သူ သူမနှင့် အခြားသော သူ သူမများစွာနှင့်
ပူနွေးနွေး စိတ်ဖြစ်စဉ်တို့ အလွင့်
သက္ကရာဇ်ညများအတွက်
အလင်း အမှောင် လောက၀တ်ပျူငှါချိန်။
အခန်းတစ်တွင်
နာရီပျက်တစ်လုံး ရှိသည်
အစိမ်းရောင် ပင်လယ်ကဗွီးပင်လေးများ ရှိသည်
ထီးဖြင့် အုပ်မိုးခံရသော အရိပ်တို့ ရှိသည်
သမရိုးကျ မျက်လှည့်ပွဲ တစ်ခုတွင်
ပျော်အောင်နေတတ်သည့် အကျင့်တစ်ခု ရှိသည်
မမြင်တွေ့နိုင်သည် မရှိခြင်းများ ရှိသည်။
အလိုက်သင့် စီးမြောရင်း
အခန်း နှစ်
မနက်ခင်းသို့ ၀င်ရောက်လာခဲ့သည်
နှင့် + တို့၏
မင်္ဂလာဧည့်ခံပွဲ
နေ့စွဲ ၂၈ ၊ ၂ ၊ ၂၀၀၇
မီးခိုးလို လှိုက်လှိုက်လှဲလှဲ အူပြဖို့
မေ့လျှော့နေခဲ့သည့် ရင်ခုန်သံ အသေအပျက်များအကြောင်း ။
နိဂုံး
သို့မဟုတ်
အမှတ်စဉ် (၁၅၀၀)
အသေးငယ်ဆုံး မြူမှုန်လေးတစ်ခု လွင့်ပြယ်သွားခဲ့ပြီ
ရယူခြင်း ပေးဆပ်ခြင်းနှင့် စပ်လျဉ်း၍
ဦးနှောက်တံခါးချပ်များကို ပိတ်ထားဆဲ
အခြား အခြားနှင့်
အခြားသော တစ်စုံတစ်ယောက်ဆီ
ဆော့ဖို့ ပြေးဖို့ ကစားဖို့ ။ ။
ဒီကဗျာလေးနဲ့ ပတ်သက်လို့ ကျွန်တော် ပြောချင်တဲ့ စကားလေးတော့ ရင်ထဲမှာ ရှိနေပါတယ်။
ဘာလဲဆိုတော့ဗျာ။ ကဗျာလေးကို မဂ္ဂဇင်းတိုက်က သူငယ်ချင်းတစ်ယောက်က ယူသွားပေးတယ်။ ကျွန်တော်
ပေးလိုက်ပါတယ်။ ကိုယ့်ကဗျာ ယူသွားတာပဲ။ နော။ ထားပါတော့ဗျာ။ ရွေးစာရင်းပါလာတော့ စာမူအားလုံး
စိစစ်ရေး တင်ရတာပေါ့။ ကံမကောင်းပါဘူးဗျာ ။ ဒီကဗျာလေးထဲက အပေါ်ဆုံး စာကြောင်း ငါးကြောင်းကို
စိစစ်ရေးထိလို့ ဖြုတ်ထားခဲ့ရတယ်။ စာအုပ်ထွက်တော့ အဲဒီစာ ငါးကြောင်း ပါမလာတော့ဘူး။ ဘယ်စာ ငါးကြောင်းလဲ ဆိုတော့.........ကဗျာရဲ့ အစမှာ ကျွန်တော် ဒီလို ရေးထားတာလေ.....။
်နိဒါန်းပိုင်း စာမျက်နှာပေါ်တွင်
မီးများ တစ်ဟုန်းဟုန်း မြည်သံစွဲ တောက်လောင်နေသည်
အမှိုက်ပုံးသည် မျှော်လင့်ချက်ဖြင့် မို့မောက်နေ၏
ပိုက်အဆက်မှ တစိမ့်စိမ့် ယိုထွက်နေသော ရေများ
မြို့ပြသည် တောနက်ကြီးပမာ ဟစ်အော်ဆာလောင်လျှက်
ဒီ ငါးကြောင်းပြီးမှ .....
ဖြတ်သန်းခဲ့သမျှ ရာသီဥတုသည် ထာဝရဟု တံဆိပ်ကပ်မထားပေ
ဘာ ညာနဲ့ လာမှာ။ ဘာတွေများကြောင့် ဖြုတ်ခိုင်းတယ်ဆိုတာ ကျွန်တော် နားမလည်ဘူးဗျာ။ ။
ဒီကဗျာလေးကို အရင်က ကျွန်တော် ဘလော့မှာ တင်ဖူးပါတယ်။
ဆူးရင့်၊တန့်ဆည်၊
စရဏမဂ္ဂဇင်း
အတွဲ ၅ ၊ အမှတ် ၁၂
ဇွန်လ ။ ၂၀၀၉
2 comments:
"မြို့ပြသည် တောနက်ကြီးပမာ ဟစ်အော်ဆာလောင်လျှက်..."
အင်း.. တိုက်ဆိုင်တာတွေ ရှိလို့. ဖြတ်လိုက်တယ်ထင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကဗျာလေးက လှနေပါတယ်။
အဲဒီ စာပေစိစစ်ရေးကလူတွေက အရူးတွေပါဗျာ။ ကြောက်စရာရှိရင် ဖင်တုန်အောင်ကြောက်တတ်တဲ့ ငတိတွေပေါ့။
Post a Comment