Wednesday, July 29, 2009

ဂစ်တာတစ်လက်ရဲ့ နာရေး



သတိရမှုကို ပြက်ရယ်ပြုခံရသူအတွက်
နံရံဆီ လက်သီးချက်တွေပို့လွှတ်ရင်း
အရာအားလုံး လက်မြှောက် ဒူးထောက်ခဲ့။

ဘ၀က ဒီလောက် အဖြစ်သည်းခဲ့တာတောင်
ဒီလို အေးစက်ခံထားရတဲ့အဖြစ်
ကိုယ့်ကိုယ်ကိုယ် ကြင်နာလို့ မရတဲ့အဆုံး
ခွင့်လွှတ်စိတ်နဲ့ လှည့်ပြန်လာခဲ့တယ်။

အို ... ရှင်တော်ဘုရား
ခံစားချက်မဲ့သော
လူအဖြစ်ကို ရလိုပါ၏။

သေသလို
အခန်းထဲ ခွေခွေလေး
တိတ်ဆိတ်နေပါ့မယ်။

ညီမလေးရေ ...
ထာဝရ ပျော်ရွှင် ချမ်းမြေ့ပါစေ။

ဆူးရင့်၊တန့်ဆည်၊
၂၉၊၇၊၂၀၀၉၊ နံနက်(၂း၀၀)နာရီ အချိန်

Tuesday, July 28, 2009

နေမကောင်းတဲ့ သစ်ပင်



လေအလာကို
ရွက်လွှင့်လို့ ငြိမ်သက်နေခဲ့တယ်
လေပြည်လား
မုန်တိုင်းလား
နီးစပ်မှုကေ၀၀ါးဆဲ ။

မကွဲမပြား ဖိတ်စဉ်ခဲ့တဲ့
မိုးတိမ်ဆီ
လ၀န်းဆီ ငေး ရင်း ...........
ငြိမ်သက်မြဲ ငြိမ်သက်နေခဲ့တယ် ။

ညီမလေးရေ.....
ထားသွားခဲ့ပါတော့
ကိုယ်ဟာ အထီးကျန်ခြင်းနဲ့
လက်ထပ်မိတဲ့
ရွက်ဝေး သစ်ခြောက်တစ်ပင်ပါ ။ ။
ဆူးရင့်၊တန့်ဆည်၊

ဖုန်းခေါ် မရတဲ့ နေ့

တစ်နေ့လုံး
ဖုန်းခေါ်လို့ မရဘူး
လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းသည်
ဆက်သွယ်မှု ဧရိယာ အပြင်ရောက်လိုက်
မအားလပ် သေးပါသဖြင့်လိုက်
ခေတ္တ စောင့်ဆိုင်းရမတဲ့။

ဖူးစုံ ဆီလည်း ဆက်မရဘူး
မိုးမင်း ဆီလည်း ဆက်မရဘူး
ညီသစ်ထူးလည်း လမ်းရှင်းမထားဘူး
ဦးဇိန၀ံသလည်း ခေါ်မရဘူး။

နေပါဦး
ခင်များတို့ ဧရိယာက ဘယ်အထိလဲ
ခင်များတို့ သွားနေတာက ဘယ်အထိလဲ
ကျွန်တော်က ဘယ်လောက်အထိ စောင့်ရမလဲ။

ဝိုင်ဝိုင်းကတစ်မျိုး
“တော်ပါပြီ ဒီဖုန်းစုတ်ကြီးကို
လွှင့်ပစ်လိုက်စမ်းကွာ” တဲ့။

ဝါဆိုကိုဦး(တောင်ကြီး)

Monday, July 27, 2009

အကြင်နာ စက်ကွင်း



။တစ်။

“ထူးဆန်းတယ်ဟေ့ ခါတိုင်းဆို နေအတော်မြင့်မှ အိပ်ယာထတဲ့ ကောင်က ဒီနေ့တော့ အစောကြီး ထလို့။ ဘာတွေ စိတ်ရူးပေါက်နေတယ် မသိဘူး။ ဒီနေ့ မိုးရွာ လိမ့်မယ်ထင်တယ်” ကျွန်တော် မျက်နှာသစ်ပြီး အောက်ထပ်ကို အဆင်းမှာ သူငယ်ချင်းတစ်ယောက်က အခုလိုပဲ ဧည့်ခံကြိုဆိုလိုက်ပါတယ်။ ဒါဟာ ကျွန်တော့် နံနက်ခင်းရဲ့ ဂီတစစ်စစ်လား။ ဟုတ်ပါတယ်လေ.. ကျွန်တော်ကလည်း သူပြောမယ်ဆို ပြောချင်စရာ ဖြစ်နေခဲ့တာကိုး။ ညည အိပ်မပျော်ဘူးကွာဆိုတဲ့ အကြောင်းပြချက်နဲ မနက်ခင်း ကိုးနာရီလောက်အထိ ကျွန်တော် အိပ်ပုတ်ကြီးခဲ့တာလေ။ ဒီနေ့ ဘာလို့ စောစော အိပ်ယာထ ခဲ့သလဲ။ အိပ်ယာ စောစောထတာ ဘာအတွက်လဲ ဒီအကြောင်းကို သူမှ မသိပဲလေ။ ပြောပစေပေါ့။ ကြိုက်သလို။ ဒါပေမယ့် ကျွန်တော်တော့ ဒီနေ့ ပျော်ရွှင် တက်ကြွနေပါတယ်။

။နှစ်။
စောင်းယားပင်ရိပ် အောက်က ကွပ်ပစ်ပေါ်မှာ ကျွန်တော်သူငယ်ချင်းတစ်ယောက်နဲ့ အတူ ထိုင်နေပါတယ်။ စောင်းယားပင်ပေါ်မှာလည်း တောကျီးကန်းတစ်ကောင်ဟာ သူ့ရဲ့ နှုတ်သီးချွန်ချွန်နဲ့ တဆတ်ဆတ် ဆိတ်ပြီး အသီးတွေကို အကြောင်းမဲ့ သက်သက် ချွေချ ဖျက်ဆီးနေပါတယ်။ ကြွေကျလာတဲ့ စောင်းယားသီးအမှည့်တွေကို ကျွန်တော် မြင်နေရတယ်။ ဘေးမှာ ရှိတဲ့ သူငယ်ချင်းလည်း ဒီမြင်းကွင်းကို မြင်နေရမှာ အမှန်ပါပဲ။ ကျွန်တော့ သူငယ်ချင်း မမြင်မတွေ့နိုင်တာကတော့ စောင်းယားသီးတွေလို တဖြုတ်ဖြုတ်ကျမနေပဲ ကောင်းကင်ဆီ ထိုးတက်နေတဲ့ ကျွန်တော့်ရဲ့စိတ်တွေကိုပါ။ နေ့တိုင်းလိုလို စိတ်ဓာတ်ကျနေတတ်တဲ့ ကျွန်တော်ဟာ ဒီနေ့မှာတော့ တက်ကြွနေပါတယ်။ ဒီအတိုင်းဆို စိတ်လမ်းကြောင်း ပြောင်းပေးစရာ မလိုတော့ဘူးပေါ့။ ကျွန်တော့်မှာ စိတ်ဓာတ်ကျနေတဲ့ အခါတိုင်း စိတ်ကို လမ်းကြောင်းပြောင်းပြီး မြှင့်တင်ပေးတတ်တဲ့ အကျင့်ရှိပါတယ်။ ဒီနေ့ အတွက်တော့ မလိုအပ်တော့ပါဘူး။ “၀ုန်း”ခနဲ့ မြည်သံနဲ့ အတူ အုန်းသီးခြောက်တစ်လုံး လတ်တလော ကြွေကျလာတယ်။ အဲဒီ အုန်းသီးခြောက်ကို ကျွန်တော်သွားကောက်ပြီ ဓားတုန်းတုန်းနဲ့ တအုန်းအုန်းခွဲတယ် ။ တော်တော် ပင်ပန်းသွားတာပေါ့ ။ နောက်တစ်ခါ အိမ်ရှေ့က ပုဏ္ဏာရိပ်ပင်တန်းကို ကပ်ကြေးနဲ့ ညီအောင် ကိုက်ဖြတ်ရင်း ကျွန်တော် စိတ်တွေလမ်းကြောင်းပြောင်း မြင့်တက်နေတယ်။ မြက်ပင်တွေ ရှုပ်ပွနေတဲ့အမှိုက်တွေ ကြွပ်ကြွပ်အိတ်ခွံတွေ စက္ကူအစုပ်တွေ အုတ်ခဲကြိုးတွေကို ရှင်းလင်းသန့်စင်ရင်း စိတ်ဟာ လမ်းကြောင်းပြောင်းပြီး မြင့်တက်နေပါတယ်။ ကျွန်တော် စိတ်ဓာတ်ကျ မနေတော့တဲ့ ဒီနေ့ ကျွန်တော် တစ်ကိုယ်လုံးမှာ ချွေးသီး ချွေးပေါက်တွေ စီးကျလာတော့ စောင်းယားရိပ်အောက်က ကွပ်ပစ်ပေါ်မှာပဲ အမောဖြေရင်း ပက်လက်လှန် လှဲအိပ်နေလိုက်တယ်။ အရင်နေ့တွေလို မဟုတ်တဲ့ ကျွန်တော်စိတ်တွေ ဘာလို့ပျော်ရွှင် တက်ကြွနေပါလိမ့် ဘေးက သူငယ်ချင်းကြောင့်လား၊ ကျီးကန်းတစ်ကောင်းကြောင့်လား၊ အုန်းသီးခြောက်တစ်လုံးကြောင့်လား။ သန့်ရှင်းရေးလုပ်လို့လား၊ မဟုတ်ဘူး မဟုတ်ဘူး အဲဒါတွေ ဘာတစ်ခုမှ မဟုတ်ဘူး။ ဘာကြောင့်လဲ ကျွန်တော့် စိတ်ရဲ့ ဖြစ်စဉ်ကို ကျွန်တော် သိနေတယ်။ ကျွန်တော်စိတ်ထဲက မေးခွန်းရဲ့ အဖြေကို ကျွန်တော့် စိတ်ထဲမှာ သိနေတယ်။ ခင်များ မသိသေးဘူးဆိုတာအထိ ကျွန်တော်သိနေတယ်။ ကျွန်တော် ပျော်ရွှင်တက်ကြွနေရခြင်း အကြောင်းပေါ့။

။သုံး။
ခါတိုင်း နေ့တွေဆိုရင် အိပ်ယာထနောက်ကျတော့ နိုးတာနဲ့ ကျွန်တော် ဗိုက်ကဆာလာတယ်။ လက်ဖက်ရည်ဆိုင်ထွက်ပြီး ဗိုက်ကိစ္စ မဖြေရှင်းဖြစ်တာကတော့ တော်တော်ကြာနေပြီလို့ ပြောရမှာပါ။ လက်ဘက်ရည်တစ်ခွက် သုံးရာ ဖြစ်သွားပြီးကတည်းက ကျွန်တော်လက်ဘက်ရည်ဆိုင်နဲ့ ကင်းကင်းရှင်းရှင်း ဖြစ်သွားခဲ့တယ်။ တစ်ခါတစ်ရံမှာတော့ ကလေးတစ်ယောက်ကို လက်ဘက်ရည်ဆိုင် လွှတ်ပြီး မုန့်တစ်ခုခု ၀ယ်စားတယ်။ တစ်ခါတစ်ရံ နေ့ရက်တွေမှာဆို ဘာမှ မစားဘဲ အဆာခံပြီး နေလိုက်တယ်။ သုံးစရာ ပိုက်ဆံ ပြတ်တောက်လုလု ဖြစ်နေချိန်မှာ အခုလို အဖြစ်မျိုး အဖြစ်ဆိုးတွေနဲ့ မလွဲမသွေ ကြုံရတော့တာပါပဲ။ နေ့စာစားချိန် ရောက်တော့မှ တစ်ခါတည်း အ၀တယ်ပစ်လိုက်တော့တယ်။ ထူးခြားတာက ဒီနေ့ ဗိုက်ထဲမှာ ဆာမနေဘူး။ အစာတစ်ခုခုစားထားသလို ၀မ်းထဲမှာပြည့်နေပါတယ်။ နေ့စာ ထမင်းစားချိန်ရောက်ပြန်တော့လည်း ဗိုက်က မဆာပြန်ဘူး စားနေကျမို့သာ သဘောလောက်သာစားလိုက်ရတယ်။ နေ့စာကို မစားပဲ နေမယ်ဆိုရင်လည်း နေလိုရတဲ့ သဘောမျိုး။ တကယ်ဆို မနက်အိပ်ယာထမှာလည်း ဘာမှမစား၊ နေ့ခင်းမှာ ပိုဆာဖို့ကောင်းတာပေါ့။ အခုတော့ သုံးလေးငါးလုပ်လောက်သာ စားပြီး ထမင်းဝိုင်းက ထလာခဲ့တယ်။ အမေကတော့ “နင်ဘာဖြစ်နေတာလဲ ထမင်းလည်းကောင်းကောင်းမစားဘူး” တဲ့ ကဲ ကျွန်တော် ထမင်းစားပြီးချိန်မှာ အရမ်းကို စိတ်ဆိုး စိတ်ကောက်တတ်တဲ့ မိကေရယ် အသားညိုညိုနဲ့ ပျော်ပျော်နေတတ်တဲ့ ညိုညိုရယ် နောက် ကောင်မလေး တစ်ယောက်ရယ် အလည်ရောက်လာကြပါတယ်။ မိကေက ကျွန်တော်ကိုကြည့်ပြီး “ဟဲ့ နင် ထမင်းစားပြီးပြီလား” “ဒီနေ့ ငါဘာထမင်းမှ စားချင်စိတ်မရှိဘူး မိကေရာ” ကျွန်တော့်စကားအဆုံးမှာတော့ သူတို့သုံးယောက်ရဲ့ ပြိင်တူ ရယ်လိုက်တဲ့ အသံတွေ ထွက်ကျလာပါတယ်၊ ကျွန်တော် ထမင်းမစားချင်တဲ့ ကိစ္စမှာ သူတို့အတွက် ဘာများရယ်စရာတွေပါသလဲ။ ကျွန်တော် ကိုယ်တိုင်ကရော ခါတိုင်နေ့တွေလိုမဟုတ်ဘဲ ဒီနေ့မှာ မစားချင် မသောက်ချင်နဲ့ ဘာလို့ ရင်ခံနေတာလဲ။ မိကေကြောင့်လား ညိုညိုကြောင့်လား မဟုတ်ဘူး မဟုတ်ဘူး ဘာမှမဟုတ်ဘူး။ ကျွန်တော်ကတော့ ကိုယ်အဖြစ်ကို ကိုယ်တိုင်သိနေတယ်၊ သူတို့ ဘာကြောင့်ရယ်တယ်ဆိုတာကို သိနေပါတယ်၊ ခင်များရော ကျွန်တော် ရင်ခံနေရတဲ့အကြောင်းနဲ့ သူတို့ရယ်နေရတဲ့အကြောင်းကိုသိပါသလား။

။လေး။
အကြောင်းမဲ့သက်သက် ထိုင်နေရတာမျိုး တီဗွီဖန်သားပြင်ရှေ့ မှာ ကြာမြင့်အောင်ကြည့်ရှုရင်း ထိုင်နေရတာမျိုး ဥပမာ ကိုးရီးယားဇာတ်ကား၊ တရုတ်ဇာတ်လမ်းတွဲတွေကို ကြည့်ရှုနေချိန်လိုမျိုး တောရောက်တောင်ရောက် စပ်မိစပ်ရာစကားတွေ ပြောဆိုနေရလို့ ထိုင်နေရတာမျိုး အဲဒါမျိုးတွေကို ကျွန်တော် မနှစ်မြို့ပါဘူး။ လူတွေရဲ့ ခန္ဓာကိုယ်ဟာ ပြောင်းလဲခြင်း လေးမျိုးနဲ့ နေရပါတယ်။ လျောင်းမယ် ထိုင်မယ် ရပ်မယ် သွားမယ်။ ကျွန်တော်သဘောက ထိုင်နေမဲ့အစား လမ်းလျောက်နေချင်တယ်။ လှုပ်ရှားမှု တစ်ခုခုနဲ့ လှုပ်ရှားနေချင်တယ်။ ဒါမှမဟုတ် ၀မ်းလျားမှောက်ပြီး စားရေးနေချင်တယ်။ ပက်လက်လှန်ပြီး စားဖတ်နေချင်တယ်။ ထိုင်နေရတဲ့ အလုပ်က တကယ့်ကို ပျင်းစရာကောင်းလှပါတယ်။ အထိုင်များပြီး အညောင်းမိမှာလည်း ကြောက်ရသေးတယ်လေ။ နောက်ဆက်တွဲ ဖြစ်ပေါ်လာတတ်တဲ့ ဒူလာရောဂါတို့ လိပ်ဂေါင်းရောဂါတို့ကလည်း ရှိသေးတယ်မဟုတ်လား။ ကျွန်တော်က ဆီးလမ်းကြောင်းမှာ တစ်ခါ ကျောက်တည်ဖူးတယ် “အထိုင်မများနဲ့ ၊ ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်၊ ရေများများသောက်”လို့ ပြောကြတဲ့ ကိုယ့်ထက်ကြီးတဲ့ လူကြီး သူမတွေရဲ့ စကားကို နားထောင် ကြည့်တာလည်းပါတာပေါ့လေ။ ထိုင်ရမှာ ပျင်းတတ်တဲ့ ကျွန်တော်အတွက်တော့ အထူးတလည် လေ့ကျင့်ခန်း လုပ်နေစရာမလိုတော့ဘူးပေါ့၊ ဆီးကို ဒုက္ခပေးတတ်တဲ့ ငရုတ်သီး ဒညင်းသီးတို့ဆိုရင် ကျွန်တော် ဝေးဝေးကရှောင်ခဲ့ပါတယ်။ ဘာကြောင့်များ ဆီးလမ်းကြောင်းမှာ ကျောက်က လာလာပြီး တည်နေပါလိမ့် အထိုင်လည်း မများခဲ့ပါဘူး။ ငရုတ်သီးလည်း မစားခဲ့ပါဘူး။ ရေလည်း သောက်ဖြစ်ပါတယ်။ ကွမ်းယာ စားတာတော့ ပါတာပေါ့လေ။ ဒီနေ့ ကိုယ့်ကိုယ်ကို ပြန်ပြီး သုံးသပ်ကြည့်လိုက်တဲ့ အခါမှာ အထိုင်တွေ သိပ်များနေတာကို တွေ့ရှိလိုက်ပါတယ်။ ဟုတ်တယ်။ နေ့(၁၂)နာရီကနေ ညနေ(၅)နာရီ အထိ ထိုင်ဖြစ်သွားလို့ ကိုယ့်ကိုယ်ကိုယ် တောင်မယုံချင်တော့ဘူး ထသွား ထလာဆိုလို့ ခဏတစ်ဖြုတ်ပဲလုပ်ဖြစ်ပါတယ်။ ကျွန်တော် ဆက်စဉ်းစားကြည့်လိုက်တယ် “ထိုင်ရမှာကို သိပ်ကြောက် သိပ်မုန်းတဲ့ ငါဟာ ဒီနေ့ အချိန်တွေ အကြာကြီး ဘာလို့ ထိုင်ဖြစ်သွားတာလဲ။ ကိုရီးယားဇတ်ကားကြောင့်လား။ တရုတ်သိုင်းကားကြောင့်လား။ လူကြီးသူမတွေရဲ့စကားကြောင့်လား။ မဟုတ်ဘူး မဟုတ်ဘူး ဘာမှမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်ကိုယ် ကျွန်တော်သိနေတယ် ကျွန်တော် ထိုင်ဖြစ်တဲ့ အကြောင်းကို ခင်များ မသိဘူး။

။ငါး။
တီဗွီရှေ့မှာ မိုက်ကိုင်ပြီး တစ်သီးတစ်သန့် သီချင်းဆိုရတာ ခင်များ ၀ါသနာပါလား။ ဒါဟာ ကျွန်တော့်အတွက်တော့ သိပ်ကို အလုပ်ရှုပ်တယ်လို့ ကျွန်တော် ထင်မိပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးစီပေါ့။ ပုဂ္ဂလိကဆန်တဲ့ ကျွန်တော့်ရဲ့ အမြင်ပါ။ အရုပ်နဲ့ စာကို ရောနှောရေးထားတဲ့ စာအုပ်တွေကို ဖတ်ဖို့ စိတ်မ၀င်စားတဲ့ ကျွန်တော့်အတွက်တော့ ဒီလို သီချင်းဆိုရတာ ပျင်းစရာ ကောင်းလွန်နေသလိုပါပဲ။ အင်ထရို ၀င်ရမယ့် အမှတ်အသားတွေ ကြည့်ရ၊ သီချင်းစာသားတွေ ကြည့်ရ၊ မှန်ပြင်ပေါ်က သီချင်းစာသားနဲ့ ဘယ်လိုမှ မလိုက်ဖက်တဲ့ သရုပ်ဆောင်တွေကိုလည်း မြင်ကွင်းရှေ့မှာ မြင်နေရတာ အဆိုးဆုံးပါ။ အဆိုတော်တွေ သရုပ်ဆောင်ကတော့ သူတို့ ပိုက်ဆံရတဲ့ အလုပ်၊ သူတို့ကို ထမင်းကျွေးတဲ့ အလုပ်မို့ အပင်ပန်းခံပြီး သီဆို သရုပ်ဆောင်နေကြပေမယ့် အပျင်းပြေရုံသက်သက်နဲ့ သံကုန်ဟစ်နေကြတဲ့ သူတွေကို ကြည့်ပြီး ကျွန်တော် ပျင်းလာတယ်။ အသံကို မြှင်ပြီး အော်လိုက်တိုင်း မောတတ်တဲ့ ကျွန်တော့်ရဲ့ ချို့တဲ့မှုလည်း ပါတာပေါ့။ အသံကလည်း ကောင်းမှ မကောင်းတာကိုး။ ဒါကြောင့် ကာရာအိုကေဆိုတာကို ကိုယ်တိုင်လည်း မဆိုဖြစ်ဘူး။ ကာရာအိုကေသီချင်းဆိုတဲ့ သူတွေရဲ့ အသံကိုလည်း နားမထောင် ချင်ပါဘူး။ ဒီနေ့တော့ ထူးထူးဆန်းဆန်း ဖြစ်သွားပါရော့လား။ ကျွန်တော် တီဗွီဖန်သားပြင်ရှေ့မှာ ငါးနာရီကျော်ကျော် ထိုင်ဖြစ်သွားတယ်။ ထိုင်ဖြစ်သွားတဲ့ အချိန်တွေကိုလည်း ငါးနာရီ ကြာမြင့်လိမ့်မယ်လို့ မထင်မိဘူး။ ခဏလေးလို ခံစားလိုက်တဲ့ တကယ့် ခဏလေးလို့ ထင်နေမိတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ၀ိုင်ဝိုင်းသီချင်းနှစ်ပုဒ် ဆိုဖြစ်သွားတယ်။ ၀ိုင်ဝိုင်းသီချင်းနဲ့ စိုင်းထီးဆိုင်သီချင်းကို သီဆိုသူတစ်ယောက်ရဲ့ အသံကိုလည်း စိတ်လိုလက်ရ နားထောင်ရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ နားဝင်ချိုနေပါတယ်။ သရုပ်ဆောင်တွေလည်း အသက်ဝင်နေသလို ခံစားနေရတာပါ။ ကျွန်တော့်စိတ်ဟာ ထူးဆန်း မနေဘူးလား။ ကျွန်တော် သီချင်းဆိုဖြစ်သွားတာဟာ စာသားကြောင့်လား၊ သံစဉ်ကြောင့်လား၊ သရုပ်ဆောင်တွေကြောင့်လား၊ မဟုတ်ဘူး မဟုတ်ဘူး အဲဒါတွေ ဘာမှ မဟုတ်ဘူး။ ကျွန်တော် ဘာကြောင့် သီချင်းဆိုဖြစ်သွားသလဲ ဆိုတာကို ကျွန်တော် သိနေပေမယ့် ခင်များကတော့ ခုထိ သိသေးမယ် မထင်ပါဘူး။

။ခြောက်။
ခါတိုင်း နေ့တွေ နေ့တွေမှာ ကျွန်တော် စာတစ်အုပ်လောက်တော့ အနည်းဆုံး ဖတ်ဖြစ်ပါတယ်။ စာဖတ်ဝါသနာကို ကျွန်တော်ငယ်ငယ်လေးကတည်းက ထုံလာခဲ့တာ။ စာပေထဲမှာ ကျွန်တော့် ပတ်ဝန်းကျင်က မပေးနိုင်တဲ့ အသိတွေရှိတယ်။ သင်ခန်းစာတွေရှိတယ်။ အတွေ့အကြုံတွေရှိတယ်။ ပျော်ရွှင်မှုတွေ ရှိတယ်။ တိတ်ဆိတ်အေးမြမှုတွေရှိတယ်။ ကျွန်တော် ပျင်းနေတဲ့ အခါမျိုးတွေမှာ စာကိုပိုပြီး ဖတ်ဖြစ်တယ်။ တစ်ယောက်တည်း အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် စာဖတ်ရတဲ့အရသာကို ကျွန်တော်ခုံမင်တယ်။ ဒီနေ့တော့ ဘာစာတစ်လုံးမှ အဓိပ္ပါယ်ရှိရှိ မဖတ်ဖြစ်သလို ဘာစာတစ်လုံးမှလည်း ကောင်းကောင်းမွန်မွန် မရေးဖြစ်ခဲ့ပါဘူး။ ကျွန်တော်ဟာ နေ့တိုင်းနဲ့ ကွာခြားနေခဲ့တယ်။ ကျွန်တော် ဘာလို့စာမဖတ်ဖြစ်တာလဲ အနှောက်အယှက်တွေကြောင့်လား ဆူသံတွေကြောင့်လား မဟုတ်ဘူး မဟုတ်ဘူး အဲဒါတွေ ဘာမှမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်ကို ကျွန်တော်သိနေတယ်။ ကျွန်တော်ကို ခင်များမသိဘူး။

။ခုနစ်။
ခင်များတို့ အမြင်မှာတော့ တစ်နည်းနည်းနဲ့ ထူးခြားနေတဲ့ ကျွန်တော် မျက်နှာကို၊ တစ်နည်းနည်းနဲ့ လွဲချော်နေတဲ့ ကျွန်တော့်လှုပ်ရှားမှုကို မြင်နေရလိမ့်မယ်။ တကယ်တော့ ဒါဟာမထူးဆန်းပါဘူး။ ခင်များလည်း တစ်ချိန်က ဒီလို ထူးဆန်းခဲ့ဖူးတယ်။ ဒေဗစ်ဘက်ခမ်း၊ ကမူး၊ လင်ကွန်း၊ ဆိုကရေးတီး၊ မြို့မငြိမ်း၊ ပိုင်သက်ကျော်၊ မဟတ္တမဂန္ဓီ၊ အိုဟင်နရီ တို့လည်း တစ်ချိန်က ဒီလို ထူးဆန်းခဲ့ဖူးတယ်လို့ ထင်တာပဲ။ ပုံမှန် ဖြစ်တည် နေထိုင်မှုရဲ့ စည်းဝိုင်းကို ကျော်လွန်ပြီး ကျွန်တော် ဒီနေ့ ဘာကြောင့် တိမ်းစောင်း လွဲချော်ခဲ့ပါသလဲ။ ဟုတ်ကဲ့ ပြောပါမယ်။ ၀န်ခံပြီးမှ တကယ် ပြောပြမှာပါ။ ခင်များကတော့ သိချင်နေမှာ အမှန်ပဲ ဒါဟာ ကမ္ဘာ့အံ့ဖွယ်တစ်ခုအပါအ၀င် ဂင်းနစ်မှတ်တမ်းဝင်မှ မဟုတ်တာ မထူးဆန်းပါဘူး။ ဒီစာကို စဖတ်လိုက်ကတည်းက ခင်များဟာ မှားယွင်းသွားပြီ။ ဒီနေ့ ရေးဖြစ်တဲ့ ဒိုင်ယာရီကို ကျွန်တော် ပြန်ရေးပြမယ်။ ဖတ်ပြီးရင် ပြီးပြီလို့သာ မှတ်လိုက်ပါး။ သိပြီးရင် သိပြီလို့သာ မှတ်လိုက်ပါ။ ဒီလိုဆိုရင် ကျွန်တော်ဟာ အထူးအဆန်းမဟုတ်ဘူးဆိုတာ မှတ်ချက်ပေးလို့ ရလိမ့်မယ်။ ခင်များပေးတဲ့ မှတ်ချက်ဟာလည်း ခင်များ ဦးနှောက်ရဲ့ မှတ်သားထားတဲ့ အချက်အလက်တွေပဲ။ ကျွန်တော့်အတွက်ဘာမှ အရေးကြီးလှမယ် မထင်ပါဘူး။

။ရှစ်။
ဒိုင်ယာရီ 4.November.2007 ၁၃၆၉ ခု၊ သီတင်ကျွတ်လဆုတ် (၉)ရက်၊ တနင်္ဂနွေနေ့။ စနေနေ့က ပေးထားတဲ့ ကတိတစ်ခုရှိတယ်။ ညီမလေးက တနင်္ဂနွေနေ့ လာခဲ့မယ်တဲ့။ ဒီလို ပြောထားလို့ မနေ့ညက အိပ်လို့တောင်မပျော်ခဲ့ပါဘူး။ ညီမလေးဟာ ကျွန်တော်ရဲ့ ရတနာပါ။ ညီမလေးဟာ ကျွန်တော့်ရဲ့ သစ်သီးပါ။ ကျွန်တော် တန်ဖိုးထား မြတ်နိုး ဂုဏ်ယူ ၀တ်ဆင်ရမယ့် ရှားရှားပါးပါး ရတနာ ပစ္စည်းလေးပါပဲ။ ကျွန်တော် သူ့ကို သိပ့်ချစ်ခဲ့ပါတယ်။ ခင်များတို့ ငြင်းခုန်နေကြတဲ့ ရယူ ပေးဆပ်ခြင်း ဝေါဟာရတွေကို ကျွန်တော်မသိချင်ဘူး။ ညီမလေးစိတ်နဲ့ ကျွန်တော်ရှုရှိုက်ခဲ့၊ ရှင်သန်ခဲ့တယ်။ ဒီနေ့ ညီမလေးလာမယ်ဆိုလို့ ကျွန်တော်အစောကြီး အိပ်ယာကနိုးနေခဲ့တယ်။ စိတ်တွေ ပျော်ရွှင်တက်ကြွနေခဲ့တယ်။ အစာမစားဘဲ ဗိုက်ပြည့်နေခဲ့တယ်။ တစ်နေကုန်ထိုင်ရင်း အချိန်တွေကုန်ဆုံးခဲ့တယ်။ ညီမလေးနဲ့အတူ သီချင်းတွေဆို စကားတွေပြောရင်း ကြည်နူးခဲ့တယ်။ စာ မဖတ်ဖြစ်သလို စာရေးဖို့ မေ့လျော့နေခဲ့တယ်။ ကဲ ကျွန်တော် ဘာတွေများ အထူး အဆန်းဖြစ်နေခဲ့လို့လဲ။ အချစ်က အိပ်ချင်ပြေတယ်။ အချစ်က ဗိုက်ပြည့်တယ်။ အချစ်က အညောင်းပြေတယ်။ အချစ်က အသံကောင်းတယ်။ အချစ်က အလုပ်ပျက်တယ်။ ကျွန်တော်ဘာများထူးခြားနေလို့လဲ ဒါတွေဟာ ကျွန်တော့်ရဲ့ အကြင်နာ စက်ကွင်းတွေပဲ ဖြစ်ပါတယ်။

ဆူးရင့်၊တန့်ဆည်၊
အတိတ်ကို ပြန်လည် တူးဖေါ်ခြင်း သက်သက် ဖြစ်ပါတယ်။

Sunday, July 26, 2009

ဒါပေမဲ့ လုံးလုံး ဖုံးမရ ဖိမရ လူ့အဖြစ်မှတ်တမ်း



ကိုယ်ဟာ နံရံတွေလို ပဲ့ထွက်လာပြီး နေ့နဲ့ညအမျှ ချစ်မိသူ မိန်းမသားတစ်ယောက်ဆီကို စိတ်ရောက်နေတယ်ဆိုတာ ထိတွေ့မိတယ်။ တချို့ နေ့ အချို့ ရှင်ဘုရား သားတော်တွေဆီ ခိုလှုံချင်စိတ်ရှိပြီး တချို့ စက္ကန့် အချို့ ကိုယ်ဟာ တစ်ယောက်တည်း ကျိုးကြေနေတယ်။ ကမ္ဘာကြီးကလည်း အမြဲ လူသားတွေကို ခြိမ်းခြောက်နေတယ်။ လူသားတွေကလည်း အမြဲ လူသားချင်းကို ခြိမ်းခြောက်နေတယ်။ မကောင်းမှုဟာ အကုသိုလ်ပေါ့။ လူကြီးမင်းများ ခင်ဗျား ကိုယ်အပူချိန်တက်တယ် ဖျားတယ် နာတယ် အမှန်တရားအတွက် ရင်ဆိုင်ရဲသူတစ်ယောက်ဖြစ်ရန် လိုအပ်ပါတယ် ကိုယ်ဟာ အမုန်း အာဃာတ စစ်မီး ကပ်ဘေးဆိုးတွေနဲ့ ဆက်ဆံပတ်သက်ဖို့ရန် လာခြင်းမဟုတ်ပါဘူး ကိုယ်ဟာ မျှော်လင့်ခြင်းမီးအိမ်နဲ့ အကြင်နာအစစ်ကို ရှာနေပါတယ် အနောက်ကနေ လက်မည်းကြီးနဲ့ ပုတ်ချလိုက်တာ အလွန်လန့်သွားပါတယ် နိုင်ငံမှာ တကယ့်နိုင်ငံရေးခေါင်းဆောင်ကောင်းတစ်ယောက်ရှိဖို့ လိုသလို
ကမ္ဘာမှာ တကယ့်ကဗျာကောင်းတစ်ပုဒ် ရှိဖို့လည်း အရေးကြီးတယ် စွန့်စရာရှိရင်
စွန့်လွှတ်တတ်ရပါမယ် ဈေးကွက်ဝင်နေတဲ့ အဆိပ်ယဉ်ကျေးမှုတို့
ဖျော်ဖြေရေးပေါ်ပင် တန်ဖိုးနိမ့် အနုပညာတုတို့ ကျန်းမာရေးအတွက်
ဘေးဖြစ်စေတဲ့ အစားအစာတို့ ဦးနှောက်ပိုင်းယိုယွင်း
အသိဥာဏ် ဆင်ခြင်တုံမဲ့မှုတို့ လုံးဝ တားမြစ်ပိတ်ပင်ရပါမယ်

ဆံပင်အထူးဖြောင့်ဆိုင်တို့ လက်သည်းခြေသည်း အလှပြင်ဆိုင်တို့ ကာရာအိုကေ
နိုက်အိုကေခန်းတို့အစား တန်ဖိုးကြီး လူသားအနုပညာပြခန်းတွေ ပိုမိုတိုးချဲ့
့ ဖွင့်လှစ်သင့်တယ် ကြော်ငြာမျိုးစုံမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှု
လူသားစံ တန်ဖိုးများ ပျက်ပြားလာမှုကို ပိုမိုထည့်သွင်း ကြော်ငြာသင့်တယ်

အပူလှိုင်းများကျရောက်ပါတယ် မုန်တိုင်းများ ငလျင်များ ဖြစ်ပေါ်ပါတယ်
ကြောက်ရွံ့ စရာကောင်းတယ် နျူကလီးယားလက်နက်တွေ သိပ်ဆန်း သိပ်အန္တရာယ်ရှိတယ်
အရာရာထိန်းသိမ်းသင့်ပါတယ် အထူးကြပ်မတ်ပြုလုပ်သင့်ပါတယ်

ကိုယ်အရုဏ်လင်းအထိစောင့်မယ် အရုဏ်လင်းလို့မှ စာနာစိတ်က ရောက်မလာရင်
စာနာစိတ်ရှိတဲ့အရပ် ကိုယ်လိုက်သွားမှ ဖြစ်မယ် ချိန်ကိုက်မိုင်းများကြား
သူအခက်တွေ့နေနိုင်တယ် မှတ်ပုံတင်ထဲမှာ ထင်ရှားသည့်အမှတ်အသားက
ကမ္ဘာပျက်လမ်း အေးစက်စက်သံသယများ ထူပြောကျရောက်သော မင်းနဲ့ငါတို့ကြား
ရှည်လျားငြီးငွေ့ဖွယ်လမ်း ၀မ်းနည်းရမှု ရောဂါပိုးမွှားများ လေထုထဲမှာ
အပြည့် တစ်လောကလုံး ကူးစက်ပျံ့ နှံ့လာတယ် ကိုယ်အသက်ရှင်နေတာ
သေလူမဟုတ်ဘူး အဝေးက ကိုယ့်အချစ်ကို သတိရပါတယ်


စိုးမင်းအောင် မနက် 11း 30
26း 7း 2009

Saturday, July 25, 2009

ညီမလေးရေ ကဗျာတွေနဲ့ မူးနေတယ်



ညီမလေးရေ ..ဒီ မနက်ခင်းတုန်းက မလိုအပ်တဲ့ စက္ကူအဟောင်းအနွမ်းတွေကို မီးရှို့ပစ်လိုက်တယ်။ မိုးတွေကတော့ ရန်ကုန်ရဲ့ ထုံစံအတိုင်း တ၀ုန်းဝုန်း ရွာသွန်းလို့ နေပါရဲ့။ အမှတ်မထင် ၀င်လာတဲ့ အတွေးတစ်ခုက ဘယ်မှန်းလည်း မသိပါဘူး။ ဒီလိုပဲ ကိုယ့်ရဲ့ ခန္ဓာကိုယ် အတွင်းက ညစ်ထေးဟောင်းနွမ်းနေတဲ့ စိတ်ဟောင်း စိတ် ဆွေးတွေကို မလိုအပ်တိုင်း မလိုအပ်တိုင်း မီးရှို့ပစ်လို့ရမယ်ဆိုရင် ဘယ်လောက် ကောင်းလိုက် မလဲလို့။ မဆီ မဆိုင် တွေးမိလိုက်ပါတယ်။

ရုံးရောက်တော့ မန်နေဂျာရဲ့ မျက်နှာပေါ်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားနေပါတယ် သိလား။ သူ့မှာ လောင်နေတဲ့ မီးက တစ်ခြားတော့ မဟုတ်ပါဘူး။ ဒေါသ မီးတောက်တွေပဲ တောက်လောင်နေတာပါ။ သူက ဒီတိုင်းပဲ မကြာ မကြာ လောင်နေကျ။ မိုးတွင်းဆိုတော့ ရာသီဥတု မကောင်းလို့ သူ့မျက်နှာမှာ မီးလောင်နေတာလား။ မျက်နှာ တိုင်း မီးတောက်တွေ ငြိမ်းနိုင်ဖို့ ရာသီဥတု ကောင်းမွန်ပါစေလို့ မဆီမဆိုင် ဆုတောင်းနေမိတယ်။ တကယ့် မဆီမဆိုင်ပါပဲ။

ညီမရေ ..ဇယ်ခုံပေါ်မှာ ဇယ်သီးလေးတွေ လွတ်လွတ်လပ်လပ် ပြေးလွားနိုင်ဖို့ ဘောလို့ ခေါ်တဲ့ ကျောက်မှုန့် သေးသေးလေးတွေကို ဖြူးပေးရပါတယ်။ ဒီလိုမှသာ ဇယ်သီးလေးတွေကို တောက်လိုက်တိုင်း တောက်လိုက်တိုင်း လို့ရာဆီ လမ်းကြောင်းဖြောင့်ဖြောင့် ပြေးလွားနိုင်မှာပေါ့။ ရှင်သန်ရာ လူဘ၀ လမ်းတစ်လျောက် သာယာ ဖြောင့် ဖြူးဖို့အတွက်ရော အကိုတို့ ဘာတွေနဲ့ ဖြူးပေးရမလဲ။ အကို့ရဲ့ အထင်ကိုပြောရရင် ကံ ဥာဏ် ၀ီရိယလို့ခေါ်တဲ့ ကျောက်မှုန့်လေးတွေကို ဖြူးပေးဖို့ လိုအပ်လိမ့်မယ်ထင်ပါတယ်။

ကမ္ဘာကြီးက ကူးစက်ရောဂါပိုးတွေနဲ့ အတူ လှလှပပ မူးယစ်နေပါတယ်။
အပြင်ကို ထွက်လိုက်မိတဲ့အခါတိုင်း
မြုံနေတဲ့ ရင်ဘတ်က အနာတွေရဲ့ ငြီးငြူးသံတွေနဲ့အတူ
ပြည်အောင်းနေတဲ့ အော်သံတွေကို ကြားနေရတယ်။
“အဆင်မပြေဘူး ....အဆင်မပြေဘူး....အဆင်မပြေဘူး”

ဂုဏ်ရှိတဲ့သူတွေက ဂုဏ်နဲ့ မူးယစ်နေကြသလို
ပညာရှိတဲ့သူတွေက ပညာနဲ့ မူးယစ်နေကြတယ်။
ငွေရှိတဲ့သူတွေက ငွေနဲ့ မူးယစ်နေကြသလို
အာဏာရှိတဲ့သူတွေက အာဏာနဲ့ မူးယစ်နေကြတယ်
အချစ်ရှိတဲ့သူတွေကတော့ အချစ်နဲ့ပဲ မူးယစ်နေကြရုံပေါ့။
သူငယ်ချင်းတစ်ယောက်ကတော့ အကို့ကို ဒီလိုပြောဖူးပါတယ် သိလား
“ကျွန်တော့်မှာ ပညာ ဂုဏ် ငွေ အချစ် ဘာမှ မရှိဘူး။ ဒီတော့ ကျွန်တော် အရက်နဲ့ပဲ မူးနေလိုက်တယ်”

အင်း .....သူပြောသလိုလဲ အကိုကတော့ မူးယစ်ဆေးဝါတွေ အရက် ဘီယာတွေနဲ့ မမူးချင်ဘူး။
အကို ဘာနဲ့ မူးရမလဲ
အကို့မှာ ပညာနည်းနည်း ငွေနည်းနည်း
ဂုဏ်နည်းနည်း အချစ်နည်းနည်းတော့ရှိတယ် အဲဒီနည်းနည်းလေးတွေကို ဆတူ ရောစပ်ပြီး ခွက်အလွတ် တစ်လုံးထဲမှာထည့်။ ပြီးမှ မော့သောက်ပစ်လိုက်တယ်။ တကယ်ပါ ညီမရယ် အကိုဟာ ညီမလေးနဲ့အတူ တိုင်ပတ်ပြီးတော့ ကဗျာတွေနဲ့ မူးနေလိုက်တယ်။ ကဲ.... ခင်များရော ဘာတွေနဲ့ မူးနေလဲ၊ ညီမလေးရော ဘာနဲ့ မူးနေလဲ။ ။
ဆူးရင့်၊တန့်ဆည်၊

တုန်ခါခြင်း

ထိထိရှရှ ထိခိုက်ဒဏ်ရာရသဖြင့် ဖူးရောင်နေသော ဘ၀လမ်းကြောင်း
အသားလန်သွားသော နေ့များကို ရှေ့ ဆက်ရင်း ဘာတွေ ဆက်ဖြစ်မလဲ
ရင်သပ်ရှုမော စောင့်ကြည့်နေရ
ရုတ်တရက်လေပြည်သေဆုံးသွားချိန်
စိတ်အဆင်းရဲဆုံး ကြုံတွေ့ရတဲ့ ညတွေ
ကြိုးစား ပြေးထွက်ကြည့်ခြင်းဖြင့်
့နောက်တစ်နေ့ နောက်တစ်ကမ္ဘာမှာ
ပျော်ရွှင်အေးချမ်းမှာလို့ ခံယူထားပါတယ်
ချစ်ကျွမ်းဝင်သူတို့နဲ့ ကွဲကွာခြင်း နာခြင်း
ကံအကြောင်းရင်းများ မလွန်ဆန်နိုင်ပါ
အပျက်အစီးလောက်လမ်းက ဝေးဝေးရှာစရာ မလိုပါ
ကူးစက်မှုဆက်လက်ရှိနေဆဲ
တို့အားလုံးရင်ချင်းဆိုင်ရမှာပါ
အဆွေးသွေးများ အန်ပါသည်
အဟမ်း...လောကထဲ ရှိသူတို့ သွေးရူးသွေးတန်းကိုယ်စီ ဖက်ပွေ့ပါ
တို့တော်တော် အားနည်းနေပြီ
ညှော်နံ့စူးစူးအမှောင်တွေ ဧရာမ စိုးရိမ်ပူပန်စရာတွေ
အမှန်တရားအူခွေ ပုပ်နေတာတွေ
နေနဲ့လ တစ်ခြမ်းစီ ပြိုင်တူထွက်လို ထွက်နဲ့ မထီမဲ့မြင် အသည်းလာတိုက်စားတာတွေ
ငါးပေ လေးလက်မရှိ ခန္ဒာကိုယ်နဲ့ မဆံ့တော့ဘူး
အပေါက်တွေ နေရာအနှံ့ပဲ အကုန်ဖိကြိတ်ညှဉ်းပန်း ၀ါးမျိုခံထားရ
စွတ်...လူသားအဖြစ်မေ့အောင် တလိမ့်တုံးတွေနဲ့ လှိမ့်နေကြ
နံရိုးတွေ ဖြုတ်ခံထားရသလို အားလုံးပျော့ခွေယိုင်နဲ့ နေကြ
ညောင်းလို့ လှုပ်စရာ နေရာလွတ်မရှိ
မီးများမြိုက်ခံထားရတယ်
လှည့်စားမှုတွေ သိပ်များနေရင် ဘယ်ကို ထွက်သွားရမလဲ
သေဇောငင်တယ်ကွာ
မိုးကုပ်စက်ဝိုင်းဆီ အရောက်မှာ ရိုးရှင်းလွန်မြောက်မှုနဲ့ တွေ့ကြပါစို့။



စိုးမင်းအောင်

Thursday, July 23, 2009

ချစ်သူပေါင်း(၁၅၀၀) သိမ်းဆည်းထားနိုင်သော အကန့်အကန့် ရင်ခုန်သံ (data)များကို ဖွင့်ကြည့်ခြင်း

ဖြတ်သန်းခဲ့သမျှ ရာသီဥတုသည် ထာဝရဟု တံဆိပ်ကပ်မထားပေ
သူ သူမနှင့် အခြားသော သူ သူမများစွာနှင့်
ပူနွေးနွေး စိတ်ဖြစ်စဉ်တို့ အလွင့်
သက္ကရာဇ်ညများအတွက်
အလင်း အမှောင် လောက၀တ်ပျူငှါချိန်။

အခန်းတစ်တွင်
နာရီပျက်တစ်လုံး ရှိသည်
အစိမ်းရောင် ပင်လယ်ကဗွီးပင်လေးများ ရှိသည်
ထီးဖြင့် အုပ်မိုးခံရသော အရိပ်တို့ ရှိသည်
သမရိုးကျ မျက်လှည့်ပွဲ တစ်ခုတွင်
ပျော်အောင်နေတတ်သည့် အကျင့်တစ်ခု ရှိသည်
မမြင်တွေ့နိုင်သည် မရှိခြင်းများ ရှိသည်။

အလိုက်သင့် စီးမြောရင်း
အခန်း နှစ်
မနက်ခင်းသို့ ၀င်ရောက်လာခဲ့သည်
နှင့် + တို့၏
မင်္ဂလာဧည့်ခံပွဲ
နေ့စွဲ ၂၈ ၊ ၂ ၊ ၂၀၀၇
မီးခိုးလို လှိုက်လှိုက်လှဲလှဲ အူပြဖို့
မေ့လျှော့နေခဲ့သည့် ရင်ခုန်သံ အသေအပျက်များအကြောင်း ။

နိဂုံး
သို့မဟုတ်
အမှတ်စဉ် (၁၅၀၀)
အသေးငယ်ဆုံး မြူမှုန်လေးတစ်ခု လွင့်ပြယ်သွားခဲ့ပြီ
ရယူခြင်း ပေးဆပ်ခြင်းနှင့် စပ်လျဉ်း၍
ဦးနှောက်တံခါးချပ်များကို ပိတ်ထားဆဲ
အခြား အခြားနှင့်
အခြားသော တစ်စုံတစ်ယောက်ဆီ
ဆော့ဖို့
ပြေးဖို့ ကစားဖို့ ။ ။


ဒီကဗျာလေးနဲ့ ပတ်သက်လို့ ကျွန်တော် ပြောချင်တဲ့ စကားလေးတော့ ရင်ထဲမှာ ရှိနေပါတယ်။
ဘာလဲဆိုတော့ဗျာ။ ကဗျာလေးကို မဂ္ဂဇင်းတိုက်က သူငယ်ချင်းတစ်ယောက်က ယူသွားပေးတယ်။ ကျွန်တော်
ပေးလိုက်ပါတယ်။ ကိုယ့်ကဗျာ ယူသွားတာပဲ။ နော။ ထားပါတော့ဗျာ။ ရွေးစာရင်းပါလာတော့ စာမူအားလုံး
စိစစ်ရေး တင်ရတာပေါ့။ ကံမကောင်းပါဘူးဗျာ ။ ဒီကဗျာလေးထဲက အပေါ်ဆုံး စာကြောင်း ငါးကြောင်းကို
စိစစ်ရေးထိလို့ ဖြုတ်ထားခဲ့ရတယ်။ စာအုပ်ထွက်တော့ အဲဒီစာ ငါးကြောင်း ပါမလာတော့ဘူး။ ဘယ်စာ ငါးကြောင်းလဲ ဆိုတော့.........ကဗျာရဲ့ အစမှာ ကျွန်တော် ဒီလို ရေးထားတာလေ.....။
်နိဒါန်းပိုင်း စာမျက်နှာပေါ်တွင်
မီးများ တစ်ဟုန်းဟုန်း မြည်သံစွဲ တောက်လောင်နေသည်
အမှိုက်ပုံးသည် မျှော်လင့်ချက်ဖြင့် မို့မောက်နေ၏
ပိုက်အဆက်မှ တစိမ့်စိမ့် ယိုထွက်နေသော ရေများ
မြို့ပြသည် တောနက်ကြီးပမာ ဟစ်အော်ဆာလောင်လျှက်
ဒီ ငါးကြောင်းပြီးမှ .....
ဖြတ်သန်းခဲ့သမျှ ရာသီဥတုသည် ထာဝရဟု တံဆိပ်ကပ်မထားပေ
ဘာ ညာနဲ့ လာမှာ။ ဘာတွေများကြောင့် ဖြုတ်ခိုင်းတယ်ဆိုတာ ကျွန်တော် နားမလည်ဘူးဗျာ။ ။
ဒီကဗျာလေးကို အရင်က ကျွန်တော် ဘလော့မှာ တင်ဖူးပါတယ်။
ဆူးရင့်၊တန့်ဆည်၊
စရဏမဂ္ဂဇင်း
အတွဲ ၅ ၊ အမှတ် ၁၂
ဇွန်လ ။ ၂၀၀၉

Wednesday, July 22, 2009

ဖုန်းခွက်ထဲ ပြေးနေတဲ့ အသံများ

ဟလို
ဟုတ်တယ်။ ဆူးရင့်ပဲ။
ဘယ်သူလည်း မသိဘူး။
အော် ခွေးကောင် ပျောက်ချက်သား ကောင်းလှပါလား။
အင်း....ကိုယ် နေကောင်းတယ်၊ စိတ် နေမကောင်းဘူး။
ဘ၀ပဲကွာ ဒီလိုပဲ ရုန်းကန် လှုပ်ရှားရတာပေါ့။

မင်းရော ကိုယ်နဲ့စိတ် နေကောင်းပြီး အဆင်ပြေလား။
ဂစ်တာ မတီးဖြစ်တာကတော့ ကြာပြီ ကိုယ့်လူရေ။
သီချင်းလည်း မဆိုဖြစ်တော့ဘူး။
အေး ဟုတ်တယ် စိတ်လေနေတာ။
ဂစ်တာကြိုးတွေကို ဖမ်းဖို့ ငါ့လက်တွေ တွန့်ဆုတ်နေတယ် သိလား။
မတီးဘဲ ပစ်ထားတဲ့ ဂစ်တာက အသံကြောင်နေတယ်။
ဂစ်တာတစ်လုံးလိုပဲ ငါ့ညီမလေးလည်း အသံကြောင်နေတယ်။
အရင်က အသံတွေကို လွမ်းလိုက်တာကွာ။

ပြေတယ် ပြောရမလား။ မပြေဘူး ပြောရမလား။
တန့်ဆည်ကို ဖုန်းမဆက်ဖြစ်ဘူး။
အမေကတော့ ငါ့ဆီ ဖုန်းဆက်တယ်။
အေး ဟုတ်တယ် တန့်ဆည်မှာ မိုးမရွာဘူးလို့ ပြောတာပဲ။
ငါကတော့ ဒီကိစ္စကို မှားတယ်လို့ မယူဆဘူး။
ဘာလို့လဲဆိုရင် ငါ မလိမ်ညာချင်လို့ပေါ့။
ငါ့ ထိုက်နဲ့ ငါ ရှိပါစေတော့ကွာ။

ဂျေမီ ပြောသလို ပြောရရင်
မင်းတို့ အမြင်မှာ ငါဟာ အရူးပဲ။
အင်း ငါနဲ့ ပတ်သက်ပြီး မင်း ထင်သလို မှတ်ချက် ပေးခွင့်ရှိတယ်။
ပြော ပြော မင်း ကြိုက်သလိုသာ ပြောတော့။
ငါဟာ ညီမလေးပဲ၊ ညီမလေးဟာလည်း ငါပဲ။
မင်းက အချစ်ကို တန်ဖိုးမှ မထားတတ်တာ။
ထားပါ
လူပျိုကြီးဘ၀နဲ့ မင်း ရိပ်သာ ၀င်လိုက်တော့။

မင်းဟာ ကွန်ဆာဗေးတစ် ဖြစ်မှန်း မသိ ဖြစ်လာပြီနော်။
ဟုတ်တယ် ခေတ်ထဲက မိန်းကလေး နားလည်ရ ခက်တယ်။
ခွေးကောင် ခေတ်ထဲက ယောက်ျားလေးတွေ
နားလည်ရခက်တာလည်း ထည့်မပြောဦး။
မင်းပြောသလို
ချက်တင်ဆိုတာ
အရူးတွေနဲ့ ကောင်မလေးတွေရဲ့ ကစားကွင်းပဲ ထားပါတော့။

တစ်ဖက်သတ်ဆန်တဲ့ ကံသုံးပါးကို ငါမုန်းတယ်။
စာနာမှု မဲ့တဲ့ လူတွေကို ငါ မုန်းတယ်။

အင်း ငါ့ အလုပ်ကတော့ မပျက်ပါဘူး။
ငါ ဆောင်ရွက်ရမယ့် အလုပ်တွေ ပြီးရင်တော့
ညီမလေးအကြောင်း ရေးဖို့ ငါ အင်တာနက်ဆိုင် ထွက်လာတယ်။
ညီမလေးကို တွေ့ရနိုးနိုးနဲ့ လိုင်းပေါ်က စောင့်တယ်။
ကွန်နရှင် မကောင်းဘူး။
လိုင်း မကောင်းဘူး။ ပြုတ် ပြုတ် ကျတယ်။
ဒီတော့ စိတ်လည်း မကောင်းဘူးပေါ့ကွာ။

ပိုက်ဆံကတော့ ကုန်တာပေါ့။
ဟုတ်တယ်ဟေ့
ပါလာတဲ့ ငွေယားလေးလည်း တတိတတိနဲ့။

ငါကြိုက်တဲ့ လက်ဖက်ရည်ကို ဖြတ်ပစ်လိုက်တာ မင်း မသိဘူးမို့လား။
ဝါသနာတူ အသိုင်းအ၀ိုင်းကို ဖြတ်လိုက်တာလည်း မင်း မသိဘူးမို့လား။
ဟုတ်တယ်ကွာ သွားနေကျ လေထန်းကုန်းကို ငါ ပုံမှန် မရောက်ဖြစ်တော့ဘူး။
အဲဒီ စရိတ်တွေကို လိုင်းပေါ် ပစ်တင်လိုက်တာလေ ဟား ဟား ဟား။
ကုန်တာပေါ့။

ကဗျာတွေလား ရေးဖြစ်ပါတယ်။
ကဗျာနဲ့ ကမ္ဘာကျော်ဖို့ စိတ်ကူး မရှိပါဘူးကွာ။
အေးပါ ငါ့ကို တကယ် ခင်လို့ ပြောတယ်ဆိုတာ ငါ နားလည်ပါတယ်။
ပြောပြီးပြီလေ
အင်း။
ဟုတ်တယ် ငါဟာ ညီမလေး ဖြစ်သွားပြီ။
လောလောဆယ် ငါ ပျောက်နေတယ်ကွာ။

ဟာ။ ခွေးကောင် မင်း တော်တော် နောက်တယ်။
အေး။ မင်းလည်း အဆင်ပြေပါစေ။
နောက်လည်း ငါ့ဆီ မကြာမကြာ ဖုန်းဆက်ဦး သိလား။
အိမ်ကိုလည်း သတိရတဲ့ အကြောင်း ပြောလိုက်ဦး။
ဘိုင့် ဘိုင်။

ဆူးရင့်၊တန့်ဆည်၊

Tuesday, July 21, 2009

ပြီးဆုံးခြင်းနောက် ထင်ကျန်နေသော စာမျက်နှာများ



။တစ်။
သူ မှန်တစ်ချပ် ရှေ့မှာ ရပ်နေတယ်၊ သူ့ကိုယ်သူ ပြန်ကြည့်လိုက်တဲ့ အချိန်မှာ မှန်ထဲက သူ့အရိပ်ဟာ ကွယ်ပျောက်နေပြီး သူ့ညီမလေးရဲ့ ရုပ်ပုံတွေသာ မှန်ပြင်နဲ့အပြည့် နေရာယူထားတယ်။ ဒီမြင်ကွင်းကို သူစိုက်ကြည့်ရင်း၊
“ငါတကယ် ပျောက်ဆုံးသွားပြီလား”
သူ့နှုတ်က တိုးတိုးလေး ထွက်ကျလာတဲ့ အသံ။ အဖြစ်အပျက်ဟာ ဘာကြောင့် ဒီလိုဖြစ်နေပြီး
ဘာကြောင့် ဒီလိုပျက်နေရတယ်ဆိုတာ သူ လုံးဝမသိခဲ့ဘူး။ တစ်လိမ့်လိမ့်စီးကျလာတဲ့ မျက်ရည်ကို သူ့လက်ကားကားကြီးနဲ့ သုပ်ချပစ်လိုက်တယ်။ ပြီးမှ ပြတင်းတံခါးရှိရာ တဖြည်းဖြည်း လျှောက်လာပြီး
သက်မဲ့ အရုပ်တစ်ခုလို လမ်းမဘက်က မြင်ကွင်းတွေဆီ ငေးကြည့်နေလိုက်တယ်။
အချိန်တွေ ဘယ်လောက်ကြာမြင့်သွားသလဲ၊ ဒါကို သူ မတွေးခဲ့ဘူး။ တကယ် သိလည်း မသိချင်ခဲ့ပါဘူး။

။နှစ်။
သူ့မှာ သိပ်ချစ်ရတဲ့ ညီမလေးတစ်ယောက် ရှိခဲ့ပါတယ်။ သွေးသားမတော်စပ်တဲ့ ညီမလေးတစ်ယောက်ပါ။ ခုတော့ သူ့ညီမလေးဟာ လွတ်မြောက်မှု တစ်ခုအတွက် တိမ်လွှာကို ဖေါက်ထွက်ပြီး တိုက်လေယာဉ်တစ်စီးလို သူနဲ့ အဝေးဆုံးအထိ ထွက်ခွာသွားခဲ့ပါပြီ။ သူ သိလျှက်နဲ့ ယုံကြည်လို့မရတဲ့ အဖြစ်မျိုး၊ မယုံနိုင်လောက်တဲ့ လောကဓံ။ သူ့အာရုံကျက်စားမှုမှာတော့ သူ့ညီမလေးဟာ တစ်နေ့နေ့ ပြန်လာလိမ့်မယ်လို့ သူယုံကြည်နေတယ်။ သူ အလွမ်းပြေ ကြည့်ရှုဖို့ ဘာတစ်ခုမှ မရှိအောင် ပတ်သက်မှုအားလုံးကို သိမ်းဆည်းသွားခဲ့တဲ့ ညီမလေး။ အာဂပုထုဇဉ် ညီမလေးဟာ သူရဲကောင်းစိတ်ဓာတ်နဲ့ မြင့်မြတ်ပြခဲ့တယ်။ ဟုတ်ပါတယ် ညီမလေးက နားလည်ရခက်တဲ့ မြစ်တစ်စင်းလည်း ဖြစ်နေပြန်တယ်။ အရင်တုန်းက ညီမလေးရဲ့ ခေါ်သံတွေ အလွမ်းလွှင့်ရင်း ကြားယောင်မိနေဆဲ။ ခုတော့ ခေါ်သံတွေ ဘာမှမကြားရတော့ဘူး။
အသံတွေအားလုံး စုန်းစုန်းမြုပ် တိမ်ဝင် ပျောက်ကွယ်နေခဲ့ပြီ။ ဒီတော့ သူဟာ ရင်ဘတ်ကို မီးရှို့ပြီး တိတ်တိတ်လေး လဲပြိုကျန်ရစ်ခဲ့တယ်။ သူဟာ ညီမလေးနဲ့ ပတ်သက်လာတိုင်း အားလုံးကို လိုက်လျောခဲ့တယ်။ ဘာကိုမှ သူ မတောင်းရက်ခဲ့ဘူး။ ပင့်ကူအန်ထားသလို ရှုပ်ထွေးညစ်ပေနေတဲ့ သူ့အိမ်ကလေးထဲ ညီမလေး ဘယ်တော့ပြန်ရောက်လာမလဲ။ သူဟာ မဖြစ်နိုင်မှန်းသိလျက် မျှော်လင့်နေမိပြန်တယ်။ ညီမလေး ရောက်လာမလား၊ မလာဘူးလား။ ဒါဟာလည်း သူ့ရဲ့ မသိခြင်းများစွာထဲက ဝေး၀ါးနေတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်တယ်။ သူတို့နှစ်ယောက်ရဲ့ လားရာတူ စိတ်ပို့လွှတ်မှုနဲ့၊ ကိုယ်စီ ဘ၀တစ်ခုကို ပိုင်ဆိုင်ခဲ့ကြတဲ့ (၂၉)ရက် အင်္ဂါနေ့နဲ့။ ဒီလိုတိုက်ဆိုင်မှု အနည်းငယ်နဲ့အတူ သူ့ကိုယ့်သူ အားပေးနှစ်သိမ့်ရတာ နှစ်များစွာ ကြာမြင့်ခဲ့ပြီ။ သူ ဘယ်လို နှလုံးသားမျိုးနဲ့ ဆက်လက်ရှင်သန်ရမလဲ။ သူ ငိုနေလိုက်တယ်။ တစ်ခါတစ်ခါ သူ ငိုင်နေလိုက်တယ်။ တစ်ခါတစ်ခါမှာတော့ သူ့စိတ်ထဲက ပြောချင်တဲ့ စကားလုံးတွေကို တစ်ယောက်တည်း ပြောဆိုနေ လိုက်ပြန် တယ်။

။သုံး။
သူ့ညီမလေးရဲ့ ပျံသန်းမှုက တကယ့်ပေါ့ပေါ့ ပါးပါးလေးပါ။ သူသာ ၀န်ပိနေသလို လေးလံပြီး ကျန်ရစ်ခဲ့ရတာ။ “ဘ၀ဟာ ပုံသေမရှိဘူး”
လူပြောများတဲ့ ဒီစကားကို သူကြားဖူးမိသလိုပဲ။ သူစဉ်းစားကြည့်တယ်။ သူ့ဘ၀ကရော ပုံသေလား၊ ယာယီလား တိကျခိုင်မာတဲ့ အဖြေတစ်ခုကို ချမပြနိုင်ခဲ့ဘူး။ ဘ၀ဟာ ပြေးလွှာနေတယ်။ နာရီလိုလည်ပတ်နေတယ်။ လမ်းပေါ်က ကားဘီးတွေလို ပြေးနေတယ်။ ဟုတ်တယ်။ ဘ၀မှာ ပုံသေစာချုပ်တွေ ဘာတစ်ခုမှ မရှိလောက်ဘူး။ စား ၀တ် နေရေး ကျန်မာရေး အားလုံးဟာ ပုံသေ မရှိလောက်ဘူး။ သူကတော့
“ဘ၀ဆိုတာ ဘာလဲလို့”
မေးယူရလောက်အောင် ညံ့ဖျင်းခဲ့ပါတယ်။ ဧရိယာအတွင်းမှာ ဖြတ်တောက်ခံထားရတဲ့ ညီမလေးရဲ့ ဆက်သွယ်မှု ကွန်ယက်တွေဟာ သူဆက်ပြီး မရှင်သန်ချင်တော့တဲ့ နေ့ရက်တွေပါ။ ပူလောင်ပြင်းရှတဲ့ မျက်နှာဖုံးကို သူ့မျက် နှာမှာ တပ်ဆင်ပြီး လူ့အဖြစ်ထဲ အလိုမတူ ဖြတ်သန်းခဲ့ရတယ်။ ရင်ထဲ ၀မ်းထဲမှာ ခံစားနေရတဲ့ ဝေဒနာတွေဟာ ဘာကိုမှ စားချင် သောက်ချင်စိတ် မရှိတော့လောက်အောင် ညီမလေးဆီ သတိရစိတ်တွေနဲ့ သူ လုံလောက်ခဲ့ရ တယ်။ ဒီတော့ သူ့ညီမလေးကိုပဲ မီးကုန်ယမ်းကုန် လွမ်းနေလိုက်တာပေါ့။ အိပ်ရေးပျက်တဲ့ နေ့ရက်တွေ များလာ တော့ သူ့မျက်နှာ တစ်ပြင်လုံး ချောင်ကျသွားတာ သိသိသာသာပါပဲ။ မျက်ကွင်းတွေလည်း အရင်ကထက် မည်း ညိုလာတယ်။ ဟုတ်တယ် သူ့စိတ်ရဲ့ ခံစားမှုကိုက အများတကာတွေထက် ထိရှလွယ်တယ်။ သူ့ရဲ့ ပွန်းပဲ့လွယ်တဲ့ စိတ်ကြောင့် အခုလို ခံစားရတဲ့ ဝေဒနာတွေဟာ နည်းများ နည်းနေသလားလို့တောင်ထင်စရာပါ။ အန်ကိုကြိတ်ပြီး သူ အေးစက်မာခဲဖို့ ကြိုးစားလိုက်တိုင်း ရေခဲတစ်တုံးကို ခဏလေးအတွင်းမှာ အရည်ပျော်စီးကျ သွားခဲ့ရတာ။ ကြာတော့ သူဟာ ညတွေကို ကြောက်လာတယ်။ လူတွေကို ကြောက်လာတယ်။ ပတ်ဝန်းကျင်ကို ကြောက်လာ တယ်၊ သူ့ကိုယ့်သူ လုပ်ကြံဖို့အထိ သူ့ရဲ့ စိတ်ဟာ ဖရိုဖရဲ ကျဲပြန့်နေခဲ့တယ်။

။လေး။
“ရေစက်ရှိရင် ဆုံရမှာပေါ့”
“ဒါဟာ ညီမလေး ပြောခဲ့တဲ့ အသံပဲ”
သူ့ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်တယ်။ ဟုတ်တယ် သူရဲကောင်းဆန်တဲ့ သူ့ညီမလေးရဲ့ ဖြောင့်ချက်။ သူဟာ ဖြူစင်ရိုးသားခဲ့တယ် သူ့ညီမလေးနဲ့အတူ ဟိုအတိတ်ဘ၀က ရေစက်တွေလည်း ရှိခဲ့ကြပါလိမ့်မယ်။ အတူသွား လာခဲ့ကြတဲ့ သံသရာတွေလည်း ရှိခဲ့ဖူးပါလိမ့်မယ်။ အကွေ့အကောက်တွေ၊ အလှည့်အပြောင်းတွေ၊ မျဉ်းပြိုင်တွေ၊ အင်ဖန်နတီတွေလည်း ရှိခဲ့ဖူးကြမှာ အမှန်ပါပဲ။ သူကတော့ ရေစက်တွေ ရေတွင်းတွေ ရေစစ်တွေအကြောင်း နည်းနည်းလေးမှ မစဉ်းစားဖြစ်ခဲ့တာပါ။ အသံလေးကို ကြားယောင်ရင်း သူ့မျက်နှာဟာ ၀င်လက်သွားတယ်။ ခဏလေးပါပဲ။ ဘုရားသခင် ဟောကြားတော်မူခဲ့တဲ့ တရားတော်မှာ
“မဂ်ဖိုလ် မရသေးတဲ့ ပုထုဇဉ်တိုင်း အရူး အမိုက်တွေပဲ”
ညီမလေးကို လွမ်းတဲ့စိတ်ကြောင့် သူဟာ သူ့စိတ်ကိုပြန်ပြီး လိုက်ဖမ်းနေရပြီ။ အရောင်မရှိတဲ့ သူ့ဘ၀ဟာလည်း မိုက်မှောင်နေခဲ့တယ်။ အရောင်တွေ ဘယ်မှာလဲ။ အလင်းတွေ ဘယ်မှာလဲ။ စိတ်တွေရော ဘယ်ဆီ ခရီး လွန် နေသလဲ။

။ငါး။
သူ့ပါးစပ်က စွဲစွဲမြဲမြဲ အော်ဟစ်နေတတ်တဲ့ စကားတစ်လုံးကိုတော့ ခဏခဏ ကြားခဲ့ဖူးပါတယ်။ မကြားချင်ဘဲ ကြားနေရတဲ့ အသံတွေပေါ့။ သူ ဘာတွေ အော်ဟစ်နေသလဲဆိုရင်
“ညီမလေးရေ..... မင်းမှာ ဘာအပြစ်မှ မရှိပါဘူးကွာ”
“ညီမလေးရေ..... မင်းမှာ ဘာအပြစ်မှ မရှိပါဘူးကွာ”
“ညီမလေးရေ..... မင်းမှာ ဘာအပြစ်မှ မရှိပါဘူးကွာ”
ရောက်လေရာ နေရာတိုင်းမှာ သူနဲ့အတူ အဲဒီအသံတွေ ရှိနေတတ်တယ်။ အရယ်အပြုံးတွေ သေဆုံးနေတဲ့ သူ့မျက်နှာဟာ ကြည်ကြည်လင်လင် မရှိခဲ့ပါဘူး။ လောကကြီးကို အလိုမကျတဲ့ ပုံစံနဲ့ အမြဲတမ်း ရှုတည်တည် အောက်သိုးသိုး ဖြစ်နေခဲ့တယ်။ သူ့ညီမလေး မရှိတော့တဲ့နောက်ပိုင်းမှာ မရှင်းမလင်းဘဲ ထားခဲ့တဲ့ ဆံပင် မုတ်ဆိတ်တွေ ပါးသိုင်းမွှေးရှည်ရှည်တွေ၊ မိုးရေတွေ စိုရွှဲပြီး ညစ်ထေးနေတဲ့ သူ့အ၀တ်တွေနဲ့အတူ သူဟာ အရင်က သူ မဟုတ်တော့ဘူး။ သူဟာ အပေါင်းအသင်းတွေကိုလည်း မျက်ကွယ်ပြုခဲ့သလို ပတ်ဝန်းကျင်ကိုလည်း ဥပေက္ခာပြုထားနိုင်ခဲ့တယ်။ သူဟာ ခြေဦးတည့်ရာ နေရာတွေကို လျှောက်သွားတတ်ပေမယ့် သူ့မှာ ပိုက်ဆံ တစ်ပြားမှ ကိုယ်ပိုင်မရှိခဲ့ဘူး။ ဝေးလံတဲ့ ပြည်နယ်တွေ မြို့ရွာတွေအထိ သူရောက်ခဲ့ဖူးတယ်။ ဒါက သူပြောပြလို့ သိရတာတွေပါ။ ရတနာတွေ ထွက်တဲ့ ဖားကန့် မိုင်းရှူး မိုးကုတ်စတဲ့ ဒေသတွေကိုလည်း ရောက်ဖူးခဲ့တာပဲ။ ခုထိ သူဟာ ခြေဦးတည့်ရာတွေ လျှောက်သွားနေတုန်းပဲဆိုပါတော့။ သူ့ စား ၀တ် နေ ရေးကို သူဘယ်ပုံ ဘယ်နည်း ဖြေရှင်းခဲ့သလဲ။ ဒါကိုတော့ သူ ကျွန်တော့်ကို ပြောမပြခဲ့ဘူး။ ရောက်လေရာအရပ်တိုင်းမှာ ထုံစံအတိုင်း သူအော်ဟစ်နေတယ်။
“ညီမလေးရေ....မင်းမှာ ဘာအပြစ်မှမရှိပါဘူးကွာ”
“ညီမလေးရေ..... မင်းမှာ ဘာအပြစ်မှ မရှိပါဘူးကွာ”
“ညီမလေးရေ..... မင်းမှာ ဘာအပြစ်မှ မရှိပါဘူးကွာ”
သူဟာ ကျွန်တော်တို့ အိမ်ဘေးနားက လူတစ်ယောက်ဖြစ်ပါတယ် သူဟာ မိသားစု ပျောက်နေတဲ့ လူတစ်
ယောက်ပါ။
“အရူးကြီး... အရူးကြီး... အရူးကြီး”
သူ့နောက်မှာ လိုက်ပါလာကြတဲ့ ကလေးတစ်ချို့က သံပြိုင်အော်ပြီး ပြောင်လှောင်နေကြပေမယ့် သူ မတုန် လှုပ်တော့ဘူး။ ဂရုမစိုက်တော့ဘူး။
“သူ တကယ် ရူးသွာပြီလား”
“သူ တကယ် ရူးသွာပြီလား”
သူ့ကိုယ်သူလည်း စဉ်းစားဖြစ်မယ် မထင်ပါဘူး။ ကျွန်တော်လည်း မသိခဲ့ပါဘူး။ အရူးတစ်ယောက်လို နေထိုင် စားသောက်ပြီး ခြေဦးတည့်ရာ သွားတယ်။ သူ အော်ဟစ်နေကြအတိုင်း အော်တယ်။ တစ်နေရာရာမှာ အခုလို အော်နေတတ်တဲ့ လူတစ်ယောက်ကို တွေ့ရတယ်ဆိုပါစို့၊
ခင်များ သူကို နားလည်ပေးလိုက်ပါ။
ဒါမှမဟုတ် သူ့ကို ပြုံးပြုံးလေ ကြည့်နေလိုက်ကြပါ။
ဘာကြောင့်လဲဆိုရင်.....
သူဟာ အပြင်မှာ တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးပဲ chatting မှာ ဆုံဖြစ်ခဲ့တဲ့ မိန်းကလေး တစ်ယောက်ကို အင်ဖန်နတီမှာ တကယ်ဆုံလိမ့်မယ်လို့ မမြင်နိုင်တဲ့ ကံတရားကို အချိန်ကြာမြင့်စွာစောင့်နေတဲ့ လူတစ်ယောက်ပဲလေ။ အခု သူ မှန်တစ်ချပ်ရှေ့မှာ ရပ်နေပြန်တယ်..... ။

ဆူးရင့် ၊တန့်ဆည်။
Infinity is endless distance, space or guantity.

Monday, July 20, 2009

မမေ့ခင် လုပ်လိုက်ဦး

အဲဒီထိအောင် ငါမသိဘူးကွာ I
ထင်တဲ့ အတိုင်းပဲ
ကပ်လွဲသွားတယ်
ငါပြောတာ နားစွင့်ကြ
ကြိုက်ရင်လုပ် မကြိုက်ရင် မလုပ်နဲ့
ကြားတယ်နော်
ငါ ဆိုလိုချင်တာက
အသေရရ အရှင်ရရ

ဖြစ်တောင့် ဖြစ်ခဲ တစ်သက်မှာ တစ်ခါဆိုသလို
အပေး အယူလုပ်ပြီးသားက လုပ်ပြီးသားပဲ
မင်း အပေါ်မှာ မူတည်တယ်
ဒါကို လျို့ ၀ှက်ထား
ဆက်ပြော ဆက်လုပ်
သမိုင်းတွင် ကျန်ရစ်လိမ့်မယ်

အခုချိန်ထိ
တိုက်ဆိုင်လိုက်တာ
မင်း အချိန်ရရင် ထပ်စဉ်းစားပါဦး

ငါလိုချင်တာ ဒါပဲပေါ့
သိပ် ကံကောင်းတယ်
ငါ နေလို့ ထိုင်လို့ မကောင်းဘူး ဖြစ်နေတယ်
ငါပြောတာကို ယုံပါ

အကယ်၍ ဖြစ်နိုင်ခဲ့မယ်ဆိုရင်
ရေမရောတဲ့ အတွေးအခေါ်တွေ
သွေးမကြီးစမ်းပါနဲ့ ။ ။

ဆူးရင့်၊တန့်ဆည်၊

Do it befort you forget.

It's beyond me.
Just as I thought.
Near Miss.
Lend me your ears.
Take it or leave it.
You heard me.
The point is.
Dead or alive.

Once in a blue moon.
A deal is a deal.
It's up to you.
Mum's the word.
Go on.
It'll go down history.

So far.
What a coincidence.
If you've got time.
Think it One.

Just the thing I want.
It's a mercy.
I feel out of sorts.
Take my word.

If it's been possible.
These are airy-fairy ideas.
Don't be stuck up.

။ မှတ်ချက် ။ ဆရာခိုင်မြဲသာ၏ “ ချစ်စရာ အင်္ဂလိပ်စကားလေးများ ”
စာအုပ်တွင် ပါရှိသည့် ၀ါကျများကို ရောသမမွှေပြီး အပိုအလို မရှိ
တပ်ဆင်ထားခြင်း ဖြစ်ပါသည်။ ။

Sunday, July 19, 2009

ဒါဟာ ဒါပဲ

မပြောလည်း ကြားနေတာ

ဘ၀တွေ ရှိတယ်

လွယ်လွယ်လေးကျိုးပျက်တာ

ပုံပန်းပျက်

ဟော...ယခုလို လိုနေတာ ဖြည့်ပေးချင်တယ်။


ဘာမှ မဟုတ်ဘဲ

နားထင်သွေးရောက် လောက်လမ်းတွေပဲ

ရယ်လို့ ငိုချင်တယ် ခေါင်းမီးတောက်တယ်

သတ်ပုံအမှားတွေ မမှန်တဲ့ စိတ်တွေပဲ

ခြေမ ရှိတော့ ခလုတ်တိုက်တယ်


တစ်စုံတစ်ဦးက ကုန်းကိုက်တယ်/ ကုန်းတိုက်တယ်

မယုံလည်းနေ ငြိမ်ငြိမ်နေ အသံမထွက်နဲ့

လောင်လိမ့်မယ် ကျွမ်းလိမ့်မယ် ပြာဖြစ်မယ်

ပျော်တယ်ထင်လား ပျော်ကျ/ ကြပေါ့

နားလည်ပါတယ်

နားလည်း မလည်ဘူး

ကိုယ်ဟာ လူပါ ချာချာရယ်။


စိုးမင်းအောင်

အသိပေးလိုက်ပါသည်

ကျနော့်ရဲ့
“ ပင်ကူအန် တိမ်တိုက် ”ဘလော့လေးကို
www.sueyint.blogspot.com အစား
www.sueyint.com ဟု အာဇာနည်နေ့မှ စ၍
(Domain) အသစ်ဖြင့် ပြောင်းလဲ ဖွင့်လှစ်ထားပါသည်။
Web-page ပေါ်တွင် ကျွန်တော့်ရဲ့
“ ပင်ကူအန်တိမ်တိုက် ”
ကဗျာများကို ဆက်လက် ရေးသားသွားပါမည် ။

စပွန်ဆာ ပေးသော
သူငယ်ချင်း နေသစ်မှူးအား
အထူး ကျေးဇူးတင်ပါကြောင်း
ပြောကြားအပ်ပါသည် ။ ။

ဆူးရင့်၊တန့်ဆည်၊


နာရီ

။၁။
ကောင်းကင်ဆီက မိုးစက်တို့ လွင့်ကြွေသံကို
ဆက်တိုက် ကြားနေရပြီ
ည နက်နက်ထဲ

သတိရမှု လွန်ကဲနေသလား
ပျော်ပျော်ပင်ေ၀၀ါးနေလိုက်သည်။


။၂ ။
စောစော မအိပ်၍ စောစော မထဖြစ်တော့
မနက်ခင်းက မျက်လုံးရဲရဲ လင်းပွင့်တောက်လောင်လို့
သတိရမိသည်။ ထို့နောက် သတိရဖြစ်ပြီး သတိရနေပြန်ပါသည်
ဝက်ဘ်ဆိုက်တွေ မွှေကြည့်တော့
နာ........... ရီ
စားပွဲတင် နာ........ရီ ၊ နံရံကပ် နာ...............ရီ
လက်ပတ် နာ.........ရီ ၊ အိပ်ဆောင် နာ............ရီ မဟုတ်တဲ့
နာ.......ရီလေးဆီ စိတ်က ဘယ်လို ရောက်သွားခဲ့သည် မသိ
ထို နာ............ရီကို တစ်စုံတစ်ယောက်ထံမှ ရရှိခဲ့ခြင်းပင်
နေ့တိုင်းလိုလို အချိန်မှန်မှန် လည်ပတ်နေသည်
နေ့တိုင်းလိုလို အချိန်မှန်မှန် အချိန်ကို စားနေသည်။

အရင်က သည်နေရာတွင်
ရောက်ဆဲ အချိန် မသိ ၊ မရှိ

အချိန်မှန်သလောက် အမှားအယွင်း မကင်းသည့်
နာရီတစ်လုံးကို လိုနေသည်
သို့ကြောင့် တစ်စုံတစ်ယောက်ဆီ နားပူကပ် တောင်းဆိုခဲ့ရသည်။

သူ့နည်းပညာဖြင့်

ကောင်းကင်ပေါ် နာရီတစ်လုံး ပစ်ပေးလိုက်ပြီး
သူ့ လမ်းညွှန်မှုဖြင့်ပင် နာရီလေးတစ်လုံး
အလွယ်တကူ တပ်ဆင်ခွင့် ရရှိခဲ့၏
ထို နာရီမှာ အခြားနာရီ မဟုတ်
ခင်များ ဘေးမှာ မြင်နေရသော နာရီမဟုတ်။

။၃။
သည်နေ့
တစ်နေကုန် နီးနီး အခန်းလွတ် တစ်လုံးတွင်
ကျိုးကြေ ခွေခေါက်နေသည်
သတိရစိတ်နှင့်အတူ အဆင်ပြေသယောင် ဆောင်နေခဲ့သည်
စိုထိုင်းရိပွနေသော စိတ်ဖြင့် ဆုတောင်း မေတ္တာပို့နေမိသည်
လည်ပတ်နေသော စက္ကန့်များနှယ် ပျော်ရွှင်ချမ်းမြေ့စွာ
ဘ၀ ခရီးကို ဖြတ်သန်းနိုင်ပါစေ။ သို့အတွက်ကြောင့်
နာရီလေးသည် လှုပ်ရှားနေသည်လေလား
အထင်မှားမှု သက်သက်ဖြစ်ပါလိမ့်မည်။


။၎။
နာကျင်သည့် အခါမှာလည်း
ရီရီ (ရယ်ရယ်)မောမော
ဘ၀ကို ခုတ်မောင်းဖို့
နာရီလေးတစ်လုံး
တကယ် လိုအပ်နေပါသည်။ ။

ဆူးရင့်၊တန့်ဆည်၊
ကဗျာအဖြစ် ရေးသားသည့် အရေးအသား မဟုတ်သဖြင့် ကဗျာအရေးအသား မဟုတ်ကြောင်း ကဗျာလုံးဝ မဟုတ်ကြောင်း ၀န်ခံပါသည်။

Saturday, July 18, 2009

အာဇာနည်နေ့



အာ ရုံတွေ
ဇာ ချဲ့ မနေနဲ့
နီ ရဲရဲ သွေးစက်တွေဟာ
နေ့ တိုင်း အသက်ရှင်သန်နေကြတယ် ။ ။

ဆူးရင့်၊တန့်ဆည်၊
(အာဇာနည် ပုဂ္ဂိုလ်ကြီးများအား ဂုဏ်ပြုပါသည်)

Friday, July 17, 2009

နှုတ်ခမ်းနီလေးရဲ့ သတ်ပုံ








လင်းမှည့် စိတ်ဝမ်းကွဲ ဆည်းဆာအို
မုန်တိုင်းနီနီ စီးမြော မွှေနှောက်
မိုက်ရူးရဲ နှုတ်ခမ်းတစ်စုံရဲ့
ဈေးကွက်ဝင် သေတွင်း
အနာဂတ် ဖြစ်တည်ခြင်းမဲ့ ။

ခင်းကျင်း သစ်လွင် တစ်ခြမ်းပဲ့ နယ်နိမိတ်
ရိုးပြတ်တော စိတ်ကူးဆွေး နံရံ
တောင်ပုံ ယာပုံ ပတ်ကြားကွဲ ။

မောဟ တိမ်စိုင် တိမ်လိပ်တို့
သွေးဆောင်ရာ ငါးမျှားချိပ်များ
ယုတ္တိလွန် ခေတ်ပြိုင် သေဆုံးခွင့်
ရည်ငံ ကျွမ်းဝင်ရင်း
လက်ချင်းယှက် လမ်းသလားခဲ့ ။

အနယ်အမှုန် မောင်းနှင်ရာ
ပြဿဒါး လှလှတွေ လိုက်ရှာ
ငုတ်လျှိုး ဆာလောင်စိတ်
မှတ်တိုင်းဟောင်းတွေ လိုက်ရှာ
တစ်ခါသုံး ခဏိက၀ါဒီ
ဆက်ဆံရေးတွေ လိုက်ရှာ
ပွဲသိမ်း မီးသေ
အိပ်မက် တံခါးချပ်တွေ လိုက်ရှာ
ရှာ ၊ ရှာ ၊ ရှာ
လျှာ ၊ လျှာ ၊ လျှာ ။

လူသေ အလောင်းလို
ပေါ့ပေါ့ပါးပါး ပုတ်သိုးတတ်ဖို့
အတ္ထုပ္ပတ္တိ မိတ္တူ တစ်စောင်လိုတယ် ။

ကိုယ်ကျင့်တရားနဲ့ မိုက်မဲမှုက
ခန္ဓာကိုယ်ထဲ
အမြစ် ဘယ်နှစ်ချောင်း ထွန်းကားခဲ့ပြီလဲ
စာအုပ်ကို ပိတ်ပစ်လိုက်ပြီ
မေးခွန်းတွေ တနင့်တပိုး မှိုင်းပြဝေရီလို့ ။ ။

ဆူးရင့်၊တန့်ဆည်၊

လ အက္ခရာ

လွင့်မြော အိပ်မက်ဟာ
လေတိုက်တိုင်း လှုပ်ခါ ယိမ်းထိုး
လက်ဖျားခါ ငြင်းဆန်ခံရတဲ့
လ ရာသီတွေ
လူအိပ်ချိန် လကွေးကွေးလေးလို
လွယ်လွယ်ကူကူ လောင်ကျွမ်း လှိုက်စားရင်း
လွမ်းလွမ်းဆွေးဆွေး လေလွင့်ခဲ့ ။

လမ်းခွဲမှာ လုယက်ခံရကြောင်း
လော်လီမှု လင်းလက်ခဲ့ကြောင်း
လစာငွေ မလုံလောက်ကြောင်းနဲ့
လက္ခဏာဆရာ လွဲမှားကြောင်း
လှည့်လည်ပြီး လက်ခမောင်း မခတ်ချင်ဘူး ။

လောက လူသားတိုင်း
လျှာတစ်ချောင်း လိုအပ်တယ်
လိုင်စင်ယူ လေလံဆွဲထားတဲ့
လိမ်လည်မှု လောဘ
အလွဲလွဲ အချော်ချော် လောင်စာဆီ
မလိုအပ်ဘူး ။

လောလောဆယ်
လမ်းမတွေ လှိုင်းထန်လွန်းလှ
လတ်လတ်ဆတ်ဆတ်
လက်မှိုင်ချခဲ့ရတဲ့
လက်ထပ် လက်စွပ်လေး
လှောင်ချိုင့်ထဲ လုပ်ကြံခံလိုက်ရပြီ ။ ။

ဆူးရင့်၊တန့်ဆည်၊

။ မှတ်ချက် ။ လ အက္ခရာများ အပြီးတွင် ၀ အက္ခရာများ ဆက်လက် ရေးသားလိမ့်မည်ဟု မမှတ်ယူကြပါရန်
မေတ္တာရပ်ခံအပ်ပါတယ် ။ ။

အက်၊စ်၊



ကိုယ်နာမည်ရဲ့ အစ စာလုံးလေးမို့ တင်ကြည့်လိုက်တာ။
ပုံတွေကတော့ google ကရတာပါ ။

Thursday, July 16, 2009

အသစ်စက်စက် နေသစ်မှူးနဲ့ စက်တင်ဘာ(၁၉)ရက် ရှုခင်း

အင်ဂျင်သံတွေနဲ့ အတူ မင်းရဲ့ မနက်ခင်းဟာ ကြေကွဲနေလိမ့်မယ်
မှိုနံ့ မကင်းတဲ့ မြို့ပြထဲ အထွက်အ၀င် အဆင်ပြေရဲ့လား
အပြုံးအခွံတွေ လိပ်စာမပါပဲ မင်းဆီ ရောက်လာပြီ ဆိုပါတော့
ဆက်ဆံရေး အခွံတွေဟာ မင်းခွဲစိပ်ရမယ့် သရုပ်တွေပဲ ။

အလုပ်အားတဲ့ တစ်နေ့
မိုးစက်တွေ အရင့်အမာကြီး သိုလှောင်ထားတဲ့ ကောင်းကင်ကို
စကားလုံး လှလှနဲ့ ဘာသာပြန်ပေးပါ ၊
မြင်းလှည်းသမားရဲ့ ကြာပွတ်သံဟာ
ငါတို့ နားဆင်ရမယ့် ဂီတ မဟုတ်ဘူး ၊
ဲ့်မင်း ထိုးစိုက်ခဲ့တဲ့ တောအုပ် မှာ အိပ်မက် တွေ စိမ်းလန်းဆဲပဲလား ၊
ငါကတော့ လမ်းပျောက် သိုးအုပ်ပေါ်
ပင့်ကူအန် တိမ်တိုက် နဲ့ ဆူးခက်တွေ လင်္ကာဖွဲ့ ပစ်တင်လိုက်တိုင်း
မင်းရဲ့ ဧည့်ခန်း ထဲက အငွေ့ပျံစိတ်ကူး ရဲ့ ပေးစာ ဖတ်စာ တွေကို အမြဲသတိရတယ် ။

မင်းက အစဖြင့် မပြီးဆုံးနိုင်တဲ့ ဆားငန်ရေ မြင့်တက်မှုအကြောင်း ပြောမယ်
ငါက အဆုံးမသတ်နိုင်တဲ့ ဟစ်အော် ဆာလောင်မှုအကြောင်း ပြောမယ်
မင်းက ဖြေသိမ့်ရခက်တဲ့ ဖြေသိမ့်လိုက် သီချင်းအကြောင်း ပြောမယ်
ငါက ငါသေဆုံးခဲ့တဲ့ သုသာန်အဟောင်းလေးအကြောင်း ပြောမယ် ။

ငါးရာတန် တစ်ထောင်တန် ကုန်ပစ္စည်းတွေ
ငါတို့ ပလက်ဖောင်းပေါ် ပိတ်ဆို့ခဲ့တာက အစ
ဘေဒ ၀ါဒ ငြင်းခုန်မှု မီးတောက် စာမျက်တွေ အဆုံး
ငါတို့ လှိုင်းစီးရင်း အပျင်းဖြေခဲ့ကြတယ် ။

နေသစ်မှူးရေ
နာရေး သတင်းကို ဖတ်ရှုရင်း နာရီကို ချွတ်ပြီး အိပ်ပါ
ငါ့လိုပဲ လက်ဖက်ရည် တိုက်မယ့် သူငယ်ချင်းကောင်းကို မျှော်ပါ
တစ်နေ့ အင်တာနက်သုံးဖို့ ပိုက်ဆံ သောင်းနှစ်ထောင် လိုအပ်ဆဲပဲလား ။

ပြောရရင်
သံချောင်းကို ပုံမှန် ခေါက်ဖို့ လိုတယ်
မင်း လက်ဖျံရိုးထဲက ညီမလေးကို မေတ္တာပို့ဖို့ လိုတယ်
ယခင် ယခု ကာလာ အလွဲတွေ မေ့ပစ်လိုက်တော့
မင်းစီးဆင်းဖို့ ပင်လယ်အသစ်စက်စက်ကို ရွေးခြယ်ပြီးရင်
အမှိုက်ကစ ပြဿာဒ် မီးလောင် ဆိုတဲ့ စကားပုံကို
အီးမေးလ်နဲ့ ငါဆီ အရောက်ပို့လိုက်ပါ ။

ကဗျာဆရာဆိုတာ
လက်တွေ့ မဆန်တဲ့ ဘ၀တစ်ခုလုံး
ခေါစာအဖြစ် ထိုးကျွေးဖို့
လူဖြစ်လာတဲ့
ကံဆိုး ၀ဋ်ကောင် ဆိုပါတော့ ။ ။

ဆူးရင့်၊ တန့်ဆည် ၊
(ပြီးခဲ့တဲ့ နှစ်က သူငယ်ချင်း နေသစ်မှုးရဲ့ မွေးနေ့မှာ ရေးပေးဖြစ်တဲ့ ကဗျာလေးပါ ။ အခုမှ တင်ဖြစ်ပါတယ်)

Tuesday, July 14, 2009

သားဆိုး

အုံကျင်းဖွဲ့ ပြဿနာ မဟာဘုတ်
လ နေ နက္ခတ် တာရာ
ကြယ်ရောင် မစုံနိုင်မှန်း သိခဲ့ပါပြီ မေမေ ။

လူ့ဘ၀ရဲ့ လူသားဆန်မှုဟာ
လေကို ရှူရှိုက်တတ်ဖို့ပဲလား
အပြုံး အခွံတွေ ထိမှန်လာတိုင်း
အန်ချင်လာတယ် ။

ဂုဏ်သရေမဲ့ အသိုက်ပျက် ၀ပ်ကျင်းထဲ
ကျွန်တော် စုန်ဆန်နေရပေါ့
ခေတ်တစ်ခုလုံး
မေ့ဆေးနဲ့ လုံလောက်ခဲ့ရပါတယ် မေမေရယ် ။

မျက်လုံးထဲက
အကွေ့ အကောက်တွေ
နားထဲက
အဖု အထစ်တွေ
ငိုသံဟာ ပါးလွှာ အက်ကွဲသွားပေမယ့်
ပင့်သက်တွေ ရှည်ဝေးဆဲပါ မေမေ ။

လူတွေက
မြေပြင် သစ်ပင်ဆန်ဖို့ မကောင်းတော့ဘူး မေမေရယ်
ကျွန်တော်ဟာ
အမေ့လိုပဲ အမွေနဲ့ လွဲချော်ခဲ့ရပါတယ် ။

ဆူးရင့်၊တန့်ဆည်၊

ငါ နေတဲ့ နေရွာ

ကမ္ဘာ့ အနုပညာ အသစ်ကို
ချဉ်းကပ်ဖို့ စိတ်ကူးမိရင်
တနင်္ဂနွေဟာ
ရှေ့က စောင့်နေလိမ့်မယ် ။

ပြည်အောင်း အဖုံး အဖိ စကားလုံး ကိုယ်စီ
ပင်မစိတ် သွေးလွှတ်ကြော အမျှင်များ
နည်းပညာ ခေတ် စနစ် ၀ါဒကွဲများ
အနုနည်းနဲ့ ညာစားဖို့
အနုပညာ ရှိနေတာ မဟုတ်ဘူး ။

စိတ်အကျဉ်းလောက်
စိတ်ကို သိရင်
နက်သည်ထက် နက်လာတဲ့
စိတ်ဆင်းရဲတွင်းကို တွေ့ရလိမ့်မယ် ။

နေရွာ ကိုယ်စီ
နေရာ ရဖို့ထက်
နေရောင်မဲ့ ရာသီတစ်ခုလုံး
အမြုတေ အမျှင်တန်း အမြစ်တွယ်ခဲ့ ။

ကံတရားရဲ့ အထူးပြုလုပ်ချက်ကို
ပြန်ပြတတ်တဲ့ ဖန်သားပြင်မှာ
ဝဋ် ဆိုတာ ရှိတယ် ။

စိတ်အဆွေးကြီးနဲ့
ရှူနေရတဲ့ အောက်စီဂျင်ဟာ
မသန့်ပြန့်ဘူး ။

ဆူးရင့်၊တန့်ဆည်၊

Monday, July 13, 2009

ဆက်သွယ်မှု သုည ဧရိယာအတွင်း

လိပ်တစ်ကောင်လို ပက်လက်အနေအထားနဲ့
ဘ၀ကို အလိုမတူ စတင်ခဲ့ရတာလား
မိုးထဲ လေထဲ အိမ်ထဲ ၀င်ခွင့်မရှိတဲ့
ငှက်ကလေးများ အတွက်

သားကောင်ကို ဒီလိုဖမ်းရတယ
် (ကြောင်)
ဟုတ်ကဲ့ မှတ်ထားပါတယ်
(ကျား)
နည်းပညာတွေ ထပ်တူ မကျခဲ့ပါဘူး ။

မိကျောင်းကို သွန်သင် လမ်းပြမဲ့
အိမ်မြောင်တစ်ကောင်ဟာ
သူလား ၊
ခင်များလား
ပြီးတော့ ဘယ်သူလဲ ။
ဆူးရင့်၊တန့်ဆည်၊

Sunday, July 12, 2009

ကွန်နရှင် မကောင်းတဲ့ ည

ကျိုးကြေနေတဲ့ စိတ္တဇနဲ့ ဖရိုဖရဲပါပဲ
မျက်ရည်က မြစ်တစ်စင်းလို စီးချင်နေတာ
ဟိတ်
မနေတတ်လို့ အသေသတ်တာ သေပစ်လိုက် ။

လောင်မီးကျ စကြ၀ဠာ အမိုက်တိုက်ထဲ
ထဲထဲ ၀င်ဝင် ငိုနေခဲ့သူ
ကျောက်ရုပ်မဟုတ်တဲ့ ရင်ဟာ
တစီစီ အငွေ့ ပျံလို့ ။

ညီမလေးရေ
ဘ၀က ဘယ်လဲကွာ ညာလဲကွာ
အလဲလဲ အကွဲကွဲ ကွာဟ ခြားနားခဲ့
ည အသေ ၊ လ အသေ
တိမ်ဖြူတွေ ရိတ်သိမ်းခံထားရတဲ့ ည
ခေါ်သံတွေလည်း ထစ်အ ထစ်အ အ ထစ်
စိတ်တွေ ဖမ်းလို့ မရဘူး ။

လိုအပ်ရင်
စကားလုံးတွေ ရောင်းတယ် ၀ယ်တယ်
096xxxxxx
ငါနှိပ်ခွင့် မရှိတော့တဲ့ နံပါတ်တွေပဲ ။

ဂမ္ဘီရေ
အရုပ်ကလေးရေ
မင်းလည်း ဘာမှ ၀တ်ချင် စားချင် မနေတော့နဲ့
ရိုက်/ ချိုးသွားတယ်
ကွဲ / ရှတယ်
ပွန်း / ပဲ့ နာကျင်သွားတယ် ။
အမှန်ပြောလို့ ရွာအပြင် ထုတ်ခံလိုက်ရတယ်။
ဟိတ်
မနေတတ်လို့ အသေသတ်တာ သေပစ်လိုက် ။
ဆူးရင့် ၊ တန့်ဆည် ၊
၁၃ ၊ ၇ ၊ ၂၀၀၉

ခင်ခင်မင်မင် မရှိတဲ့ လိပ်ပြာ

ပြဇာတ်က
အသက်နဲ့ ရွက်လွှင့်အလာ
ကမ္ဘာဟာ ဆိတ်သုဉ်းခြင်း အတိ ။

ညရောက်ရင် ခင်များတို့လို အိပ်ချင်တယ်
မနက်ရောက်ရင် ခင်များတို့လို နိုးချင်တယ်
နေ့စဉ် လှုပ်ရှားခွင့်တွေလည်း ခင်များတို့လိုပဲ ။

ငါဟာ မိသားစု ပျောက်နေတဲ့ လူ
လူ ပျောက်နေတဲ့ လမ်း
လမ်း ပျောက်နေတဲ့ ရထား
ရထား ပျောက်နေတဲ့ မြို့
မြို့ ပျောက်နေတဲ့ သစ်ပင်
သစ်ပင် ပျောက်နေတဲ့ အရွက်
အရွက် ပျောက်နေတဲ့ လေ
လေ ပျောက်နေတဲ့ အခန်း
အခန်း ပျောက်နေတဲ့ အသုံးအဆောင် ။

ဖြစ်ချင်တော့
မိုးတိမ်အတုက ငှက်လို ပျံတယ်
ငှက်အတုက ဥသြဆွဲတယ်
ဥသြအတုက နာရီရောင်းတယ်
နာရီအတုက သင်တန်းတတ်တယ်
သင်တန်းအတုက ပြက္ခဒိန် စားတယ် ။

စိတ်ကို ကြိုးချည်ထားကြ
မင်း မရှိတော့ ဘာအရေးလဲ
ငါ မရှိတော့ ဘာအရေးလဲ
ကဲကွာ
ဘာမှ မရှိတော့ ဘာအရေးလဲ
ညတွေ တော်တော် အသက်ပြင်းတယ် ။
ဆူးရင့်၊တန့်ဆည်၊
၁၂ ၊ ၇ ၊ ၂၀၀၉

ပေါ့ရွှတ်ရွှတ် ကဗျာ

ပေါ့ရွှတ်ရွှတ် မနက်ခင်းထဲ
ကျီးကန်းတွေ အုပ်စုဖွဲ့ နိုးထမှုဟာ ပေါ့ရွှတ်ရွှတ်
လက်ဖက်ရည်ခွက်ထဲက ပေါ့ရွှတ်ရွှတ် အရသာတွေ
ခင်များတို့ ပါးစပ်က ထွက်ကျလာမယ့် ပေါ့ရွှတ်ရွှတ် စကားလုံးတွေ
ဆွဲထုတ်လိုက်

ပေါ့ရွှတ်ရွှတ် မိန်းမတွေ
ပေါ့ရွှတ်ရွှတ် ဝေဖန်ရေးတွေ
ပေါ့ရွှတ်ရွှတ် သတင်းတွေ
ဆွဲထုတ်လိုက်

ရှေ့က လမ်းတစ်လျှောက်
ပေါ့ရွှတ်ရွှတ် ဘာသာဘေဒနဲ့
ပေါ့ရွှတ်ရွှတ် ကိုယ်ကျင့်တရား၊

ပေါ့ရွှတ်ရွှတ် ဆက်ဆံရေးနဲ့
ပေါ့ရွှတ်ရွှတ် အပြုံး၊
ပေါ့ရွှတ်ရွှတ် ဟာသနဲ့
ပေါ့ရွှတ်ရွှတ် ၀တ္ထု ဇာတ်လမ်း၊

ငါ လေးလေးနက်နက်
နေသားကျခဲ့တာလည်း ကြာပြီ ။
ဆူးရင့်၊တန့်ဆည်၊
၁၂ ၊ ၇ ၊ ၂၀၀၉

လမ်းခွဲ

တိတ်ဆိတ်မှု သုညနဲ့အတူ
ဂယက်တစ်ခု လွှမ်းမိုးခြင်းအောက်
ငါ ရှုံးနိမ့်ခဲ့တယ် ။

လမ်းတွေ ကောက်ကျစ်သလိုမျိုး
မျက်စိလည် လမ်းမှား
အသံနဲ့ မှတ်သားတတ်ဖို့တော့ လိုပြီ ။

ရပါတယ်
ရေတစ်စက်လို
အရောင် မရှိဘူး
အနံ့ မရှိဘူး
ဘာအေးစက်ခွင့်မှ မပေးနဲ့ ။
ဆူးရင့်၊တန့်ဆည်၊
၁၂ ၊ ၇ ၊ ၂၀၀၉

ကြားလူ


အတွန့် အလိပ်တွေက

ပြဿနာရှာတယ်
မနက်ခင်းဟာ ထင်သလောက် မလှဘူး ။

နံရံပေါ် သွေးစွန်းနေတဲ့ နေ့
နစ်နာကြေး ရဖို့ ဝေးတယ် ။


ကဗျာကို လူက ထုဆစ်တယ် ဟုတ်
လူကို ကဗျာက ဖန်တီးတယ် ဟုတ်

ကွဲ/လွဲနေတဲ့ အယူအဆတွေ

အုပ်စုတွေ ၊ ဘေဒတွေ
သီအိုရီတွေ ၊ ယမ်းနံ့တွေ
တွေတွေလေး ငေးကြည့်နေရုံမှ အပ ။
ဆူးရင့်၊တန့်ဆည်၊
၁၂ ၊ ၇ ၊၂၀၀၉

Friday, July 10, 2009

ပျော်မရတဲ့ ခေတ်ထဲမှာ နေထိုင်တယ်







တစ်ချို့ သွားတွေဟာ ၀ါးရတာ ပင်ပန်းလွန်းလို့
လူသားတစ်ယောက်ရဲ့ အိပ်မက်ကို ပုံတူကူးခဲ့တယ် ။

နောက်ဆုံး ဆုံရမယ့် အမှတ်အသားဟာ ဝေးရမှာလား
ဆိုးဆိုးဝါးဝါး သောက အခြေအနေ
အလေ အလွင့်ဆိုတာ မိုးပေါ်က ကျလာတာ မဟုတ်
တစ်ချို့ ဟာတွေ ကျွန်တော် လည်စင်းခံတယ်
အနုပညာမှာ ဟုတ်ကဲ့ ကျွန်တော်က ပညာအနုလေးပါ ။

ရန်ကုန်မှာ လိုင်းကား စီးရသလိုပဲ
ကျွန်တော်တို့ လက်ထက်ရောက်တော့ တစ်နဲ့ တစ်ပေါင်း ဇီးရိုး
ဘယ်သူက ဘယ်မှာ ဘာတွေဖြစ်
ဦးနှောက်တွေ တဖြည်းဖြည်းဖဲ့ပြီး ပါးစပ်ထဲ ထည့်တယ် ။

ငွေဆာတဲ့ သွေးသားနဲ့ သွေးသားဆာတဲ့ ငွေ
လူဆိုတာ တစ်နည်းနည်းတော့ ဂေါက်နေကြတာပဲ
မလိုအပ်ရင် စီးထားတဲ့ ဖိနပ်လည်း အမှိုက်ပဲ ။

နွေရာသီကို ရောက်ဖို့ ဆောင်းစတင်နေပြီ
ကဗျာရေဖို့ ကြိုးစားလိုက်တိုင်း ဒီနာမည်က ရင်ထဲရောက်လာတယ်
အချိန်ကြာမြင့်စွာ ကိုယ်ကလည်း အိပ်မပျော် စားမ၀င်
ဒီလိုဆို ကိုးန၀င်း မိုးလင်းအထိတောင် စောင့်ဖို့ မလိုဘူး
တောမီးလျှံထဲ
ခေတ္တ စောင့်ဆိုင်းရမတဲ့ ။ ။
ဆူးရင့်၊တန့်ဆည်၊
ကဗျာဆရာ နွေဦးကိုရဲ့ မွေးနေ့အမှတ်တရအဖြစ် ဖန်တီးခဲ့တဲ့ ပန်းဖလက် ကဗျာစာအုပ်လေးပါ။
“ ကဗျာထဲမှာ အမှတ်တရ ကဗျာစုစည်းမှု ” လို့ သူက နာမည်ပေးထားပါတယ် ။ ဒီစာအုပ်လေးရဲ့ နောက်ဆုံး
စာမျက်နှာကနေ လှန်ပြီး ကဗျာဆရာတွေ ရေးထားကြတဲ့ စကားလုံးလှလှလေးတွေကို ကျွန်တော် အားအားယား
ယား ဖြတ်တောက် တပ်ဆင်ကြည့်ထားတာပါ ။ သူများရဲ့ ဦးနှောက်ကို ဖောက်စားတယ်လို့ ပြောရင်လည်း ရတာ
ပေါ့ ။
နောက် ကဗျာစာအုပ်လေး တစ်အုပ်လုံးရဲ့ ကဗျာအနှစ်ချုပ်လို့ ပြောရင်လည်း ဖြစ်ပါတယ် ။ကျွန်တော်က
နယ်ပြန်ရောက်နေတဲ့ အချိန် ကဗျာဆရာနွေဦးကိုရဲ့ မွေးနေ့ဆိုတော့ သူ့မွေးနေ့နဲ့ ကျွန်တော် လွဲချော်သွားခဲ့ရပါ
တယ် ။ ဒါပေမယ့် ကျွန်တော့်ကဗျာကို သူလိုက်ရှာပြီး သူ့ရဲ့ ကဗျာစာအုပ်လေးထဲ ထည့်ထားပါတယ် ။

အင်း... ပြောရရင် ကျွန်တော့်ကဗျာတွေ ဆိုတာကလည်း အများသုံးအိမ်သာ ၊ လမ်းဘေး ပလက်ဖေါင်း ၊
တံတွေးခွက် ၊ အမှိုက်ပုံး ၊ ရေဆိုးမြောင်းနဲ့ ကောင်းကင်ပေါ်မှာ ကံဆိုးသူတိုင်း တွေ့ရှိနိုင်တာပဲလေ ။

ကဗျာဆရာနွေဦးကိုရဲ့ မွေးနေ့မှာ အမှတ်တရ ကဗျာရေးပေးကြတဲ့ ကဗျာဆရာတွေက (၁၃) ယောက် ။
သိုးဆောင်းဓလေ့ရဲ့ အယူအဆအရ unlucky ဂဏန်း ၊ ဘယ်သူတွေလဲ ဆိုတော့........

ဝါဆိုကိုဦး(တောင်ကြီး)
မောင်မင်းစိုး
သာရလင်း
ဆူးရင့်၊တန့်ဆည်၊
ကေတီဦး
လူဇော်သစ်
ကေမျိုးငြိမ်း
စိုးမင်းအောင်
ဖိုးဆောင်း
မင်းသက်ဇဉ်
လင်းသဏ်ညီ
သီဟထူးအောင်
နွေဦးကို
တို့ဖြစ်ပါတယ် ။ ကဗျာအပုဒ် (၂၀)ပါဝင်ပါတယ် ။ သူငယ်ချင်း ကဗျာဆရာ နွေဦးကို တစ်ယောက်
မွေးနေ့မှသည် နောင်နှစ်ပေါင်း အသင်္ချေ ပျော်ရွှင်စွာ ချမ်းမြေ့စွာ ကဗျာဓာတ်နဲ့ လင်းလက်တောက်ပပါစေလို့
ဆုတောင်းပေးရင်း ။
ဆူးရင့်၊တန့်ဆည်၊

LinkWithin

Related Posts with Thumbnails