Friday, August 13, 2010

သံယောဇဉ် Virus

နေ့တစ်နေ့ရဲ့ အစောဆုံး စက္ကန့်လေးတွေက အစ မီးညွန့်တလူလူ တောက်လောင်နေတယ်
နောင်တကို ပျော့ညံ့ခြင်းလို့ ဘာသာပြန်ရင် ဖြစ်မလား
အမှောင်ကမ္ဘာထဲက အလင်းစက်ဟာ သေဆုံး ကွယ်ပျောက်လို့
သိစိတ် မသိစိတ်ဖြင့် ပြုလုပ်သည်၊ ရိုက်ချိုးသည်
စိန်ပြေးတမ်း ကစားပွဲဟာ (၂)နှစ်ခန့် ကြာမြင့်ခဲ့တယ်
ကန့်သတ်ချက်မဲ့ နယ်နိမိတ်အထိ ဖြည်းဖြည်းလေး ဝေးဝေး ပြေးပါ လမင်း
သက်လုံမကောင်းတဲ့ ခြေထောက်တွေသာ
ဖိအားတစ်ခုရဲ့ လှုံ့ဆော်မှုနဲ့ အမောဆို့ လဲကျ ကျန်ရစ်ခဲ့တာ
ကြမ်းပြင်ဟာ သွေးစက်တွေနဲ့ လှပလို့….လေတယ်
နာမည်ဟာ
ရေပန်းစား ကျော်ကြားလာမယ့် ကိုရီးယားမင်းသမီး
ချွာဂျန်ဝန် မဟုတ်သလို လီယွန်ဟီး မဟုတ်ဘူး
ပါ့ခ်ရှင်ဟီး မဟုတ်သလို ကင်ဆိုးယွန် မဟုတ်ဘူး
မွန်ဂိုးယောင် မဟုတ်သလို အင်ဂျိုအွန် မဟုတ်ဘူး
ဟန်နီလီ မဟုတ်သလို လီမင်ဂျန် မဟုတ်ဘူး
ချာဂျာဟွန် မဟုတ်သလို ဟန်ချေးယောင် မဟုတ်ဘူး
သွေးဆာနေတဲ့ ကြမ်းပိုးတွေမှာ နာမည်ရှိလား
ဝေနေတဲ့ အက္ခရာတွေ ဝေ့နေတဲ့ နိမိတ်ပုံတွေ ဝေးနေတဲ့ နီးစပ်မှုတွေ
ဝေးဝေး ဖြည်းဖြည်းလေး ပြေးပါလမင်း
လမ်းမဆုံးခင်မှာ ပန်းတိုင် ရှိလိမ့်မယ်
ကမ္ဘာ့စစ်တမ်းအရ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားဟာ
လူအသုံးအများဆုံးမို့ ပါလေရာ ငပေါတစ်ယောက်လို ဖြစ်ရော။့

အိပ်မက်က လန့်နိုးလာတယ်
@
ဟိုးတုန်းက ခေါ်သံများ သံချေးအထပ်ထပ်ကိုက်
အတိတ်ဟာ ဘုကိုလည်း မသိ၊ ဘကိုလည်း မသိ
သေတော့မယ့် လူတစ်ယောက်က
ဒိုင်ယာရီ မရေးဘဲ သေတမ်းစာရေးတယ်
ငါ့ လျှို့ဝှက်ချက်တွေက အစ
မင်း နာမည်ကို ရေးထိုးခဲ့တာ၊ ရေးရေးလေး မဟုတ်ဘူး
မသိဘူးလို့ ပြောတတ်တဲ့ မသိဘူးကတော့ ဘယ်သိမလဲ
ရင်ဘတ်ကို လက်နဲ့ဖိပြီး ဆက်ရေးနေပါတယ်...
အသက်ကို ဘာနဲ့မှ မထုတ်ပဲ လွှင့်ပစ်ထားပါတယ်
ခြင်တစ်ကောင်ကို သတ်တဲ့ လက်နဲ့ ရေးဖြစ်တဲ့ ဒီကဗျာဟာ
ငရဲလားမယ့် အနုပညာပေါ့။ ။

ဆူးရင့်၊တန့်ဆည်၊
၁၄၊ ၈၊ ၂၀၁၀

1 comment:

Mhu Darye said...

ဖိအားတစ်ခုရဲ့ လှုံ့ဆော်မှုနဲ့ အမောဆို့ လဲကျ ကျန်ရစ်ခဲ့တာ
ကြမ်းပြင်ဟာ သွေးစက်တွေနဲ့ လှပလို့….လေတယ်။

ဝေနေတဲ့အက္ခရာတွေ ဝေ့နေတဲ့ နိမိတ်ပုံတွေ ဝေးနေတဲ့ နီးစပ်မှုတွေ
ဝေးဝေး ဖြည်းဖြည်းလေး ပြေးပါ လမင်းး....

သေတော့မယ် လူတယောက်က
ဒိုင်ယာရီ မရေးဘဲ သေတမ်းစာရေးတယ်

မသိဘူးပြောတဲ့ မသိဘူးကတော့ ဘယ်သိမလဲ
ရင်ဘတ်ကို လက်နဲ့ဖိပြီး ဆက်ရေးနေပါတယ်။

အသုံးအနှုန်းတွေကို ရေလည် ခိုက်တယ် အကိုဆူးရင့်..။
ပြီးတော့ လမင်းသိပါစေး)

LinkWithin

Related Posts with Thumbnails