Saturday, January 31, 2009

အောင်မြင်မှု

ခန္ဓာကိုယ်ကြီးနဲ့ ခန္ဓာကိုယ်ကို အမှီပြုပြီး ရရှိလာတဲ့ ဂုဏ်တရားဟာ နှိုင်းယှဉ်ကြည့်ဖို့ အင်မတန် အလှမ်းကွာဝေးပ်ါတယ်။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ကြီးဆိုတာ မကြာခင် ကာလအပိုင်းအခြားလေး တစ်ခုမှာ သေဆုံးပျက်စီး သွားရမှာ ဖြစ်ပါတယ်။ ဂုဏ်ဆိုတာကတော့ ကမ္ဘာတည်နေသရွေ့ ပျက်စီးပျောက်ဆုံး မသွားနိုင်ပါဘူး။ ဟုတ်တယ်လေ။ ဒါဟာ ဘုရားရှင်ရဲ့ တရားတော်စစ်စစ်ပါ။

ဂုဏ်ဆိုတာ ကောင်းတဲ့ဂုဏ်+ဆိုးတဲ့ဂုဏ်၊ ဖြူတဲ့ဂုဏ်+မည်းတဲ့ဂုဏ် ဆန့်ကျင်ဘက်တွေနဲ့ ဒွန်တွဲနေတာပါလား။
ကောင်းတဲ့ဂုဏ်နဲ့ ထင်ပေါ်ကျော်စောနေကြတဲ့ ပုဂ္ဂိုလ်တွေကတော့ မင်းကွန်းဆရာတော်၊ ဗိုလ်ချုပ်အောင်ဆန်း၊ မာသာထရီဇာစတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပြီး ဆိုးတဲ့ဂုဏ်နဲ့ ထင်ပေါ်နေကြသူတွေကတော့ ဟစ်တလာ၊ ဒေ၀ဒတ်၊ ဂဠုန်စော၊ အိုစမာဘင်လာဒင်........စတဲ့ သူတွေပါ ။ ကျော်ကြားတာချင်းတော့ တူတယ်လေ၊ ကောင်း+မကောင်းသာ ကွာခြားသွားတာ။

လူတိုင်းလူတိုင်း အောင်မြင်ချင်ကြတယ်၊ ကျော်ကြားချင်ကြတယ်၊ ကောင်းမွန်တဲ့ အောင်မြင်ကျော်ကြားမှုကို ရရှိဖို့တော့ လိုအပ်တာပေါ့။ အောင်မြင်ဖို့ အတွက်လည်း စာတွေ ကျက်ရ မှတ်ရ ဖတ်ရ နားထောင်ရ သင်ကြားရ။
အားစိုက်ပြီး လုပ်ကိုင်ရ ပြောဆိုရ ကြံစဉ်ရပေါ့ ။ အောင်မြင်မှုကို မိအောင် လိုက်ဖမ်းနေကြတယ် ။

ကျောင်းသားတွေက စာမေးပွဲ အောင်မြင်ချင်တယ်။ စီးပွားရေးသမားက စီးပွားရေးလုပ်ငန်းတွေ အောင်မြင်ချင် တယ်။ အနုပညာသမားက အနုပညာလောကမှာ အောင်မြင်ချင်တယ်။ ဒါဟာ သဘာဝပါပဲ။ ၀ါသနာအရပဲဖြစ်ဖြစ်
အခြေအနေအရပဲ ဖြစ်ဖြစ် မိမိလုပ်တဲ့ ပြောတဲ့ ကြံစည်တဲ့ အရာမှန်သမျှကို အောင်မြင်ချင်ကြပါတယ်။

ကျွန်တော်က စာရေးတယ်၊ ကဗျာရေးတယ်၊ ပန်းချီးဆွဲတယ်။ ကျွန်တော်လည်း အောင်မြင်ချင်တာပေါ့။
အွန်လိုင်းမှာ ညီမတစ်ယောက်နဲ့ ချက်တင်ထိုင် စကားပြောဖြစ်ကြတော့ ``အောင်မြင်အောင် လုပ်နော်၊ ခင်မင်ဖူးခဲ့ကြတယ် ဆိုတာကိုလည်း အောင်မြင်ရင် မေ့မသွားနဲ့´´တဲ့။ ကျွန်တော် အောင်မြင်မှုကို ဆာလောင် နေတာ အမှန်ပါ။ တစ်ချို့က အောင်မြင်မှုကို ဖြတ်လမ်း နောက်ဖေးပေါက်ကနေပြီး ရှာကြတယ်။ တစ်ချို့ကတော့
ပုံမှန် သွားရိုးသွားစဉ်အတိုင်း လျှောက်လှမ်းပြီး အောင်မြင်မှုကို အရယူခဲ့ကြတယ်။

ခက်တာက ကျွန်တော်တို့ စာပေလောကမှာ အောင်မြင်မှုကို ဘာနဲ့ တိုင်းတာနေကြသလဲ၊ ဘယ်လို ပေတံ၊ စနစ်
တွေနဲ့ အောင်မြင်မှု+ကျရှုံးမှုကို သတ်မှတ်နေကြသလဲဆိုတာ ကျွန်တော် တကယ်မသိခဲ့ပါဘူး။ ကျော်ကြားမှု၊ လူသိများမှု၊ စာကောင်းပေမွန် ရေးသားနိုင်မှု၊ ငွေကြေးရရှိမှုစတဲ့ ဘယ်လိုစံ စနစ်တွေနဲ့ ပိုင်းခြားသတ်မှတ်နေကြ
သလဲ။ တကယ် မသိခဲ့တာပါ။

တစ်ချို့က အပျော်ဖတ် လူပြိန်းကြိုက် စာပေတွေ ရေးသားပြီး။ တစ်ချို့က ရာသီစာ ပေါ်ပင်စာပေတွေ ရေးသားပြီး ငွေကြေးများစွာ ရရှိခဲ့ကြတယ်။ တစ်ချို့ကတော့ စာကောင်းပေကောင်း ခန့်ခန့်သန့်သန့် ရေးသားပြီး
နာမည်သာရတယ် ပိုက်ဆံမရပြန်ဘူး။ အောင်မြင်မှုကို ငွေကြေးနဲ့ တိုင်းတာတဲ့သူကို ကျွန်တော် ရွံတယ်။

ကျွန်တော့်ရဲ့ ခံယူချက်ကို ပြောပြချင်ပါတယ်။ ကျွန်တော် ကဗျာရေးချင်တယ်၊ ချရေးလိုက်တယ်၊ ပြီးဆုံးသွား တယ်။ ဒါဟာ ကျွန်တော့်အတွက် ကဗျာတစ်ပုဒ် အောင်မြင်မှုပါပဲ။ ဒါပေမယ့် အဲဒီကဗျာဟာ တစ်စုံတစ်ယောက်ရဲ့
နှလုံးသားနဲ့ တိုက်ဆိုင်ချင်မှ တိုက်ဆိုင်လိမ့်မယ်။ တစ်စုံတစ်ယောက် ခံစားမှုနဲ့ ထပ်တူကျချင်မှ ကျမယ်။ ကဗျာတစ်ပုဒ်တော့ ဖြစ်ထွန်းအောင်မြင်လာတာ အမှန်ပဲ။ ဘာပဲဖြစ်ဖြစ် ပြီးဆုံးအောင် ဖန်တည်းနိုင်ခြင်းဟာ
အောင်မြင်မှုပဲ။ (ကျွန်တော်ကတော့ အဲလိုပဲ မြင်တယ်)

ကိုယ့်ယုံကြည်ရာကို ယုံကြည်ချက်အတိုင်း အားစိုက် လုပ်ကိုင် ပြောဆို ကြံစည်နေတဲ့နေ့ အောင်မြင်တဲ့ ဖြစ်ပြီး။
ဘာမှ အားမစိုက်ပဲ ငြိမ်သက်နေမယ်ဆိုရင် အဲဒီနေ့ဟာ ကျဆုံးသွားတဲ့နေ့ပေါ့။ ကျွန်တော် ကျဆုံးသွားတဲ့နေ့။
ခင်ဗျား ကျဆုံးသွားတဲ့နေ့ပေါ့။

ကျွန်တော်တို့ ဆာလောင်နေကြတဲ့ အောင်မြင်မှု ကျော်ကြားမှုတွေဟာ ရရှိလာပြီဆိုရင် ကောင်းတဲ့ဂုဏ်နဲ့
အောင်မြင် ကျော်ကြားမှု ဖြစ်ဖို့တော့ လိုပါတယ်။
ဆူးရင့်



Wednesday, January 28, 2009

ကျွန်တော့်ရဲ့ နွေဦးရာသီ

နွေဦးရာသီများစွာကို ကျွန်တော် အစီအစဉ် မကျစွာ ဖြတ်သန်းခဲ့ဖူးပါသည်။
လေရူးများနှင့်အတူ စိတ်ရူးလည်း ခဏခဏ ပေါက်ခဲ့ဖူးပါ၏။
လောကကြီးသည် ကိုယ်ကျိုးတစ်ခုသာ လိုအပ်သည် မဟုတ်ပါ။
အတ္တ+ပရ မျှတဖို့ လှုပ်ရှားသင့်ပါ၏။။
တစ်ချို့မှာ ဘယ်သူသေသေ ငတေမာလျှင် ပြီးရော့ ဖြစ်နေကြသည်။
ရှင်သန်မှုမှာ လူသားဆန်ဆန် လေကို ရှူရှိုက်ဖို့ အတွက်။
ကမ္ဘာမြေကို ကျေးဇူးဆပ်ဖို့ အတွက်။
ရုပ် ၀တ္ထုတွေ ထိုးထိုးထောင်ထောင် ခေတ်ကြီးက ထွန်းကားလွန်းလှပေသည်။
စိတ်ဓာတ်နှင့် ယဉ်ကျေးမှုများ ဆုတ်ယုတ်ယိုင်နဲ့ ပါးလွှာနေသည်မှာ အမှန်ပင် မဟုတ်ပါလား။
အူမ တောင့်-မှ သီလ စောင့်သည် ဟူသော အသံများ။
ကိုယ်ကျင့်တရား ခုခံအား ကျဆင်းနေခြင်း၏ အကြောင်း ဇစ်မြစ်။
အနာဂတ်တစ်ခုလုံး ကျွန်တော်တို့ မနေထိုင်နိုင်ပါ။
ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး။
ကလေးတွေ ဦးနှောက်ရဲ့ အသိ တံခါးများကို ဖွင့်ပေးဖို့ တာဝန်ရှိသည်။
ကျွန်တော်နဲ့ ကျွန်တော်တို့ အားလုံးမှာ။
သင် သေသွားသော်....ကဗျာကို ရည်ရွယ်ချက် မှန်ကန်စွာ ဆရာဇော်ဂျီ ရေးသားခဲ့ပါသည်။
တိုင်းပြည်၊ လူမျိုး၊ ဘာသာ၊ သာသနာ။
အခြေခံ ဗုဒ္ဓဘာသာနှင့် လူ့ကျင့်ဝတ်များ။
အတ္တာဟိ အတ္တနော နာထော။
ကျွန်တော် အားလုံးကို အမှန်ပင် ပျော်ရွှင်စေချင်ပါသည်။
လူဆိုသည်မှာ ဘ၀ကို နောက်ပြန်ဆွဲကြည့်လိုက်တိုင်း ရိုးသားစွာ ပြုံးနိုင် ရယ်နိုင်ဖို့ လို၏။
နေထိုင်ခြင်း ဘ၀ဟူသည် ရေပွက်ပမာ ပေါက်လွယ် ကွဲလွယ် ဖြစ်သည်။
ပရဟိတ စိတ်ဓာတ်နဲ့ ကျွန်တော့်ရဲ့ နွေဦးရာသီကို ဖြတ်သန်းပါမယ် ။

ကျွန်တော် တစ်ယောက် ဇာတိမြေကို ပြန်ပါတော့မယ်။
ဘာလို့ ရွာကို ပြန်ရပါလဲ။
ကျွန်တော် ဘ၀မှာ ဆရာသမားဆိုတာ တကယ်ကို ကျေးဇူးကြီးမားပါတယ်။
အခု ဆရာသမားက လှမ်းခေါ်တယ်လေ။
ကျောင်းတွေ ပိတ်လို့ ကလေးတွေ အားလပ်တဲ့ အချိန်မှာ
သူတို့လေးတွေရဲ့ ဦးနှောက်အသိ တံခါးတွေ ဖွင့်ပေးဖို့အတွက်
နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်မယ်တဲ့
အဲဒါကြောင့်၊ အဲဒါကြောင့်၊

ဆရာဆိုတာက
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ ဗိုလ်မြရပ်ကွက်
ရပ်သာကျောင်းတိုက်မှာ သီတင်းသုံးတော်မူတဲ့
ဆရာတော်ပါ။

ကျွန်တော် ငယ်ငယ်ကလေးတည်းက ဆရာတော်ရဲ့ ကျွေးမွေးပြုစု
စောင့်ရှောက်မှု မေတ္တာရိပ်အောက်မှာ ကြီးပြင်းလာခဲ့ရပါတယ်။
အခု ဆရာတော်က ပရဟိတလုပ်ငန်းလုပ်တော့မယ်
ကလေးတွေကို သင်ကြားပေးမယ့် အခြေခံယဉ်ကျေးမှု စာအုပ်လေး လုပ်ချင်တယ်ဆိုတော့
ကျွန်တော်ကို ခိုင်းပါတယ်၊ စီစဉ်ပေးရတာပေါ့ ။
အခုလည်း အဲဒီ စာအုပ်လေး ပုံနှိပ်ဖို့အတွက် အလုပ်ရှုပ်နေတာပါ။

မကြာခင် နေ့ရက်ပိုင်း အတွင်း မှာ
ကျွန်တော် စီစဉ်တဲ့
``ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ´´
ဆိုတဲ့ စာအုပ်လေး ပြီးစီးပါတော့မယ်။

ဒါဟာ ငယ်ငယ်က စာပေတွေ သင်ကြားပေးတော်မူတဲ့
ဆရာတော်ကို ကျွန်တော် ကျေးဇူးဆပ်တာပါ
ဆရာ့ကျေးဇူးတော်ဟာ များစွာ အနန္တဆိုတော့
ဆပ်လို့ ကုန်မှာ မဟုတ်ပါဘူး ။

မြူတစ်မှုန်စာလောက်ပဲ ဖြစ်ဖြစ် ကျေးဇူးဆပ်ခွင့် ရတဲ့ အတွက်
ကျွန်တော် ၀မ်းသာပါတယ်၊ ကြည်နူးပါတယ်။

စာအုပ်လေး ပြီးရင် ဇာတိ တန့်ဆည်မြေကို ပြန်ပါမယ်
ဆရာ့ကို ရှိခိုးကန်တော့ပါမယ်။
မိဘ၊ သားချင်း၊ ဆွေမျိုးတွေဆီ ရောက်တုန်း ရောက်ခိုက် နေလိုက်ပါဦးမယ်။

တန့်ဆည်မှာ အင်နာနက် အသုံးပြုလို့ မရပါ။
ဆရာကို ၀ိုင်းကူပြီး သင်ကြားပေးပါမယ်။
ပဲနှုတ်/ပဲကောက်ရပါမယ်။
သစ်ခင်းစိုက်ရပါမယ်။
ဒီအချိန်ဆို စပါးရိပ်လို့ ပြီးသွားကြပါပြီ။

ဆရာဆိုတာ အကောင်းဆုံး ဥယျာဉ်မှုးပါ
ဆရာဆိုတာ အကောင်းဆုံး ပဲ့ကိုင်ရှင်ပါ
ဆရာဆိုတာ အကောင်းဆုံး လမ်းပြကြယ်ပါ
ဆရာဆိုတာ အကောင်းဆုံး ပေးဆပ်သူပါ
ဆရာဆိုတာ အကောင်းဆုံး နေမင်း လမင်းပါ။

စာအုပ်လေး ဖြစ်မြောက် အောင်မြင်ဖို့အတွက်
ဗုဒ္ဓစာပေများကို ရေးသားတော်မူခဲ့ကြတဲ့ ဆရာတော်များ၊
စာရေးဆရာများ၊ ဆရာတော်အား လှူဒါန်းကြတဲ့ အလှူရှင်များ၊

မျက်နှာဖုံးနဲ့ အတွင်း အပြင် အဆင်များကို
မေတ္တာတရားသက်သက်နဲ့ ကူညီပေးခဲ့တဲ့
လူဇော်သစ်၊ သန္တာကျော်မောင်(ပီကာ ဒီဇိုင်း မီဒီယာ )
ဝိုင်းဝန်းပြီး ကွန်ပျူတာ စာစီပေးကြတဲ့
သူငယ်ချင်း မောင်မင်းစိုး(ရွှေနံ့သာ)
သူငယ်ချင်း မောင်မောင်(မန္တလေး)
သူငယ်ချင်း မိုးနှင်းဖြူတို့ကို
အထူးပဲ ကျေးဇူးတင်ပါကြောင်း နှလုံးသားတွင် မှတ်တမ်းတင်ပါတယ်။ ။

ဆူးရင့်၊တန့်ဆည်၊


Saturday, January 24, 2009

သူငယ်ချင်းတွေနဲ့ ညတစ်ည

သူငယ်ချင်း နွေမင်းသစ်ဆိုတဲ့သူက နိုင်ငံခြားကို ပညာသင် သွားတော့မယ်။ နောက် စစ်ကိုင်းက သူငယ်ချင်းတွေ ရန်ကုန်မှာ ဘွဲ့လာယူကြတာ။ နွေမင်းသစ်က လာခေါ်လို့ ကျွန်တော် အောင်ဆန်းမြို့ကို လိုက်သွားပါတယ်။ ငယ်ငယ်က သူငယ်ချင်းတွေကို ပြန်တွေ့ခွင့်ရလို့ ၀မ်းသာမိတာ အရမ်းပဲ ဆိုပါတော့။ ကျွန်တော်တို့ သူငယ်ချင်းတွေ ဆိုတာကလည်း ဆုံမိတာနဲ့ ပါတီပွဲ ကျင်းပကြဖို့ပဲ စိတ်ကူးနေကြတာလေ။ အင်း ပါတီပွဲကတော့ တော်တော်ကို စည်ကားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ငြင်းကြ ၊ ခုန်ကြ။ တစ်ယောက်ရဲ့ အဆိုပြုချက်ကို တစ်ယောက်က ပယ်ချလိုက်။ နောက်တစ်ယောက်က ပြန်ပြီး ဖြေရှင်းချက်ထုတ်လိုက် ၊ ပြန်ပယ်ချလိုက်၊ တစ်ယောက်ရဲ့ ဒဿနတစ်ချို့ကို နားထောင်ပေးလိုက်နဲ့ နံပါတ်တစ် အစီအစဉ် ပြီးဆုံးသွားတယ်။

နံပါတ်နှစ် အစီအစဉ်ကို ဘွဲ့ယူလာကြတဲ့ နေမင်းထက်၊ မောင်သူ၊ ချစ်ကြွယ်၊ သီဟ၊ ဥက္ကာတို့က ကျင်းပကြပြန်ရော့။ နေရု ၊ နွေမင်းသစ်၊ မောင်သူ၊ စိုးထွန်းနဲ့ ကျွန်တော်တို့ကတော့ နှစ်ပွဲဆက်ပေါ့ ။ မှတ်သားစရာ စကားလေးတော့ ကျွန်တော့်ရင်ထဲ ကျန်နေရစ်ခဲ့ပါတယ် ။ နေရုကြီး ပြောတာကတော့ ``အေး ငါက ရွာအတွက်၊ ရပ်ရွာ ကောင်းစားဖို့ အတွက်ဆိုရင်၊ လုပ်မှာပဲ´´တဲ့။ နေမင်းထက်က နေရုစကားကို ဘယ်လို ပြန်ပြီး ချေပလိုက်တယ် ထင်လဲ၊ `` အေး မင်းတို့ လုပ်နိုင်ရင် လုပ်ကြစမ်း၊ ဒါပေမယ့် ငါကတော့ ခေါင်းဆောင်တဲ့ သူ မကောင်းဘူး၊ နည်းလမ်း မကျဘူးဆိုရင် ဘယ်သူ မျက်နှာမှာ ငါထောက်နေမှာ မဟုတ်ဘူး။ သုတ်မှာ ၊ တကယ် သုတ်မှာ ´´ တဲ့။

`` မြန်မာနိုင်ငံတော်ကြီး ပြုပြင် ပြောင်းလဲဖို့ အတွက် ဘာတွေလိုအပ်သလဲ ´´
`` မင်း စတင် ပြောင်းလဲတော့မယ် ဆိုတဲ့နေ့ စပြီး ၊ မွေးလာတဲ့ သူတွေ၊ ရှင်သန်နေတဲ့ သူတွေ
အားလုံးကို သတ်ပစ်ဖို့ လိုအပ်တယ် ´´
`` အဲဒီလောက် အထိ သတ်ပစ်ဖို့ လိုအပ်လို့လားကွာ ´´
``မြန်မာ စိတ်ဓာတ်ကို မင်းလည်း သိတာပဲ ၊ မင်း လုပ်ပိုင်ခွင့် ရှိတဲ့ လူတစ်ယောက်ဆိုရင်
မင်းလည်း လုပ်မှာပဲ ။ စားမှာပဲ ၊ ၀ါး မှာပဲ၊ မင်းမှာလည်း သွားပါတယ်လေ ´´
`` ထားပါတော့ ၊ တို့ မြန်မာတွေက ဥပမာ အေကိုက်နေတဲ့ လူတစ်ယောက်ကို တွေပြီဆိုပါ
တော့ ၊ သူ ဘာကြောင့် အေအိုင်ဒီအက် ဖြစ်တာလဲ ဆိုတာကိုပဲ လျှောက်အပြစ်ပြောနေကြ
တာ။ ရှေ့ဆက် ဘာလုပ်သင့်တယ် ၊ ဘယ်လို နေထိုင်သင့်တယ် ၊ ဆိုတာကို ပြောပြဖို့ အား
ပေးဖို့ ဘယ်သူမှ စိတ်ကူးထဲ မထည့်ကြဘူး ´´

နောက်ဆုံးတော့ အသံတွေက တစ်ယောက် တစ်ပေါက် ကျယ်လောင်လာတာနဲ့ မီးခလုပ်ကို မှိတ်ပြီး အိပ်ကြဖို့ လုပ်လိုက်ရတော့တယ် ။ ဒါတောင် အိပ်ယာထဲမှာ ငြင်းကြ ခုန်ကြတုန်း ။ ငြင်းခုန်ခြင်းဟာ အမှန်တရားကို ဖြစ်ပေါ်လာစေတယ်လို့ ပြောစကားကိုတော့ ကြားဖူးမိတာပဲ ။
ဆူးရင့်
(၂၃၊ ၁ ၊ ၂၀၀၉)



Sunday, January 18, 2009

သိပ်ချစ်ကြတဲ့ ချစ်သူတွေ














ဒါကတော့ ကျွန်တော့်ရဲ့ သူငယ်ချင်းနှစ်ယောက်ကို
ကျွန်တော်ကိုယ်တိုင် လက်ဆော့ပြီး ရိုက်ပေးထားတဲ့ ပုံပါ ။
ခွင့်ပြုတယ် ခွင့်လွှတ်တယ် ဗွီစီဒီ သီချင်းခွေကာဗာပုံကို သဘောကျမိတာနဲ့ သူတို့နှစ်ယောက်ကို မော်ဒယ်လုပ်ခိုင်းပြီး ရိုက်ဖြစ်သွားတာပါ ။
သူတို့နှစ်ယောက်ကလည်း တကယ်ပဲ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့ ချစ်သူတွေ ဆိုပါတော့။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု အပြည့်ရှိကြတဲ့ ချစ်သူတွေပါ ။
တစ်ယောက်ကို တစ်ယောက် ခွင့်ပြုတတ် ၊ ခွင့်လွှတ်တဲ့ ချစ်သူတွေပါ ။
သူတို့နှစ်ယောက် အချစ်ကလည်း ထူးဆန်းတယ်ဗျ ။ မော်ဒယ်အဖြစ် သရုပ်ဆောင်ပေးကြတဲ့ သူတို့နှစ်ယောက်ကို ကျေးဇူးတင်မိတာတော့ အမှန်ပါပဲ ။
ဆူးရင့်

ကမ္ဘာ့ အတိုဆုံး အချစ်ဝတ္ထုတို

ဆတ်ဆတ်လူး ကောင်မလေး တစ်ယောက်ရယ်
ပင်လယ်ကဗွီးပင် အုပ်အုပ်လေး တစ်ပင်ရယ်
ထီးလေး တစ်လက်ရယ်
နာရီပျက် တစ်လုံးရယ်
( ပြီးပါပြီ)

ဆူးရင့်
မှတ်ချက် ။ ။ ဖတ်ရှုပြီးနောက် မန့်မန့် ပေးခဲ့ကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ် ။

Thursday, January 15, 2009

ဂလိုဘယ်လ် လူငယ်များနှင့် စကားပြောခြင်း







စာရေးသူက............................. မောင်မင်းစိုး(ရွှေနံ့သာ)
အမှာစာရေးသူက .................... ဆရာသစ္စာနီ
စာအုပ်အမည်က...................... ဂလိုဘယ်လ် လူငယ်များနှင့် စကားပြောခြင်း
သရုပ်ဖေါ် ဒီဇိုင်းက.......... ........ဆူးရင့်
စာအုပ်အပြင်အဆင်................လူဇော်သစ်


သည်စာအုပ်လေးက အကြာမီ ရက်ပိုင်းအတွင်း ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ အဲဒီ စာအုပ်မှာ ကျွန်တော် လက်သရမ်းပြီး သရုပ်ဖေါ်ပေးခဲ့တဲ့ ပုံလေးတွေကို မျှဝေလိုက်တာပါ ။ ဘာမှတော့ မထူးဆန်းပါဘူး။
ပုံတင်ရတာ ကြာတာနဲ့ ဒီလောက်လေးပဲ တင်ပေးလိုက်တာပါ အမြည်းပေါ့ ။
ဆောင်းပါး (၂၆) ပါဝင်ပါတယ်
(ကြော်ငြာတာ ဟုတ်ဖူးနော်)



Tuesday, January 13, 2009

အရိုးသားဆုံး လက်ဆောင်မွန်

အဝေးက လွင့်လာတဲ့ အသံတွေပေါ့
အသစ်တွေ တစ်နှစ်ပြီး တစ်နှစ်
ဘ၀ဆီ ထိုးစိုက်ကျလာတယ်
နွေ ၊ မိုး ၊ ဆောင်း သုံးရာသီ
လိုအပ်ချက် ကိုယ်စီမို့ မ၀လင်ခဲ့ကြဘူး ။

ကမ္ဘာတစ်ခုလုံး ဆာလောင်မှုနဲ့
ဟစ်အော်နေကြတဲ့ လူတွေ
တွေ့ /ကြုံခဲ့ ၊ ပြော /ဆိုခဲ့ကြ
ကွဲ / ကွာခဲ့ ၊ ခွဲ / ခွာခဲ့ကြ
ကိုယ့်ရထားကိုယ် စီးပြီး
ကိုယ့်ရေဗူးနဲ့ကိုယ် ခရီးနှင်နေခဲ့ကြတယ် ။

ဖြတ်သန်းမှုကို နည်းနည်း နောက်ပြန်ရစ်ပါ
တွေ့ကြုံခဲ့သမျှ အစက စလို့ အခုအထိ (အစ+အဆုံး)
ဝှက်ဖဲတစ်ချပ် ကိုင်ထားသမျှ အစက စလို့ အခုအထိ (အစ+အဆုံး)
တစ်မှုန်တစ်မွှား လိမ်ညာခဲ့သမျှ အစက စလို့ အခုအထိ (အစ+အဆုံး)
ကိုယ့်ကိုယ်ကိုယ် ရိုးသားတယ်လို့
ထင် / မှတ် / ယူ / ထားဆဲ ။

တစ်စုံတစ်ယောက်အတွက်
အမှတ်ရစရာ ကောင်းတဲ့ မွေးနေ့မှာ
ပိုပြီး ရိုးသားစွာ ပွင့်လင်းသင့်တာပေါ့။

စိတ်ကူးထဲက စိတ်အတိုင်း

စာလုံးတွေ ထွင်းယူခဲ့တာက လွဲပြီး
ဘယ်သူ့ကို / ဘယ်အချိန် / ဘာမှ /
မသန့်ရှင်းတဲ့ စကားတွေ မပြောခဲ့ဘူး
ဘယ်သူ့ကို / ဘယ်အချိန် / ဘာမှ /
အီစီကလီ အလုပ်တွေ မလုပ်ခဲ့ဘူး။

ပုံမှန်အလုပ်တွေနဲ့ ကဗျာရေး / ပန်းချီဆွဲတယ်

ပုံမှန်အလုပ်တွေနဲ့ ဒီဇိုင်းထိုင် / အင်တာနက် သုံးတယ်
ပုံမှန်အလုပ်တွေနဲ့ပဲ ခေတ်ကို ခပ်တည်တည် လေ့လာခဲ့တာပါ ။

သူတော်စင်တွေက အရိုင်းစိတ်ဝင်နေတဲ့ ခေတ်တဲ့
လူတွေက ဘီလူးစိတ်ဝင်နေတဲ့ ခေတ်တဲ့
ဘီလူးတွေက သူတော်စင်စိတ်များ ၀င်နေလေမလား
ခေတ်ကြီးကိုက တခစ်ခစ် ရစ်မောပစ်ဖို့ ကောင်းတယ် ။

ချက်တင်မှာ မကြာခဏ ကြားရတဲ့ စကားက
`` ............................................´´
ငယ်ငယ်ကတည်းက အခု / အထိ (အစ+အဆုံး)

ဒါပေမယ့်
ဘယ်သူ့ကို / ဘယ်အချိန် / ဘာမှ
မသန့်ရှင်းတဲ့ စကားတွေ
အီစီကလီ အလုပ်တွေ
မပြောခဲ့ / မလုပ်ခဲ့မိသလို
ဘယ်သူ့ကို ဘယ်သူနဲ့မှလည်း
အပြင်မှာ မတွေ့ချင် / မမြင်ချင်ပါဘူး
မပြောချင်/ မဆိုချင်ဘူး ။ ။
ဆူးရင့်
အွန်လိုင်းပေါ်တွေ့ဆုံခဲ့သော အစ်မတစ်ယောက်ရဲ့ မွေးနေ့သို့
(၁၃ ၊ ၁ ၊ ၂၀၀၉)
ို့

Sunday, January 4, 2009

ကောင်းရာသုဂတိ လားပါစေ

အမေ
မပြီးပြတ်ခဲ့တဲ့ အသံတွေ
ဆူဆူဝေေ၀ ပွင့်အန်ထွက်ခဲ့ကြပေမယ့်
ရေများ ရေနိုင် ၊ မီးများ မီးနိုင်
ဆိုတဲ့
စကားပုံသာ ကျန်ရစ်ခဲ့တယ်။

ခလုတ်တံသင်းဟာ
ဖြစ်ရိုး ဖြစ်စဉ်အတိုင်း
ကန့်လန့် ရှိနေဦးမှာပဲ။

ပထမ
လွတ်လပ်ရေးကို အရယူခဲ့တဲ့
ဗိုလ်ချုပ်နဲ့ မျိုးချစ်သားကောင်းများ အတွက်
ဆုတောင်း အမျှဝေရင်း
သတိတရ လွမ်းဆွတ်ရင်း
ဘုရားပေါ် ရောက်ခဲ့။

ကျီးကန်းတစ်ကောင်က တအီးအီး အော်နေတာက အစ
တစ်ချွင်ချွင် လွင့်လွင့်လာတတ်တဲ့ ဆွဲလည်းသံက အစ
ခိုတွေလို လူတွေ ငြီးတွားသံမျိုးစုံက အစ
ကြားရင်း ကြားရင်း
နားထောင်ရင်း
အချိန်


အမေကိုလည်း သတိရတယ်
အမေကိုလည်း သတိရတယ်
အမေကိုလည်း သတိရတယ်
အမေကိုလည်း သတိရတယ်
အမေကိုလည်း သတိရတယ်
အမေကိုလည်း သတိရတယ်
အမေ
အမေ
အမေ
အမေ နေကောင်းပါစ ။

ပုရွတ်ဆိတ်တွေလို လူတွေဟာ
ဖိနပ်တွေ ၊ အိတ်တွေ ၊ နွေကာ ၊ မိုးကာ ၊ ဆောင်းကာတွေ
သယ်ဆောင်လို့
အလုပ်ရှုပ်နေကြတယ်။

ထမင်းနပ် မမှန်တဲ့ နေ့ရက်မှာ
ခေတ်အဆိုး ခေတ်အပျက်ကြီးကို
အာဟာရလုပ်ပြီး စားသောက်ခဲ့ရ ။

အိပ်လို့ ရတဲ့ ခင်များတို့
ဝအောင် အိပ်ကြပါလေ။
ကျွန်တော် ပျောက်သွားတဲ့ ကျွန်တော့်ကို
လိုက်ရှာပါရစေဦး ။

ကျွန်တော်နဲ့ ကျွန်တော်တို့အားလုံး
မပြတ်သားခဲ့လို့
မရဲရင့်ခဲ့လို့
အခုလို
ကျွန်တော်နဲ့ ကျွန်တော်တို့အားလုံး ဖြစ်နေတာ ။

နောင်နှစ်........
ကြာမြင့်တဲ့ အခါ
အနာအို အနာဟောင်း အနာဆွေးများ
ဂီတ အဖြစ် ၊ သံစဉ် အဖြစ်
မနက်ခင်း အဖြစ်
နေ့ အဖြစ်
ည အဖြစ်
အဖြစ်
အဖြစ်
အဖြစ်
တကယ့် လွတ်လပ်မှု အဖြစ်။

ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာဘူး
သီချင်းကို နားထောင်လိုက်ပါ ။

Friday, January 2, 2009

စကားလုံး အရုပ်






လေထဲမှာ ညစ်ပေနေတဲ့ အရေပြားတွေ/အတ္တနဲ့ ဖြစ်တည်လာတဲ့ ကိုယ်ထည်တွေ

ရှင်သန်ပြီး သေဆုံးခြင်းတွေ/
ည၀တ် အင်္ကျီထဲမှာ ည /အတွင်းစိတ် အမှောင်တွေ
ဘာကိုမှ မယုံကြည်ဘူး ။ အကြင်နာတရားနဲ့ အားလုံးရော အားလုံးပေါ့ ။
ဘာအတွက် ဘယ်လို/ဘယ်အချိန်က ဘယ်မှာ/ပြားနေခဲ့တာတွေ/လုံးနေခဲ့တာတွေ/
ပေါက်ထွက်သွားမှုတွေ
မိုးလင်းလို့ မနက်ဖြစ်ခဲ့တာ/နေ့လယ်ရောက်/ညဆီ သွားနေတာ
ဟို ရာသီဖွား၊ ဒီ ရာသီဖွား၊ ဘယ် ရာသီဖွား၊ ဘာ ဖြစ်သွားသလဲဆိုတာ
web page အမည်းစက်များဟာ ငါ့ဒဏ်ရာ
ချိုင့်တွေကို ဖြတ်ခဲ့ရတယ် ၊ ဆူးတွေ ၊ ငြောင့်တွေ ၊ ခလုတ်တံသင်းတွေချည်းပဲ (ချေးပဲ)
ဘယ်လို အိပ်မက်ရမလဲ ၊ ကျောခင်းမဲ့ ဗလာအရာတွေရယ် ...
(အဖြေ မပေးရ ၊ မဖြေရ )
အထီးကျန်မှုကို ဓာတ်ဆီလောင်း မီးရှို့ပစ်မယ်
မိတာ
လူများ ၊ အမှားများ ၊ အမှန်များ
ပါးစပ်ထဲ ဆေးပြားပစ်ထည့်ပြီး ငြိမ်နေရတယ်
ဆယ်ပေအကွာမှာ အဆိုးအနာ နေစမ်း
အမိုး အကာ လုံခြုံမှု ရှိခဲ့လို့လား
( မဖြေရ ၊ အဖြေ မပေးရ )
ငါဟာ ငါမဟုတ်တော့ဘူး
ငါ လောင်ကျွမ်းပြီးသား
မျက်ရည်ရစ်ဝဲ၀ဲဟာ ဆိုင်းဆိုင်း
ကယ်တင်ရှင်ဘုရား အစွန့်ပစ်ခံ များများလာတယ်
ငါးတွေ မျှားချိတ်မှာ ဆတ်ဆတ်ခါလို့
နာကျင်လို့ ၊ ဒီလို့ ၊ ဟိုလို့
သေမှုသင့်လို့ သေရတယ်
ခြေထောက်မှာ နင်းကြမ်းမရှိတော့ဘူး
ဟင်းလင်းကို တွေ့နိုင်မယ်
အချဉ်ပေါက်တာ ချဉ်သွားလို့ပါ
ချဉ်လို့ စပ်ဖျဉ်းလို့ ချဉ်ချဉ်စပ်စပ် ဆတ်ဆတ်နာ
(မျက်လုံး မှိတ်ထားပါသည်)
ပြတ်တောက်သွားတဲ့ ကြိုးစတို့ ဆက်ဖို့ အဆက်မမီလို့
ဆက်သွယ်မှုမဲ့ အသက်
ယဉ်ကျေးတာကို ဘယ်လိုတိုင်းမလဲ
(မဖြေရ ၊ အဖြေ မပေးရ )
မယဉ်ကျေးတာရော ဘယ်လိုလဲ
( အဖြေ မပေးရ ၊ မဖြေရ )
အခေါင်းထဲက အလောင်း /အပုတ်သာ အဟုတ်ဖြစ်လာမယ်
ဆွေးမယ်/ပျောက်သွားမယ်
လောက်
ထွက်လာမယ်
အိုး.....လောက်လောက်လမ်းလမ်း
ဘ၀အပြဲတွေ
ပြဲမှာပဲလေ ရဲရမှာပေါ့ ဟုတ်တာပေါ့ ၊ ဟုတ်/ ဟုတ်ကဲ့
တော်တော်ကွဲပြိုပါတယ် အမှန်ပဲ
တော်တော်
စောင့်ခဲ့တယ် အဝေးဆုံးက အရာတွေ
ရေခဲတွေလို အရာရာ ပျော်ကျတော့ ငါတစ်ယောက်တည်း ။
တစ်ချိန်တုန်းက နွေးထွေးမှုများ
အခု နေ့ /ည စကြ၀ဠာ အခေါင်းထဲမှာ အလောင်းပဲ
သောကြာသမီးနဲ့ အင်္ဂါသားလေး ကိုဟာ
ချစ်လို့ ချစ်ချစ်ခဲ့ကြတာ
အကွာအဝေးကြားမှာ အနီးဆုံး နီးကြဖို့ပဲ လိုနေတယ်
လူဆူးကြိုးတွေကို သိသလား
( အဖြေ မပေးရ ၊ မဖြေရ )
အခြားအနား မခံချင်တာရော သိသလား
( မဖြေရ ၊ အဖြေ မပေးရ )
အားလုံး အားဂလိတွေ
ဘ၀မှာတော့ ရှင်သန်နေထိုင်ခြင်းဟာ အညစ်အကြေးသုတ်ပြီးသား စက္ကူစလို အဖြစ်တွေ
တွေ့တွေ့ကြုံနေရတာ
နာကျင်နေတာပဲ သိတယ်
နှလုံးသားထဲမှာ အကြင်နာတရား ရှိဖို့လိုတယ်
လိုနေတာ ဒါပဲ
တခြား အဆိပ်တို့ ၊ မစာနာမှုတို့ ၊ အဆိုးချေးတို့ သွား နားချေ
နောက်ထပ် ငွေရေစက်တို့ ဂွေတို့ လူကြီးမင်းရဲ့ အလိုတော်ကျတို့ စွန့်ထုတ်ခဲ့ချေ
ကိုယ်စွမ်း ကိုယ်စ ရိုးသားဖူးလား
( မဖြေရ ၊ အဖြေ မပေးရ )
ကိုက ငသင်းတို့ ချိုးပစ်စရာ ကိုယ်ဒြပ်လား
( အဖြေ မပေးရ ၊ မဖြေရ )
သူတို့ရဲ့ ခွန်အားများ
လောင်နေတဲ့ အတ္တ မာန အတိုင်းအဆများ .................(ချေးပဲ)
သူတို့ ဖုန်ထနေတာလား
( မဖြေရ ၊ အဖြေ မပေးရ )
ကိုဟာ အသက်ရှူကြပ်ရ
ဒီလို ဖေါင်းခနဲ့ပေါက်တဲ့ ပူစီဖေါင်းပေါ့
ကိုတို့ရဲ့ ကိုယ်စီလမ်းကို အိုး ........ဟိုး ............ဟို သူတို့ နားမလည်ကြဘူး ။
ရွှေဈေး ဟိုဈေး ဒီဈေးသာ နားလည်ပြီး
ဒါဟာ................အချစ်ရာ ဒါဆိုတာ နားမလည်ကြဘူး ။
ယုတ်ညံ့မှုချေး
အောက်တန်းကျ အသက်/ချေးတွေကို
အဝေးဆုံးကနေ သိပ်ချစ်ခဲ့ကြတယ်ဆိုတာ
ပြောပြလိုက်စမ်းပါ
လိုက်စမ်းပါ
စမ်းပါ
ပါ .................... ။

စိုးမင်းအောင်
31.12.2008
AM :1:30:

သူငယ်ချင်း ကဗျာဆရာ စိုးမင်းအောင်တစ်ယောက် တောင်ကြီးပြန်သွားတဲ့ သူကောင်မလေးကို လွမ်းလွမ်းဆွတ် ဆွတ်နဲ့ ရေးထားတဲ့ ကဗျာလေးတစ်ပုဒ်သာ ဖြစ်ပါတယ် ။ အချစ်က ဆန်းကြယ်ပါတယ် ။ အချစ်ကို ဘယ်လို
ဖွင့်ဆိုကြသလဲ ဆိုရင်................................................................................................................................................................ ...........................................................................................................................................................................
..........................................................................................................................................................................
...............................................စသည်ဖြင့်ပေါ့လေ ။ ( ကျွန်တော်ကိုယ်တိုင်လည်း ဘာမှ သိတာမဟုတ်ဘူး )
ဆူးရင့်

LinkWithin

Related Posts with Thumbnails