Wednesday, August 25, 2010

ခိုင်ရဲ့ ကိုင်းမှာမကျွတ် မလွတ်တဲ့တစ္ဆေ

အဲဒီနေ့က ဖျားတယ်
သူမ မပျော်ရွှင်တော့ ကိုယ်လည်း မရယ်နိုင်ဘူး
ဆိုမိတဲ့သီချင်းက စကားလုံးတွေ ပျောက်နေတယ်
အိမ်အပြန်လမ်းမှာ ခွေးတွေ အရမ်းဟောင်တယ်
ရှင်ကျမဆီ ဖုန်းမဆက်နဲ့တော့
ကောင်ကင်လည်း ပြိုပြီ
တောင်ပံလည်း ကျိုးပြီ
ပန်းတွေ တဖတ်ဖတ်ပွင့်နေတာကို မြားပစ်သံတွေပဲ ကြားနေရတာ
မမြင်ရတဲ့ အချစ်နဲ့ စစ်ရှုံးသလိုနေ့တွေ
အကြည့်နဲ့လမ်းတွေကို ရပ်တန့်ပစ်လိုက်တယ်
ကမ်းတစ်ခုနဲ့တစ်ခု မနီးကပ်ခဲ့သလို
သင်္ဘောကြီးစီးပြီး ငါတို့ နေ့စဉ် ဝေးခဲ့ကြတာ
မမြင်ရပေမယ့် သတိရစိတ်နဲ့ အော်ခေါ်မိတယ်
ကြာရင် ရှင်မေ့သွားမှာပါတဲ့
စိတ်မှာ မီးစွဲသလို လောင်တယ်
ကွေးကောက်နေတဲ့လမ်းမှာ ငါတို့ မဖြောင်တန်းခဲ့တာ
ညညအိပ်မပျော်လို့ လရောင်ကို ထထစမ်းနေရတာ
မှောက်သွားတဲ့ကော်ဖီခွက်ကို ပြန်တည့်မတ်နေရတာ။
မီးကို စတင်တွေ့ရှိသူဟာ
ကမ္ဘာကြီးကို မီးထဲ ထားခဲ့တယ်
စနစ်တံ အဖြုတ်ခံထားရတဲ့ ဗုံးတစ်လုံး
ကျမ အကြောင်းမတွေးရရင် သေမတဲ့လား ရယ်ရတယ်
ရင်ထဲစူးဝင်နေတဲ့ ဆူးတစ်ချောင်း ဘယ်လိုနှုတ်မလဲ
အခု သွားပြီ ။ ငါ့ဘ၀လည်း မရှိတော့ဘူး
အိပ်မက်ကို ကြောက်လို့ ထထိုင်မိတာ
နှလုံးသွေးထဲ တစ်ညလုံး မင်းအကြောင်းပဲ ဆူပွက်နေတယ်
မင်းမရှိတော့တဲ့ အနာနဲ့
ဓားနဲ့ ရှမိသလို ညတွေ
ငါ့ညတွေ ငါ့ပြန်ပေး
ငါပြန်မယ်
ကမ္ဘာထဲက ငါ့ကို ဖဲ့ထုတ်လိုက်
အခု ငါလမ်းမပေါ်
မရှိတော့တဲ့ အသက်နဲ့
သွေးထဲက ပြန်မထွက်တော့တဲ့ အဆိပ်နဲ့
တစ္ဆေတစ်ကောင်
သူ့ကိုယ်သူ ခြောက်လှန့်လို့
လမ်းရှိသလောက် .... လွင့်လို့။

လွင့်သွားတဲ့ လေအတိုင်း
ပွင့်နေတဲ့ ရင်ဟာ
ထုတ်ချင်းပေါက် မြင်နေရတယ်။ ။


ဆောင်းဝေ
23.8. 10

ရင်မှာရှသွားတဲ့ သီချင်း

မြို့ထဲ ကျွန်တော့် တွေ့မိသေးလား
ညီမလေးကို တွေ့မိသေးလား
ရှုမျှော် ခင်းကိုဖွင့်ချလိုက်တော့
မြက်ခင်းစိမ်းစိမ်း။ သစ်ပင်စိမ်းစိမ်း
အခု ကိုယ်စိမ်းလန်းနေတယ်။

ကျောက်ဖြစ်ရုပ်ကြွင်းထဲ သမိုင်းဟာရွေ့နေသလို
ကိုယ်လည်း အခုမှ လှုပ်လာတယ်။
အသားထဲ ဆုူးတွေစုးဝင်နေသလို
ကမ္ဘာဟာ စစ်ပွဲကို မလိုချင်လည်းရခဲ့တယ်
ကိုယ်လည်း အလွမ်းနဲ့ လောင်ခဲ့တယ်။
...............ရေ
ပြေးနေတာတောင် မဝေးတော့
မင်းမရှိကမ္ဘာဟာ ကိုယ့်အတွက် အသေပေါ့။

ဒီလိုနဲ့ အမှောင်မှုာ
သစ်ကိုင်းလေးတွေ တဖျောက်ဖျောက်ချိုးလို့
ဂစ်တာအိုးကို တဒေါက်ဒေါက်ခေါက်လို့
တလွှာချင်း တချပ်ချင်း။ မုန်တိုင်းလို မြေငလျင်လို
သတိရခြင်းကိုပဲ ရခဲ့တယ်။

တကယ်ပါ
အချစ်မှာ စစ်ရှုံးရတာ
ကိုယ့်မှာ
ပျော်ရတယ် ။


ဆောင်းဝေ
20 . 7. 2010


ရန်ကုန်တစ်ဖက်ကမ်း

ရန်ကုန်တစ်ဖက်ကမ်း
တစ်ဖက်ကို ဟိုဘက်ကမ်း ချထားတာ
ရေက ထိုးခွဲလိုက်လို့ မြို့က နှစ်ခြမ်းကွဲသွားတာ
ရင်နှစ်ခြမ်းကွဲသွားတာ။

ဒီဘက်ကမ်းက တွန်းထုတ်လိုက်ရင်
မျက်ရည်မြစ်မှာ ဘ၀တွေလွင့်သွားတာ
ရေမှာအသိုက်ဖွဲ့နေရတာ
လေထဲမှာ ဖုန်မှုန့်တွေလွင့်သွားတာ။

မြေနဲ့လေနဲ့ ကမ္ဘာဆိုပေမယ့်
ရေနဲ့ ရထားတဲ့ ကိုယ်ဝန်သယ်မြို့လေး
ပျော်သလောက် ပျော်တော်ဆက်နေရတယ်။

ကွမ်းယာ ဆေးလိပ်၊ ဂျာနယ်သမား
ဂဏန်ပုဇွန် ဘ၀လတ်လတ်ဆတ်ဆတ်တွေ
ရင်နဲ့ရင်းပြီးနားထောင်
ချစ်တတ်ရင်
ငိုသံတွေလည်း လှတယ်။

ဒီလိုနဲ့ရောက်လာခဲ့တယ်
အိပ်မက်စိုက်ခင်းများ
လူငယ်များနှင့်တကွ
ဒလ ။ ။

ဆောင်းဝေ
24.6.2010


Saturday, August 21, 2010

ဖာထေးထားတဲ့ စိတ်ကူးနဲ့ မိုးခေါင်နေတာ တကယ်

ရယ်စရာကောင်းတဲ့ အဖြစ်တစ်ချို့က နဖူးကို ချိန်ရွယ်ပစ်လိုက်တယ်
ဗလုံးဗထွေး အတွေးများ အစိပ်စိပ်အဖြာဖြာ ပြန့်ကျဲလွင့်ပါးသွား
မောပန်းတကြီး ပွေ့ထူလိုက်မိတယ်
လက်ထဲ ဆုတ်ကိုင်မိတဲ့ အစအနလေးတွေ တိတ်တဆိတ် ဖြန့်ကြည့်မိ
ဟာ...ဘယ်မှာလဲ
မတွေ့ရခြင်းကို တွေ့နေရ ကြားနေရ ထပ်တွေးနေရ
နောက်ထပ်လေဟာနယ်ပေါင်းများစွာထဲ တစ်ခုခု ရှိမလား
ရချင်တယ်...မရဘူး ထပ်ရချင်တယ်...အထပ်ထပ် ဝေးသွား
တည်ဆောက်မိပေမယ့် တဒင်္ဂဟာ တဒင်္ဂစစ်စစ်ကို ဖြစ်
မပျက်စေနဲ့ ပျက်ခြင်းဟာ ဖြစ်စဉ်က ထပ်ပြီးပျက်
အမှောင်ကို အလင်းထဲ မျက်စိမှိတ်ရှာမိတယ်
အလင်းက အမှောင်ချောင်မှာ ပုံးကွယ်လို့
ဖွင့်လိုက် ပိတ်ခြင်းဟာ ဖွင့်ခြင်းကို စောင့်၊ ဖွင့်ခြင်းဟာ ဖွင့်ခြင်းကို ပြန်စောင့်
ပြန်စောင့်နေကြ ပြန်စောင့်နေကြရင်း
ဆက်သွယ်မှု ဧရိယာပြင်ပလို့ ပြောပြန်တယ်
ဘယ်အထိ ဘယ်နှမိုင် ဘယ်ကမ္ဘာ ဘယ်စကြ၀ဠာလဲ
တကယ်မဟုတ်ရပါဘူး
ရင်ထဲမှာ ပျောက် နှလုံးသွေးမှာ ပျောက် ဘ၀ထဲမှာ ပျောက်
လူတွေကို တစ်ခု တစ်ကောင် တစ်ယောက်က ချောင်းနေမယ်
လူတွေက တစ်ခု တစ်ကောင် တစ်ယောက်ကို ပြန်ချောင်းမယ်
သံသယကို ထက်မြအောင် သွေးရင်း တစ်ဦးနဲ့ တစ်ဦး
စိတ်ထဲထိ နစ်မြှုတ်သွားအောင် ခုတ်ပိုင်းလိုက်ကြ
တွန့်ဆုတ်တွန့်ဆုတ်နဲ့ နီးလာတဲ့ သေခြင်း
အတင့်ရဲလာတဲ့ ကိစ္စတွေ တစ်စစ ကူးစက်လာကြောင်း
အတည်ပျက်ခြင်း မှာ ပျော်မွေ့နေကြောင်း
အမြင်တွေ တစ်ဖက်ထဲ မြင်နေရကြောင်း
မင်းတို့ပဲ မင်းတို့ဖြစ်ကြောင်း၊ ငါတို့ပဲ ငါတို့ဖြစ်ကြောင်း
အိတ်သွန်ဖာမှောက် တွယ်တတ်လာတဲ့ နွယ်တွေ
ကြာလေ ရှုပ်လေ ရှင်းမရလေ ဖြစ်ကြောင်း
ဖန်တီးထားတဲ့ စမ်းချောင်းလေးမှာ အပျော်ရှာကြရင်း
ဖာထေးထားသော စိတ်ကူးနဲ့ မိုးခေါင်နေတာ
တကယ်ကို ကြာနေတာ မမှတ်မိတာ ကြာပြီ။ ။

နွေဦးကို

ဒီသူငယ်ချင်းကတော့ ဒီနေ့ နေ့လည် ၁၂း၁၀ လောက် ရောက်လာတယ်။ သူက အခု စရဏမဂ္ဂဇင်းမှာ အယ်ဒီတာလုပ်နေတာပါ။ ပြောပြဖို့ စောနေသေးတဲ့ အကြောင်းတစ်ခုလဲ ပါလာတယ်။ အဲဒီအတွက် တိုင်ပင်ကြ
သူ့စိတ်ကူးကို ပြောပြ။ ကိုယ်စိတ်ကူးကို ပြောပြ။ လူကြိုက်များဖို့ လူထဲရောက်ဖို့ ဘယ်လိုပြင်ဆင်မယ် ဘယ်လို
မြှင်တင်ရေးလုပ်မယ် စသဖြင့်အများကြီးပါ။ လိုဂိုကိစ္စတွေ မူကြမ်းစီမံထားတွေ စုံလို့။ နောက်တော့ သူရေးဖြစ်တဲ့
ကဗျာကို ထုတ်ပြတယ်။ ကိုယ်ရေးဖြစ်တဲ့ ကဗျာကို ထုတ်ပြတယ်။
သူက စရဏမဂ္ဂဇင်းအတွက် ကဗျာတစ်ပုဒ်ယူသွားတယ်။
ကိုယ်က ပင်ကူအန်တိမ်တိုက်တင်ဖို့ ဒီကဗျာတစ်ပုဒ် ယူထားလိုက်ပါတယ်။
နောက်တော့ မောင်မင်းစိုး(ရွှေနံ့သာ)ဆီကို သွားကြတယ်။ ရွှေဂုံတိုင် ဒီဘက်ထိပ် ကားပေါ်ကလဲ ဆင်းရော့
မောင်မင်းစိုး၊ ဖိုးဆောင်း၊ ထင်အောင်တို့ကို တွေ့တယ်။ လဖက်ရည်ဆိုင် ထိုင်၊ ရယ်စရာတွေ ပြော။ စကားတွေပြောပြီး
နောက်
လမ်းခွဲခဲ့ကြတယ်။
ဒါပါပဲ။

ဆူးရင့်

အစိပ်အပိုင်းများဖြင့် တစ်စိပ်တစ်ပိုင်း သို့လော သို့လော

မြို့ကြီးကြီးလိုလို လူနေထူထပ်နေသလိုလို တကယ်ပဲ ရှုပ်ထွေးပွေလီနေသလိုလို
လိုသလို လိုအပ်တာတွေရော မလိုအပ်တာတွေရော
လိုအပ်တာ အငယ်လေးတွေ အတွယ်လေးတွေ အစွယ်လေးတွေ ထွက်နေကြတာ
အရွယ်လေးတွေ ရလို့ ရွနေကြတာ။

မကောင်းရင် ကျောင်းကို ပို့လိုက် မလန်းရင် ခွေခေါက်ထားလိုက်
ခေါက်လို့ တွန့်ကြေသွားတဲ့ အဟောင်း၊ အဆွေး၊ အရိ၊ အရွဲ၊ အပုတ်၊ အသိုးတွေ
အသစ်ကလေးဆို သေးသေးလေးကအစ သုတ်လိုက်
မြန်မြန်
သေးသေးလေးက
အပြာရောင်မီးတောက်လေးကို ခြစ်ပြနေလို့
အချစ်လို့ ခေါ်လိုက်ရမလား။

ပူစီတွေက မူလီတွေနဲ့ရောပြီး ရစ်လိုက်ကြ
ကြပ်လွန်းတော့ အရစ်တွေ ပြုန်းထွက်ကုန်တာပေါ့
ကုန်သွားတော့ အပြုံးတွေကိုယ်စီဟာ မလတ်မဆတ်
ဆက်၍ ရှိနေခိုက် ခိုက်လို့ တဆတ်ဆတ်ခါပြနေတာလား ထင်ရ
ခါချနေတာလည်း ဖြစ်နိုင်သလို
နည်းနည်းလေးမှ အထိမခံနိုင်တာ ကိုက်နေလို့ပဲ။

စတန့်သမားတွေက တစ်မှောက်
ဂလန့်သမားတွေက တစ်လျှောက်
စိတ်ခဲကြွတွေက ဂေါတ်တောက်တောက်
အပူတွေလိုက်လိုက်စုနေတဲ့ အပူသည်တွေနဲ့
အမှုတွေလိုက်လိုက်စုနေတဲ့ အမှုသည်တွေနဲ့
အရူးတစ်ပိုင်းကို ရေနဲ့ရောရောသောက်တဲ့ ငမူးတွေနဲ့
အခန်းလွတ်တွေနဲ့ တစ်ခန်းလွတ်နေတဲ့ ငထူးတွေနဲ့
အနံ့အသက်မကောင်းတဲ့ အူတူတူ ငအူကောင်တွေ
ဒါနဲ့ ရောနှောဆက်ဆံလိုက်ခြင်းက ဘာများ အဓိပ္ပာယ်ရှိပါသလဲ။

လူအထင်ကြီးခံချင်နေတာ တမျိုး
အချောက်တိုက် နာမည်ကြီးချင်နေတာ တဖုံ
ဤဆေးကို ဘယ်လို ရောစပ်သုံးစွဲမလဲ
ကိုယ်ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်း မသိတဲ့ သတ္တ၀ါကောင်တွေ
ဤဆေးကို လှုပ်သောက် လှုပ်သောက်
လူအရာမ၀င်တဲ့ လူဖြစ်ပြီး သူငယ်နာ မစင်တဲ့ လူတွေ
ဤဆေးကို လှုပ်သောက် လှုပ်သောက်
သတိပေးနေရသေးတယ်။

အစကတော့ ဆွဲလိုက်ပြီ
ဘယ်လိုက စပြီး ဘယ်လို ဆုံးလိုက်ရမှာလဲ
ဘာဖြစ်လို့ ဘာဖြစ်လိုက်မှန်းတောင်
မသိလိုက်ဘူးတဲ့ မြွေတွေ ဖမ်းနေကြတာ
ရေမြွေတွေလား၊ မြွေဟောက်တွေလား
အဆိပ်ရှိ မရှိ ခွဲတောင် မခွဲဘူး။

ဝ/၀စား၊ ဝေး/ဝေးနေ၊ ၀င်မရှုပ်နဲ့
ဝတစ်လုံးဆောင် အိုတောင် မဆင်းရဲ
အကောင်းကြီးရင် အားနည်းနည်းပဲ ပိုစိုက်ရတယ်
ရူးချင်ရင် ထမင်းလွတ်အောင်ရူး
အထူ အပါးထက် လူစကားကို ပိုနားလည်ကြပါခင်များ။

ကောင်းတာလေးတွေမှ လှတာလေးတွေမှ
အလွန်အင်မတန် နှစ်သက်
လူတစ်ကိုယ်လုံးပေါင်း တစ်ကျပ်တောင် မပြည့်တဲ့ သူတွေ
ကလေးကစားကွင်းထဲ ပြေးဝင်နေချင်သလိုလို
မိုးပျံရထားပဲ စီးချင်နေသလိုလို
သရဲခြောက်တဲ့ အိမ်ကြီးထဲ ရောက်နေသလိုလို
ဟို မရောက်၊ ဒီ မရောက်
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ ကလေးလူကြီးတွေ ပေါမှပေါ။

အသစ်အဆန်းလေးတွေဆို
မျောက်လက်ထဲ သေနတ်ရသလို
တွေ့ကရာ မြင်ကရာ တဒိုင်းဒိုင်း
မျောက်တစ်ဝက် လူတစ်ဝက်ကောင်တွေက
မြှောက်မြှောက်ပြီး အမြှောက်နဲ့ ပစ်ချနေတာ
မြောက်နေတာပဲ မြေကို မထိဘူး။

တစ်ယောက်ထဲ ဟိုဘက်နည်းနည်းလောက် တိုးပါဦး
ဘောင်းဘီကြပ်နေတဲ့ တက်တူးကောင်တွေ
အရေပြားနာတာထက် သူလိုကိုယ်လိုပါပဲ
မတူတာက သွားရည်တွေ ယိုကျလာပြီး
ခွေးရူးပြန်သလိုလို ၀က်ရူးပြန်သလိုလို ဖြစ်နေတာက လွဲရင်။

ကြယ်တွေကို လိုက်ဖမ်းလိုက်ဦးမယ်
ကြယ်သီးတွေ ဖြုတ်လိုက်တယ်
အတောင်ပံတွေ ရနေပြီ
အာကာသထဲ ပျံတတ်သွားတဲ့ ငကောင်းတစ်ယောက်က
အကျမှာ အစအနတွေနဲ့ အသက်ကင်းမဲ့။

အခန်းတံခါးတွေပိတ်
စန္ဒယား ခလုပ်တွေနှိပ်
ဟေ ဟေ့ ပျော်စရာကြီး
အန်ကယ်ကြီး အသက်က (၆)ကွေ့ ကျော်နေပြီ။

Aဇယားဝင်လာတဲ့ ရှောခ့်ပဲ
B.C က သူ့အဆင့်နဲ့သူ နေသာထိုင်သာ
D တွေ ၀င်လာတာက ရေတွေ မဟုတ်ဘူး
A ကိုက်လည်း သေတတ် D ကိုက်လည်း အနေခက်
ခက်ခက်ခဲခဲတွေကြောင့် မသာမယာတွေ ဖြစ်လို့
မသာတွေ ပေါ်ကုန်ကြပြီ။

အချိန်တန်ရင် အိမ်မပြန်နိုင်ကြ
ကွိုင်တွေလိုက်လိုက် ရှာနေတာ အထပ်တွေမှာ ငဖြဲတွေက
ထိုနေရာမှာ အထပ်လိုက် အထပ်လိုက် ပြုံလို့။

ထစ်ခနဲ့ဆို တိုင်ပင်ကိုက်ပြီးသား တိုင်တွေ ပတ်နေတာလည်း
ရှင်းလို့ကို မရဘူး အရှုပ်ထုတ်တွေ အထုတ်တွေ
သယ်သယ်လာကြ အလုပ်တွေ ပေးနေတာ။

လာမထိနဲ့ ထိရင် ငြိမယ် ငြိရင် ဆွဲစားပစ်လိုက်မယ်
မလုပ်နဲ့ တားမရ ဆည်းမရ
ဆလိမ်နဲ့ မဆိုးပဲ ဇကွဲနဲ့ ဆိုးတဲ့ ဇိုးတွေ
လမ်းလျှောက်ရင် ဇပ်တောက် ဇပ်တောက်နဲ့။

ဘာပဲလိုလို ဦးစားကြီး ရှိတယ်
တစ်ခါ တစ်ခါ ကြော်ငြာဝင်တတ်တဲ့ ဘီးကြဲကြီးက ပြူးပြူးပြဲပြဲ။

လာထား အိတ်မစိုက်ရရင် ပြီးရော
ရစရာ ရှိရင် ရှိတာ အကုန်ယူ
အပီအပြင် ယူ/ယူနေတဲ့ အပေါင်းအသင်းတွေ
ဟိုမှာ ယူကုန်ကြပြီ အပိုင်။

ဘာရမလဲ ဟုတ်သော်ရှိ မဟုတ်သော်ရှိ
မဟုတ်မှ လွဲရော
ရှိတာ အကုန်ထုတ်
အိမ်တိုင်ပါ ချွတ်ပြီး ပုံအောလိုက်
တစ်ဘ၀လုံး မွဲခဲ့တဲ့ ငမွဲက ပုံးတွေ ပါးစပ်ဖျားကကို မချဘူး။

မဟုတ်က ဟုတ်ကတွေ
မဟုတ် မဟတ် လုပ်တတ်တာတွေနဲ့
ဟုတ်တာရော မဟုတ်တာရော
ရောရောချလိုက်တဲ့
ရောတောရှိ ရောတောရှိတွေ ရှိပါစေတော့
လိုက်လို့ကို မမီဘူး မှတ်တောင်ထားရဦးမယ်။ ။

မင်းသက်ဇဉ်

မနေ့က (၂၀)ရက်နေ့ နေ့လည်ခင်းပိုင်း(၁၂)နာရီ ကျော်ကျော်လောက်မှာ သူငယ်ချင်း မင်းသက်ဇဉ် အလည်ရောက်လာပါတယ်။ တစ်ယောက်တည်း လွယ်အိပ်တစ်လုံးနဲ့ မြေနီကုန်းမှာ အလုပ်ရှိလို့ လမ်းသင့်တာနဲ့ ကိုယ့်ဆီ ၀င်လာတယ်လို့ ပြောတာပဲ။ သူနဲ့ မတွေ့ဖြစ်တာ (၇)လကျော် ကြာသွားပြီ။ အဲဒီကာလအတွင်းမှာ သူ့ဆံပင်တွေဟာ ချေဂွေဗားရားပုံ ပေါက်သွားတယ်လို့ ကိုယ်ထင်မိတယ်။ သူ့အတွက် ရှိတာလေးနဲ့ လှလှပပ ဧည့်ဝတ်ပြုလို့။ သူကံကောင်းတယ်....အရင်နေ့ နောက်နေ့တွေ လာမယ်ဆိုရင် အခုပြောနေတဲ့ ရှိတာလေးက ဘာမှရှိတာ မဟုတ်ဘူး။ သူလာမယ့် ဒီနေ့ကျမှ မန္တလေးက သူငယ်ချင်း ဖက်တီး ရန်ကုန်ကို ရောက်လာပြီး ထိုးမုန့်တစ်ထုပ် လက်ဆောင်ပေးလို့ အဲဒီထိုးမုန့်နဲ့ သူ့ကို ဧည့်ခံလိုက်တာဟာ ရှိတာလေးနဲ့ ဧည့်ဝတ်ပြုတယ်ခေါ်တယ်။ တစ်ဇွန်းစာ တစ်ကိုက်စာလောက် ကိုက်စားပြီး သူလည်း အီသွားရော။ ကဗျာတွေအကြောင်း ပြောဖြစ်ကြတယ်။ ကိုယ်ရေးဖြစ်ပြီး သူမသိသေးတဲ့ ကဗျာတွေ...သူရေးဖြစ်ပြီး ကိုယ်မသိသေးတဲ့ ကဗျာတွေ ခါးကြားက သေနတ်တွေ ထုတ်သလို သူကလည်း သူ့လွယ်အိပ်ထဲက ထုတ်၊ ကိုယ်ကလည်း ကိုယ့်လွယ်အိပ်ထဲက ထုတ်ပြီး တစ်ယောက်ရင်ဘတ်ဆီ တစ်ယောက်ပစ်ကြ။ တစ်ယောက်က တစ်ယောက်ရဲ့ ကဗျာကို ဖတ်သလို တစ်ယောက်ကလည်း တစ်ယောက် ကဗျာကို ဖတ်ကြ။ ပြီးရင် ဝေဖန်ကြ လေကန်ကြ မှတ်ချက်ပေးကြ၊ သူက ပေဖူးလွှာမဂ္ဂဇင်းအတွက် ကိုယ့်ကဗျာတစ်ပုဒ်ကို ယူသွားသလို ကိုယ်ကလည်း သူကဗျာတွေထဲက ဒီတစ်ပုဒ်ကို ပင့်ကူအန်တိမ်တိုက်အတွက် ယူထားလိုက်တယ်။ နေ့ခင်း (၁)နာရီလောက်မှာ သူပြန်သွားတယ်။ သူက လွယ်အိပ်ကို လွယ်လို့၊ ကိုယ်ထင်မိတဲ့ ချေဂွေဗားရား ဆံပင်ပုံကို သူ့ခေါင်းမှာတပ်လို့။ ကိုယ့်က ကိုယ့်ခြေထောက်ကို ကိုယ်လှမ်းလို့ သူမထင်မိတဲ့ အိုဘားမားဆံပင်ပုံကို ကိုယ့်ခေါင်းမှာတပ်လို့...တဖြည်းဖြည်း... တရွေ့ရွေ့ ဝေးလို့..........သူပေးထားတဲ့ ဒီကဗျာကို စာစီတယ်။ ပြီးဆုံးချိန်ကတော့ 21. 8. 2010 မနက် 1:55မိနစ်လို့ အားနေရင် မှတ်ထားလိုက်ပေါ့။ မမှတ်လည်း ဘာမှတော့ အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး။

ဆူးရင့်

Friday, August 20, 2010

FREE SIZE ကဗျာတီရှပ်

မင်းဒီနေရာမှာ ဘာလုပ်နေတာလဲ အန္တရာယ်ရှိတယ်
လူကူးမျဉ်းကျားမှ ကူးပါ ပျော်ရွှင်ဖွယ်ရာတွေကို ဓာတ်ပုံရိုက်မယ်
DEMENTIAလို့ ခေါ်တဲ့ ရောဂါကြောင့် ဖြစ်တတ်တဲ့ စိတ်ဖောက်ပြန်မှုစတဲ့ ရောဂါတွေဟာ
လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းမှန်မှန်ယူခြင်းတို့ကြောင့်ရောဂါဖြစ်ပွားမှုကို တားနိုင်ပါတယ်
ခေတ်ကို ကြုံတွေ့ရမှုက မပြောချင်တာတွေ များနေပေမယ့် အရိပ်တွေ့ရမှာပဲ
Plz a,s,l ရန်ကုန်အနုပညာမြေမှ ကြိုဆိုပါတယ်
မျှော်လင့်ချက်ဟာ နေလောင်ခံထားရတယ်
တကယ်လို့ မျှော်လင့်ချက်ဟာ ဓားထိုးခံထိတယ်ဆိုရင်
သူ့ရဲ့ ဓားထိုးခံထိတဲ့ အလောင်းကောင်ဓာတ်ပုံကို
ဂျာနယ်ထဲမှာ မြင်မကောင်းရှုမကောင်းအောင် ထည့်ထားရင် သင်ဘယ်လို ခံစားရမလဲ
ကိုယ်က မြစ်ဘက်က မော်တော်ခုတ်မောင်းသံကို နားထောင်နေတတ်တယ်
ဝူးရှီဂယ်လို အသည်းကွဲတာ မဆန်းပါဝူး
ချစ်မေတ္တာမှိုတက်နေပြီဆိုတာပဲ
ဖြောင့်တဲ့ သစ်ပင်ဟာ အရင်အခုတ်ခံရတတ်တယ်
စိတ်အတွင်းထဲက မီးလောင်ဖုတွေ ကိုယ်ရေတွက်တယ်
အကြမ်းဖက်မှုရဲ့ ရက်စက်မှုတွေ
အိမ်တွေဟာ သံပန်းတံခါးတွေကို အလုံပိတ်ထားပြီး
သူစိမ်းဆန် သံသယလူခေါ်ခေါင်းလောင်းကြိုးတွေကို တွဲလောင်းချထားတတ်တယ်
ကဗျာအနုပညာအတွက် ဈေးကွက်မရှိဘူး ကျော်ကြားမှုက
ခပ်ညံ့ညံ့ဖျော်ဖြေမှုတွေအပေါ်မှာပဲ ငွေတွေကို ပြည့်လျှံစေတယ်
ပါးကို ခပ်ပြင်းပြင်းထိုးထည့်ပစ်မိမယ်
ကျွန်တော်က ကျွန်တော်ကဗျာရေးတယ်ဆိုတာကို ကဗျာထဲ ထည့်ရေးမိတယ်
ချက်ချခံထားရတဲ့ တံခါးကြားကနေလည်း ကြယ်တွေကို ချောင်းကြည့်တတ်ခဲ့ပါတယ်
ပျော့တွဲနေပါတယ်

စိုးမင်းအောင်
၂၀၁၀၊ ဇူလိုင်၊ ၂၇။
မနက် ၈ နာရီ ၄၅ မိနစ်။

မှတ်ချက်။ ။အနီရောင် ပေးထားသော စာကြောင်းမှာ ဆရာမြသန်းတင့်၊
အတ္ထုပ္ပတ္တိ၏ အတ္ထုပ္ပတ္တိစာအုပ်၊ စာမျက်နှာ(၉၀)မှ စာသားဖြစ်သည်။

ဝေးဝေးက ဝေ့နေတဲ့ အသံ

နွေခေါင်ခေါင်မှာ ရေကို ဆာသလို ကဗျာကိုဆာတယ်ကဗျာက ဆာလောင်မှုတစ်မျိုးလား။ငယ်ငယ်က တစ်စုံတစ်ရာကို လွမ်းသလို ကဗျာကိုလွမ်းတယ်ကဗျာက လွမ်းဆွတ်မှုတစ်မျိုးလား။အလေ့ကျ အပင်လို တွေ့ကရာ ပေါက်ဖွားတယ်ကဗျာက လွယ်ကူတဲ့ အနုပညာလား။ကဗျာဟာ ဘယ်အရပ်မှာ ကျင်လည်နေပြီးဘယ်ကောင်းကင်အောက်မှာ နားခိုသလဲ။ကဗျာက ကဗျာဆန်ဆန် ကဗျာဖြစ်သလိုမျိုးကဗျာက ကဗျာမဆန်ရင် ကဗျာမဖြစ်နိုင်ဘူးလား။ကဗျာမှာ အမည်နာမ မရှိသလို ကဗျာက ပရမတ္ထသစ္စာလား။ကဗျာက လွတ်လပ်ကောင်းကင်ရဲ့ သင်္ကေတဖြစ်သလိုကဗျာက မလွတ်မလပ် မွန်းကြပ်ပိတ်လှောင်ခြင်းရဲ့ ထွက်ပေါက်လား။ကဗျာမှာ နားမရှိသလို ကဗျာက နှလုံးသားခေါ်တိုင်း ပြန်ထူးတတ်သလား။ငါက ကဗျာရေးသလို ကဗျာက ငါ့ကို မရေးဘူး။ဒါ ကဗျာလား၊ ကဗျာနဲ့တွေ့ မှ မေးကြည့်ရဦးမယ်။

အတည်မဲ့

Wednesday, August 18, 2010

စွန့်လွှတ်/စွန့်ထုတ်ခြင်း၊ ပြန်လည်သိမ်းဆည်းခြင်း

ပုံစံနဲ့ ကိုက်ညီအောင် သေချာစဉ်းစားပြီး ပထမဆုံးခြေလှမ်းကို စတင်လိုက်ပါတယ်
ဖြတ်သန်းသွားလာနေတဲ့ မိုးတိမ်တွေကို အဆွေးများသဖွယ် တွေ့ရပါတယ်
လိုမယ်ဆိုရင် ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်လေ
ကမ္ဘာကလည်း ညစ်ညမ်းတယ် ဟိုနိစ္စဓူဝကလည်း ညစ်ညမ်းတယ်
ဗလာကိုယ်ထည်လေ ဗလာဗလာပါ
တစ်စုံတစ်ရာကို အတင်းဆွဲဖက်ထားသလိုမျိုး ပျော်ရွှင်မှုကို ကျွန်တော်ဆွဲဖက်ထားတယ်
ရှေ့လမ်းချိုးတစ်ခုမှာ သူချိုးသွားတယ် ကျိုးသွားလိုက်တာမှ
ရင်ဘတ်စည်တီး ရင်ကြီးမီးလောင် ရင်ပပ်ကြားအက် ရင်ဖရိုဖရဲ ရင်ကစဥ့်ကလျား
အားလုံးဒီအတိုင်း ယခင်အတိုင်းလေ ညစ်ညမ်းမှုအကုန်လုံးကို သန့်စင်အောင်တော့
အကျိုးမဆောင်ပါနဲ့ ငြိမ်နေတဲ့ လူဆိုတာလည်း တစ်ချိန်တည်းမှာပဲ
လှုပ်ရှားနေသလို လှုပ်ရှားနေတဲ့ လူဆိုတာလည်း တစ်ချိန်တည်းမှာပဲ
ငြိမ်ကျသွားတာမျိုး ချောက်ချားမှုကို ရူးသွပ်ဖွယ်
ကိုယ်ခြောက်လှန့်ထုတ်မိတယ် အခုအထုပ်ဖြစ်သွားတာက စိတ္တဇအရှုပ်ထုပ်လေ
မနက်ခင်းလည်း ပြုလုပ်သန့်စင်နိုင်တဲ့ အနေအထားမရှိအောင် နေ့လယ်ခင်းလည်း
ဆေးဖက်ဝင်နေ့လယ်ခင်းမဖြစ်နိုင်အောင် ညခင်းလည်း အမှုန်အမွှားဘ၀ထဲက
ရုန်းမထွက်နိုင်အောင် ကိုယ်ဖြစ်ရတယ် ဒါကလည်း သဘောကို ပြောတာပါ
ကျွန်တော်ပြောတာကို သဘောပေါက်လား မပေါက်လည်း သဘောကို
ဒီအတိုင်းထားခဲ့လိုက် ပေါ့ပေါ့ပါးပါး ပေါ့ပေါ့ပျက်ပျက်တော့ မလုပ်နဲ့
ပိုနေရင် ခုတ်ချလိုက် စတန့်များရင် ဂန့်သွားမယ် ပေါ်ပင်မလုပ်နဲ့ ငါ့ရင်ထဲ
အမှိုက်တွေ လာမပစ်နဲ့ သဘောကို ပြောတာပါ ပေါ်ပင်မလုပ်နဲ့ဆိုပါတော့
ဖြည့်စွက်စရာဟာ တစ်နေရာရာမှာ ရှိနေတယ် ကိုယ်ခေါ်ရာ လိုက်ခဲ့တော့လို့
ဇွတ်မတိုက်တွန်းလို ပြောမယ် ပိုက်ဆံဟာ မိုးပေါ်က ကျလာမယ့်နေ့
တနင်္ဂနွေမဟုတ်လည်း လက်ထပ်မယ် ငြိမ်ငြိမ်လေးနေလိုက် မီးပျက်သွားတဲ့
လေအေးပေးစက်လို ဒါပေမဲ့ တစ်ခုခု တို့လိုနေတာတော့ အမှန်ပဲ ပျော်ရွှင်စရာဟာ
ကမ္ဘာမှာ ပျက်သုဉ်းပျောက်ကွယ်သွားပြီလို့ မဆိုလို ရုန်းမထွက်နဲ့ ကိုယ့်လူ
အေးရင် အေးမယ် ပူရင် ပူမယ် ဒါအေးအေးပူပူကဗျာ CITY TAXI လေးနဲ့ လာနေတယ်
ဖတ်သူရှေ့မှောက်အရောက်။

စိုးမင်းအောင်၊ သူရနီ၊ လင်းသဏ်ညီ

၂၀၁၀၊ ဇွန်လ၊ ၉ ရက်။
ူ
ကိုယ်မရေးတဲ့ အတွက်........သူငယ်ချင်းတွေ ရေးဖြစ်ကြတဲ့ ကဗျာလေးကို တင်ပေးလိုက်ပါတယ်။
ကဗျာဆရာတွေ စုစည်းမိပြီဆိုရင် တစ်ယောက်တစ်လှည့်စီ ကဗျာရေးဖို့ စိတ်ကူးရတတ်ကြတယ်လေ....။
ဆူးရင့်၊တန့်ဆည်၊

Tuesday, August 17, 2010

စိတ်ကူးသက်သက် မွစာများ

တစ်တစ်ခွခွနဲ့ တစ် တစ်လီ တစ်နေတဲ့ တစ်နေ့ တစ်ရက် တစ်နံနက်
စိတ်ဓာတ်ကျသလို နှင်းက နှစ်ကျပ်ခွဲဖိုးလောက်တောင် ကျမလာဘူး
ပြက္ခဒိန်တွေသာ တစ်ချပ်ပြီးတစ်ချပ် အရည်ပျော် ရွတ်တွနေတာ
မနက်ခင်းရဲ့ အခင်းအကျင်းဟာ စီးဆင်းနေမြဲပေါ့ လမင်း။

သစ္စာ မေတ္တာတွေဟာ အရည်တွေလား အဖတ်တွေလား
တစ်စုံတစ်ရာ ကြောက်ရွံ့ စိုးထိတ် မဝံ့မရဲ သမ်းဝေနေခြင်းလား
DNA . ပုံတူမျိုးပွား ကလုံး၊ တော်ဖလာရဲ့ လှိုင်းများ။

လမင်းရေ သတိရတယ် သတိရတယ် အရမ်းကိုသတိရတယ်
အရောင်စွဲ မေးခွန်းများကိုလည်း သတိရတယ်
လမင်းသံစဉ် နှစ်ဆယ့်လေးကိုလည်း သတိရတယ်..
အားလုံး
သတိ။ ။
ရတယ်...(အစိပ်၊ အပိုင်း၊ အကွဲ၊ အရှ၊ အပွန်း၊ အပဲ့တွေ)

ခွဲခွါရ ကွဲကွာရတော့မယ့် မကြာမီ နေ့ရက်များအတွက်
ဒါပေမယ့်
ဒါဟာ ပေတုန်းတစ်တုန်း မဟုတ်လို့ မဲ့နေရတဲ့ လူ့အဖြစ် မှတ်တမ်း
လောကဓံဟာ ရိုးရိုးလေး အရိုးခံအတိုင်း အရိုးရင့် ရိရွဲလို့
နှစ်တွေပြောင်းလဲတာကို သတိရပြီး စိတ်တွေ ပြောင်းလဲတာတွေ ပြောင်းလဲပစ်ဖို့
မလွယ်တဲ့ မလွယ်ကြောကြီးပေါ် ဖြစ်စဉ်တွေလည်း ပြောင်းလဲ။

ဒီအက္ခရာများကို နောက်ထပ် မိနစ်အနည်းမှာ အဆုံးသတ်ပါမယ်
သုည ညတွေ တွေတွေလေး လေးနက်၊ နက်နက်လာတဲ့ သံသရာချောက်ကြီးထဲ
ချောက်ချောက်ခြားခြား လည်နေ၊ ပတ်နေတာ...
ဥပမာ သွေးရှိလို့ တိုးတဲ့ သွေးတိုးကိစ္စ၊ အသည်းရှိလို့ ခြောက်ရတဲ့ အသည်းခြောက်ခြင်း ပြဿနာ
အသားရှိလို့ပဲ ပတ်ဝန်းကျင်ဟာ အသားဝါရောဂါလို့ ကင်ပွန်းတပ် ထွန်းကားခဲ့တာပေါ့။

မြန်မာကဗျာတွေ သွေးတိုး အသည်းခြောက် အသားဝါဖြစ်နေပါသလား
ဝါဒ ဝါဒီ ဂိုဏ်းဂဏနဲ့ ဗေဒ သီဝရီ နည်းစနစ်တွေ
အတိတ်က ဒဏ်ရာဟောင်းများလို လစ်လျူရှု မေ့လျော့ထားပါတယ်
စိတ်တောက်စားမှု နယ်နိမိတ်က ရုန်းထွက်ချင်ပါတယ်
ဒီဝါကျအားလုံးကို ကြိုက်သလို ခေါင်းစဉ်တပ်ပါ လူကြီးမင်းများခင်ဗျား။

ဆူးရင့်၊တန့်ဆည်၊
Heart( နှလုံးအိမ်) မဂ္ဂဇင်း
သြဂုတ်လ၊ ၂၀၁၀၊

ကဗျာစည်သွတ်ဘူး

ဇာတ်လမ်းတွေကို လုပ်ကြံဖန်တီးရတယ်။
ဖြစ်နိုင်ရင် ရင်ကို ဖွင့်ပြထားချင်ပါတယ်။
လူ့အဖြစ်ရရှိခဲ့တဲ့ ဘ၀မှာ ဘယ်အရာက အရေးကြီးဆုံးလဲ။
ဆင်းရဲသားလေးလည်း လူချမ်းသာတစ်ယောက်ဖြစ်သွားအောင် လှည့်စားနိုင် တယ်။
တစ်စဆီပြန့်ကျဲနေတဲ့ မောင်နှမတွေ စိတ္တဇတွေ ဝေးကွာနေတဲ့ ချစ်သူတွေကို
တစ်စဆီ ပြန်လိုက် ကောက်တယ်။
မြို့ပြရှင်သန်မှုထဲ နှင်းမီးခိုးများ ပိတ်လို့ အူ။
စောစောနိုးထခဲ့တဲ့အခါမှာ ကိုယ်တစ်ယောက် စောစောလွမ်းဆွေးရပါတယ်။
ကတ်ကိုဘိန်းသောက်ခဲ့တဲ့ စီးကရက်နဲ့ ကိုယ်သောက်နေတဲ့စီးကရက် အခိုးအငွေ့များ ဟာ ပုံတူ။
ကိုယ်ဟာ ကဗျာသမားဘ၀ တီရှပ်နဲ့ဂျင်းဘောင်းဘီကို ရွေးချယ်ဝတ်ဆင်မိခဲ့ပါတယ်။
အသည်းနှလုံး ရဲ့ နံရံတွေ ချောက်ချားရူးသွပ်ဖွယ်ဖြစ်အောင် ပြိုပျက်ကစဥ့်ကလျားဖြစ်နေပါတယ်။
ထို့ကြောင့် ကဗျာအနုပညာ မြေမှာပဲ ခေါင်းချချင်တယ်။
ကျောက်တူးတဲ့ သူတွေက ရရှိလာတဲ့ ကျောက်ကို ယူ၊
ကိုယ်က ချစ်မေတ္တာတူး သမားတစ်ယောက်ဆိုတော့
ရရှိလာမယ့် ချစ်မေတ္တာကို ယူ၊
ခင်ဗျားက ကျန်တာတွေ အကုန်တူးသမားတစ်ယောက်ဆိုတော့ ကျန်တာတွေ အကုန်လုံးကို ယူရမယ်။ ဘတ်စ်ကားကျပ်ကျပ်စီးရတဲ့ အချိန်အခါမှာ ဘာသာစကားကျပ်ကျပ်တွေကိုပဲ ကိုယ့်ဆီက ခင်ဗျားရရှိနိုင်ပါတယ်။
ကားရဲ့ လီဗာကို အဆုံးအထိ ဖိနင်းချင် နင်း၊
နည်းနည်းပိုသန့်ရှင်းတယ် ထင်ရတဲ့ လေကို တ၀ကြီး ပိုရှူချင် ရှူ၊
အသင့်ပြုလုပ်ပြီးသား အစားအသောက်တွေကို အသင့်ဖောက်စားသုံးချင် စားသုံး၊
လူသားဆန်မှုတရားကိုတော့ ခင်ဗျားမမေ့မလျော့ဘဲ နေရမယ်။
အကြမ်းဖက်မှုရဲ့ အနက်များဟာ
အနက်ရောင်ဝမ်းနည်းကြေကွဲရမှုများပဲ ပေးတယ်ဆိုတာ နှလုံးသားထဲ ရောက်ရှိအောင်
အကြိမ်ကြိမ်အခါခါ ကိုယ်ပြောနေပါရစေ။
ajrm ae w shift+j h vl shift+y b0 မြောနေတဲ့ လူ့ဘ၀ပေါ့ ဟုတ်လား။
ညစ်ညမ်းမေးလ်တွေ မပို့နဲ့ သူငယ်ချင်းရေ။
သတိပေးတားမြစ်သည်။
ကောင်းကင်ပြာပြာမိုးသားအောက်တွင် ကိုယ်နေထိုင်သည်။
ထိခိုက်ထားသောကြောင့် ကတ်ကိုဘိန်းဓာတ်ပုံကြီး နံရံမှာ ကွာကျ နေသည်။
ကိုယ်နဲ့ အဝေးဆုံး ကြယ်တံခွန်လို ကောင်မလေး ပြေးလေပြီ။ မမုန်းရ မတီးရ။
ဆရာဝန်က စိတ်ငြိမ် ဆေးပြားများသောက်ရန် ညွှန်ကြားထားသည်။
ကဗျာ၏ EXPIRE DATE ကို သတိပြုပါ။
ဖတ်သူအသည်းနှလုံး ကူးစက်ခံစားကွဲအက်တတ်သည်။

စိုးမင်းအောင်
၂၀၁၀၊ သြဂုတ်၊ ၁၀ ရက်။
မနက် ၆ နာရီ ၄၀ မိနစ်။

Monday, August 16, 2010

အမေ့ဆီ မပို့ဖြစ်ခဲ့တဲ့ စာတစ်စောင်

အိပ်လို့ မရတဲ့ ရက်တစ်ပတ်ဟာ ပြန်ကွေ့ဝင်လာတယ်
ကဆုန်ပေါက်ထွက်ပေါ်လာတဲ့ ချောင်းဆိုးသံဟာ
ရင်ဘတ်ကို ဖြတ်ဖြတ်နင်းသွား… လည်ချောင်ကို ဖြတ်ဖြတ်နင်းသွား
သွေးစတွေ ရဲခနဲ့ အသက်ဓာတ်ကို နှုတ်ယူနေကြပြီ ။

တန့်ဆည်မှာ မိုးရွာလား အမေ
လောက ချွေးသီးချွေးပေါက်ဓားနဲ့ စိုရွှဲရင်း အအေးမိခဲ့ပါတယ်
ခန္ဓာဆီ ပြန်ကပ်ခွင့် မရှိတဲ့ ၀ိညာဉ်တစ်ကောင်လို
နေထိုင်မှုက မကျွတ်လွတ်လိုက်တာ အမေ
မိသားစု အသိုက်အမြုံဆီ ပြေးဝင်လာချင်ပေမယ့်
မီးလောင်ဒဏ်ရာ အဖုအပိန့်နဲ့ ပြေးပြေးလွှားလွှား ပြေးနေရဆဲပါ ။

ခွေးသေတစ်ကောင်ရဲ့ အပုတ်နံ့လို
သားရဲ့ သတင်းဟာ နံစော်နေလိမ့်မယ်
လောက်တရွရွ အနာဂတ်ဟာ ရေချိုးခန်း မ၀င်ဖြစ်ဘူး
တီရှပ်အင်္ကျီနဲ့ အ၀တ်အထည်တွေ
အခန်းကျဉ်းလေးထဲ ချဉ်စုတ်စုတ် အမှတ်အသားက မှိုပေါက်နေရဲ့ ။

လွန်ခဲ့တဲ့ နှစ်က အသက်နဲ့ လဲထားရတဲ့
စီးကရက်တွေ ပြန်သောက်နေတာ
အမေသိရင် ရင်ကျိုးမလား
ဆရာဝန်က ဖြတ်ဖို့ ပြောတိုင်း
ကျွန်တော်က အဆုတ်ကို မှိုင်းတိုက်နေတာ သေချင်လို့တဲ့ ။

ကိုယ့်ကိုယ်ကို ပြန်ရှာကြည့်တော့ တံခါးချပ်တွေ ပိတ်နေတာ
မျှော်လင့်ချက်နဲ့ လွဲချော်တာ၊ ခေါင်းမာတာ၊ ကန့်လန့်တိုက်တာ
ရွေးခြယ်ထားတဲ့ ကဗျာဆရာဘ၀ဟာ
ခဲဖျက် ကော်ရရှင်နယ်ပင်းလ် မလိုပါ၊ backspace/deleteနဲ့ ဖျက်ဖို့ မလိုပါ ။

မနက်ခင်းတွေ တစ်ရက်ပြီး တစ်ရက် ပွင့်ပွင့်လာတိုင်း
စာနာစိတ်တွေ ပိတ်ပိတ်သွားကြတဲ့ လူတွေကို ကြောက်နေရတယ်
ကြောက်ကြောက်နဲ့ နေနေရတယ်၊ ကြောက်နေတဲ့ စိတ်တွေ ရတယ်
မာခဲနေတဲ့ စိတ္တဇရင်ခုန်နှုန်းဟာ ဟိုအဝေးဆီ ရှည်ဝေးလို့ ဝေးသွားလိုက်
ဒီလူ ဒီမျက်နှာ ဒီအခြေအနေနဲ့ ရွာကို မပြန်ချင်သေးဘူး
အမေရယ် အစာအိမ်နံရံတွေ မကျွမ်းလောင်ဖို့ ပြေးလွှားရဦးမယ်
ကမ္ဘာကြီး ငြိမ်းချမ်းဖို့ တိုက်ပွဲဝင်ရဦးမယ် ။

တိုက်တာ ၀င်းခြံအကြောင်း၊ ဇိမ်ခံကား ဘဏ်စာအုပ်နဲ့ ဟမ်းဖုန်းအကြောင်း
အဲကွန်း တီဗွီ ရေခဲသေတ္တာနဲ့ ကွန်ပျူတာ အင်တာနက်အကြောင်း
မသီဆိုနိုင်တော့တဲ့ သီချင်းတွေပါ အမေရယ် ။

ပြန်ကောင်းလာမှာ မဟုတ်တော့တဲ့ အဆုတ်ထဲ
ကာဗွန်ဒိုင်နောက်ဆိုက်၊ နီကိုတင်းအမျိုးပေါင်း နှစ်ဆယ်ကျော်၊ ဗာဂျီးနီးယား....
ဆက်တိုက် ရှိုက်သွင်းနေမိတဲ့ ငမိုက်သားတစ်ယောက်အတွက်
နာရေးသတင်းကို နားစွင့်ပေးပါဦး အမေ.......။ ။

ဆူးရင့်၊တန့်ဆည်၊
၁၆၊ ၈၊ ၂၀၁၀

Sunday, August 15, 2010

မြို့ကြီးတစ်မြို့ ထဲ ဘယ်က ဘယ်လို ဘာတွေ

အခြေအနေအရ မပြေပြစ်တဲ့ ရာသီဥတုမှာ ပန်းတွေ ဖြိုင်ဖြိုင်ပွင့်လို့
အခြေအနေအရ မဖြစ်နိုင်တဲ့ လမ်းကြောင်းမှာ တရွေ့ရွေ့ ဆုတ်ခွာလို့
အခြေအနေအရ ရေးဖြစ်တဲ့ ကဗျာတွေဟာ ကြမ်းတမ်းကွေ့ကောက်လို့
အခြေအနေအရ ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်တယ်...သိလား။

အချစ်ဟာ ဧရိယာအပြင်က စကားလုံးတွေလား
ခေတ်ဟာ လောင်ကွင်းတစ်ခုက မီးသင့်အစအနတွေလား
အမေ့မေတ္တာဟာ စိတ်အရေပြားပေါ်က တက်တူးတွေလား
နောက်ဆုံး အိပ်ရေးပျက်တာတွေ၊ စိတ္တဇ ရတာတွေပဲ အဖတ်တင်တယ်။

ငါ့ဂျင်းဘောင်းဘီပေါ်က အရောင်တွေ
ငါ့ဂျင်းဘောင်းဘီပေါ်က အစုတ်အပြဲတွေ
ငါ့ဂျင်းဘောင်းဘီပေါ်က မပြတ်သားမှုတွေ
ဝိုးတ၀ါးအသံနဲ့ အမှောင်ဖုံး၊ ပုလင်းကွဲထိချင်လည်း ထိနေမယ်။

ပတ်ဝန်းကျင်ကမ္ဘာကျဉ်းမြောင်းခဲ့သလောက် ဒဏ်ရာမပေါ်တာ
ပတ်ဝန်းကျင်ကမ္ဘာကျဉ်းမြောင်းခဲ့သလောက် မတူခြားနားတာ
ပတ်ဝန်းကျင်ကမ္ဘာကျဉ်းမြောင်းခဲ့သလောက် မပွင့်လင်းတာ
ရှင်သန်ခြင်းလက်တံတွေကို စောင့်ငေးကြည့်ရင်း လှလှပပမဟုတ်ရင် မလှမပ ငါရယ်မောတယ်။

အခက်အခဲကြားက အခက်အခဲဟာ ငါ့အသုံးမကျမှုလား
အခက်အခဲကြားက ရော်ရွက်ဝါကြွေဟာ ငါ့မီးခိုးဆန်ဆန်အုံ့မှိုင်းမှုလာ
အခက်အခဲကြားက လောင်မီးများဟာ ငါ့သက်ပြင်းချမှုလား
လက်သီးက နံရံဆီ တဒိုင်းဒိုင်း ရောက်ရှိသွားတယ်။

မျက်ဝန်းမှာ ခြေတစ်ဖက်ပြတ် မေတ္တာနှစ်ဖက်ပြတ်ပုံရိပ်တွေ
ယိုစီးလို့ စာနာမှုကို မသာမယာငါစောင့်နေရတာ မောတယ်
သင်ဟာ ငါ့အတွက် မျက်ရည်ဘယ်နှစက်ကျခဲ့ဖူးတဲ့ သူရဲကောင်းလဲ
အမှန်တရားအပေါ် ထင်မြင်ယူဆချက်ကို ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်

လက်ရှိပစ္စုပ္ပန်အချိန် လည်ပတ်မှုထဲမှာ စက္ကန့်တံများဟာ ရပ်တန့်နေပါတယ်
လက်ရှိပစ္စုပ္ပန်အချိန် လည်ပတ်မှုထဲမှာ အလိုမကျမှုများဖြင့် နာကျင်နေပါတယ်
လက်ရှိပစ္စုပ္ပန်အချိန် လည်ပတ်မှုထဲမှာ ဆူးရင့် စိုးမင်းအောင်ဟာ ၀ဋ်ရှိခဲ့လို့ လည်နေပါတယ်
မခံနိုင် ကျိုးကြေပြတ်ရွေ့ကွဲအက်နေတယ်။

ဆူးရင့်၊ စိုးမင်းအောင်
၁၅၊ ၈၊ ၂၀၁၀
အထူးမှတ်ချက်။ ။ ဆူးရင့်ရေးသားပြီးသော ကဗျာတစ်ပုဒ်ကို စိုးမင်းအောင်မှ
ပေါင်းစည်းတည်းဖြတ်ဝင်ရောက်ဖြည့်စွက်ရေးသားသည်။

မျဉ်းစောင်း

အဖြစ်အပျက်ကို သိရပြန်တော့ စိုးရိမ်ရပြန်တယ်/ ရင်မဆိုင်ရဲတာ
သိမ်ငယ်နေရတယ်/ ရစ်ပတ်တွယ်နှောင် လာတဲ့အခါ ရုန်းထွက်ဖို့ရန်
ခက်ခဲလှပါတယ်/ မချိုမချဉ်အနာတွေ မြင်တယ်မဟုတ်လား/ ၀ုန်းဝုန်းဒိုင်းဒိုင်း
လှမ်း မေးမိတယ်/ ရှင်သန်သက်က သုံးဆယ်ပြည့်ပြီတဲ့/ ဟိုလိုလို
ဒီလိုလိုလုပ်ရင်း မျက်နှာလွှဲနေမိတယ်/ တစ်ယောက် ကို တစ်ယောက်/ နင်နဲ့ငါ/
ငါ့မှာ သံယောဇဉ်တွေပဲ ချမ်းသာတယ်/ ပိတ်ပြောထားတယ်/ တစ်ရက်တော့
အရည်ပျော်ခြင်းများဟာ ငါ့ဘက်ကနေ ဖြစ်လာနေတယ်/ လောကဓံ မျဉ်းစောင်း
လှိုင်းထဲ ပျော်ကျပျောက်ဆုံးသွားတာ/ နှလုံးသားရှိလို့ အထိအခိုက်ခံခဲ့ရတာ/
အိုး…၀ိုး…ခံစားမှုနဲ့/ ရှေ့တစ်ကြောင်းကို ဆက်ရေးရမလား/ မိုးကြီးရွာမှာ
ရွာလိုက်ရမလား/ သူငယ်ချင်းက GSM ဟမ်းဖုန်းနဲ့ ကိုယ့်ကို ပြောတယ်/
ငွေလိုနေတယ်/ ခွေလိုနေတယ်/ ကိုယ်က ကဗျာနဲ့ ဒီလိုပဲ နေသွားမှာ/
ချစ်မေတ္တာလိုတယ်/ ဖရိုဖရဲ ကစဥ့်ကလျား ဘ၀ကြီး မရရှိချင်တော့ဘူး/
အဟင်းဟင်းဟင်း/ လှောင်ရယ်သံကို လွတ်အောင် ပြေးတယ်/ ၀ဋ်ရှိလို့
ဒဏ်မိခံနေရတာပါ/ ကိုယ့်စိတ်ကြယ်လေး တွေကို ကိုယ်ငေးတယ်/ ပြောစရာ စကားက
လူသားတန်ဖိုးတွေ လျော့ကျနေတယ်/ကိုယ်ရေးတဲ့ ကဗျာကို အမှန်တကယ် ဖတ်သူဆီ
လွှဲအပ်လိုက်ပါတယ်/ မျဉ်းစောင်း/ စောင်းချင် စောင်းမယ်/ ကိုယ့်ချစ်မေတ္တာဟာ
စောင်းမသွားဘူး/ ကြင်နာမှုကို လှူပါ/ စာကြောင်းကို ရပ်ပြီး
ခေတ္တမြောနေပါသည်/ ရိုးရိုးလေးပဲ ဆက်ဖတ်ကြည့် ပါ/ ကြေကွဲမှုနဲ့
တွေ့ဆုံအပြီး အခုလို ကိုယ့်ကိုယ်ကိုယ်မေးမြန်းထားခဲ့
ပါသည်/ ငါးနှစ်လောက်
ခင်ဗျားဟာ စိတ်ဆရာဝန်နဲ့
တိုင်ပင်ဆွေးနွေးလမ်းညွှန်ကုသမှုခံယူခဲ့ရသေးတယ်နော်/ အခုရော ခင်ဗျားဟာ
ခင်ဗျားဘယ်သူဆို တာကို သိနေပြီလား/ နိုးနိုးနိုးနိုးနိုး/ ခေါင်းကို
လက်နှစ်ဖက်ဖြင့် ဖိညှစ်ထားပြီး သူငြင်းသည်/ အစစ်အမှန်ဆီသို့
မျှော်လင့်ခြင်း/ တမ်းတခြင်း/ ရှာဖွေခြင်း/ ရွက်လွှင့်ချင်နေပါသည်/
မေ့မရသေးပါ/ မီးကွင်းတွေထဲ ကျွမ်းမထိုး ချင်တော့ပါ/ ခံစား/ ထိရှ/ ကြေကွဲ/
စိုးရိမ်ပူပန်/ တုန်လှုပ်ချောက်ချားခဲ့ရပါသည်/ မကောင်းမှုကို
ပျောက်ကွယ်စေဖို့ ကောင်းမှုပြုပါ/ ရယ်စရာစာကြောင်း ကိုယ်ရေးချင်သည်/
တကယ်မရေးတတ်ပါ၍ မရေးခဲ့ပါ/ အနမ်းထိန်းသိမ်းပေးပါနော်/
အကြမ်းမဖက်ရဘူးနော်/ ဘယ် CHATTING ထဲက ညစ်ညမ်းစာသားတွေနဲ့
နယ်လွန်အိပ်စက်နေသလဲ ဖြေပါ/ တိုက်ပြိုင်ပေးပို့ထားခြင်း မရှိကြောင်း/
ကိုယ်တိုင်ရေးကဗျာဖြစ်ပါကြောင်း/ ဘယ်သူဘယ်ဝါ/ အမှတ်/ ဘယ်လမ်း/ ရပ်ကွက်/
မြို့/ ခရိုင်/ တိုင်း/ နိုင်ငံတွင် အမှန်တကယ်နေထိုင်သူဖြစ်ပါကြောင်း/
အစဉ်အလေးအနက် ထား လက်မှတ်ရေးထိုး/ ထောက်ခံစာများနဲ့တကွ ရှင်သန်/
သေဆုံးပါ/ မင်းကို သတိရရင် ကိုယ်ကဗျာတွေပဲ ရေး ဖတ်နေမိတယ်/ ယနေ့/
မနက်ဖြန်/ နေ့ရက်တိုင်းမှာ ငြိမ်းချမ်းခြင်း ဆည်းလည်းသံများ
ကိုယ်ကြားချင်တယ်/ ငါ့အိပ်ရာဟာ အခုတော့ အဆွေးများနဲ့ တွန့်ကြေလျက်ပဲ/
မပြန့်ပွားအောင် အတင်းအဓမ္မကာကွယ်နေရတယ်

စိုးမင်းအောင်
၂၀၁၀၊ သြဂုတ်၊ ၁၃ရက်
ညနေ ၅ နာရီ ၁၅ မိနစ်။

Friday, August 13, 2010

သံယောဇဉ် Virus

နေ့တစ်နေ့ရဲ့ အစောဆုံး စက္ကန့်လေးတွေက အစ မီးညွန့်တလူလူ တောက်လောင်နေတယ်
နောင်တကို ပျော့ညံ့ခြင်းလို့ ဘာသာပြန်ရင် ဖြစ်မလား
အမှောင်ကမ္ဘာထဲက အလင်းစက်ဟာ သေဆုံး ကွယ်ပျောက်လို့
သိစိတ် မသိစိတ်ဖြင့် ပြုလုပ်သည်၊ ရိုက်ချိုးသည်
စိန်ပြေးတမ်း ကစားပွဲဟာ (၂)နှစ်ခန့် ကြာမြင့်ခဲ့တယ်
ကန့်သတ်ချက်မဲ့ နယ်နိမိတ်အထိ ဖြည်းဖြည်းလေး ဝေးဝေး ပြေးပါ လမင်း
သက်လုံမကောင်းတဲ့ ခြေထောက်တွေသာ
ဖိအားတစ်ခုရဲ့ လှုံ့ဆော်မှုနဲ့ အမောဆို့ လဲကျ ကျန်ရစ်ခဲ့တာ
ကြမ်းပြင်ဟာ သွေးစက်တွေနဲ့ လှပလို့….လေတယ်
နာမည်ဟာ
ရေပန်းစား ကျော်ကြားလာမယ့် ကိုရီးယားမင်းသမီး
ချွာဂျန်ဝန် မဟုတ်သလို လီယွန်ဟီး မဟုတ်ဘူး
ပါ့ခ်ရှင်ဟီး မဟုတ်သလို ကင်ဆိုးယွန် မဟုတ်ဘူး
မွန်ဂိုးယောင် မဟုတ်သလို အင်ဂျိုအွန် မဟုတ်ဘူး
ဟန်နီလီ မဟုတ်သလို လီမင်ဂျန် မဟုတ်ဘူး
ချာဂျာဟွန် မဟုတ်သလို ဟန်ချေးယောင် မဟုတ်ဘူး
သွေးဆာနေတဲ့ ကြမ်းပိုးတွေမှာ နာမည်ရှိလား
ဝေနေတဲ့ အက္ခရာတွေ ဝေ့နေတဲ့ နိမိတ်ပုံတွေ ဝေးနေတဲ့ နီးစပ်မှုတွေ
ဝေးဝေး ဖြည်းဖြည်းလေး ပြေးပါလမင်း
လမ်းမဆုံးခင်မှာ ပန်းတိုင် ရှိလိမ့်မယ်
ကမ္ဘာ့စစ်တမ်းအရ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားဟာ
လူအသုံးအများဆုံးမို့ ပါလေရာ ငပေါတစ်ယောက်လို ဖြစ်ရော။့

အိပ်မက်က လန့်နိုးလာတယ်
@
ဟိုးတုန်းက ခေါ်သံများ သံချေးအထပ်ထပ်ကိုက်
အတိတ်ဟာ ဘုကိုလည်း မသိ၊ ဘကိုလည်း မသိ
သေတော့မယ့် လူတစ်ယောက်က
ဒိုင်ယာရီ မရေးဘဲ သေတမ်းစာရေးတယ်
ငါ့ လျှို့ဝှက်ချက်တွေက အစ
မင်း နာမည်ကို ရေးထိုးခဲ့တာ၊ ရေးရေးလေး မဟုတ်ဘူး
မသိဘူးလို့ ပြောတတ်တဲ့ မသိဘူးကတော့ ဘယ်သိမလဲ
ရင်ဘတ်ကို လက်နဲ့ဖိပြီး ဆက်ရေးနေပါတယ်...
အသက်ကို ဘာနဲ့မှ မထုတ်ပဲ လွှင့်ပစ်ထားပါတယ်
ခြင်တစ်ကောင်ကို သတ်တဲ့ လက်နဲ့ ရေးဖြစ်တဲ့ ဒီကဗျာဟာ
ငရဲလားမယ့် အနုပညာပေါ့။ ။

ဆူးရင့်၊တန့်ဆည်၊
၁၄၊ ၈၊ ၂၀၁၀

Wednesday, August 11, 2010

အက်ကွဲနေသော အပေါ်အခွံများ


ရင်အုံကို ဖွင့်ကြည့်တော့
သန်းခေါင်ကျော်
ခွေးလေ ခွေးလွင့်တွေလို စိတ်လေ စိတ်လွင့်၊


မရှိတဲ့ ညမို့ ကောင်းကင်ဆီ မငေးချင်။

အိပ်ဆေး မလုံလောက်တဲ့ ပြေးလွှားမှုမှာ
ပြဿဒ်ကအစ အမှိုက်တွေ မီးရှို့ပစ်လိုက်
လေစိမ်းလိုက်လို့ တံခါးပိတ်သလို နားကိုလည်း ပိတ်၊
တိတ်ဆိတ်ခြင်းက တကယ်ကို ဆူညံလွန်းတယ်။
ငါဟာ ငါကလွဲရင် ကိုးကွယ်မှု မရှိ၊
ရက်ရာဇာ ပြဿဒါးမရှိ၊
ကဗျာအတွက် ကျန်းမာရေးကိုတောင်
ဆိုးဆေးနဲ့ မယ်လမင်း ဆတူ ရောစပ်ထားရတယ်။
အသည်းကွဲနေတဲ့ ငနဲတွေ
ရော့ဒီမှာ အရက်ပြင်းပြင်း
ရော့ဒီမှာ ဒိုင်ယာစီဗင်
ရော့ဒီမှာ ဆေးပြင်းလိပ်နဲ့
ရောဒီမှာ ရှော့မရှိတဲ့ အညစ်အကြေးမလေးတွေ...။

ဖြတ်သန်းပတ်သက်သမျှ
nextနှိပ်၊
proxyလို ကျော်ခွ၊ ပြီးရင် ဆက်လျှောက်။
ဒါဟာ ဘူတာလား ဘတ်စ်ကားမှတ်တိုင်လား မမေးနဲ့
လူမနေတဲ့ အိမ်အိုတစ်လုံးလား မှော်ဆရာရဲ့ ပြကွက် အသစ်လား မမေးနဲ့
သန့်စင်ခန်းလား ပြာကျသွားတဲ့ လမင်းရဲ့ သုဿန်လား မမေးနဲ့

ဤယ် အမတ် ၅ ယောက် သတိုဝ်အကိုဝ်ရယ်ဆု ပိယ်တာဝ်မူသော
စသည်ဖြင့် ရေးထားတဲ့ ပထမအသင်္ခယာလင်မယားကျောက်စာလား မီးပြတိုက် အပျက်အယွင်းလား မမေးနဲ့။ ရယ်သံမပါတဲ့ ကောင်းကင်ဘုံလား စာနာမှုမရှိတဲ့ ဓာတ်ပေါင်းဖိုလား မမေးနဲ့
မြူမယ် မူမယ်ဆိုတဲ့ ပျက်လုံးထောင်ချောက်လား အမဲလိုက် သီချင်းလား မမေးနဲ့
on lineလား on lie လား မမေးနဲ့
အချစ် အမုန်းကြားက ပါးလွှာတဲ့ နယ်နိမိတ်တစ်ခုလား
ပြတ်သွားလို့ အသစ်ပြန်လျှော်ခိုင်းတဲ့ ဗလာသက်သက်လား မမေးနဲ့

အလျော့ပေးလို့
လိုက်လျှောလို့
နုံခဲ့တာ
အ ခဲ့တာ
တုံးတော့ မထက်တာ။
ပန်းလို ကြွေဖို့ စိတ်ကူးထားရင်
သေသလိုသာ နေနေလိုက်စို့
အပေါ်ယံဆန်တဲ့ ခေတ်ထဲ ခေါင်းကို မော့၊ ရင်ကို ကော့ထား
နောက်ကျောကို ဓားနဲ့ ထိုးမယ့်အစား
အပြင်ထွက်တိုင်း ရင်ဘတ်ကိုပဲ စက်သေနတ်နဲ့ ပစ်ဖို့ကြိုးစားပါ
ပွင့်ပွင့်လင်းလင်း ထုံထိုင်းမှုအကြောင်း
ပုံပြင်နဲ့ အိပ်မက်အကြောင်း ငါပြောပြမယ်
“ နောက်ဆုံးတော့..... မနေ့က သွေးတွေ ခြောက်ပုလင်းစာ ဖောက်ထုတ်လိုက်သတဲ့”
ဒါပါပဲ ကလေးတို့ရယ်(ရယ်သံများ)

ဒီနေ့က စလို့ ငါ့ကဗျာတွေ မီးသင့်နေတာ ကောင်းတယ်
ဒီနေ့က စလို့ ငါရေးဖြစ်တဲ့ ပန်းချီကားတွေ ဆေးပြယ် ဖွာထွက်နေတာ ကောင်းတယ်
စိတ်ပျက်စရာ ကောင်းတဲ့ ဆက်ဆံရေး ပေါ်လစီတွေ မျက်စိမှတ် အန်ထုတ်။

သံယောဇဉ်ဆိုတာ…
အမြစ်ကအစ ခုတ်ထွင်လှဲကျင်းလိုက်ရင်
မလိုအပ်တဲ့ သစ်တစ်ပင်လို ရှင်းလင်းသွားမှာ
အသုံးမ၀င်တဲ့ မြက်တစ်ပင်လို ရှင်းလင်းသွားမှာ/ ယုံ။

ဘီလူးအစီခံရတဲ့
ညဟာ
လ မရှိ
မနက် ရှစ်နာရီမှာ
အိပ်ဖို့ ကြိုးစားတုန်း။ ။

ဆူးရင့်၊တန့်ဆည်၊
လကွယ်ညတစ်ညသို့ ရည်ညွှန်းပါ၏။
၁၀၊ ၈၊ ၂၀၁၀

Sunday, August 8, 2010

ရုန်းကန်လှုပ်ရှား မရနိုင်သော ခံနိုင်ရည်မဲ့ ငြိမ်သက်အား

လမင်းဆီ ဖုန်းဆက်ချင်တယ်
ငါတစ္ဆေသရဲလို ဖြစ်နေတာ အတော်ကြာပြီ
နေထိုင်မကောင်းဘူး ခေတ်ကြီးတစ်ခေတ်ရဲ့ မိုးမိတယ်
ငါ့အလွမ်းဝိညာဉ်တောင်ပံတွေ ရေစိုတော့မှာ
ရှင်သန်မလား အသည်းကွဲခြင်းနဲ့ မကင်းဘူး
ေ၀၀ါးနေတဲ့ အာရုံခံစားပြေးလွှားမှု တချို့ တစ်ဝက် မှောက်လဲကျကုန်တော့မှာ
ကော်ဖီတစ်ခွက်ထဲ အထီးကျန်မှုနစ်နေတယ်
ကတ္တရာလမ်းပေါ်မှာ လူတွေ သားရိုင်းတိရစ္ဆာန်လို သွားလာနေကြတယ်
နာကျင်အော်သံတွေ အပြုံးအတု တွန့်ခေါက်ကြေကွဲသံတွေ
မရေးဖြစ်တဲ့ ကဗျာတစ်ပုဒ်လို ဖမ်းလို့ မမိခဲ့ဘူး
ကိုယ်မင်းမကြိုက်တဲ့ ဂျင်းဘောင်းဘီအောက်အနားစအဖွာတွေ နောက်မ၀တ်တော့ဘူး
ပျော်ရွှင်မှုနဲ့ ကချင်တယ်
ဝမ်းနည်းကျိုးကြေဖရိုဖရဲမှုများဟာ အေးစက်ခြောက်လှန့်နေကြတယ်
အသက် ၃၀ ဟာ ကိုယ်လိမ္မာသော နှစ်ဖြစ်ပါတယ်
လမင်းဆီ ဖုန်းဆက်မိတယ်
လူကြီးမင်း ခေါ်ဆိုသော လမင်းတယ်လီဖုန်းသည်
စာနာမှုကင်းမဲ့နေသော ဧရိယာတွင် ရောက်ရှိနေပါသဖြင့်
ခေါ်ဆို၍ မရနိုင်ပါရှင် ခါးတဲ့ အသံတွေ
ကိုယ်ရင်နာနေတာတွေ နာကျင်နေတယ်
မီးစွဲလောင်နေတဲ့ စီးကရက်ကို တောက်ထုတ်လွှင့်ပစ်လိုက်တယ်
အမှောင်ဖုံးနေတဲ့ ကမ္ဘာမြေ
ရက်စက်မိုင်းတွေကို ကိုယ်မကျော်လွန်နိုင်ဘူး
မင်းကြိုက်တဲ့ ရတနာသိုက်တွေကို ကိုယ်ရှာဖွေတူးဖော်ပေးချင်ပါတယ်
ကိုယ့်နှလုံးသားထဲမှာ သန့်စင်တဲ့ ကြင်နာတာတွေ ရှိတယ်
ကိုယ်ခွေခေါက်လဲကျနေပါတယ်
ချည်မထားတဲ့ ဘွတ်ဖိနပ်ကြိုးတွေလို ဖရိုဖရဲ ဖြစ်နေတယ်
ကိုယ့်အဝေးမြို့ကလေးမှာ ဘာဖြစ်နေသလဲ လမင်း
လူသားချင်း တိုက်ခိုက်နေကြတယ်
သဘာဝမြေဆီလွှာတွေ ပြုန်းတီးနေတယ်
ရေတွေကြီး မီးတွေ လောင်တယ် ငလျင် တုန်ခါလှုပ်တယ်
ချက်ချခံထားရတဲ့ တံခါးတစ်ချပ်ရဲ့ အတွင်းဘက်မှာ ကိုယ့်ချစ်မေတ္တာဟာ အရိုးပေါ်အရေတင်နေပါတယ် အယ်...ကိုယ့်လက်ကောက်ဝတ်သွေးကြောမျှင်တွေ ပြတ်ထွက်နေတယ်
နေ့ပြီး ည၊ ညပြီး နေ့ ကိုယ့်အလွမ်းအဆွေးများဟာ လည်ပတ်နေပြီ
ကယ်ဆယ်ရေးအရေးပေါ်ယာဉ်လို ကိုယ်မင်းဆီ အပြေးလာနေပြီ
ရိုင်းစိုင်းကြမ်းတမ်းလောင်နေတဲ့ လူ့စိတ်အတွင်းဘက်က အံဖုံးတွေ အကုန်ဖွင့်
ကြီးမားနေတဲ့ လောဘ ဒေါသ မောဟမီးတွေ အကုန်ငြှိမ်းပါ
လမင်းဟာ တည်းတည်းလေးကျန် ပြာကျနေပြီ
ချစ်မေတ္တာကယ်ဆယ်ရေးတပ်သားတွေ အင်အားဖြည့် အရေးပေါ် နောက်ထပ်ရောက်လာတယ်
မီးအတွင်းထဲ ၀င် လောင်ကျွမ်းခံ ကယ်ထုတ်သွားပေးကြပါ
အူး...လမင်းပြာကျနေပြီ
အူး...ဆွေးမြည့်ခြင်းအသွင် ကိုယ်ပြောင်းနေပြီ။ ။

စိုးမင်းအောင်၊ ဆူးရင့်
၂၀၁၀၊ သြဂုတ်၊ ၈
မွန်းလွဲ ၁ နာရီ ၁၅ မိနစ်။

ခံစားမှု

မိုးလင်းလာပြီဆိုတဲ့အခါ အသက်ကလေးတစ်ရက်ကြီးလာပြန်ပြီ
ဝင်္ကပါလမ်းတွေအတိုင်း ဆက်လျှောက်တယ်
မစစ်မမှန်တာတွေနဲ့ ကြုံတိုင်း မခေါ်မပြောဘဲ နေဖူးတယ်
လွဲမှားလမ်းညွှန်ဆိုင်းဘုတ်တွေနောက် မလိုက်ဘဲ လူသားဆန်မှုလမ်းအတိုင်း လိုက်ခဲ့တယ်
ခါတစ်ရံ ကိုယ့်အရိပ်ကိုယ်တောင် မမှတ်မိတော့ဘဲ
သံသယဖြစ်လာနေတယ်
မှန်ထဲမှာ သူစိမ်း
ကိုယ်ဟာ ဘယ်သူလဲ
ဝေေ၀၀ါးဝါး ဖြစ်လာနေတယ်
ကဗျာနဲ့ စကားပြောရမယ်
ကဗျာရှင်သန်မှာပါ
ကဗျာရှင်ရမယ်
နှလုံးတစ်ချက်တစ်ချက်ခုန်မှုဆီက ပေါက်ဖွားလာခဲ့တာမျိုးပဲ ဖြစ်ရမယ်
ချစ်မေတ္တာကိုပဲ အော်ခေါ်နေတယ်
ဒီလူ
ခေတ်အသည်းလည်း ကွဲဖူးတယ်
မနက် ၆ နာရီ ၂၃ မိနစ်ကတည်းက မိုးများစတင်ရွာနေခဲ့တာပါ
နာမကျန်းလည်း ဖြစ်ဖြစ်နေတယ်
ငြိမ်းချမ်းချိန်တွေကို စောင့်မျှော်နေခဲ့တယ်
အသက်မရှိတော့ဘူး
သေပြီ
ထောင်ချောက်ကြီးထဲ ညပ်ပါသွားပြီ
ချစ်ရသူနဲ့
မြို့လုံးအနှံ့ လျှောက်ခဲ့သေးတယ်
စမ်းချောင်းဘက်ဆီ သွားခဲ့သေးတယ်
အခု စမ်းချောင်းဘက်ဆီ မဟုတ်တော့ဘူး
ပင်လယ်တွေဆီ သွားပြီ
ပင်လယ်မဟုတ်တော့ဘူး
တောင်တန်းတွေဆီ သွားပြီ
ဆူးခွံများရှိတဲ့ ဒူးရင်းသီးတစ်လုံးကတောင် ချိုမြိန်ပါတယ်
စာနာမှုက
ဘယ်အချိန်အခါမဆို ပိုလို့ ချိုမြိန်နေစေရမယ်
လိမ္မော်သီးတစ်မြွှာလိုနေသူတွေအတွက်
လိမ္မော်သီးကလေးများစွာ သယ်ဆောင်လာပြီ
ပန်းကလေးတစ်ပွင့် လိုနေသူတွေအတွက်
ပန်းခင်းကလေးများစွာ သယ်ဆောင်လာပြီ
အလွန်အမင်းနှိပ်စက်ခဲ့တဲ့ အဆိုးများစွာကို ကျော်ဖြတ်မယ်
ဘ၀ကြီးအချိန်မတော် ရောက်ရှိလာတဲ့
လောင်မြိုက်မှုတွေကို ငြှိမ်းသတ်မယ်
စစ်နဲ့
အကြမ်းပတမ်းများကို ငြှိမ်းသတ်ရမှာပါ
အနာဂတ်ကို ရှင်သန်စေမယ့် ကမ္ဘာလောကကြီးကိုလည်း
သန့်ရှင်းနေစေရမယ်
ဘယ်အရာက ပိုမိုကောင်းမွန်စေသလဲ
ငါ့ကဗျာကို ငါခင်းပြီး
အဲဒီလမ်းကို ငါလျှောက်မယ်
ခေတ်က
နည်းပညာဆိုးကျိုးအန္တရာယ်လည်း ရှိနိုင်တယ်
ကောင်းတဲ့ ဘက်ကိုပဲ အသုံးချရမယ်
ပုံနှိပ်ဖော်ပြထားတဲ့ ငါ့ခေတ်စိတ္တဇကိုရော မမြင်ဘူးလား
စာကြောင်းရေ တစ်ကြောင်းထဲက နောက်တစ်ကြောင်းကြောင်းကို ပြေးလွှားနေတယ်
ဒီစာကြောင်းထဲကို ရောက်ရှိလာပြန်တယ်
တစ်မိုးချုပ်ပြီဆိုတာနဲ့ အသက်ကလေးတစ်ရက် ကုန်သွားပြန်ပြီ
ကြွေတဲ့ ကြယ်တွေ ကြွေသွားပြန်ပြီ
မေတ္တာကို နှလုံးသားထဲမှာ သိမ်းထားတယ်
မင်းယူမလား။ ။

စိုးမင်းအောင်
၂၀၁၀၊ သြဂုတ်၊ ၎
မနက် ၇ နာရီ ၃၉ မိနစ်။

ဝေးဝေးပြေးပြေးဆွေးနေသူတစ်ယောက်

မိသားစုကိစ္စတွေ နှလုံးသားထဲ ရွှေ့ထားချင်တယ်
အနုပညာ စားဝတ်နေရေး အကြောတက်ညောင်းညာကိုက်ခဲမောပန်းမှုမှာ သူအပြင်ရောက်သွားတယ် ဘယ်လိုလမ်းတွေ ခြားထားသလဲ
ခွဲစိတ်ရမယ်ဆိုလည်း မြန်မြန်ခွဲစိတ်ကုသမှုပေးပါ
အပြင်မှာ တစ်ယောက်၊ အတွင်းမှာ တစ်ယောက်
မျှော်လင့်ချက်များဟာ ရေစုန်မျောနေပါတယ်
ကောင်းကင်တစ်ခွင်လုံး မိုးသားမည်းမည်းတွေချည်း
မီးလောင်ဖုထ စိတ္တဇမှာ လာအုံ့မှိုင်းညှို့ရီနေကြတယ်
မင်းသိပ်ကြိုက်တဲ့ ဇော်ဝင်းထွဋ်ရဲ့ ဂျစ်ပစီမိုးတိမ်သီချင်းဖွင့်ထားတယ်
အဆွေးများလည်း လေနဲ့ နှင်
ကဗျာနဲ့ပဲ ပြန်လာလို့ မရဘူးလား
ဝေးဝေးပြေးပြေး ဆွေးဆွေး ဆွေးလည်း
ပြေးတယ်
နှလုံးသားသွားလိုရာ အဆုံးအထိရောက်အောင် ပြေးတယ်
ပြုလုပ်ထားတဲ့ အရေးအသားပဲ
ကမ္ဘာခံစားမှုထဲက ထွက်လာတာ ကဗျာလား
အထိအခိုက်ပျောက်ဆေးတွေ သောက်ပြီး နေပေမယ့်
အကြိမ်ကြိမ်ထိခိုက် ကစဥ့်ကလျားနဲ့
ပျံနေတဲ့ အရိပ်မည်းကြီးတွေဟာ ကိုယ့်ဘေးနား လာဝဲနေတယ်
စာနာမှုမဲ့ တစ္ဆေတွေ လာဝိုင်းခြောက်လှန့်နေတယ်
အနုပညာက လွဲ ဘာမှ မပိုင်ဆိုင်ချင်ဘူး
နေကောင်းတယ်ဆိုလည်း ဘ၀ကြိုးတွေ ပြတ်လို့
ကိုယ်ပိုင်အမှတ်အသားပျောက်ဆုံးလှိုင်းလုံးတွေ ရိုက်ခတ်ခံ ဝေးဝေးရှောင်တိမ်းလို့
မချစ်မနှစ်သက်လို့ မဟုတ်ပါဘူး
ကျွန်တော်တို့ မောင်နှမတစ်တွေ ငယ်စဉ်က တူတူပုန်းတမ်းကစားခဲ့တာတွေ အမှတ်ရလို့
ကပ်ဆိုးဘေးဆိုး နည်းပညာ ပေါ့ပ်ယဉ်ကျေးမှုခေတ်ကြီးထဲက ဘေးလွတ်ရာ ပြေးပုန်းလို့
ကဗျာတစ်ပုဒ် ကိုယ်ရေးလိုက်တယ်
ကိုယ်ဘယ်သူလဲဆိုတာတောင် မမှတ်မိတော့ပါဘူး
အဲဒီတုန်းက ဒီကဗျာကို ပုံနှိပ်ဖော်ပြဖို့ ပေးပို့ခဲ့သလား မမှတ်မိတော့ပါဘူး
ရေချိုးကန်ကြွေဇလုံကြီးထဲ ကိုယ့်ခန္ဓာကို ကိုယ်နှစ်မြှုပ်ရင်း
ဝေးဝေးပြေးပြေးဆွေးနေသူတစ်ယောက်

စိုးမင်းအောင်
၂၀၁၀၊ သြဂုတ်၊ ၅
မနက် ၆ နာရီ ၅၉ မိနစ်။

LinkWithin

Related Posts with Thumbnails