လေးအနားမှာပဲ
မျက်စိလည် လမ်းမှားနေခဲ့တာပါ။
မသိလို့ မမြင်နိုင်တဲ့ အရှိတရားတစ်ခုလို့
ပြောမယ်ဆိုရင်လည်း ရနိုင်လောက်တဲ့ အခြေအနေပါ။


တယ်လီပလီအားကိုးနဲ့
ကျွန်တော်အရောင်လေးကို ရင်ဖွင့်ပြတယ်။
တယ်လီပလီအားကိုးနဲ့
ကျွန်တော်အရောင်လေးဆီ စကားတွေ ပြောနေတယ်။


“အရောင်လေးရေ မင်းကို ငါ သိပ်ချစ်တယ်”
“မင်းကို သိပ်ချစ်ခဲ့တာ ငါပါကွာ”
ကျွန်တော် ပြောလိုက်တဲ့ စကားသံတွေ၊
စကားတွေ၊ စကားလုံးတွေ၊
အရောင်လေး ကြားနိုင်ပါ့ မလား။
ကျွန်တော့် ဦးနှောက်နဲ့ လိုက်မမီတော့ဘူး။


မီမယ်ထင်ရင်တော့
ခင်များတို့ ဦးနှောက်တွေ လိုက်ကြရုံပေါ့။
အချိန်တွေ ပုတ်သိုးလာတာနဲ့ အမျှ
အရာအားလုံးဟာ အဟောင်းရဲ့ ခေါင်းစဉ်အောက်မှာ
နေရာယူသွားကြလိမ့်မယ်။
ဒါကို ကျွန်တော်လက်ခံတယ်။
ကျွန်တော် အရောင်လေးလည်း လက်ခံနိုင်ပါလိမ့်မယ်။


။ သုံး ။

ကျွန်တော်အိပ်ပျော်သွားတဲ့ အခိုက်အတန့်ယာယီမှာ
အိပ်မက်ထဲ အရောင်လေးရောက်လာပြီး
ကျွန်တော်ကို စကားတွေပြောတယ်။


“နင်က တော်တော် စိတ်ကူးယဉ်တတ်တာပဲနော်”
“ဘာထူးလို့လည်း အဲဒါလည်း စိတ်ကူးယဉ်တာပဲ”
“ဟင် ဘယ်လိုဟာကြီးလည်း”
“နင် ပြန့်ကားထားတဲ့ စိတ်တွေက
အပြင်မှာ နင်ကြိုးဆွဲသလို ကပြတတ်လို့လား”
“ထားပါတော့လေ ငါကမှ စိတ်ကို အယဉ်အရိုင်းမခွဲတတ်တာ”
“စိတ်အကျဉ်းက ရှစ်ဆယ့်ကိုးပါးပေါ့ ဟုတ်လား”
“အကျယ်ကြတော့ ဘာလို့ တစ်ရာ့နှစ်ဆယ် ဖြစ်သွားရတာလဲ”
“အရူးစုပ်”


။ လေး ။

မိုးမျှော်ဆာလောင်စိတ်များ
အန်ချော်တိမ်းစောင်းသွားတဲ့ ကျွန်တော်ဟာ
အမှောင်ထုရဲ့သိပ်သိပ်သည်းသည်း
ဝါးမျိုခြင်းကို ခံနေရပါတယ်။
ညရဲ့ အပြေးများလည်း လိပ်တစ်ကောင်လို
တုံ့ဆိုင်း နှေးကွေးလွန်းလှပါရဲ့ ။


ပုံတူ မျိုးပွားခြင်းခံရတဲ့ “နေကြာပန်း”
ပန်းချီကားကို ဗလာစာအုပ်အဖုံးက
ဖြတ်တောက် ထုတ်ယူလိုက်တယ်။
ဣနြေ္ဒကင်းမဲ့အောင် စီးဆင်းလာတဲ့
ကျွန်တော့်စိတ်ရဲ့ တောင်းဆိုမှုကြောင့်
ခုနက ပန်းချီကားကို နံရံမှာ ကပ်ထားလိုက်တာပါ။
ဗင်းဆင့်ဗန်ဂိုး တစ်ယောက်တော့
သိနိုင်လိမ့်မယ် မထင်ပါဘူး။


ကျွန်တော်တို့ ရပ်ကွက်ရဲ့
စည်းကမ်းချက်တစ်ခုက
ညဆယ်နာရီကျော်တိုင်း မီးပျက်လေ့ရှိပါတယ်။
အမှောင်ကို တရင်းတနှီး ခံစားခွင့်ရလို့
ကျေးဇူးတင်စရာပေါ့။


အိပ်မပျော်တိုင်း ဖွင့်ထားတတ်တဲ့
ကျွန်တော့်မျက်လုံးတစ်စုံ။ ပုဂ္ဂလိပိုင် ဖြစ်ရိုးဖြစ်စဉ်များ၊
မပြီးပြတ်နိုင်သော ဘ၀ဖိုင်တွဲများ၊
အဖုအထစ် ၀ါဒကွဲပြားမှုများ၊
အလေအလွင့်နေ့ရက်များ၊
မွေးရပ်မြေက ညီ ညီမလေးများ၊


“ကဗျာဆရာဆိုတာ ငွေကလွဲရင
် အရာအားလုံးကို ဖန်ဆင်းနိုင်တယ်”
ဆရာအောင်ဘညိုရဲ့
ကဗျာအပိုင်းအစများ၊


“အချစ်ရူးလေးကို ခံစားပေးပါ
ဆိုင်သူမသိပဲ ချစ်နေမှာ”
ထွန်းအိန္ဒြာဗိုရဲ့ သီချင်းသံများ၊
နေ၀င်သွားပေမယ့်
ဝင်ရကောင်းမှန်းမသိတဲ့ ခံစားမှုများ၊
အမေ့ ပုံပြင် အဟောင်းများ၊


အားစိုက်ပြီးမှ လှမ်းလို့ရတဲ့
ကျွန်တော်ခြေတောက်များ၊
ကောက်ကွေးနေတဲ့
ကျွန်တော်ရဲ့ လက်များ၊
ရွဲ့ စောင်းနေတဲ့
ကျွန်တော်ရဲ့ ပါးစပ်များ၊
အားလုံး.....အားလုံးဟာ
အမှောင်ရဲ့ ပိုက်ကွန်မှာ ကျွန်တော်နဲ့အတူ
မလူးသာ မလွန့်သာ နစ်မြုတ်နေကြပါတယ်။


ကျွန်တော်သွေးသားက
စာပေတစ်ခုကို ဆာလောင်လာတဲ့အတွက်
ဖယောင်းတိုင်ကို လိုက်ရှာတယ်။
အမှောင်ဟာ အမှောင်အတိုင်းပါပဲ။
မီးခြစ်တစ်လုံးကို ပထမဆုံး တွေ့လိုက်ရလို့
ဝါကျင့်ကျင့် အရောင်အလင်းတွေ
အခန်းထဲ ပြန့်ကျဲလာခဲ့တာပေါ့။


ဖယောင်းမီးကို ဖက်တွယ်ထားရတဲ့ ည။
အဲဒီညကို “ ည မပီသဘူး ”လို့ ပြောလို့ရမလား။


လ္ဘက်ရည်၊ ကော်ဖီမစ်၊ ရေနွေကြမ်း၊
လ္ဘက်သုတ်နဲ့ ရောနှောမွှေနှောက်ထားမိလို့
အိပ်စက်ခြင်းဆိုတာကလည်း ကျွန်တော်နဲ့
မျက်နှာချင်း ဆိုင်လို့မရတဲ့ ဗေဒ။
ဝေးသည်ထက် ဝေးတဲ့ နေရာဆီ
မောင်းနှင်သွားကြတဲ့ အိပ်စက်ခြင်းတွေကို ကြည့်ရင်း
သဘာဝကို သဘာဝအတိုင်း လက်ခံဖို့
ကျွန်တော်ဝန်းလေးနေမိတယ်။


ဖတ်မိတဲ့ စာအုပ်ကလည်း
တိုက်ဆိုင်မှုမရှိတဲ့ သံစဉ်။
စာအုပ်ကို ပိတ်ပစ်လိုက်တယ်။


“အိပ်စက်ခြင်း”
ဒါကို အဘိဓမ္မာစကားက
“ဘ၀င်စိတ်”တဲ့။
ဒေါသနဲ့ မျှားယူနေမိတော့
အဲဒီစိတ်ကလည်း
ကျွန်တော်ကို စိတ်ဝမ်းကွဲနေပါတယ်။


ဖယောင်းမီးကို ပိတ်ပစ်လိုက်ပါတယ်
အမှောင်ဟာ အမှောင်အတိုင်း
ကျွန်တော်ဝန်ကျင်အနှံ့
ထူထူထဲထဲ ရောက်ရှိလာပြန်ရော့။
အင်ဂျင်သံတွေ၊ ခွေးအူသံတွေ
အလိုမတူ ကြားနေရပါတယ်။


အမှောင်တွင်းနက်နက်ထဲ
အမှောင်ကျနေတဲ့ ကျွန်တော့်နှလုံးသားဟာ
အိပ်ဖန်စောင့်နတ်သမီးဖြစ်တဲ့
အရောင်လေးကို လွမ်းဆွတ်သတိရနေပါတယ်ဆိုရင်
အဖြစ်သည်းလွန်းရာများ ကျနေမလား။


ညဟာ
အမှောင်ရဲ့ လောင်းရိပ်အောက်မှာ
ဝေ့ဝေ့လွင့်နေပါတယ်။


။ နိဂုံး ။

ကျွန်တော်ဟာ ပိုလီယိုရောဂါနဲ့
လူ့လောကထဲ ရောက်ရှိလာတဲ့
လူသားတစ်ယောက်ပါ။
မွေးကတည်းက ကံကြမ္မာဟာ
ကျွန်တော်ကို မျက်မှန်စိမ်းတပ်ပြီး ကြည့်ခဲပါတယ်။
ဝူးဝါး ၀ူးဝါးနဲ့ ကျွန်တော့်စကားသံတွေကို
ခင်များတို့ နားလည်နိုင်မှာ မဟုတ်ပါဘူး။


ကျွန်တော်သိပ်ချစ်ခဲ့တဲ့ အရောင်လေးကို
အချစ်အကြောင်းတွေ ရင်ခုန်သံတွေ
ခင်များတို့လို ပြေချင်နေပါတယ်။


အခုတော့ ကျွန်တော်မှာ
စကားတွေကို စိတ်ထဲကပဲ ပြောဆိုနေရပါတယ်။
စိတ်ထဲမှာပဲ လွင့်အော်နေရပါတယ်။
ကျွန်တော့်စိတ်နဲ့ ချည်နှောင်မိတဲ့
ကျွန်တော်ရဲ့အရောင်လေးရော
ကျွန်တော့်စကားသံတွေ လွင့်အော်သံတွေ
ရင်ခုန်သံတွေကို ကြားနိုင်ပါ့မလား။


“ အရောင်လေးရေ... မင်းကို ငါ သိပ်ချစ်တယ် ”
“ မင်းကို သိပ်ချစ်ခဲ့တာ ငါပါကွာ ”





ဆူးရင့်၊တန့်ဆည်၊

အရောင်လေးသို့ အမှတ်တရ ရေးဖွဲ့ပါသည်။
Note: :telepathy- အဝေး၌ ရှိနေသူအား စိတ်ချင်းဆက်သွယ်မှု။

No comments:

LinkWithin

Related Posts with Thumbnails