Wednesday, December 31, 2008

နှစ်ထောင်ရှစ် ခုနှစ်ရဲ့ လက်ကျန် နောက်ဆုံးနေ့ရက်ကို ဖြတ်ကျော်ခြင်း

မနက်မိုးစင်စင်အလင်း ကလေးတွေကို စာသင်ပြီးတာနဲ့ လက်ဖက်ရည်ဆိုင်ထွက်လာတယ် ။ ပြန်ရောက်တော့လည်း သင်တန်းဆင်း လက်မှတ်လာယူမယ့် သူငယ်ချင်းတစ်ယောက်ကို မျှော်နေမိရဲ့ ။ နောက်အတော်လေး အချိန်ကြာမြင့်မှ သူငယ်ချင်းက သူ့လက်မှတ်ကို ယူပြီး ပြန်သွားတဲ့အကြောင်း သိရတာပါ ။
ပြီးတာနဲ့ မလေးရှားက ပြန်လာမယ့် သူငယ်ချင်းတစ်ယောက်ကို လေဆိပ်မှာ သွားကြိုပေးရတယ် ။ နေ့ခင်း (၁၁)နာရီ လောက် လေယဉ်ဆိုက်မယ်ဆိုတာနဲ့ ထမင်းတောင် မစားသေးပဲ ပြေးရတာပါလား ။ လေယဉ်ကွင်းရောက်မှ နေ့ (၁၂း၂၅)မှ လေယဉ်ဆိုက်မယ်ဆိုတာ သိရပါတယ် ။ ခေါ်သွားတဲ့ ကားကလည်း သူငယ် ချင်းတစ်ယောက်ရဲ့ကားဆိုတော့ သွားတာက လူသုံးယောက် စောင့်ရင်းစောင့်ရင်း ပျင်းလာတာနဲ့ ကော်ဖီသုံးခွက်နဲ့ ကြက်သားခါးပတ် နှစ်ခု ၀ယ်စားကြတာ သုံးထောင်ကျပ်တိတိ ရှင်းလိုက်ရတာပေါ့ ။ တစ်နာရီခွဲလောက် စောင့်ပြီးတာနဲ့ လေယဉ်ကဆိုက်တယ် ။ ပစ္စည်းတွေ ကူသယ်ပေးပြီး ကားပေါ်တင် ပြန်ရောက်တာနဲ့ ဧည်သည် နှစ်ယောက်က တိုက်တိုက်ဆိုင်ဆိုင်ကို ရောက်လာကြပါတယ် ။ တစ်ယောက်က ကိုနေ ဖြစ်ပြီး နောက်တစ် ယောက်က ဖြူဖြူ ဖြစ်ပါတယ် ။ သူတို့က ကျွန်တော်ထုတ်ဝေမယ့် စာအုပ်အတွက် မေတ္တာသက်သက် နဲ့ကွန်ပျူတာ စာစီပေးပြီး ခုတ်လာတဲ့ စီဒီခွေကို လာပို့တာပါ ။ သူတို့နှစ်ယောက်က မနက်ဖြန်ဆို တောင်ကြီးကို ပြန်ကြတော့မှာလေ ။ သူတို့ရောက်လာပြီး မကြာခင်လေးမှာပဲ ချစ်သူကောင်မလေး တောင်ကြီးကို ပြန်သွားလို့လွမ်းဆွတ်ကြေကွဲနေရရှာတဲ့ အလွမ်းသမား တတိယညဥ့်ယံဆုရကဗျာဆရာ စိုးမင်းအောင် မှုန်တေတေ မှိုင်း တိုင်းတိုင်း အောက်သိုးသိုးလေး ရောက်ရှိလာပါတယ် ။ သူမျက်နှာကြည့်ရတာ အလွမ်းနဲ့လောင်မြိုက်နေတဲ့ ပုံစံ မျိုး တော်တော်ကို ခံစားနေရပုံပေါက်ပါတယ် ။ ဒီက သူတို့ကို ပန်းသီးကြွေးပြီး စကားထိုင်ပြောကြပါတယ် ။
အဲဒီအချိန်မှာ မလေးကပြန်ရောက်လာတဲ့ သူငယ်ချင်းက အ၀တ်သစ်နှစ်စုံနဲ့ အခြားပစ္စည်းတွေ လာပို့ပေးပါတယ်။ ကိုနေနဲ့ ဖြူဖြူတို့က မကြာခင် အချိန်အတွင်းမှာ နှုတ်ဆက်ပြီး ပြန်သွားကြပါတယ် ။ ဒီကရဲ့
အခန်းကျဉ်းလေးထဲမှာ လောလောဆယ် အလွမ်းသမား ဖြစ်နေရရှာတဲ့ ကဗျာဆရာ စိုးမင်းအောင်ရယ် ဒီကရယ် ကျန်ရစ်ခဲ့ကြတော့ သူက သူ့ရေးပြီးသား ကဗျာကို ပြတယ် ။ ဒီက ရေးပြီးသား ကဗျာ သူ့ကို ပြတယ် ။ ကဗျာတွေကို အသံထွက် အော်ရွတ်ကြပါတယ် ။ ဘာစိတ်ကူးပေါက်နေမှန်း မသိတဲ့ စိုးမင်းအောင်က ဒီလိုစကားကို အစပျိုးလိုက်တာပါ ။
`` ကိုဆူးရင့်နဲ့ ကျွန်တော် နှစ်ယောက်ပေါင်းပြီး အခု ကဗျာတစ်ပုဒ် ရေးကြမယ်´´
``စမ်းသပ်ကြည့်တာပေါ့ကွာ ချမယ် ´´လို့ ပြန်ပြောပြီး ကဗျာရဲ့ ခေါင်းစဉ်ကိုလည်း တစ်ယောက်တစ်ဝက်စီ ပေးကြတယ် ။ ထူးခြားတာတစ်ခုက ကဗျာကိုလည်း တစ်ယောက်တစ်ကြောင်းစီ ရေးလိုက်ကြတယ် ။
မှတ်ထားကြပါ ကဗျာဆရာဆိုတာ အဲဒီလောက်အထိ ရူးသွပ်ကြတယ်ဆိုတဲ့ အကြောင်း ။ တကယ့်ကို လက်တမ်း ချရေးဖြစ်ကြတဲ့ ကဗျာလေးပါ ။ မပျင်းရင် ဖတ်လိုက်ပါဦး ။ ခေါင်းစဉ်ကတော့

အိုး ဟိုး ဒီလို ဒီလို / ဖြစ် တည် နေ သရွေ့


အခု ပြန်ပြီး ပြုပြင်
နေ့တိုင်း ရက်တိုင်း ဒီလိုမှ ဒီလို
အမှောင်ဆုံးမို့ ကြောက်လို့
မွေးဖွားခဲ့ချိန်က အစ
စိတ်က ထစ်အ ထစ်အ
လျောင်း ထိုင် ရပ် သွား နယ်နိမိတ် ဧရိယာဆီ
ခိုနားချင်တယ် မရဘူး (အား)
အားလုံးဟာ ဒီလို ခံစားမှုချည်းလား
ရွှေကမ္ဘာ/ ရှမ်းမလေး စီး၍ လာခဲ့ပါ
တွေးပြီး ကြက်သီးထနေတတ်တဲ့ ကြက်ဟင်းခါးသီး အကြောင်း မပြောကြေး
ကြိုးကွင်းတို့ စက်ကွင်းတို့ သေကွင်းတို့/ ကြောက်တယ်
လ / မသာပေမယ့် ည/ ကတော့ ရောက်လာမှာ အမှန်ပဲ
တစ် ရာခိုင်နှုန်း
ထက်/မက သွေးတို့ ဆူဝေ ပူလောင်ဆဲ
မိုးလင်းပြီ နေ၀င်ပြီ နေ့လည်ရောက်ပြန်ပြီ
အသိစိတ်ဆိုတာ မသိမသာ အသိပေး သံချောင်းခေါက်လို့
ကျောခိုင်း ဝေးကွာတဲ့အခါ ငါ့ကိုသာ ချစ်ပါ /အို သတိရပါ
မျဉ်းဖြောင့်များ မျဉ်းကွေးများ အသိစိတ် အားလုံးများ
ပြောင်ဖူးရိုး ဘူးဆို့ တစ်ဆယ်တန် ခြောက်ရွက် ချစ်တယ်
တစ်က အစ အားလုံး အထိ
ရှင်သန် / ကြေးတတ်နေလား
မြစ်က ရေကို သိုမှီးသလို ကောင်းကင်က ကြယ်တွေကို သိမ်းပိုက်ကြ
ချောရှမ်းမရယ် တောင်တန်းတွေက မာကျောတယ်/ကျောတယ်
ပျော့စိစိ စိတ်အရေပြားနဲ့ ငါး မမျှားချင်တော့ဘူး
ဗလာ ဒီလို ငါလို မငြင်းလို
မင်းနဲ့ မင်းရဲ့ ရနံ့နဲ့
အဝေးမှာ အဆွေးသာ ဆွေး/ကျန်/ရစ်တယ်
မှ/နောက် ကျန်နေသော နေ့ရက်တို့ အမြန်ပြန်လာပါ
စာတစ်ကြောင်း တမင်ချန်ထားတယ်/လွှတ်ထားတယ်
တိတ်ဆိတ်ခြင်းများ ဆူညံလာတဲ့အခါ
ကောင်းကင်မြည်ဟီး ရင်ကြီး မီးလောင် စိတ္တဇ အမှောင်
တံခါးတွေ ဖွင့်ပစ်/ပိတ်ပစ်/ပြန်ဖွင့်/ပိတ်
အမေ ဘာပြောသေးလဲ အဖေ သဘောတူလား ရက်စက်တဲ့ ထိုအရာများ
မြင်တွေ့သမျှ ရုပ်ဒြပ်တွေ အသံမြည်လာကြ
ပြော/ လျောက်/ကြည့်/ ရပ် လက်မကို ပြန်ချ
အရေအတွက်/တန်ဖိုး/စုစုပေါင်း
ဘယ်လောက် ကုန်ကျတယ်ဆိုတာ မသိခဲ့တဲ့ ကဗျာလား ကမ္ဘာလား
စကြ၀ဠာ
အမှိုက်များ ။

စိုးမင်းအောင်ဆူးရင့်

(မှတ်ချက် ။ ။ ပထမစာကြောင်းကို စိုးမင်းအောင် နောက်စာကြောင်းကို ဆူးရင့်
ပထမစာကြောင်းကို စိုးမင်းအောင် နောက်စာကြောင်းကို ဆူးရင့်
ပထမစာကြောင်းကို စိုးမင်းအောင် နောက်စာကြောင်းကို ဆူးရင့် စသည် စသည်ဖြင့်)


ကဗျာရေးပြီးတာနဲ့ မြို့ထဲကို ထွက်လာခဲ့ကြတာပါ ။ သူက သူ့ကောင်မလေးနဲ့ သူ ရိုက်ထားတဲ့ ဓာတ်ပုံရွေးဖို့
ဒီက ဆရာတစ်ယောက်ရဲ့ ဓာတ်ပုံကြီးကို ရွေးဖို့ ။ လမ်းမတူတာနဲ့ မြို့ထဲမှာ လမ်းခွဲခဲ့ကြပါတယ် ။ အဲဒီကအပြန်
စာရင်းတွေ ရှင်းပြီး အင်တာနက်ဆိုင်ကို ထွက်လာတယ် ။
ဟောဒီ ပို့စ်အသစ်သစ်ကိုရေးတယ် ။ ဘလော့ဂ်မှာ တင်တဲ့အတွက် အခု ခင်များ ဖတ်နေရတယ်ဆိုတာ ။
ပြောပြမနေတော့ပါဘူး ။ အင်တာနက်ဆိုင်က ပြန်ရင် ထမင်းစားမယ် ။ သူငယ်ချင်းတွေနဲ့အတူ
``ဟက်ပီး နယူးယီးယား´´လို့ ပျော်ပျော်ပါးပါး နှစ်သစ်ကို ကြိုဆိုမယ် ။ နောက် .............................................
အဲဒီနောက်........................................................................................................................................................
ထို့နောက်.........................................................................................................................................................
၎င်းနောက်................................................................................................................................................။ ။

ဆူးရင့်၊တန့်ဆည်၊

Tuesday, December 30, 2008

အဆင်မပြေမှုများနဲ့ နေသားတကျ

ဖြစ်ချင် ဖြစ်မလာတတ်တဲ့ ဖြတ်သန်းမှုကို
လူတွေက ဘ၀လို့ နာမည်ပြောင်တစ်မျိုးနဲ့ မှည့်ခေါ်ခဲ့ကြတာ ဖြစ်လိမ့်မယ်ထင်ပါတယ် ။
ဟုတ်တယ်လေ လောကထဲ ရှင်သန် လျှောက်လှမ်းနေကြတဲ့ လူတွေကို မေးကြည့်မိရင် တော်တော်များများဟာ
ဘ၀နဲ့ ဖြစ်ချင်ဆန္ဒ တစ်သားတည်း တစ်ထပ်တည်း မကျတဲ့ လူတွေက ပိုများတယ် ။ လူတွေအားလုံး
တစ်ယောက် တစ်မျိုးစီ တစ်ခုခုတော့ ဖြစ်ချင် ရချင်နေကြတာပဲမို့လား ။
ဖြစ်ချင်တာ ဖြစ်ခွင့်ရှိတဲ့ လူတစ်ချို့ကို ကြည့်ရင်လည်း ဖြစ်လာတဲ့ ဖြစ်တည်မှုနဲ့ မူးနေတတ်ကြတယ် ။
ဂုဏ်သိက္ခာတွေ ဖြစ်တည်လာတဲ့ သူက ဂုဏ်သိက္ခာနဲ့ မူးယစ်ကြ ၊
ရုပ်ဝတ္ထုဖြစ်တည်လာတဲ့ သူက ရုပ်ဝတ္ထုနဲ့ မူးယစ်ကြ ၊
ပိုက်ဆံ ငွေကြေးဖြစ်တည်လာတဲ့ သူက ပိုက်ဆံငွေကြေးနဲ့ မူးယစ်ကြ ၊
ဂုဏ် ၊ ရုပ်ဝတ္ထု ၊ ပိုက်ဆံငွေကြေးတွေ ဘာတစ်ခုမှ ဖြစ်တည်လာမှုမရှိတဲ့ သူတွေက
အရက်နဲ့ မူးယစ်ကြ ။
ဘုရား အရိယာကတွေက လွဲရင် လူသားတိုင်းဟာ ဖြစ်ချင်တဲ့ဆန္ဒတစ်ခုစီ ရှိနေကြတယ် ။
ဖြစ်ချင်တာတွေ
ဖြစ်မလာတဲ့အခါမျိုးကြပြန်တော့
အားလုံးရဲ့ ပါးစပ်တွေမှာ
``အဆင်မပြေပါဘူးကွာ´´
ညီးတွားသံတွေ ဆူညံလို့ လေထုမှာ ညစ်ညမ်းနေတယ် ။
ဒီကမှာတော့
ဘ၀တစ်ခုကို စတင်ရရှိလာတဲ့ အချိန်ကစလို့
အဆင်မပြေမှုတွေနဲ့ပဲ
ခင်ခင်မင်မင် ပေါင်းသင်းနေထိုင်ခဲ့ရတာ ။
ဖြစ်ချင်တာ ဖြစ်မလာတဲ့ အဆင်မပြေမှုနဲ့ပဲ ကြီးပြင်းခဲ့ရတာ ။
သူနဲ့ နေထိုင်ပေါင်းသင်းရဖန်များလာတော့ တော်တော်တန်တန် အဆင်မပြေမှုကိုတောင်
မညီးညူဖြစ်တော့ပါဘူး ။ အလိုက်သင့်ပဲ စီးမြောပေးလိုက်တော့တယ် ။
ဒီက ထီထိုးပြီး ထီပေါက်ချင်တယ်
ဒီက ထီမပေါက်ဖူးတဲ့အပြင် တွတ်တောင်မရဖူးခဲ့ပါဘူး ။
ဒါဟာ အဆင်မပြေမှုထဲက တစ်ခုပေါ့ ။
တကယ့် အသေးအမွှား အဆင်မပြေမှုဆိုပါတော့ ။
ဒီရက်ပိုင်းအတွင်း
နေသားတကျ ပေါင်းသင်းခဲ့ရတဲ့ အဆင်မပြေမှုတွေကတော့
ဆက်တိုက်ဆိုသလို
ဆက်ဆက်ပြီး
ဘ၀ဆီ ဆက်တိုက်နေတော့တာပါ ။
``လောကဟာ အလိုပြည့်တယ်ကို မရှိဘူး´´တဲ့
ဒါဟာ
ဘုရားရှင်ကိုယ်တိုင် ပြောခဲ့တာပါ ။
အတော်အသင့် လောကဓံလောက်နဲ့ ရန်မဖြစ်ချင်တော့ဘူး ။
ဒီကမှာ
ဖြစ်ချင်တာတွေထက်
ဖြစ်မလာတာတွေက ပိုများနေသလိုပါပဲ ။
ဘာကြောင့် ဒီလိုဖြစ်ရတာပါလဲ ။
ကိုယ်ရည် ကိုယ်သွေး နည်းလို့ပဲလား
နည်းစနစ် မမှန်ကန်လို့ပဲလား
ကြိုးစားမှု အားနည်းနေလို့ပဲလား
ကံကြမ္မာ မျက်နှာမပေးလို့ပဲလား
ဒီကတော့
တစ်ခုခု လုပ်ကိုင်နေပါတယ်
အဆင်ပြေမှု
မပြေမှု
တစ်ခုခုတော့ ဖြစ်နေပါတယ် ။
ဖြစ်မလာပြန်တော့လည်း
တစ်ချို့တစ်ချို့လူတွေလို စိတ်ကျ လက်ကျ ဖြစ်မသွားခဲ့ပါဘူး ။
အဆင်မပြေမှုတွေနဲ့ စိတ်ချ လက်ချ နေသားကျနေတဲ့ သူမို့ပါ ။
ဖြစ်ချင်တာ ဖြစ်ဖို့
လူတွေ အလုပ်တွေ လုပ်နေကြတယ် ။
လုပ်သမျှ အလုပ်တိုင်း အဆင်ပြေပါစေလို့ ။
ဒီကတော့
အဆင်မပြေမှုတွေနဲ့
နေသားတကျ ဖြစ်နေဦးမယ် ထင်ပါတယ် ။
ဆူးရင့်


Thursday, December 25, 2008

စိတ်လောင်ရှုမျှော်ခင်း





(တစ်)


ကျွန်တော့် အတွေ့အကြုံကို ကျွန်တော်ကိုယ်တိုင် မှတ်သားခွင့်ရလိုက်တဲ့ အသိမျိုး မဟုတ်ပေမယ့် ကျွန်တော့်ကို မွေးတဲ့နေ့ဟာ အောက်တိုဘာ(၂၉)ရက်နေ့ဖြစ်သလို ညရဲ့ကောင်းကင်တစ်ပြင်လုံး ကြယ်ရောင် လရောင်တွေ ခင်းကျင်းပြသခွင့်ရှိတဲ့ သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့လည်း ဖြစ်ပါသတဲ့ ။
အမေပြောပြတဲ့ စကားမို့ မမှားလောက်ဘူးထင်တာနဲ့ ကျွန်တော်ယုံယုံကြည်ကြည် လက်ခံလိုက်ပါတယ် ။ ကိုယ့်ဇာတာကို ပြန်ပြီးဖတ်နိုင်လောက်တဲ့ ကြီးပြင်းမှု အချိန်ကာလဆီရောက်ပြန်တော့ `` အိုး ငါအင်္ဂါသားကြီးပါလား ´´လို့ ကိုယ့်ကိုယ်ကိုယ် အံ့သြစိတ် ၀င်မလာမိတာလည်း ကိုယ့်လူတို့ မသိသေးတဲ့ အမှန်တရားတစ်ခုပါ ။ ကျွန်တော် ငယ်စဉ်က ဆရာဘုန်းကြီး သင်ကြားပေးလိုက်တဲ့ ``ဦးညို ခေမာ သုတ ဝေရီ ရန်အစီစီ´´ဆိုတာ ဖိတ်စာမရဘဲ ရောက်လာတဲ့ ကျွန်တော့်ရှေ့တည့်တည့်က နတ်ဆိုးတစ်ကောင် ။ ထားပါတော့ တနင်္ဂနွေဆိုတာ ကျွန်တော့်ရဲ့ ဆန့်ကျင်ဘက်ဂြိုဟ် ကျွန်တော်က တနင်္ဂနွေရဲ့ ပဋိပက္ခဘေးရန် ။

(နှစ်)
မနက်ခင်းတစ်ခုဟာ သဘာဝထဲ ပျော်ပျော်ဝင်ဝင် စီးဆင်းကျလာပါတယ် ။ မိုးရာသီက မွေးတဲ့ တိမ်စိုင်တိမ်လိပ်တွေ ဖြစ်ပေမယ့် အရင်အတိုင်း ညစ်ညစ်ပတ်ပတ် မနေကြတော့ဘူး ။ ရေချိုးဆိပ်ကို ကျောခိုင်းလာတဲ့ မိန်းမပျိုတစ်ယောက်လို လင်းလို့ သစ်လို့ ။ အဲဒီ မနက်ခင်းထဲမှာ သူငယ်ချင်းတစ်ယောက် နဲ့အတူ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ကြပါတယ် ။ ကျွန်တော်ထင်မှတ်မထားတဲ့ အချိန်မှာ အမှတ်မထင်မေးထည့် လိုက်တဲ့ သူငယ်ချင်းရဲ့ မေးခွန်းနှစ်ခုကိုလည်း သူ့သဘောကျ လက်ခံနိုင်လောက်တဲ့ အဖြေကို ကျွန်တော့် ဦးနှောက်နဲ့ အတွေ့အကြုံက ဆုံးဖြတ်ချက်ထုတ်မပေးနိုင်တော့ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့တာပါ ။
``ဆန့်ကျင်ဘက်လိင်ကို မဆာလောင်တဲ့ ပုထုဇဉ်ဆိုတာ မင်းတွေ့ဖူးလား´´
``...........................................................´´
``အားလုံးကို ကိုယ်စားပြုတဲ့ အချစ်ရဲ့ အဓိပ္ပာယ်ကို ငါသိချင်တယ်ကွာ ပြောပြပါလား ´´
``..........................................................................´´

ကျွန်တော်ဝန်ခံလိုက်ရတဲ့ ကျွန်တော့်ညံ့ဖျင်းမှုနဲ့ မနက်ခင်းဟာ တနင်္ဂနွေအောက်က နေ့စွဲတစ်ခုဖြစ်ကြောင်း သိလိုက်ရချိန်မှာ ကျွန်တော့်ကို ကျိုးကြေနေတဲ့ စိတ္တဇတစ်ချို့က အထီးကျန်ဆန်တဲ့ တဲပျက်တစ်လုံးဆီ ခေါ်ဆောင်သွားကြပါတယ် ။ လိုရာဆီ ပစ်မှတ်လွဲချော်သွားတဲ့ အားလပ်ရပ် အထား အသိုများ ။ ဒိုင်ယာရီထဲက အမှိုက်များ ၊ ချေးညော်အထပ်ထပ် အသုံးအဆောင်များ ၊ အသံတိတ် ရေခဲတုန်းများ ၊ လောကဓံဆိုး လေးခုရဲ့ ယုယ ပွတ်သပ်ချက်များ ၊ ၀ါကျင့်ကျင့် အတိတ်ရနံ့များ ၊ လည်မျိုညှစ် ဆွဲရမ်းခံရတဲ့ လွယ်အိပ်ထဲက အမိုက်အမဲများ ၊ လက်ပေါ်နဖူးရာ ထင်တဲ့ အတွေးများ ၊ နဖူးပေါ် လက်ရာထင်တဲ့ စိတ်ကူးများ ၊ တီးခတ်ရင်း မျက်စိလည်သွားတဲ့ pattern များ ၊ အနယ်အမှုန် ပြဿဒါး လှလှလေးများ ၊ လေ့ကျင့်ခန်း ဓာတ်ပြားဟောင်းများ ၊ အနီးဆုံး ၀န်းကျင်က ခဏိက၀ါဒီ ဆက်ဆံရေး ၀တ်မှုန်များ ၊ စားဝတ်နေရေး ဟစ်အော်ခြိမ်းချောက်မှုများ ၊ အပြုံးအတု အရေးပြား
တွန့်ခေါက်သံများ ၊ ဖက်ရှင်များ ၊ အလှကုန်များ ၊ စကားပြောစက်များ ။

ဒါတွေ အားလုံးကို အထီးကျန်ဆန်ဆန် ကျွန်တော် မတွေ့ချင်ဘဲ တွေ့နေရပါတယ် ။
ဒါတွေ အားလုံးကို အထီးကျန်ဆန်ဆန် ကျွန်တော် မတွေးချင်ဘဲ တွေးနေရပါတယ် ။

အဲသည်လို အတွေးတွေ တွေးဖြစ်လိုက်တိုင်း ကျွန်တော့်နာရီတွေဟာ သောက်လက်စ စီးကရက်တစ်လိပ်လို မီးလောင်ခံနေရပါတယ် ။ စိတ်လိုလက်ရ ဖွင့်ပြချင်တဲ့ ကျွန်တော့်ရင်ဘတ်ကို တနင်္ဂနွေဟာ ဆိတ်သုဉ်းခြင်းအတိနဲ့ ပူလောင်စေပါတယ် ။ စွယ်တော်တစ်ရွက်လောက် ခူးဖို့ကြံရွယ်
ခဲ့ပေမယ့် ကျွန်တော့်အနာဂတ်ဟာ အလင်းမရှိတဲ့ နေ့ရက် ၊ မျဉ်းပြိုင်တွေ တစ်လမ်းဆီ ပြေးလွှားနေကြပါတယ် ၊ အရင်ဆို ကျွန်တော်ဟာ အချစ်အကြောင်းကို သိပ်ပြီးပြောချင်ခဲ့ပါတယ် ၊ အိပ်မက်တစ်ခုတောင် မက်ခွင့်မပေးဘဲ ပြတ်တောက်သွားတဲ့ ဂစ်တာကြိုးတစ်ချောင်းကို ငေးရင်း အချစ်နဲ့ပတ်သက်လို့ ဘာမှ မပြောချင်တော့ပါဘူး ၊ လူတွေနဲ့ ဝေးဝေးနေခဲ့ပါတယ် ၊ လမ်းတွေနဲ့ ဝေးဝေးနေခဲ့ပါတယ် ၊ ပင်လယ်မှာ နစ်မြုတ်သူ တစ်ယောက်ဟာ ကျွန်တော်ဖြစ်သလို ကျွန်တော်လက်ပစ်ကူးရင်း မောပန်းခဲ့တဲ့ နေ့ရက်ရှည်တွေလည်း ဖြစ်ပါတယ် ၊ ကိုယ့်လူတို့ မမြင်နိုင်တဲ့ ငုတ်လျိုး
ဝမ်းခေါင်းနာတွေ ၊ မှတ်တိုင် အဟောင်းတွေ ၊ ဆည်းဆာလေနီကြမ်းတွေဟာ ကျွန်တော်နေ့တိုင်း ၀တ်ဆင်နေရတဲ့ သက္ကရာဇ်တစ်ဆင်စာ မွန်းကြပ်မှုတွေ ပါ ၊ တနင်္ဂနွေကို ကျွန်တော် ကြောက်တယ် ၊ ကျွန်တော့်ကို မေ့ဆေးပေးဖို့ ခင်များတို့ စိတ်ကူးကြပါတော့ ။


(သုံး)

၂၀၀၆-ဖေဖေါ်ဝါရီ ................... ။ ကျွန်တော် လူတွေကို လူလူသူသူ စကားပြန်ပြောခဲ့ပါတယ် ။ ကျွန်တော် ကြောက်ရတဲ့ တနင်္ဂနွေတစ်နေ့မှာ အဖေါ်ကောင်မလေးတစ်ယောက်နဲ့အတူ ကေကေ ရောက်လာပြီး သူအဖေါ် ကောင်မလေးနဲ့လည်း မိတ်ဆက်ပေးပါတယ် ။ ပြီးမှ သူ့ရှေ့မှာ ချထားတဲ့ ကော်ဖီခွက်ကို သူ့နှုတ်ခမ်းနဲ့ မိတ်ဆက် လိုက်တာပါ ။
“ ၀ိုင်ဝိုင် ”
ကေကေ မိတ်ဆက်ပေးတဲ့ ကောင်မလေးရဲ့ နာမည်ပါ ။ ခင်မင်စရာ ကောင်းတဲ့ ကောင်မလေးလို့ ကျွန်တော် ထင်ခဲ့မိတာ တက်တက်စင်အောင် လွဲချော်သွားခဲ့ပါလား ။ ဘာကြောင့်လဲဆိုရင် အဲဒီကောင်မလေးဟာ ချစ်စရာ တကယ်ကောင်းတဲ့ ကောင်မလေး ဖြစ်နေလို့ပါပဲ ။ ကျွန်တော်တို့နှစ်ယောက်ရဲ့ ရင်းနှီးမှုဟာ တစ်စတစ်စ ဖွံ့ဖြိုး လာခဲ့ပါတယ် ။

အညာကို ပြန်မယ့် ကေကေကို အောင်မင်္ဂလာအဝေးပြေး ကားဝင်းအထိ ကျွန်တော်တို့ လိုက်ပို့ကြတော့ အရင်ကထက် နွေးထွေးလာခဲ့ပါတယ် ။ ကျွန်တော့်သူငယ်ချင်း ယောင်္ကျားလေး ရောဂါနဲ့ ဆေးရုံရောက်တော့ အရင်ကထက် ပူနွေးလာခဲ့ပါတယ် ။ နောက် တန့်ဆည်ကို ပြန်မယ့် ကျွန်တော့်ကို ဘူတာကြီးအထိ ကေကေနဲ့ ၀ိုင်ဝိုင် လိုက်ပို့ကြတော့ အရင်ကထက် ပူလောင်လာခဲ့ပါတယ် ။ သွားအခေါင်းပေါက်ပြီး သွားကိုက်ဝေဒနာ ခံစားနေရတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ဆေးရုံရောက်တော့ အရင်ကထက် ပူပြင်းလာခဲ့ပါတယ် ။
“တနင်္ဂနွေနေ့ အလည်လာခဲ့မယ်လေ”
ဝိုင်ဝိုင်ရဲ့ စကားသံလေးကို ကြားရတဲ့နေ့မှာ ကျွန်တော်ဘယ်လို ဖြစ်သွားခဲ့သလဲဆိုတာ ပြောမပြတတ်အောင်ပါ ။ တနင်္ဂနွေကို ကြောက်ဖို့ ကျွန်တော် မေ့လျှော့သွားပါတယ် ။ အဲဒီ တနင်္ဂနွေက စပြီး ရောက်လာမယ့် တနင်္ဂနွေတိုင်း ၀ိုင်ဝိုင်ကို စောင့်မျှော်တတ်ခဲ့ပါတယ် ။ ၀ိုင်ဝိုင်ဟာ အင်္ဂါသမီးဖြစ်ကြောင်း သိခွင့်ရလိုက်ပေမယ့် ၊ တနင်္ဂနွေကို သူကြောက်ခဲ့ဖူးသလားဆိုတာ မေးခွင့်မရလိုက်ပါဘူး ။

တနင်္ဂနွေများစွာ ငိုတစ်ခါ ရယ်တစ်လှည့်နဲ့ ကျွန်တော်တို့ ဖြတ်ကျော်ခဲ့ကြပါတယ် ။ တစ်ပတ်မှ တစ်ရက်ပဲ ရပိုင်ခွင့်ရှိတဲ့ တနင်္ဂနွေကို ကျွန်တော် ရင်ခုန်တယ် ။ နေပူပစေ မိုးရွာပစေ တနင်္ဂနွေကို ကျွန်တော်စောင့်မျှော်နေမိဦးမှာပဲ ။ တနင်္ဂနွေအကြောင်း စဉ်းစားမိတိုင်း ကျွန်တော် ၀ိုင်ဝိုင်ဆီ ရွက်လွှင့်ခဲ့တာမျိုး ၊ ကျွန်တော်ငယ်ငယ်က တနင်္ဂနွေဟာ ကျွန်တော့်ရဲ့ ရန်ဘက် ၊ ကျောင်းပိတ်ရက် ၊ ပိုက်ဆံရှိတဲ့ တနင်္ဂနွေဆို ပိုက်ဆံရှိသလို ငွေပြတ်တဲ့အတိုင်း ။ ဘုရားပေါ် ရောက်ဖြစ်တဲ့ တနင်္ဂနွေဆိုရင် ဒိုင်ယာရီထဲမှာ ကျောက်စာတွေ ဘာတွေ ထွင်းလို့ ။ တနင်္ဂနွေမပီသခဲ့ရင် ကျွန်တော်ဟာ တနင်္ဂနွေနဲ့ အရူးတစ်ယောက်လို ရန်ဖြစ်တတ်ပါတယ် ။ ကျွန်တော်ရှိုက်သွင်းခဲ့တဲ့ လေမှာ တနင်္ဂနွေဓာတ်တွေ ပါဝင်သလို နေ့တိုင်းမျိုသွင်းခဲ့တဲ့ ကျွန်တော့် အစာအိမ်မှာလည်း တနင်္ဂနွေ အာဟာရတွေ ရှိနေပါတယ် ။ ကျွန်တော် ရေတွက်မိတဲ့လက်ဟာ တနင်္ဂနွေရောက်ဖို့ မျှော်လင့်ချက် ။ ဖြစ်ချင်တာ တောင်းလို့ရမယ်ဆိုရင်
ဝိုင်ဝိုင်နဲ့ ပတ်သက်တဲ့ တနင်္ဂနွေများစွာကို ကျွန်တော် လိုချင်တယ် ။ နောက် ၀ိုင်ဝိုင်လက်မောင်းက အမာရွတ်လေးကို တနင်္ဂနွေထဲမှာ ကျွန်တော် မြင်ချင်တယ် ။ ၀ိုင်ဝိုင်းရဲ့
သီချင်းတွေ လိုက်လိုက်ဆိုတတ်တဲ့ (၀ိုင်ဝိုင်း အသံနဲ့ လုံးဝမတူတဲ့) ၀ိုင်ဝိုင်ရဲ့ အသံလေးကို တနင်္ဂနွေတိုင်း ကြားချင်နေပါတယ် ။
ဆက်ရန်ရှိပါသေးတယ် ။



Wednesday, December 24, 2008

ရေသူမ

ရေသူမကို မြင်ဖူးလား ။ ကျွန်တော်ကတော့ အခုထိမမြင်ဖူးသေးဘူး ။ ဒါပေမယ့် ကြားဖူးတာလေးတစ်ခုကိုတော့
ပြန်ပြီးပြောပြချင်တယ် ။ နှစ်ရှည်လများ ပင်လယ်ထဲမှာနေကြရတဲ့ သင်္ဘောသားတွေဟာ ရက် လ နှစ်တွေကြာမြင့်
လာတာနဲ့ အမျှ သူတို့ရဲ့သက်ထားလေးတွေဆီ အလွမ်းစိတ်လွှင့်တတ်ကြပါတယ် ။

လမင်းကြီးကလည်း ထိန်ထိန်သာလို့ပေါ့ ။ သက်ထားလေးတွေဆီ လွမ်ဆွတ်ရင်း ရေပြင်ကျယ်ကို ငေးမောနေချိန်
မှာ ရုတ်တရက် ၀ုန်းဆိုတဲ့အသံကြီးနဲ့အတူ ငါးတစ်ကောင်ဟာ ရေလွှာကိုဖေါက်ထွက်လာတယ် ။ သင်္ဘောသားရဲ့
မြင်ကွင်းမှာ အလွမ်းဓာတ်ခံလေးကလည်းရှိနေတော့ ငါးကြီးရဲ့ခေါင်းပိုင်းကို ငါးခေါင်းလို့မမြင်ရပဲ သူ့သက်ထားမျက်နှာလို့ ထင်သွားတာပေါ့ ။

ရေပြင်ဆီ ပြန်ထိုးကျသွားတဲ့ ငါးကြီးရဲ့ အမြီးကိုမြင်ရတောမှ အော် သက်ထားမဟုတ်ဘဲ ငါးတစ်ကောင်ဖြစ်နေ
ပါလားဆိုတာကို သိရတော့တယ် ။ ရေသူမဆိုတာ အိမ်လွမ်းသူတစ်ယောက်ရဲ့ ဖြေဆည်ရာဇာတ်ကောင်ပဲ
ဆိုပါတော့ ။ ။

ရေသူမ

အနုပညာဆိုတာ

ကိုယ် နှုတ် စိတ်ရဲ့ ပဲ့တင်သံ
မှော်ဝင်ရောင် စိမ့်စိမ့်စီးဖို့
ငါမှာ ပင်လယ်ရှိတယ် ။

အလင်းသီသီ ယှက်ဝဲလာတိုင်း
ကမ်းလွန် အလွမ်းနဲ့
အငေး အကြည့်နဲ့
ခံစားချက်တွေ ဘယ်လောက်လှိုင်းဆန်နေသလဲ ။

ရေလွှာကို ဖေါက်ထွက်လာတဲ့
မျက်နှာတစ်ပြင်
အထည်ကိုယ် အမှား
ဒြဗ် အမှား
ငါးတစ်ကောင်ရဲ့ အမြီးကိုကြည့်ရင်း
ငါ့ အရိုး အသားအတွက်
စိတ်နဲ့ ရေးပစ်လိုက်တယ် ။ ။

ဆူးရင့် (တန့်ဆည်)

Emperor and Empress magazine
vol (6) . No (5)
December 2008

ကြယ်တွေနဲ့ အပြိုင် ကဗျာရေးနေတယ် ။

ဝရန်တာမှာ ကြယ်တွေနဲ့အပြိုင် အလွမ်းနဲ့ ငါလင်းနေခဲ့တာ
ကမ္ဘာမြေပေါ်မှာ ဘာကြောင့် ၊ ဘယ်လို လူတွေတစ်ဝက် အိပ်မောကျနေကြတာလဲ
အကောင်းဆုံး တစ်မျိုးကို ရွေးဖို့ ဆိုးဆိုးဝါးဝါးတွေကြား ရောက်ရှိခဲ့ပြီ
သေစာရင်းသွင်းခံရမယ့် လူလို
မျက်လုံးစုံမှိတ်ရင်း စမ်းတ၀ါးဝါးလျှောက်ရင်း အမှတ်ရရင်း
အချစ်ရဲ့ သွေးသားများထဲမှာ ငါရှိနေခဲ့တာ ရင်ခုန်ရင်းပေါ့ ။

ရေထဲက ကျောက်တုံးတွေလို နေ့စဉ်ဘ၀ဟာ
ငြိမ်သက်ခြင်းပေါ် ရောက်ရှိနိုင်တော့မှာ မဟုတ်ဘူး
မေးရိုးက သန်မာလာတယ်
ငါ့မေးရိုးကို ထိုးကြိတ်ဖို့ လောကဓံအကြိုက်တွေ့ခဲ့ပါရဲ့လား ။

အဖြေကို ကြိုပြောလို့မရပါဘူးတဲ့
ဘာမှ ကာကွယ်လို့ မရခဲ့ဘူး
သွေးအေးအေး ချောက်ချားဖွယ်ရာအကောင်းဆုံး ခေတ် ၊

သရဲကားဖြစ်လာတယ်
သောကြာနေ့နံသမီးလေး အိပ်စက်နေမယ်
စာကြောင်းရေ ဆယ့်လေးမှာ ချစ်တာကိုပဲ ထပ်ရေးပြောမယ်
ဘာပြောရမလဲ၊ သောကြာနေ့နံသမီးလေး အဖြေ- မသိဘူးလေ
ကိုက...ကိုက...က...က...က....က...ထစ်အလို့နေ

ကိုယ်ဟာ စကြ၀ဠာထဲမှာ လောင်ကျွမ်းနေသူတစ်ယောက်ပေါ့
စာကြောင်းရေ ဆယ့်ရှစ်မှာ နှလုံးသား အထိအောင် ကျွမ်းခဲ့သူပေါ့
မငြိမ်းချမ်းမှုများကို နာကျင်လွန်းခဲ့မိတယ်
ဂရုစိုက်
မျက်နှာဖုံးတွေနဲ့ အလှတရားယောင်ဆောင်လာလိမ့်မယ်
ရွှေရောင်ဝင်းပသလိုလို...လို...လို....လို.....
သူတို့


စိုးမင်းအောင်

Tuesday, December 23, 2008

ဒါတွေဟာ ကလေးကုလား မဟုတ်သလို ကလေးကစားနေတာလဲ မဟုတ်ဘူး

လေနဲ့ ရေဟာ ကစားရင်း ကစားရင်း အလိုမတူ ပေါင်းသင်းခဲ့ကြ
ဆုံမှတ်တစ်ခုရဲ့ ဗဟိုချက်မှာ ကရင်း စားရင်း ကစားရင်း
မဟာဘုတ်စာ မိသွားတဲ့ ငါတို့ရဲ့ ကောင်းကင်တစ်ပြန့်စာ
မျှော်လင့်ချက်တွေ
ဘ၀တွေ........ ။

သက္ကရာဇ် နှစ်ထောင်ရှစ် မေလ နှစ်ရက် သုံးရက်နေ့
ဒါဟာ ဆင်ဆာလွတ်တဲ့ သီချင်းတစ်ပုဒ် မဟုတ်သလို
ဒါဟာ ညကြေးရှင်းခံထားရတဲ့ အပေါစား အပြုံးတွေလည်း မဟုတ်ခဲ့ဘူး
ဒါဟာ ပြည်ပက ၀င်လာတဲ့ ရွှေရောင်အလှပန်းအိုး မဟုတ်သလို
ဒါဟာ အစိမ်းရောင်မပြတဲ့ မီးပွိုင့်ပျက်တစ်ခုလည်း မဟုတ်ခဲ့ဘူး
ဒါဟာ ဒါဒါဆိုတဲ့ မင်းသမီးလေးရဲ့ စိတ်ကူးယဉ် အိပ်မက်မဟုတ်သလို
ဒါဟာ လစ်ဟာနေတဲ့ ရုပ်ဝတ္ထုတွေလည်း မဟုတ်ခဲ့ဘူး
ဒါဟာ အရူးတစ်ယောက်ရဲ့ အော်ဟစ်သံ မဟုတ်သလို
ဒါဟာ ရေဆိုးမြောင်းထဲက ထီလက်မှတ်တစ်စောင်လည်း မဟုတ်ခဲ့ဘူး
ဒါဟာ ဈေးဗန်းထဲက ပေါ်ပင်သစ်သီးတစ်လုံး မဟုတ်သလို
ဒါဟာ စာအုပ်ထဲက ထွက်လာတဲ့ ဂစ်တာသံတွေလည်း မဟုတ်ခဲ့ဘူး
ဒါဟာ မှတ်တမ်းမကျန်ရစ်တဲ့ ရှုမျှော်ခင်းကြီး မဟုတ်သလို
ဒါဟာ ခြေနဲ့ဝတ်ဆင်ရမယ့် ဖိနပ်သဲကြိုးတွေလည်း မဟုတ်ခဲ့ဘူး
ဒါဟာ တစ်ခု တစ်ကောင် တစ်ယောက် မဟုတ်သလို
ဒါဟာ ဘိုးတော်ပါးစပ်က ထွက်လာတဲ့ ဂဏန်းတွေလည်း မဟုတ်ခဲ့ဘူး
ဒါဟာ ဦးနှောက်ဆီ ခုတ်မောင်းလာတဲ့ မသိစိတ် မဟုတ်သလို
ဒါဟာ မဟုတ်တာတွေချည်း ပြောတတ်တဲ့ ဆူးရင့်ဆိုတဲ့ ကဗျာဆရာလည်း မဟုတ်ခဲ့ဘူး ။

သီဆိုဖို့ အသံက နှုတ်ခမ်းဆီ မရောက်ခင်မှာ ပျောက်ကုန် ပျက်ကုန်တယ်
ရောင်စုံပန်းခင်းတွေက မောင်းနှင်ဆဲ ယဉ်ရထားပေါ်မှာ ပျောက်ကုန် ပျက်ကုန်တယ်
ခိုင်မာတဲ့ ဇာတ်အိမ်တွေက သုညနံရံမှာ ပျောက်ကုန် ပျက်ကုန်တယ်
ထပ်ဆင့်ပဲ့တင်မှုက အနာဂတ်သက်ပြင်းချသံမှာ ပျောက်ကုန် ပျက်ကုန်တယ်
စတီးလ်ဓား အသစ်တစ်ချောင်းက သံစဉ်ခုနစ်ပါးမှာ ပျောက်ကုန် ပျက်ကုန်တယ်
မတည်မြဲခြင်း စက်ခလုပ်တွေက ခြေဖ၀ါးအောက်မှာ ပျောက်ကုန် ပျက်ကုန်တယ်
ဗျည်းတွဲသရတွေက အကြွင်းမဲ့ရလဒ် နိဂုံးပိုင်းမှာ ပျောက်ကုန် ပျက်ကုန်တယ်
ဦးခေါင်းမရှိတဲ့ ရင်ခုန်သံတွေက အထည်ကိုယ်ဒြဗ်မှာ ပျောက်ကုန် ပျက်ကုန်တယ်
နောက်ဆုံး
ပိုင်ဆိုင်ရာ အားလုံးက
ရေထဲ
မြေထဲ
လေထဲမှာ ပျောက်ကုန် ပျက်ကုန်တယ် ။

အော်သံတွေ
ခေါ်သံတွေ
ငိုသံတွေ
ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားပြီလား ။

ဒါတွေဟာ
မဟာဘုတ်စာ မိသွားတဲ့
ငါတို့ရဲ့ ကောင်းကင်တစ်ပြန့်စာ
မျှော်လင့်ချက်တွေ
ဘ၀တွေ ဆိုရင်
ဒါတွေဟာ ကလေးကုလား မဟုတ်သလို
ဒါတွေဟာ ကလေးကစားနေတာလည်း မဟုတ်ခဲ့ဘူး ။ ။

နာဂစ်လေဘေးသင့် ဒုက္ခသည်အားလုံးသို့ ရည်ညွှန်းရေးသားပါသည် ။
(နာဂစ်တစ်လပြည့် ၀မ်းနည်းခြင်းအမှတ်တရ)
ဆူးရင့် ၊တန့်ဆည်၊

Monday, December 22, 2008

အချစ်စစ်စစ် ရင်ခုန်သံပျစ်ပျစ် အခုထိချစ်ခဲ့ကြတယ်


လေလှိုင်းပေါ်ကနေ
တို့နှစ်ယောက် အချစ်စစ်စစ် ရင်ခုန်သံပျစ်ပျစ် တစ်ရစ်ပီးတစ်ရစ်
အခု အခုထိ ချစ်ခဲ့ကြတယ် ။

အသည်းအသန် ရွာချတတ်တဲ့ ရန်ကုန်မိုးများအောက်မှာ
လမ်းမတွေ ရွှဲရွှဲစိုလို့
တို့နှစ်ယောက် အချစ်တွေနဲ့ ရွှဲရွှဲစိုလို့။

စောင်ခြုံစရာမလိုတဲ့ ရန်ကုန်နှင်းဖွဲ လှလှလေးများအောက်
မြက်ပင်လေးတွေ စိမ်းလို့၊ ပန်းပွင့်လေးတွေ ပြုံးလို့ ရွှင်လို့
တို့နှစ်ယောက် အချစ်တွေနဲ့ ပြုံးလို့ ရွှင်လို့။

ရန်ကုန်နေပူပူ
ထီးလှလှလေးအောက်
နင်ရယ်..... ငါရယ်.....။
ပန်းပု ပရပိုဒ်လေးတစ်ချပ်လို
တို့နှစ်ယောက်ရဲ့ အချစ်က
အလှတရားသက်သက် ။

ကျောက်ထွင်း အက္ခရာလို
တို့နှစ်ယောက်ရဲ့ အချစ်က
ခိုင်မြဲတယ်။

ရန်ကုန်ကားတွေက လမ်းမတွေပေါ် တ၀ီဝီအော်တယ်
မင်းနာမည်လေးကို ငါ့ရင်ထဲက တစ်လှပ်လှပ် အော်ခေါ်နေခဲ့တယ်
မင်း acount name လေးကို ငါ့ pointer လေးနဲ့ ခဏ ခဏ နမ်းမိတယ်။

အချစ်က အ၀တ်ရက် မသုံးရက်တဲ့
အင်္ကျီ အသစ်စက်စက်လေး တစ်ထည်
ရင်ခုန်သံက အမြဲသစ်လွင်လျက် ငါ့ရင်ညွန့်ကို ပုတ်ခတ်နေဆဲ။
ပင်လယ်ထဲ အပ်ရှာရသလို
သောက်တော်ရေခွက်ထဲ ရေနံတူးဖော်ရသလို
ခက်ခက်ခဲခဲ နဲ့ အချစ်ကို ချစ်ခဲ့ရတယ်
ဒါကြောင့် တအားကို ချစ်ခဲ့ရတယ်။
လေလှိုင်းပေါ်ကနေ
တို့နှစ်ယောက် အချစ်စစ်စစ် ရင်ခုန်ပျစ်ပျစ် တစ်ရစ်ပီးတစ်ရစ်
အခု အခုထိ ချစ်ခဲ့ကြတယ်။

လေလှိုင်းပေါ်က သူငယ်ချင်းမလေး (သို့မဟုတ်) ညီမလေး ဖြူ smilegmail.com နဲ့ သူ၏ ချစ်သူတို့အတွက် အမှတ်တရအဖြစ် ရင်ခုန်ရေးဖွဲ့ပါသည်။
သာရလင်း

နတ္ထိဝါဒ

အတူနေ ခုန်တန်းလျားလေး
သီချင်းသံ တိတ်တဲ့အခါ
နံရိုးများ အရင်ကထက် စကားပြောတတ်လာတယ် ။

ပြက္ခဒိန်တစ်ချပ်လို ခုတ်မောင်းလာတဲ့
ည ပြေးလမ်းမှာ
ဖိနပ်လေးကို ဆွဲခေါ်ရင်း
ငါ့တစ်ကိုယ်လုံး မီးခိုးတွေ အူလို့ ။

ဇီဇာကြောင် မှော်နှုတ်ခမ်းသား တစ်ဝိုက်
စောင့်ကြည့် လှည့်ပြန်ရုံသက်သက်နဲ့
အဓိပ္ပာယ်တွေ မလုံလောက်ခဲ့ဘူး ။

လောကဓံနဲ့ မသင့်မြတ်တော့
ဆူးရင့်ဟာ ကဗျာဆရာ ဖြစ်လာခဲ့တယ်
နထုံပေတေး တစ်ယောက် ဖြစ်လာခဲ့တယ် ။

ကလေးမရှိတဲ့ မိဘဟာ နတ္ထိဝါဒလား
မိဘမရှိတဲ့ ကလေးဟာ နတ္ထိဝါဒလား
လူမရှိတဲ့ အိမ်ဟာ နတ္ထိဝါဒလား
အိမ်မရှိတဲ့ လူဟာ နတ္ထိဝါဒလား
အကိုင်းမရှိတဲ့ အရွက်ဟာ နတ္ထိဝါဒလား
အရွက်မရှိတဲ့ အကိုင်းဟာ နတ္ထိဝါဒလား
မျှော်လင့်ချက်မရှိတဲ့ စိတ်ဟာ နတ္ထိဝါဒလား
စိတ်မရှိတဲ့ မျှော်လင့်ချက်ဟာ နတ္ထိဝါဒလား ။

လူပီသချင်လွန်းလို့
ငါ ငိုပစ်လိုက်တယ်
လူ့သင်္ချိုင်းမှာလည်း
တိရစ္ဆာန်တွေ သေခွင့်ရှိတာပဲ ။

ဆူးရင့် ၊တန့်ဆည်၊


ဒီဇင်ဘာ အခိုးအငွေ့

လ အစင်းစင်း ပုံးကွယ်ဆွံ့အ သွားတာတောင်
ကျွန်တော့်ဆီ ဦးလှည့်ဖို့ လမ်းပျောက်နေတဲ့
ခြေဖ၀ါးနုနုလေး အတွက်
သွေးရိုး သားရိုး ဒီဇင်ဘာမှာ
နှင်းအသစ်တွေ ဆန်းဆန်းပြားပြား ဝေတယ် ။

ကျွန်တော့် နက္ခတ်တစ်စုံရဲ့
စုန်ဆန်စီးမြောမှု ၀င်သက် ထွက်သက်မှာတော့
မြောက်ပြန်လေ မုန်တိုင်းနဲ့
ခရမ်းပြာ ဂီတနဲ့
နှင်းဆွတ်လမ်းပေါ်
ရင်ခုန်သံတွေ အရောင်ပြောင်းရင်း
ကျွန်တော့် တစ်ကိုယ်စာ ခိုက်ခိုက်တုန်အောင် လွမ်းတယ် ။

ဆူးရင့်၊တန့်ဆည်၊
ခရမ်းပြာဂျာနယ်
အမှတ်(၅၉) ။ ၅ ၊ ဒီဇင်ဘာလ ၊ ၂၀၀၆ ၊




Wednesday, December 17, 2008

သက်တော်ရှည် မစိုးရိမ်ဆရာတော်ကြီး ဘ၀နတ်ထံ ပျံလွန်တော်မူခြင်း









သက်တော်(၉၆)နှစ်ရှိပေမယ့် ။ ၀ါတော်(၇၆)၀ါရရှိခဲ့ပေမယ့်

ဆရာတော်ရဲ့ စိတ်ဓာတ်တော်ဟာ ပြင်းထန်ခိုင်မာနေဆဲ
တိုင်းပြည်နဲ့ လူမျိုးကို ဘာသာနဲ့ သာသနာကို
ချစ်နေဆဲ
ဘယ်လောက်ပဲချစ်ခဲ့ပေမယ့်
လူသားမှန်သမျှ အားလုံးဟာ တစ်နေ့တော့
သေခြင်းတရားဆီ
အသေအချာ သွားကြရမှာ ဖြစ်တဲ့အလျှောက်
ရန်ကုန်တိုင်း ၊ စမ်းချောင်းမြို့နယ် ၊ ပြည်လမ်း ၊မြေနီကုန်း ၊မစိုးရိမ်ပရိယတ္တိစာသင်တိုက်ကြီးရဲ့
ဦးစီးပဓာန မဟာနာယက ဖြစ်တော်မူတဲ့
မစိုးရိမ်သက်တော်ရှည်
ဆရာတော်ကြီးဟာ
ဒီနေ့
၁၃၇၀-ပြည့်နှစ် ၊ နတ်တော်လပြည့်ကျော်(၅)ရက်
(၁၇၊၁၂၊၂၀၀၈)
ဗုဒ္ဓဟူးနေ့
မနက်(၂း၁၅)မိနစ်အချိန်မှာ
ဘ၀နတ်ထံ ပျံလွန်တော်မူသွားခဲ့ပါတယ် ။
ဆရာတော်ရဲ့စိတ်ဓာတ်တော်ဟာ
နောင်ဘ၀မှာလည်း
လင်းလက်ပြင်းထန်နေဦးမယ်လို့ ထင်မိပါရဲ့ ။
ဒီစာစုလေးနဲ့ ဆရာတော်ကြီးရဲ့ ကျေးဇူးတော်ကို ပူဇော်တုန့်ဆပ်လိုက်ပါတယ် ။
ဆရာတော့်ကျေးဇူးတော်နဲ့ နှိုင်းစာရင် ကျွန်တော့်ရဲ့ ပူဇော်မှုဟာ
တကယ့် အသေးအမွှား
မြူတစ်မှုန်စာလောက်ပဲ ရှိပါတယ် ။
သက်တော်ရှည် မစိုးရိမ်ဆရာတော်ကြီးရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်တော်ကို
နတ်တော်လပြည့်ကျော်(၉)ရက် ။(၂၁ ၊ ၁၂ ၊ ၂၀၀၈) တနင်္ဂနွေနေ့
နေ့လည်ပိုင်းမှာ
အန္တိမဈာပနသဘင်ဆင်ယင်ကျင်းပပြီး
တပည့်ဒကာ+ဒကာမတို့က စည်ကားသိုက်မြိုက်စွာ
ပြုလုပ်ကြမှာ ဖြစ်ပါတယ် ။
ထိန်ပင်သုဿာန်မှာ မီးသင်္ဂြိုလ်မည်ဟု သိရပါတယ် ။

ဆူးရင့်

Sunday, December 14, 2008

နယ်သာလန်က လိမ္မော်သီးပွဲတော်



ကျွန်တော်အကြိုက်ဆုံးသစ်သီးက
လိမ္မော်သီးနဲ့ ပန်းသီးပါ
ဗိုက်ဆာဆာနဲ့ ဒီပုံလေးကိုတင်လိုက်ပါတယ် ။
ဒီဓာတ်ပုံကို သူငယ်ချင်းထက်ကို စင်္ကာပူကနေ ပို့ပေးလိုက်တာပါ ။
ဓာတ်ပုံဆရာနာမည်ကို ကျွန်တော်မသိပါဘူး ။
ဓာတ်ပုံခိုးတယ် ဖြစ်နေမှာ စိုးလို့ပါ ။
မြန်မာပြည်က ဓာတ်ပုံဆရာပီတာ မဟုတ်တာတော့ သေချာပါလိမ့်မယ် ထင်တယ် မှတ်တာပဲ ။

Friday, December 12, 2008

ဒါကိုတော့ မမေ့ပါနဲ့ သူငယ်ချင်းတို့


တစ်နေကွယ်


သေနယ်သို့ တစ်ရက်ကူး


မေ့လျော့ကာ မသေဘူး မထင်လိုက်ပါနဲ့


နေကွယ်တာ အကြိမ်များရင်ဖြင့်


သေနယ်ရွာ အရောက်သွားရမယ်


တားမရဘူး ။


(ပေါရာဏစာဆို
)

Wednesday, December 10, 2008

ကျွန်တော် ဖတ်ခွင့်မရှိတဲ့ ကဗျာတစ်ပုဒ်

စိတ်ကို ရိုက်နှက်ပြီး အမိန့်ပေးလို့ရရင်
ဘယ်လောက် ကောင်းမလဲ ။
ခုတော့
ဖိတ်ဖိတ်စင်အောင် အရိုင်းအစိုင်းဆန်နေခဲ့
တမင်နှောက်ယှက်သလိုများ ဖြစ်နေခဲ့ပြီလား
ပြီးခဲ့တဲ့ ကိစ္စတွေရဲ့ ဖြစ်စဉ်တစ်ခုပါ ။

အချစ်နဲ့ နာဂစ်ဆိုတာ တကယ့်သဘာဝတရားတွေလား
အလိုမတူ ဖြစ်ဖြစ်လာတဲ့ သဘာဝကို မုန်းတယ်
နှလုံးသားရှိသူ တစ်ယောက်က အချစ်အကြောင်းပြောတာ
မထူးဆန်းခဲ့ပေမယ့်
ခူးခွင့်မရှိမှန်း မသိတဲ့အသိက ပိုပြီးေ၀၀ါးခဲ့
ဘာကိုမှ မမျှော်လင့်ရဲလောက်အောင်
ဘ၀က ခမ်းနားတယ် ။

တစ်ဖက်ကလည်း သိမ်မွေ့လွန်း နူးညံ့လွန်း
ချစ်သူကို ရင်ကော့ပြီး ရင်ဆိုင်နေရတဲ့ ဇာတ်သိမ်းခန်းမှာ
အာဒံနဲ့ ဧ၀အကြောင်း မပြောကြဖို့
တောင်းပန်ပါရစေ ။

အားလုံးကို စွန့်လွှတ်ရရင်တောင်
သတိရခြင်းကို ငါပိုင်တယ်
ကိုဘုန်းရဲ့ စကားတစ်လုံးနဲ့ပဲ
စိတ်ကို ကြိုးချည်ထားရ ။

လိပ်ပြာသန့်ဖို့ ကျင့်စဉ်တစ်ခုအတွက်
ရှေ့နှစ်ရွယ်စာ ရင့်ကျက်ပြီး
စိတ်ကို အချက်ပေါင်းများစွာ ရိုက်နှက်ရတော့မယ် ။

တစ်ဖက်က ညီမလေးရဲ့
အစစအရာရာအတွက်
အစ အဆုံး ဖြစ်ချင်ခဲ့တဲ့ လေးနက်မှုနဲ့
တစ်ဖက်က ညီမလေးရဲ့
အခက်အခဲ တစ်စုံတစ်ရာအတွက်
ဖြေရှင်းချက် ပေးချင်ခဲ့တဲ့ ယုံကြည်မှုနဲ့
အစိမ်းရောင်မပါတဲ့ မီးပွိုင်ပျက်တစ်ခုမှာ
ညီမလေးနဲ့အတူ ရပ်တန့် တိတ်ဆိတ်ခဲ့ပါပြီ ။

သိမ်မွေ့လွန်း နူးညံ့လွန်းတဲ့ ညီမလေးဆိုတာ
ဘယ်တော့မှ ဖတ်ခွင့်ရမှာ မဟုတ်တဲ့
ကဗျာလေး တစ်ပုဒ်ပါ ။
ကျွန်တော်က ချစ်ပြီး
ကျွန်တော့်ကို ပြန်မချစ်တဲ့
မင်းသမီးလေး တစ်ပါးလည်း ဖြစ်နိုင်ပါတယ် ။
ဆူးရင့်၊တန့်ဆည်၊

(လာမယ်ပြောလို့ စောင့်နေခဲ့ပေမယ့် မိုးတိမ်အတုနောက်ကွယ်မှာ
တိတ်တိတ်လေး ပုန်းအောင်းနေတတ်တဲ့ တစ်စုံတစ်ယောက်သို့ )

Tuesday, December 9, 2008

အက်ဆေး အသစ်စက်များ တင်ပါမယ်

ကျွန်တော် ရေးသားထားတဲ့
(၁) စိတ်လောင်ရှုမျှော်ခင်း
(၂) လူအ တစ်ယောက်ရဲ့ တယ်လီပသီ
အက်ဆေးနှစ်ပုဒ်ကို ဘလော့ချစ်သူများအတွက် ကျွန်တော် ကြိုးစားနေပါတယ် ။
အားလုံးကို ကျေးဇူးတင်ပါတယ် ။ ။
ဆူးရင့်

Sunday, December 7, 2008

ခင်များတို့လို ဆုံးရှုံးမှုကို သုံးဆောင်ခဲ့တယ်

အဖွားတစ်ယောက် အသည်းအသန် ကျန်းမာရေးမကောင်းဖြစ်လို့ ဖုန်းဆက်ခေါ်တာနဲ့ ကျွန်တော့်ဇာတိဖြစ်တဲ့
အညာက တန့်ဆည်မြို့ကို ပြန်သွားခဲ့ရပါတယ် ။ အညာဒေသရဲ့ ဆောင်းရာသီဆိုတော့ ချမ်းလိုက် အေးလိုက်တာလဲ လွန်ပါရော ။
ရန်ကုန်က ဆောင်းရာသီနဲ့တော့ တခြားစီပါပဲ ။သိပ်ပြီး အအေးလွန်းတဲ့ ရန်ကုန်ဆောင်းကို
ဖြတ်သန်းရတာ လွယ်ကူသလောက် အညာဒေသက
နွေနဲ့ဆောင်းမှာ လူကြီးနဲ့ ကလေးငယ်လေးတွေ အများ ဆုံး သေဆုံးတတ်ကြလို့ မသက်သာလှပါဘူး ။ပြင်းထန်ဆိုးရွားလွန်းပါတယ် ။
အညာမှာ နေပြီး ကျွန်တော် ရန်ကုန်ကို လွမ်းနေခဲ့ပါတယ်။ တကယ်ကို တစ်လွမ်းလွမ်း ဖြစ်နေခဲ့ တာပါ ။ ညနေခင်းရောက်တိုင်း အလွမ်းက ဒီဂရီ မြင့်မြင့်လာတော့ ခက်တာပေါ့ ။ အင်တာနက်မှာ ချက်တင် ထိုင် ၊၀က်ဆိုက်ကြည့်ကြတဲ့ အချိန်မှာ ကျွန်တော် ရှုံးနိမ့်ခဲ့တဲ့
အဖြူရောင်ဆိပ်ကမ်းလေးကို လွမ်းနေမိတယ် ။အညာမြေ တန့်ဆည်မှာဆိုတော့ အင်တာနက်ဆိုင်ဆိုလို့တစ်ဆိုင်မှကို မရှိတာပါ ။
တစ်ချို့အင်တာနက်ဆိုတာကို မကြားဖူးကြသေးပါဘူး ။ အလွမ်းကြောင့် ခက်နေခဲ့တယ် ။ ဒါနဲ့ ညခင်းမှာ ကြံရာမရ စောင်ကိုခြုံပြီး
ဖယောင်းမီးအလင်းနဲ့ ထိုင်ရေးလိုက်တာ ဟောဒီ ခင်များတို့လို
ဆုံးရှုံးမှုကိုသုံးဆောင်ခဲ့တယ် ဆိုတဲ့ ကဗျာတစ်ပုဒ် ထွက်လာတော့တာပဲ ။ မော်ဒန် ၊ ပို့စ်မော်ဒန် ၊ဘာသာစကားကဗျာ အဲဒီသုံးမျိုးထဲကအလွတ် ဖြစ်ရင်ဖြစ်နေလိမ့်မယ် ။အခု ရက်ပိုင်းအတွင်း ကျွန်တော့်ခေါင်းထဲ
ဒီလို ကဗျာမျိုးတွေပဲ ပြေးပြေးဝင်လာနေတယ် ။ ဒါလည်း ခက်တာပဲ ။ သေလိုက်ပါတော့ ။ ။



ခင်များတို့လို ဆုံးရှုံးမှုကို သုံးဆောင်ခဲ့တယ်


(၁) ကမ်းဖြူရောင် အနားလေးဆီ
အလွမ်းရောက် နေသင့် ညတိုင်း
သေးမပြနိုင်တဲ့ မြို့ဆန်
ခေတ် ခေတ်မှာ တစ်
စိတ်အီးလိုင်းက မေးလ်နဲ့ အွန်ပို့
နှင်းဖြူရယ် လွမ်းမိုးလိုက်တာ
ရှုံးရင်း အရာရာ နိမ့်
ခိုက်တုန်ကို ခိုက်လို့ ။

(၂)ဆီရောင်ကမ်း အနားဖြူလေး
အသင့်ရောက် ညနေတိုင်း လွမ်း
မြို့မပြနိုင်တဲ့ ဆန်သေး
ခေတ်မှာ ခေတ်တစ်
အီးလိုင်းက စိတ်နဲ့အွန်မေးလ်ပို့
မိုးလွမ်းနှင်းရယ် ဖြူလိုက်တာ
နိမ့်ရင်း အရာရာရှုံး
တုန်ခိုက်ကို ခိုက်လို့ ။


(၃)နားကမ်းလေး အဖြူရောင်ဆီ
ည အလွမ်းနေ သင့်ရောက်တိုင်း
ဆန် မပြနိုင်သေးတဲ့ မြို့
မှာ ခေတ်တစ်ခေတ်
မေးလ်စိတ်က အွန်လိုင်းနဲ့ အီးပို့
ရယ်တာ လွမ်းလိုက် မိုးနှင်းဖြူ
အရှုံး အနိမ့် ရင်းရာ
တုန်လို့ကို ခိုက်ခိုက် ။

(၄) အဖြူရောင် ကမ်းနားလေးဆီ
ညနေရောက်တိုင်း အလွမ်းသင့်
မြို့ပြ မဆန်နိုင်သေးတဲ့
ခေတ်တစ်ခေတ်မှာ
အွန်လိုင်းက စိတ်နဲ့ အီးမေးလ်ပို့
လွမ်းလိုက်တာ မိုးနှင်းဖြူရယ်
အရာရာ ရှုံနိမ့်ရင်း
ခိုက်ခိုက်ကို တုန်လို့ ။ ။


ဆူးရင့် ၊တန့်ဆည် ၊

Friday, December 5, 2008

စကားလုံးများနဲ့ မူးယစ်ခြင်း



သလိုဆို ဆက်ရက်/အ ဆက်တိုက် ကရက်
တစ်ခုကင်း အပြင်တည်တဲ့အမှု ဘ၀ပြုရပ်
စဆုံး နဲ့အ နဲ့အ မှောင်တစ်မှောင်ကုန်နေ
ပက်လက် လုံးတုံး ။


ဆိုသလို ရက်ဆက် ရက်ဆက် အကတိုက်
တစ်ရပ်ကင်းတဲ့ အတည်ဘ၀ အခုပြုပြင်
မှောင်စ မှောင်ဆုံး နေတစ်နေနဲ့ အကုန်အ
ပက်လက် တုံးလုံး ။

ရက်ကဆို ရက်/အ/သလို ဆက်ဆက်တိုက်
ပြုအ ပြင်အ ၀ကင်းတဲ့ တစ်ဘတည်မှု ခုရပ်
အမှောင်နေ ကုန်တစ်စနဲ့ အမှောင်ဆုံးနဲ့
ပက်လုံး လက်တုံး ။


ရက်ဆက်ဆိုသလို အရက်က ဆက်တိုက်
အပြုအပြင်ကင်းတဲ့ ဘ၀ရပ်တည်မှု တစ်ခု
တစ်နေကုန် အမှောင်နဲ့စ အမှောင်နဲ့ဆုံး
တုံးလုံး ပက်လက် ။


ဆူးရင့်၊တန့်ဆည်၊


ထပ်ဆင့်ထပ်ဆင့် ထပ်ထပ်ဆင့်


က/ရခြင်း ခွဲခွာ<5>
စိုင်သေတွေ တိမ်ဆုံးသွား<6>
ကောင်းကင်အလင်း လဲ့လဲ့မှာ<7>
အလွမ်းနဲ့ ခမ်းနားခဲ့ပါတယ်<8>

ခွာရခြင်းက ခွဲ<5>
သွားတွေ တိမ်သေ စိုင်ဆုံး<6>
အကင်ကောင်းမှာ လဲ့လဲ့လင်း<7>
ခမ်းပါတယ် အလွမ်းနဲ့ နားခဲ့<8>

ခွဲခြင်းက ခွာရ(၅)
သွားစိုင်တွေ တိမ်ဆုံးသေ(၆)
အလင်းလဲ့မှာ ကောင်းကင်လဲ့(၇)
အပါနဲ့ခမ်း နားခဲ့ လွမ်းတယ်(၈)

ခွဲခွာရခြင်းက(၅)
တိမ်စိုင်တွေ သေဆုံးသွား(၆)
အလင်းလဲ့လဲ့ ကောင်းကင်မှာ(၇)
အလွမ်းနဲ့ ခမ်းနားခဲ့ပါတယ်(၈)


(ဘယ်လို ကဗျာအမျိုးအစားမှန်းတော့ ကျွန်တော် မသိပါဘူး ။ ကဗျာဘေဒကို စမ်းသပ်ချင်တဲ့စိတ်နဲ့ ထုတ်လုပ်ကြည့်လိုက်တာပါ ။ စကားလုံးတွေကို ကစားကြည့်တာပါ ။ (၅ ၊ ၆ ၊ ၇ ၊ ဂ ) မှာ ပါဝင်တဲ့ စကားလုံးတွေဟာ စာပိုဒ်နဲ့ အဓိပ္ပာယ်သာ ကွဲကွာ ခြားနားသွားပေမယ့် ။ စကားလုံးတွေကတော့ ဒါတွေချည်းပါပဲ ။ ဒီလိုကဗျာမျိုး အရင်က ခင်များ ဖတ်ခဲ့ဖူးပါသလား ။ ကျွန်တော့်ကို ပြောပြပါ ။ ဇေယျာလင်းရဲ့ ကဗျာတွေနဲ့တော့ ခပ်ဆင်ဆင် တူနေလိမ့်မယ် ။ သူ့ကဗျာတွေက ဒီအတိုင်းတော့ မဟုတ်ပါဘူး ။ ဒါကို ကျွန်တော်သိနေပါတယ် )

ဆူးရင့် ၊တန့်ဆည်၊






Friday, November 21, 2008

သာရလင်း ရဲ့ မုန်တိုင်းကြားမှ လွတ်မြောက်သူ စာအုပ်အကြောင်း

စာရေးဆရာ သာရလင်းရဲ့
မုန်တိုင်းကြားမှ လွတ်မြောက်သူ စိတ်အားဖြည့်စာအုပ်ကို
နာဂစ်လေဘေးသင့် ပြည်သူများအား
အုပ်ရေ (၇၀၀) နဲ့ အခြားထောက်ပံ့ရေး များကို
ကူညီ လှူဒါန်းသွားမှာ ဖြစ်ပါတယ် ။
သာရလင်းနဲ့အတူ
ကျနော်လည်း လိုက်ပါကုသိုလ်ယူမှာပါ ။
နိုဝင်ဘာ (၂၄)ရက်နေ့ ဘိုကလေးနဲ့ အခြားကျေးရွာများသို့
သွားရောက်လှူဒါန်းကြမှာ ဖြစ်ပါတယ် ။
အားလုံး သာဓုခေါ်ဆိုနိုင်ကြပါစေ ခင်များ ။ ။
ဝယ်ယူဖတ်ရှု အားပေးမယ်ဆိုရင်တော့
တန်ဖိုး (၇၀၀)နဲ့ ၀ယ်ယူအားပေးနိုင်ပါတယ် ။

ကောင်းကင်က တိမ်ဖြူဖြူလေးရေ

အောက်တိုဘာ (၂၃)
ကောင်းကင်မှာ တိမ်တိုက်အဖြူရောင်လေးကို ကျနော်တွေ့ရှိခဲ့ပါတယ်
အိပ်မက်ထဲမှာလည်း အဖြူရောင်တွေ လင်းလက်လို့
စကားလုံးတွေနဲ့ ရန်ဖြစ်ခဲ့ရတဲ့ နေ့တွေ
သူ့ကို ဘာလို့ ဒီလောက်အထိ ဒီလောက်သွားတယ်ဆိုတာလဲ
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပေမယ့်
ကိုယ်ကိုယ်တိုင် မဖြေနိုင်ခဲ့ဘူး ။
သတိရစိတ်က မီးကုန်ယမ်းကုန်
တောင်ကြီးမှာ မီးပုန်းပျံပွဲကြီး မြန်မြန်ပြီးဖို့
ကျနော် ဘာလို့ ဆုတောင်းဖြစ်တာလဲ
သူက ငရဲကြီးမှာကို ကြောက်သလို
ကျနော်က ကုသိုလ်များများ လိုချင်တယ်
နောက်တော့
ချစ်တယ်ဆိုတာ ပြောဖြစ်သွားတာပါပဲ
နောက်တော့
သူ့ရဲ့ ငြင်းပယ်မှုကို အလိုမတူ ရရှိလိုက်ပါတယ် ။
အဖြူရောင်တွေနဲ့ ရင်ထဲ ရဲရဲစွေးသွား
ညက ညကို စော်ကားလိုက်သလို
ရာသီအားလုံးကို မုန်းတတ်ခဲ့တယ် ။
အဲဒီက စလို့
ကျုပ်သေဆုံးသွားတယ်ဆိုပါတော့ ။

သူငယ်ချင်း စိုးမင်းအောင်ရဲ့ မွေးနေ့ အမှတ်တရ ကဗျာရှည်

အဖြူရောင်စိတ်ယား
မတန်မရာ စကားလုံးတွေရဲ့ အဖြေ ရလဒ်က
နောက်ကျုေ၀၀ါးခြင်း အသွင်အပြင်မှာ
နွေရာသီကို ပစ်ပေါက်လိုက်တဲ့ မီးတွေလို
အလိုမတူ လေလွင့် တောက်လောင်ခဲ့
အလွမ်းက အိပ်စက်ခြင်းကို အသေသတ်ပြီး
မျက်နှာပြင်ကို ချောင်ကျသွားစေတယ် ။

မေးခွန်းတစ်ခုကြောင့် ပြန့်ကျဲသွားတဲ့ အဖြေပေါင်းများစွာအတွက်
အော်ဖီယန် သိပ္ပံသုတေသနအဖွဲ့ခေါင်းဆောင် ဆီးဖီးယတ်စ် က
အချစ်လို့ ခေါင်းစဉ်မတပ်ခဲ့ဘူး၊
ဘာသာပြန် ကိုယ်စီနဲ့ ငါတို့ ချစ်ခဲ့ကြတယ် ။

ကောင်းကင်ပေါ်က ကကြိုးအဖြူလေးဆီ
ရင်ထဲက အရှိအတိုင်း ပွင့်လင်းလိုက်တာဟာ
ငါသစ်တုံး မဟုတ်ကြောင်းပြသလိုက်တဲ့ သက်သေခံလက်မှတ်ပဲ ။

ငါတို့ အရာရာ နူးညံ့ခဲ့ကြတယ်
ငါတို့ အရာရာ လေးနက်ခဲ့ကြတယ်
ငါတို့ဟာ အဝေးဆုံးက အရာတွေအထိ မျှော်လင့်ခဲ့ကြတယ်
ပြင်းအားကြီး ဗုံးတစ်လုံးကို
ပျော်ပျော်ကြီး မျိုချထားမိတဲ့
ငါတို့ ရင်ထဲမှာ မှော်မအောင်သေးတဲ့
ကဗျာတွေက အပြည့် ။

ယောက်ျား အရင့်အမာ စစ်စစ်ကြီးက
ခံစားမှုစစ်စစ်နဲ့ မရင့်ကျက်နိုင်သေးတာ
လူရယ်စရာပေါ့။

အခါးဓာတ်လွန်ကဲတဲ့ ညနေခင်းတွေမှာ
သွေးသားထဲက မွန်းကြပ်မှုတွေကို
ကီးဘုတ်ပေါ်မှာ ဖောက်ခွဲလို့
စိတ်ရော ကိုယ်ပါ တောက်ပြောင်ဖို့
သောက်ရေသန့်နဲ့ ရေချိုးပစ်ရဦးမယ် ။

ချက်တင်ထိုင် အီးမေးလ်သုံး ၀က်ဆိုက်ကြည့်
အွန်လိုင်းဆိုတာ အရူးတွေနဲ့ ကောင်မလေးတွေရဲ့ ကစားကွင်းလို့
ငါတို့ မသတ်မှတ်နိုင်ခဲ့ဘူး ။

တစ်ချို့က ပိုက်ဆံတွေကို ငရဲပြည်ပို့တယ်၊
တစ်ချို့က ပိုက်ဆံတွေကို ကောင်းကင်ပေါ်ပစ်တင်တယ်၊
လူဆိုတာ အမှားအယွင်းနဲ့ ယက်လုပ်ထားတဲ့ သတ္တ၀ါတွေပဲ ၊

တရုတ်ပြည်က နို့မှုန့်ထဲမှာ မယ်လမင်းဓာတ်တွေပါတယ်၊
ဗိုင်းရပ်ကိုက်နေတဲ့ ငါတို့လက်တွေမှာ ကောင်းကင်ရဲ့ ညှို့ဓာတ်ပါတယ်၊
ခံစားမှုနဲ့ ရှူရှိုက်ခဲ့ကြတဲ့ ငါတို့လေထုဟာ
မယ်လမင်းဓာတ် ကင်းစင်ရဲ့လား
အောက်စီဂျင် သန့်ရဲ့လား ။

ငါတို့ဟာ ကလေးတွေ စိတ်မ၀င်စားတဲ့ ကော်ပတ်ရုပ်တွေပါ၊
ငါတို့ဟာ လူကြီးတွေ ငြင်းပယ်လိုက်တဲ့ စိတ်အန်ဖတ်တွေပါ ၊
ဒါပေမယ့်
မင်းရဲ့ မွေးနေ့ဟာ
ရွှေရောင်လွှမ်းခဲ့ပါတယ် သူငယ်ချင်း ။ ။

သူငယ်ချင်းကဗျာဆရာ စိုးမင်းအောင် ရဲ့မွေးနေ့သို့

ဆူးရင့် (တန့်ဆည်)

၁၈ ၊ ၁၁ ၊ ၂၀၀၈ ။

Wednesday, November 12, 2008

အခြားတစ်ဖက်မှ နေ၍ ကဗျာစာအုပ်လေးအကြောင်း

ဒီစာအုပ်လေးကို
အင်တာနက်စာမျက်နှာ တင်နိုင်ဖို့
ကျွန်တော် ကျိုးစားနေပါတယ် ။

သိပ်မကြာခင်အတွင်းမှာ
တင်နိုင်ပါလိမ့်မယ် ။
ကဗျာချစ်သူမျာ
တ၀ကြီး ဖတ်ရှုနိုင်ကြပါစေ ။

ဆူးရင့် (တန့်ဆည်)

တန်ဆောင်တိုင် ညနေခင်း


ဒီနေ့
တန်ဆောင်တိုင်လပြည့်နေ့
(၁၂ ၊ ၁၁ ၊ ၂၀၀၈)
ကျွန်တော့် ဘ၀အတွက်
မေ့ပစ်လို့ မရတဲ့
ညနေခင်းလေးပါ ။
ဒီနေ့မှာ
အဲဒီနေ့မှာ
ထားပါတော့လေ ။
ကျွန်တော် တစ်စုံတစ်ယောက်နဲ့
တစ်စုံတစ်ရာ စကားတွေပြောဖြစ်ခဲ့ကြတယ် ။

Friday, November 7, 2008

မွေးနေ့အမှတ်တရ

၂၀၀၈ ၊အောက်တိုဘာ (၂၉)ရက်နေ့ဟာ ကျနော်လူ့လောကထဲ ရောက်လာတဲ့ နေ့ပေါ့ ။
အဲဒီနေ့မှာ အမှတ်တရ ကဗျာစာအုပ်လေး လုပ်ဖြစ်တယ် ။
ခေါင်းစဉ်က အခြားတစ်ဖက်မှနေ၍
ကျနော့် သူငယ်ချင်းတွေက ကဗျာတွေ ရေးပေးကြပါတယ်
သူတို့ကတော့ ။
မောင်မင်းစိုး
စိုးမင်းအောင်
မင်းသက်ဇဉ်
ကေတီဦး
ဇော်လူစိမ်း
လင်းသဏ်ညီ
သာရလင်းတို့ပါ။
ကျနော်လည်း ရေးတာပေါ့ ။
ကဗျာလေးတွေက ကောင်းမယ်ထင်တာပဲ ။
နောင် အခြေအနေပေးရင်တော့ လင့်ချိပ်နိုင်အောင် ကျိုးစားပါမယ် ။
ဆူးရင့်

LinkWithin

Related Posts with Thumbnails