Sunday, August 30, 2009

ချစ်သူပေါင်း ၁၅၀၀





“ ချစ်သူများနေ့ ” အမှတ်တရ အဖြစ်
၂၀၁၀၊ ဖေဖေါ်ဝါရီ (၁၄) ရက်နေ့ မတိုင်မှီ ထုတ်ဝေ ဖြန့်ချိနိုင်ဖို့ အတွက် ကဗျာစာအုပ်တစ်အုပ် စီစဉ်နေပါတယ်။ ချစ်သူများနဲ့ အတူ ကဗျာချစ်သူအားလုံးသို့ ရည်ညွန်းထားပါတယ်။


ချစ်သူပေါင်း ၁၅၀၀

ရင်ခုန်သံ ဒေတာ ကဗျာစုစည်းမှု စာအုပ်မှ

ဆူးရင့်
သာရလင်း
ဧဏီမင်း
တို့ရဲ့

မတူညီတဲ့ ရင်ခုန်သံတွေကို
နားဆင်ရမှာ ဖြစ်ပါတယ် ။


Saturday, August 29, 2009

ကဗျာ ဆရာ




သက်ပြင်းနဲ့ ဗီလိန်နေ့စွဲတွေအကြား
သူရဲကောင်း တံဆိပ်ကို ရွေးခြယ်ပြီး

စားလုံးထွင်းယူလိုက်တဲ့ သူ
လူရာမ၀င်သလောက် လမ်းရာဝင်မိတော့

အရာအားလုံး အနိစ္စအသွင်ဆောင်တယ်။

သူဟာ စိတ္တဇလောင်ကွင်းမှာ
အသံချိုချို အော်မြည်တတ်တဲ့ ငှက်
ကျောက်မီးသွေး မလုံမလောက်နဲ့
ခုတ်မောင်းနေတဲ့ ရထား

ကမ္ဘာမှာ ဈေးကွက်မရှိတဲ့

လူသုံးကုန် လူပစ္စည်းဖြစ်သလို

ဘေးက ကြည့်ရင် ရယ်ဖို့ ကောင်းတဲ့
ဟာသတစ်ပုဒ်နဲ့

ခင်များတို့ မွန်းကြပ်မှုအတွက်

ခလုပ်မနှိပ်ဘဲ ပွင့်လာတဲ့
တံခါးတစ်ချပ်လည်း ဖြစ်တယ်။


ငယ်ငယ်က မွတ်သိပ်ခဲ့တဲ့
အောင်မြင်မှုကို

အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပြီ
မိုက်မဲလွန်းတဲ့ ဘ၀ဟာလည်း

သူ့ ရင်လွယ်အိတ်ထဲ

အလိုလို ရောက်သွားပြန်ရော့။


ဆူးရင့်၊တန့်ဆည်၊

ကမ်းလွန်နံရံပေါ်တွင် လွင့်အော်နေသော သဘာဝများ အကြောင်း

ကြယ်သေည မီးအလင်းများ ရုတ်တရက် အမှိတ်
လေလွင့်ရာ လမ်းဟောင်းပေါ် ပကတိ အဟောင်းအတိုင်း
စိတ်ကြောပိတ်ဆို့ခံထားရတဲ့ ပြဿနာ အရေပြားများ
အပူပြင်းပြင်း အငွေ့ပြင်းပြင်း ထုံကျင်းကိုက်ခဲနေရုံနဲ့
ပြည်အောင်းအင်ဂျင်သံတွေ
အရင်အတိုင်း လှည့်ပတ် အော်မြည်နိုင်မှာလား။

ညကြေးရှင်းခံထားရတဲ့ လူတွေ
လူကြေးရှင်ခံထားရတဲ့ ညတွေ
မြင်ကွင်းထဲ အပြေးသန်နေခဲ့၊
အသက်အောင့်ပြီး နမ်းရတဲ့ အထိအတွေ့မှာ
အိပ်မက်တွေ ဘယ်လောက်ဆုံးရှုံးခဲ့ပြီလဲ ။

ဖြစ် တည် ပျက် သင်္ခါရအနံ့ကို ရှူရင်း
ကသုတ်ကရုတ် လုပ်၊ ကသုတ်ကရုတ် စား
ဆိပ်ကမ်းကြီးဟာ
ဆိတ်အကန်းကြီးအတိုင်း
ငြိမ်သက် တိတ်ဆိတ်လို့၊
လကြီးဟာ
ဠကြီးအတိုင်း
ကွေ့ကောက်လို့။

ရင်ထဲ တစစ်စစ် အောင့်တယ်
ဆရာမ သားသားရင်ထဲ
အောင့်အောင့်နေတယ်လို့
မပြောဖြစ်ခဲ့ဘူး။

ဆူးရင့်၊တန့်ဆည်၊

နေသားကျ ညနေ

ကမ်းပါးအပြည့် ရေရှိနေပေမယ့်
ငါ ရွက်မလွှင့်နိုင်လိုက်ဘူး။

ညနေရီရီနဲ့ အတူ
မိုးသောက်များနဲ့ အတူ
မထီတရီ ကံကြမ္မာနဲ့ အတူ
ငါ့ကိုယ်ငါ တပ်ခေါက်ခဲ့ရတယ်။

ဘ၀ အစိတ်အပိုင်းတွေကို
ခုတ်ထစ်တူးဆွ
ယုယစွာ
စိတ်ကူးယဉ်တတ်ခဲ့တဲ့ အတွက်
အပြစ်နဲ့ ငါလည်း
ညီအကိုထက် ရင်းနှီးနေပြီ
ဟောဒီ လှိုင်းထန်ထန်ကြားမှာ
မတုန်မလှုပ် ငေးကြည့်ရင်း
ငါနေတတ်ခဲ့ပါပြီ ။

နွေမင်းသစ်

Friday, August 28, 2009

ပိုးဟပ်များနဲ့ ည

တရွရွ
အသည်းယား ညတစ်ည။

တဂျစ်ဂျစ်
ညကို ကုတ်ခြစ်ကြ။

ငါ့ညကို ငုံ့ကြည့်မိတော့
ညရဲ့ ရင်အုံကြီး ဟပ်တက်ကွဲ
အခန်းကလေးထဲက ည
တစ်ပိုင်း တစ်စ ဖြစ်ခဲ့ပေါ့။

တိတ်ဆိတ် စူးရှ
ညရဲ့ အော်သံတို့ တိမ်ဝင်သွားတဲ့ အခါ
ညမုဆိုး ပိုးဟပ်များ
အိပ်တန်းပျံ သွားကြတော့ရဲ့ ။

ငါ့အတွက်
တစ်ပိုင်း တစ်စစီ ဖြစ်ခဲ့တဲ့ ညကို
အပျိုရည်မပျက် ပြန်ရဖို့
နေ့တစ်နေ့ကို ငှါးလိုက်တယ်။

နွေမင်းသစ်

Thursday, August 27, 2009

ကြားရ ကြားရ နားဝ မသက်သာ


(ဒီဇိုင်းဆူးရင့်)



အင်း ဒီနေ့ တန့်ဆည်က ညီမအရင်းလေး
ခင်ပြည့်လှိုင်ရဲ့ မွေးနေ့
“ ကိုကိုရေ .. ညီမအတွက် ဆုတောင်း ပေးဦးနော်၊
ပြီးတော့ ပြန်လာရင်လည်း
မွေးနေ့လက်ဆောင် ၀ယ်ပေးဦး ” ဆိုပြီး
ဖုန်းလှမ်းဆက်လိုက်တာကြောင့်
ဘုရားမှာ ညီမလေးအတွက်
ဆုတောင်း ပေးလိုက်ပါတယ်။


အဲ
အပြန် မနက်ခင်း (၉)နာရီလောက်လည်း ရောက် ရော့
သတင်းတစ်ခုက ကြားရပါလေရော့။


“လင်မယားနှစ်ယောက်
တိုက်တန်း (၇)လွှာကနေ
ခုန်ချကြတာ
နှစ်ယောက်လုံး ပွဲချင်းပြီးသွားတယ်”တဲ့


စမ်းချောင်းမြို့နယ်
ရွှေလ၀င်းလမ်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပါ။
ကျွန်တော်သွားကြည့်တော့
အောက်မှာ သွေးသံရဲရဲတွေနဲ့
လင်မယားနှစ်ယောက်ကို တွေ့ရပါတယ်။
နာမည်တွေကတော့ မပြောတော့ပါဘူး။



တစ်ချို့ ကတော့
သူတို့ နှစ်ယောက် စကားများရင်း
မယားဖြစ်သူက အရင်ခုန်ချလို့
ယောက်ျားက လိုက်ခုန် ချတာ။


နောက်တစ်မျိုး ပြောနေကြတာက
နှစ်ယောက်လုံး အကြွေးတွေ များပြီး
မဆပ်နိုင်လို ခုန်ချကြတာ ။


နောက်တစ်မျိုးကတော့
စကားများရင်း အားလွန်ပြီး
မိန်းမဖြစ်သူ လိမ့်ကျတော့
ယောက်ျားက လှမ်းဆွဲရင်း
နှစ် ယောက်လုံး အောက်ကို ကျသွားတာတဲ့ ။


အမျိုးမျိုး ပြောသံ ဆိုသံကို ကြားရပါတယ်။


ဘာဖြစ်လို့ သူတို့နှစ်ယောက်ရဲ့
ဘ၀နှစ်ခုကို အခုလို
ဆုံးဖြစ်သွားကြတယ်ဆိုတာ
ကာယကံရှင် နှစ်ယောက်မှသာ
သေသေချာချာ သိနိုင်လိမ့်မယ် ထင်ပါတယ်။


ဇနီး ဖြစ်သူက
ကျောင်းဆရာမလို့ သိရပါတယ်။
ခင်ပွန်းဖြစ်သူကတော့
နိုင်ငံခြားမှာ အလုပ်သွားလုပ်ခဲ့တယ်လို့
ပြောကြပါတယ်။


သား သမီး တစ်ယောက်မှ မရှိပါဘူး ။
လင်ဖက်ကလား မယားဖက်ကလား
မသိတဲ့ လေဖြတ်ဝေဒနာရှင်
အဘိုးကြီးတစ်ယောက်လည်း
အတူနေကြတယ်လို့ သိရပါတယ်။


အဲဒီ အဘိုးကြီးတော့
ဘယ်နည်း ဘယ်ပုံနဲ့
ရှေ့ ဆက်မယ်ဆိုတာကိုတော့ မသိရပါဘူး။


အခု သူတို့ရဲ့ ရုပ်အလောင်းတွေကို
သက်ဆိုက်ရာက
အအေးတိုက် ပို့လိုက်ပြီလို့ သိရပါတယ်။


ကြားရတဲ့ သတင်းကတော့
တကယ့်ကို နားဝမှာ
မသက်သာမိတာပါ။

ဆူးရင့်၊တန့်ဆည်၊

Sunday, August 23, 2009

ရေဆာချိန်

ဇီဇာကြောင် အိပ်မက်များ
ရာသီ နာရီ အပြည့်
မိုးခေါင် ရေရှားမှု ပြဿနာ
ရွာမယ်ပြောလို့ စောင့်နေခဲ့ပေမယ့်
မိုးတိမ်အတု နောက်ကွယ်မှာ
တိတ်တိတ်လေး
ပုန်းအောင်းနေတတ်တဲ့
တနင်္ဂနွေ။

ဖုန်းခွက်ထဲက ကတိအခွံတွေလည်း
မေ့ဆေး မလုံမလောက် ဖြားယောင်းခံရ
စိတ် တစ်ကိုယ်စာ မလန်းဆန်းခဲ့ဘူး။

သိမ်းထားသမျှ
စကားလုံး အမြုံတွေ
ရေဆာနေပြီလား။

မိုးအစက်စက်
ရယူ ပိုင်ဆိုင်ဖို့ထက်
မိုးအစက်စက်
စွန့်လွှတ် ပေးဆပ်ခဲ့။

တနင်္ဂနွေ ပျိုးပင်လေး
စိမ်းလန်းဖို့ လိုတယ်
တနင်္ဂနွေထဲက
အက်စ်ဝိုင်လဲ ငြိမ်းချမ်းဖို့ လိုတယ်။

ဆူးရင့်၊တန့်ဆည်၊
မှတ်ချက်။ အက်စ်ဝိုင်ဆိုသည်မှာ
ဆူးရင့်၏ အတိုကောက် နာမည်ဟု
မမှတ်ယူကြပါရန်။

Saturday, August 22, 2009

သံသရာ စက်ဘီး



မပြတ် မသားနဲ့
ပါးကွက်ကြား လမ်းမတွေပေါ်
လားရာ ကိုယ်စီ
ရွေ့ လျား ခုတ် မောင်း။

သုံးချက်ညီ
အထွက် အ၀င် တည်ရှိမှုတွေ
ခရီး ဖြတ်သန်း ဦးတည် ရှင်သန်မှုတွေ။

အခန့်မသင့်ရင် အချစ်ဆုံးက အမုန်းဆုံးဖြစ်
အခန့်မသင့်ရင် မိတ်ဆွေအစစ်က ရန်သူအစစ်ဖြစ်
လှည့်ပတ် ကျင်လည်ရာ အ၀န်းအ၀ိုင်းက
လပြည့်တစ်ညလို လင်းလက်ပြီး
လကွယ်တစ်ညလို မည်းမှောင်လွန်းရဲ့ ။

ငါဟာ
အကောင်း အဆိုးနဲ့ သွန်းထုထားတဲ့
နယ်ရုပ် တစ်ရုပ် ဖြစ်တယ်။

စာမဖွဲ့လောက်တဲ့ အလှအပကို
ပင့်ကူအန် တိမ်တိုက်ထဲ
ရစ်ထွေး ချည်နှောင်ရင်း
ရူးသွပ်မှုက ရပ်မရဘူး။

ခံစားချက် ကိုယ်စီနဲ့
လည်နေ ပတ်နေတယ်။

သေချိန်တော့လည်း
သေပစ်လိုက်ရုံပေါ့။

ဆူးရင့်၊တန့်ဆည်၊
အသစ်ကို ကြိုက်တတ်တဲ့ သူငယ်ချင်း နွေမင်းသစ် (လတ်ဆတ်အမှား)သို့။




Sunday, August 16, 2009

စက္ကူစွန်ရဲ့ နောင်တ တေး

။တစ်။
ကျောင်းက ဘလက်ဘုတ်ပေါ်မှာ
ကပ်ထားတဲ့ အောင်စာရင်းတွေကို ကြည့်ပြီး
ဒီနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ
ကျွန်တော် ကျရှုံးခဲ့တယ်ဆိုတာ သိလိုက်ပါပြီ။

မိဘတွေ သဘောမတူနိုင်ပေမယ့်
သီးသီးသန့်သန့် ကျွန်တော့် ရည်ရွယ်ချက်တစ်ခုက
ရင်ထဲမှာ အမြစ်တွေ ဖြိုင်ဖြိုင်ထွက်လို့။

“ရန်ကုန်မှာ အလုပ်သွားလုပ်နေတဲ့
သူငယ်ချင်းထွန်းနိုင် ဒီတစ်ခေါက် ရွာကို ပြန်လာရင်
သူနဲ့အတူ ရန်ကုန်ဆင်းပြီး အလုပ်လုပ်မယ်”

မိဘဆရာတွေရဲ့ ချုပ်ခြယ်မှု အမျိုးမျိုးနဲ့
သွားလာနေထိုင်နေရတဲ့
ကျောင်းသားတစ်ယောက်ရဲ့ ဘ၀ဟာ
ဘယ်လောက် ပျင်းစရာ ကောင်းလဲ။

သူ့ဆန္ဒနဲ့ အံချော်နေတဲ့ ကျွန်တော့်ကို ကြည့်ပြီး
အမေ့ ပါးပြင်မှာ မျက်ရည်တွေ စိုထိုင်းသွားခဲ့ပါတယ်။
အဖေကတော့ တောက်တခေါက်ခေါက်နဲ့
ဒေါသတွေ ပေါက်ကွဲ ကျန်ရစ်ခဲ့လေရဲ့ ။

အားလုံးကို မသိကျိုးနွံပြုပြီး
သူငယ်ချင်းထွန်းနိုင်နဲ့အတူ
ကျွန်တော် ရန်ကုန်ကို ထွက်လာခဲ့ကြတယ်။

လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ
စားပွဲထိုး ၀င်လုပ်ရင်း သုံးနှစ်ဆိုတဲ့
အချိန်ကာလဟာ တတိတိ တရွေ့ရွေ့
တိုက်စားကုန်ဆုံးသွားခဲ့ပါတယ်။

သူဋ္ဌေးဖြစ်အောင် လုပ်မယ်ဆိုတဲ့
ကျွန်တော့် ရည်ရွယ်ချက်တွေဟာလည်း
ခေတ်ကာလရဲ့ နင်းချေမှု အောက်မှာ
မှုန်ဝါးဝါးနဲ့ ပျောက်ဆုံး သွားခဲ့ပြန်ရော့။

ဘွဲ့ ဒီဂရီ မရှိသူ တစ်ယောက်အတွက်
တစ်ဝမ်းတစ်ခါး လှပအောင်
ဖြတ်သန်း ရုန်းကန်ဖို့အတွက်
မွန်းကြပ် ခက်ခဲလှတဲံ မြို့ပြရဲ့ ပရိယာယ်ကို
ကျွန်တော် ကောင်းကောင်း သဘောပေါက်လာခဲ့ပြီ။

ဒီတော့မှ ဇာတိရွာကလေးဆီ ပြန်ပြေးပြီး
စိတ်မပါပေမယ့်
တောင်သူလယ်ယာအလုပ်ကို လုပ်ကိုင်ခဲ့ရတယ်။

အဖြူနဲ့အစိမ်း ကျောင်းဝတ်စုံလေးတွေ
ဝတ်ဆင်ထားကြတဲ့
ကျောင်းသား ကျောင်းသူတွေကို မြင်ရတိုင်း
ဟိုတစ်ချိန်က ကျောင်းသားဘ၀ကို
လွမ်းလွမ်းဆွတ်ဆွတ်နဲ့
ကျွန်တော် ပြန်လိုချင်လိုက်တာဗျာ။

။နှစ်။
နွေရာသီရဲ့ ပူလောင် လှိုက်စားမှုကြောင့်
သစ်ရွက်တွေ မြေမှာ ပြန့်ကျဲနေပါတယ်။
လယ်ကန်သင်းက ကုက္ကိုပင်ကြီးကို
မှီထိုင်ရင်း သက်ပြင်းတစ်ချက်ကို
ကျွန်တော် သံရှည်ဆွဲပြီး မှုတ်ထုတ်ပစ်လိုက်တယ်။

သစ်ကိုင်းအဖျားမှာ ချိပ်မိပြီး
စုပ်ပြတ်နေတဲ့ စက္ကူစွန်လေး တစ်ကောင်ဆီ
အကြည့်က အမှတ်မထင် ရောက်သွားခဲ့ပြန်ရော့။

စက္ကူစွန်ကလေးက
သီချင်းတစ်ပုဒ် သီကျူးနေသလို
ကျွန်တော် ခံစားနေရတယ်။

သီချင်းသံ အပိုင်းအစတွေကိုလည်း
ကျွန်တော့်နားထဲ ကြားယောင်လာပါတယ်။

“ရင်ဘတ်က နှောင်ကြိုးတစ်စုံဟာ
တိမ်ဆီ လွင့်ရာ ခရီးတိုင်း
ငါ့ပျံသန်းမှုကို ပိတ်ဆို့ခဲ့ပြီ။

ဟိုး အမြင့်ဆီ ထိုးတက်ဖို့
ငါအော်နေတယ်

ငါ့အသံကြောင့်
နှောင်ကြိုးတွေ ပြတ်တောက်ခဲ့လေသလား
ငါ မသိဘူး
ငါတကယ် မသိခဲ့ပါဘူး

လွတ်လပ်စွာ ပျံတက်ခဲ့ပေမယ့်
ဆန့်ကျင်ဘက်ဆီ ထိုးထိုး ဆင်းနေခဲ့
မျှော်လင့်တိုင်း ဖြစ်မလာတာ
ငါတစ်ယောက်ထဲ မဟုတ်ဘူး သူငယ်ချင်းရေ..”

။သုံး။
မြေပြင်ကို
ကျွန်တော် လက်သီးနဲ့
အားထည့်ပြီး ဆောင့်ထိုးပစ်လိုက်တယ်။

ဆူးရင့်၊တန့်ဆည်၊

Friday, August 14, 2009

အဖေ့ရဲ့ ကတိ

။တစ်။
ဇာတိမြေသို့ အလည်ပြန်ရောက်လာကြသည့်
ဖြိုးကို ဇွန်ပွင့် တို့ ဇနီးမောင်နှံအား
ဆွေမျိုး မိဘ မိတ်သင်္ဂဟတို့က
နွေးထွေးစွာ ခရီးဦး ကြိုဆို လိုက်ကြသည်။

ဖြိုးကို ဆိုတာက ခေတ်လူငယ် ပီပီ မြို့တက် စီးပွားရှာပြီး
ငွေကြေး အတန်အသင့် ချမ်းသာသူ။
တစ်ဖက် တစ်လမ်းမှလည်း ရွာမှ မိသားစုကို ထောက်ပံ့နေသူ ၊
မာကြောင်း သာကြောင်း မေးမြန်းရင်း
မျက်နှာတိုင်းမှာ ပြုံးလို့ ရွှင်လို့ ၊
တစ်ယောက်ပြီး တစ်ယောက်
နှုတ်ဆက်စကား ပြောဆိုကာ
အချိန်တွေ ကုန်မှန်းမသိ ကုန်ဆုံးသွားတော့၏။
ညဥ့်နက်စပင် ပြုနေပြီ ဖြစ်သည်။


။နှစ်။
နောက်ဆုံး ထမင်းဝိုင်းမှာ ဖြိုးကိုတို့ ဇနီးမောင်နှံ
သူ့အဖေ အမေနှင့် ညီ ညီမလေးများသာ
အိမ်မှာ ကျန်ရစ်ခဲ့ကြသည်။
ရွာမှာ နာမည်တစ်လုံးနှင့် နေသည့်
အရက်သမား ဦးလုံး ဆိုသည်က
ဖြိုးကို၏ အဖေပင် ဖြစ်သည်။

ထမင်းစားပြီးနောက်
ဖြိုးကိုနှင့် သူ့အဖေ စကားပြောဖြစ်ကြသည်။

“အဖေ နေကောင်းလား”
“ကောင်းပါတယ် သားရဲ့ ဘာဖြစ်လို့လဲ”
“အဖေ့ ကြည့်ရတာ အရင်ကနဲ့ မတူဘူး။
ပိန်ပြီးတော့ အသားအရေတွေ ဖြူစပ်စပ် ဖြစ်နေသလိုပဲ”
“သား စိတ်ထင်လို့ နေမှာပါ။
အဖေ ဘာမှ မဖြစ်ဘူး နေကောင်းပါတယ်”
“အရက်ကတော့ အရင်လို သောက်တုန်းပဲမို့လား”
“သား စဉ်းစားကြည့်လေ အဖေတို့က လယ်ထဲ ဆင်းပြီး အလုပ်
လုပ်ရတာဆိုတော့ ပင်ပန်းတယ် သားရဲ့ ။
အဲ ...တစ်နေ့
တစ်ရာဖိုးလောက်တော့ ပုံမှန် သောက်ဖြစ်တယ်”
“အဖေ့ကို အရက်ဖြတ်ဖို့ ပြောရတာ
ကျွန်တော်လည်း မောပြီ။ ဒီအတိုင်းပဲ
အဖေ အရက်ကို ဆက်သောက် နေမယ်ဆိုရင်
သားသမီးတွေကို ဘယ်လိုလုပ်ပြီး
ဆုံးမလို့ ရတော့မလဲ။
အခုဟာက ညနေပိုင်းတင် မဟုတ်တော့ဘူး
မနက်ရေပါ သောက်နေတော့ ပိုဆိုးတာပေါ့။
မသောက်ဘဲ မနေနိုင်ဘူးလား အဖေရာ..”
“မရတော့ဘူး သားရေ... ဒါလေးမှ
မသောက်ရရင် ထမင်းလည်း
စားလို့ မ၀င်တော့ဘူး။
လက်တွေလည်း တုန်လာတယ်”
“အဖေနဲ့တော့ ခက်တယ်ဗျာ ..
ကျွန်တော့်မှာဖြင့် ရွာကို ပြန်ရောက်လာတိုင်း
မိဘဆွေမျိုးတွေ ဂုဏ်သရေရှိအောင်ဆိုပြီး
ရပ်ရေး ရွာရေးလည်း ဆောင်ရွက်လိုက်ရ၊
သာရေး နာရေးဆိုလည်း လုပ်လိုက်ရ။
နောက်ဆုံးတော့
အရက်သမားသား ဆိုတဲံ နာမည်ပဲ ရတယ်။
ကျွန်တော် လုပ်သမျှ အလကားပဲ”
“အဖေ ကြိုးစားပြီး ဖြတ်ပါ့မယ် သားရယ်...နော်”
“အဖေ ဒီလိုချည်း ပြောနေတာ ဘယ်နှစ်နှစ် ကြာပြီလဲဗျာ”
“အဖေ ကတိပေးတယ်။
အဖေ သားကို ဒီတစ်ခါ တကယ် ကတိပေးတယ်။
အဖေကြောင့် ငါ့သား
နောက်တစ်ခါ နာမည် မပျက်စေရဘူး။
သားလုပ်သမျှ အရာထင်စေရမယ်။
အဖေကြောင့် နာမည်ပျက်တယ်။ သိက္ခာကျတယ်လို့
ထင်နေတဲ့ သားကို အဖေ သက်သေပြမယ်။
ကဲ... သား ကျေနပ်ပြီလား”

။သုံး။
ဖြိုးကိုတို့ မြို့ကို ပြန်ရောက်သည်မှာ ငါးရက်ပင် မပြည့်သေး
ဘေးအိမ်မှ တဆင့် တယ်လီဖုန်းသတင်းက ၀င်လာသည်။
သူ့အဖေ ဆုံးပြီဆိုပဲ။
ဖြိုးကို ဇာတိမြေကို တဖန်ပြန်ရောက်တော့
ဖခင်ဖြစ်သူ၏ ရုပ်အလောင်းက
သူ့နှလုံးသားကို လှုပ်ရမ်းပစ်လိုက်သည်။

အကြောင်းစုံကို မေးမြန်းကြည့်သောအခါ
သွေးအန်ပြီး ဆေးရုံတက်ရသည့်အကြောင်း။
ဆေးရုံမှာ သုံးရက်ကြာ ကုသခွင့်ရခဲ့သည့် အကြောင်း။
သွေး ဆယ့်နှစ်ပုလင်း သွင်းရသည့် အကြောင်း။
အလုပ်ပျက်မည်စိုး၍
သူ့အဖေက အကြောင်းမကြားခိုင်းသည့် အကြောင်း။

ဖြိုးကို စိတ်ကို ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ပါ။
သူ့အဖေ၏ ရုပ်အလောင်းကို
စေ့စေ့ကြည့်ရင်း ငိုချပစ်လိုက်ပါတော့သည်။

“ ကျွန်တော့်ကို ပေးခဲ့တဲ့ ကတိဆိုတာ..
ဒါပဲလား အဖေရယ်...။
ဒီလိုမျိုး ကတိတွေကို
ကျွန်တော် မလိုချင်ဘူး အဖေ။
ကျွန်တော့်ကို ခွင့်လွှတ်ပါ အဖေရယ်”

ဆူးရင့်၊တန့်ဆည်။
ပိတောက်မြေ မဂ္ဂဇင်း
မတ်လ ၊ ၂၀၀၃
ဝတ္ထုတို အဟောင်းလေး တစ်ပုဒ်ပါ မတင်ဖြစ်သေးတာလေးမို့ အခု တင်ပေးလိုက်ပါတယ်။

Monday, August 10, 2009

ဒိုင်ယာရီထဲက အမှိုက်တွေ



ဟစ်ခွင့်ရှိတဲ့ သီချင်းက အရာမ၀င်ဘူး
အသက်လှောင် နံရံများသာ
ရိ ... ဆွေး ... ပြတ် ...တောက်
ဘုရားစကားနဲ့ အညီ
လောကကို မငြင်းခုန်တာပဲ ကောင်းတယ်။

သက်မွန်မြင့်ကို သက်မွန်မြင့် အတိုင်း
ဆုန်သင်းပါရ်ကို ဆုန်သင်းပါရ် အတိုင်း
အနံ့ အရသာ ကျယ်ပြန့် ကျဉ်းမြောင်းမှုတွေ
ပစ်မှတ်လွဲ ရဲရင့်ခဲ့။

ဖြစ်စဉ်နဲ့ ပြေးလမ်းပေါ်
လိုဘ မ၀လင်မှုနဲ့
ပြည်အောင်း အနာနဲ့
ဦးနှောက်မဲ့ မျက်နှာဖုံးနဲ့
ငိုရယ်ဖို့ မေ့လျှော့စိတ်နဲ့
ဆူးရင့်ဟာ ဆူးရင့်ဆန်ဆန်
ငွေ့ငွေ့ လူလူ လွင့်နေခဲ့တယ်။

ဖြစ်နိုင်ရင်
ခေါင်းထဲမှာ
ဘာ တစ်စုံ တစ်ရာမှ သိမ်းမထားချင်သလို
ဘာ တစ်စုံ တစ်ရာမှလည်း ထုတ်မယူချင်တော့ဘူး။

ဆူးရင့်၊တန့်ဆည်၊
ရုပ်ရှင်အမြုတေ မဂ္ဂဇင်း
ဇွန်လ ၊ ၂၀၀၈။
ကဗျာ အဟောင်းလေးပါ သတိရလို့ အခုမှ တင်လိုက်ပါတယ်။

ကြိုး

ကိုယ့်ခန္ဓာဆီ
ပြန်ကပ်ခွင့် မရှိတဲ့
ဝိညာဉ် တစ်ကောင်ထက်
ခွဲခွါရခြင်းက
ပိုးပြီး ခါးသက်လွန်းတယ်။

စိတ်ချင်း ချည်နှောင်ခဲ့ကြတဲ့
ကြိုးတွေ
ပြတ်တောက် သွားပြီဆိုရင်
ခံစားချက်က
အသက်ကို ရန်ရှာတတ်တယ်။

ညီမလေးရေ့
လေစိမ်းရဲ့ မုန်တိုင်းတွေ မလာစေနဲ့
နာကျည်းမှုရဲ့ မိုးတွေ မရွာစေနဲ့။

ဆူးရင့်၊တန့်ဆည်၊

Friday, August 7, 2009

အသွင် အပြင်



စကားလုံး ဆွဲငင်အားနဲ့
ပြုတ်ကျလာတဲ့ အသံ
လျှို့ ၀ှက် ဗလာနယ် ဦးခေါင်းထဲ
ပုံသဏ္ဍာန်ဆိုတာ နားလည်ရခက်တဲ့ လမ်းညွှန်ချက်
အပူ အအေးက နှစ်ပိုင်း ကွဲနေတယ်

အာရုံ ကူးစက်ပုံ ဖွဖွရွရွ
ငွေ့ရည် မာကြောပုံ ဖွဖွရွရွ
ညွှတ်ကိုင်း သက်ရောက်ပုံ ဖွဖွရွရွ
အားအား ယားယား ဖွဖွ ရွ ။

ရိုးရှင်းတဲ့ ရနံတွေ ယာယီပဲ
အမှားအမှန် စံနှုန်းတွေ တစ်စိတ်တစ်ပိုင်းပဲ

လတ်တလောအခြေအနေမှာ
ဖျားနာမှုက အနူးညံ့ဆုံး သံစဉ်
သင်္ချိုင်းကုန်းက သံဝေဂ စက်ရုံ

ညီမလေးရေ
လရောင်နဲ့ ပန်းတွေပွင့်သလို
အရေးမပါတဲ့ သံသရာတိုင်း
အသွင်ပြောင်း ဆက်လျှောက်

ထယ်ဝါ ၀င့်ကြွားလှတဲ့ အိပ်မက်တွေ ထာဝရ မဟုတ်
လင့်ပွင့် နက်ရှိုင်းတဲ့ ပျော်ဝင်မှုတွေ ထာဝရ မဟုတ်
ဝမ်းနည်းဖို့ကောင်းတဲ့ အပျက်အယွင်းတွေ ထာဝရ မဟုတ်
ဘယ် ထာဝရတွေမှ ထာဝရ မဟုတ်။
ဆူးရင့်၊တန့်ဆည်၊

FACE TO FACE


၂၀၀၈-ခုနှစ်တုန်းက ကျွန်တော် ရေးဖြစ်ခဲ့တဲ့ ပန်းချီကားလေးပါ
နာမည်ကိုတော့
“ FACE TO FACE ”
လို့ နာမည်ပေးထားပါတယ်
မျှဝေ ခံစားမှု သက်သက်ပါ။
ဆူးရင့်၊တန့်ဆည်၊

Tuesday, August 4, 2009

ဖတ်မိတဲ့ စာတစ်အုပ်


အခုတလော ကျွန်တော် စိတ်တွေ လေနေပါတယ်
အခုတလော ကျွန်တော် စိတ်တွေ လေးနေပါတယ်
မိုးကလည်း တစ်နေကုန်နီးနီး ရွာသွန်းနေတော့
လေနေ လေးနေတဲ့ စိတ်က ပိုပြီးလွှင့်သွားပါတယ်။

စာအုပ်စင်က စာအုပ်တစ်အုပ် ဆွဲယူပြီး ဖတ်နေလိုက်တယ်
စာအုပ်နာမည်က “ကဗျာဖွဲ့နည်း နိသျည်း”
ရေးသူကတော့ ဦးတင့်ဆွေ(ပေါရာဏကထာ ကျမ်းပြုသူ)
၁၉၅၃-ခုနှစ်၊ မေလမှာ ထုတ်ဝေခဲ့တာပါ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၆ နှစ်က ထုတ်ဝေခဲ့တဲ့ စာအုပ်ပေါ့။

အဲဒီ စာအုပ်ထဲက
ကျွန်တော် သဘောကျမိတဲ့
ရှေးဟောင်း စာပေတွေကို မျှဝေပေးလိုက်ပါတယ်။

“ခါးတောင်းမြီး ဖြုတ်ပါလို့ ရုတ်ကနဲ့ အသာထိုင်
သူ့ဥစ္စာ ကြာငုံကြီးကို နီးကာမှကိုင်
ကိုင်သာနေ ထိုင်လေလေ့ကိုဘို့
သာလျောင်းရှင် တောင်တော်ဦးမှာ ဖူးရပြန်လို့”

“ ခန်းကတ္တီ မွေ့ရာထက်မှာလ
ချမ်းကပြီ ကွေးကာ မစက်နိုင်ဘု
အအေးတစ်ခါ စွက်တာကြောင့် ခက်တော့တယ်
စောင်အထဲမှာလ ဗြောင်ကြဲကာ တဒူဒူနှင့်
တဘူဘူ အံစော်နီးတယ် ကြီးတဲ့ဝဋ်ရယ်
သည်လိုသာ နံတာ ဆက်ရင်ဖြင့်
ဤကိုယ်မှာ ခန္ဓာပျက်ပါလိမ့်
မြန်စွာထွက်ပါလို့ နှာခေါင်းဖယ်
မကောင်းတယ်ဗျ သည်ဆောင်း
ခက်လှတဲ့ဖင် လက်ချကာ အသာပြင်လို့
မလာခင် ဖိကာပိတ်ရတယ် စိတ်က မကောင်း”

“ကောင်းခြောက်ဆယ် လေးရပ်နှင့်
သွေးထပ်ထပ် ရုပ်ညီ
ရှေးနိပါတ် ထုတ်မှီသည်
ဖုဿတီထွဋ်ထား
ဗိမ္ဗာနတ် ကိန္နရီလို
တသိင်္ဂီ ယိုးတော့မမှား
ဥမ္မာဒ ရုဇာမယ်လို
နုရှာတယ် အသား
မုခနွယ်နှုတ်ဖျားက ပတ္တမြားမြသဖွယ်
ကြယ်ဥက္ကာ ညဥ့်ရောင်မီးလိုပ
ခင့်မောင်ကြီး ထင်လိုက်လှတယ်
မြင့်ဆောင်ထီး ညဥ့်အလယ်မှာရှုစဖွယ် ပ၀င်းလို့
လမင်းထက် နှစ်လေးသာ အေးမြလိုက်တာ
မြင်ရသူ ဖေသက်သာတယ် ရွှေမျက်နှာ ကြည်လွန်းလှလေး”
(စလေဦးပုည)
(တစ်ချို့က ဖိုးသူတော်ဦးမင်း ရေးသည်ဟု ဆိုကြသည်)

“အသားတော် အရောင်ထွက် မှောင်နက်လို့ မည်းညို
ထောင်ထွက်နှင့် မကွဲလိုတယ် သရဲကိုယ်ဇာတိ
ခံတွင်းက သာထုတ်ဖော်လျှင် အာပုတ်စော ထိုးလိုက်ပါဘိ
သူ့ပါစပ် အပြီးပေတယ် သွားချီးတွေ အပြည့်
အနီးလေ လွန်မကြည့်ချင်ဘု ရွံစလိ ကြောက်ဖွယ်
ဖုတ်တစ္ဆေ ရုပ်ရေကျအောင်ပ ဗြုတ်တွေက ပေါလိုက်လှတယ်
ကိုယ်နံ့က ခွေးသူငယ်လို မွေးပေတယ်မသတီ ပျို့အောင်ပ
ညှီစို့စို့ လင်းတစော် နည်းတူရဲ့နော်
ဂျီးထူချက် ရှစ်ထပ်ကျော်အောင် ညစ်ပတ်တော် မူလွန်းလှလေး”

“ နီရောင်ရဲရဲ ပြည်ခဲယိုစီး သွေးညိုညစ်ပုပ် တွန့်တွန့်ရှုပ်လျက်
ဖားပြုတ်ကျောက်ကုန်း နှိုင်းနှုန်းမျက်နှာ မသာယာခဲ့
သွားမှာကျဲကျဲ နဖူးပြဲနှင့် ထူးကဲကုပ်ကွ မလှပသည့်
လင်းတဓာတ်စာ ဥပမာလျှင် ရုပ်ဝါပုပ်နံ့ တပျံ့ပျံ့တည့်”

“ ချစ်ပါ့ ချစ်ပါ့နှင့် မနှစ်ကခုတိုင်၊ လ/ထစ်မှ မူမပိုင်သည် နေနိုင်လေ ပြထွား၊
စ ပြီးမှ တစ်နည်းဖန်တယ် လ/ချီးဥာဏ် ပြုကြသလား။
ယခုမှ မရှုလို အမှုကို ၀ှက်ကြား၊
လ/ဥလို သက်ထားက ကြံအားပေ့ ခင်ရယ်၊
မမှန်လျှင် မကြံကြပါနှင့် လ/ဆံမှ ကြောက်ပါဘူးကွယ်။
အတွေးနှင့် အရေးခြယ်သည် လ/မွှေးနှယ် လိမ်ရှုတ်လို့၊
လ/ဖုတ်က မျက်နှာအို မင်းဘာပြုဆို၊
စ ပြီးမှ မကြီးညိုရယ် ငါ့ရီးလို အို လုပ်ပါနှင့်လေး”

“ လောကဇာတ်ခုံ ဤလူ့ဘုံကား
တွေ့ကြုံဆုံကွဲ ဖြစ်ရမြဲတည်း
ဝမ်းနည်း ၀မ်းသာ မရှိရာရှင့်”

“အချစ်အချစ် ဤအချစ်ကား
အချစ်တကယ် အမြစ်တွယ်က
ဘယ်ဝယ်ဘယ်တွက် ဆင်ခြေဖက်လည်း
ပယ်ဖျက်အတင်း သူ့ဇာတ်သွင်း၏
ပျော်ခင်းသွယ်သွယ် မြှူစဆွယ်၍
နောက်ဝယ်မယွင်း ပူဇာတ်ခင်းသည်
နှစ်မင်းသူဖြစ် ထိုအချစ်”

“သနစ်စုံ ဖြစ်ပုံဖြင့် ခက်သား
မလေးခင် ပေလွှာရေးတယ် ဝေးတစ်ရပ်ခြား”
(စလေဦးပုည)

“လှိုက်လှိုက်ကယ်ဖို ရှိုက်ငိုလို့ တိတ်ဘဲ
မယ့်သည်းခြာ မယ်ထူပါ့မယ် မြပုခက်လွှဲ”
(ဦးဖေကြော့)

“ နှင်းဆီကယဉ် သဇင်ကပြုံး
အပွင့်မှာ ပန်တော်ဝင်ပေ့
အပင်မှာ ဘယ်အတွက်ကြောင့် ဆူးဖက်သတုံး”
(ဦးစံသူ)

“ ခေတ်ဇမ္ဗူ ချစ်သူကြောင့် စိတ်မအေး
ကုန်မလန်းနိုင်ဘု ထုံပန်းကြူ ဇာပေါ်က
ကူပါသော် ပူတာရှင်းလေငဲ့ ဆင်းရွှေရုပ်သွေး”
(ဘိုးဝဇီရ)

“ ပစ်မခွာ နှစ်တစ်ရာ ရှည်မြင့်အောင်ပ တည်ခွင့်ပါဗျ
မေတ္တာငယ်လှိုင် သစ္စာတိုင် ယိုင်မကျိုးပါနဲ့ ရိုးမြေပြာကျ”
(အချုပ်တန်း ဆရာဖေ)

“ နေမှိန်မှိန် ဆင်ဗောင်းတော် ရွှေပုသိမ်နှင့် လာချိန်တန်ပေါ့
ထပ်ထပ်ကယ်မျှော် ပြဿာဒ်ရယ် ဆောင်ဘုံပေါ်က
အကြိုတော် သည်မယ်ထောက်ရတယ် ကိုးခေါက်ပြန်ပေါ့”
(အနောက်နန်းတော် မမြလေး)

“ ထိပ်စရာ လိပ်ပြာတုန်လှလို့ လုံမမှာပန်း
နန်းရိပ်ကေညှာ စန်းမိတ်ငွေလွှာသို့
ဖြေမသာ သူရာစီးသည့်နှယ် မီးထမခန်း”
(မောင်ဘိုးရင်)

“ အဆွေးငယ်ကြွယ် အရေးသယ် မစာလှယ်လို့ ပူနယ်မဆုံး
အမြင်ဖြင့် နီးပေငဲ့ ခရီးရွှေတောင်နေသို့ ဝေးရလိမ့်အုံး”
(ဦးစံသူ)

“ ရင်ကမူ စိတ်တူညီမျှလို့ အောင် ပ ကု လား။
ခုမှကို အသစ်တစ်ဥာဏ်ပိုလို့ ဦးညို ခေမာဖြစ်ရအောင် ဖုန်းပြစ်လို့သွား။
(အမည်မသိ)

ဆူးရင့်၊တန့်ဆည်၊
စုစည်းတင်ပြသည်။

Monday, August 3, 2009

ရည်းစားစကား



စိတ်တောက်စားမှုရဲ့
ထောင့်ကွေး နယ်နိမိတ်မှာ
ခံစားချက်မဲ့သူက
ပိုပြီး သတ္တိကြောင်တယ်။

နှင်းအက္ခရာ အစစ်နဲ့
ရင်ခုန်သံတွေ ဖွင့်ထုတ်
တံတိုင်းအထပ်ထပ် ကာရံထားတဲ့
ညနေခင်းဟာ
ရှင်သန်ခွင့်ကို လျှို့ဝှက်ထားပြန်တယ်။

ငါဟာ
တုန်ခါမှုနဲ့ ကျွမ်းဝင်တုန်ခါခဲ့ရ
နာကျင်မှုနဲ ရင်းနှီး နာကျင်ခဲ့ရ။

တိတ်ဆိတ်ခြင်းဟာ
ပဲ့တင်သံ အထပ်ထပ်
အသက်လှောင် နံရံပေါ်က
အမှောင်ဆုံး မီးတောက်တွေ
အရောင်လေးဟာ
လွင့်ရင်း ၀ဲရင်း ပျောက်ဆုံးသွားခဲ့။

နှလုံးသားဟာ
သံထည်နဲ့ဆောက်တဲ့ တံတားလား၊
ကြေကွဲခြင်းဟာ
သူမရဲ့ ဘေးထွက်ပစ္စည်းလား၊
အမှန်တရားဟာ
မရဲရင့်တဲ့ ရုပ်တုလား။

အရှိအတိုင်း အန်ချလိုက်မှ
အလေးချိန် ပိုတိုးလာတဲ့ ကမ္ဘာ
အပူလှိုင်းဟာ
အေးစက်စက်နဲ့
ငါ့ဆီပြေးဝင်လာတယ်။

ညီမလေးရေ
ဒါဟာ မှော်မအောင်တဲ့
နေ၀င်ချိန် ပန်းချီကား တစ်ချပ်ပေါ့၊
ဒါဟာ အချစ်ရဲ့
နိယာမ လမ်းခွဲပေါ့၊
ဒါဟာ
လူ့အဖြစ်ရဲ့ တစ်ခန်းရပ် ငရဲခန်းပေါ့ ။

ကျွန်းကလေးရဲ့
အစစ်အမှန်ကို
အရိုးခံအတိုင်း
အိပ်မက်နဲ့ ရင်ဖွင့်လိုက်တာပါ
အပူလှိုင်းဟာ အေးစက်စက် ပြေးဝင်လာတယ်။ ။
ဆူးရင့်၊တန့်ဆည်၊
၃၀ ၊ ၇ ၊ ၂၀၀၉ သို့ အကြိမ်ကြိမ် အခါခါ အမှတ်တရ


Saturday, August 1, 2009

ဂေါက်သီးများ

ဂေါက်လို့ ခေါ်တော့ ဂေါက်တယ်
ဂေါက်အကြောင်း ပြောကြမယ်
ကောက်ကြောင်းတွေ ကျွန်တော့်ကို
ဂေါက်လို့ ခေါ်တယ်။ သူဟာ ဂေါက်

ဂေါက်ရိုက်နေသည် ဂေါက်သမား
ရူးချင် ရူးလို့ရတယ် တဏှာ မရူးစမ်းနဲ့
လာဂေါက်ပြမနေနဲ့ ဂေါက်ကြောင်မနေနဲ့
ကြောင်နေလို့ ဂေါက်က ပြောတယ်
သူ ဂေါက်လို့ ဂေါက်မှန်းတောင် မသိဘူးတဲ့
ဒါကို ဂေါက်က ရယ်တယ်
ဂေါက်ပုံ ပေါက်နေတယ်

လူ့ဘ၀ဆိုတာ
တစ်နည်းနည်းတော့ ဂေါက်နေကြတာပဲ။
ဟုတ်တယ်
မဟုတ်ဘူးလို့ ဂေါက်ကငြင်းတယ်
ဂေါက်က ကန့်လန့်
ဂေါက်က ဘေးတိုက်
ဂေါက်က တန်းတန်းမတ်မတ်
မြောက်တတ်လာတဲ့ ဂေါက်ဟာ
ကျင်းထဲ မ၀င်ဘူး
ကျော်သွားတယ်
နောက်ထပ်/ထပ်ဂေါက်နေတယ်

ဂေါက်တွေ
ကျင်းကျော်လာတာ များတော့
အကျော် ဇယားတွေ ခင်းလာတယ်
စုပြုံလာတယ်။
ဂေါက်တွေ ဘုရားဖူး ထွက်တယ်
ရေကူးကန် သွားတယ်
အားရင် အားသလို
အရက်ဆိုင် ထိုင်တယ်
အနှိပ်ခန်း သွားတယ်
သီချင်း ဆိုတယ်

“ ယုံချင် ယုံ ၊ မယုံချင် နေ ” လို့
ဂေါက်တွေရဲ့ အပြင်ဘက်က
ဂေါက်က ပြောတယ်
ဂေါက်တွေက ငွေကြိုက်တယ်
ဘွဲ့ ယူတယ်၊ အကောင်းစားတွေ သုံးစွဲတယ်
ဂုဏ်ယူနေတဲ့ အတွက်
ဂုဏ်သရေ ရှိတယ်၊ ဂုဏ်ဖေါ်ပြောတတ်တယ်။
ဂုတ်ကိုလည်း တက်နင်းတယ်
ဂိုက်ကတော့ အပြည့်ပဲ
လူကြီး လူကောင်း အင်္ကျီနဲ့ အသားမည်းတယ်
သွားကျဲတယ် အရိုးများတယ်
ဂေါက်အချင်းချင်း မေတ္တာ
နည်းနည်းပါးပါး ရောင်ပြန်လို့
တစ်ယောက် သွေးသားကို
တစ်ယောက်က
လစ်ရင် လစ်သလို စုပ်ယူတယ်

ဒီတော့ ဂေါက်ဟာ
ဂေါက်ရာမ၀င် ဖြစ်လာတယ်
သူ ဂေါက်နေတာလည်း
ဂေါက်တွေ ဂေါက်နေကျ အတိုင်း မတူဘူး။
ဂေါက်
ဂေါက်လို့ ခေါ်ရင်
သူတို့တတွေကို
ဂေါက်က ဂေါက်သီးလို သဘောထားပြီး
ရိုက်ချလိုက်တယ် ..။ ။

မင်းသက်ဇဉ်

ဂေါက်ရိုက်သမား

ဂေါက်ရိုက်သမား ဆိုတာ
ဆင်ခြင်တုံတရားနဲ့ ကျင်းကို ချိန်ဆရတယ်။

ဂေါက်အိပ်ထဲမှာ
လောကဓံ ရှစ်ပါးကလွဲရင် ဘာမှ မရှိဘူး
လက်တွေ့မကျတဲ့ ဘ၀ဆိုရင်
မတော်တဲ့ တုတ်တံကို လဲပစ်ရတယ်။

ဂေါက်ရိုက်သမားမှာ
သူ့ကွင်း ကိုယ့်ကွင်း မရှိဘူး
အသက်ရှူ မမှားဖို့ စိတ်ကူးမလွဲဖို့
သုံးခွက် တစ်ခွက်
သုံးချက် တစ်ချက်
ဆေးဖက်ဝင်ဖို့ အသက်ရှင်တယ်။

ရိုက်သွင်းရတဲ့ ကျင်းကို ကြည့်ရတယ်
အဲဒီကျင်းက
ဂေါက်ရိုက်သမားရဲ့ ဂုဏ်သရေရှိ တန်ဖိုးဖြစ်တယ်။

မြက်ခင်းစိမ်းစိမ်းကို ဖြတ်လိုက်
ရေအိုင်ငယ်လေးကို ရေပွက်ပမာ ကြည့်လိုက်
လိမ့်နေတဲ့ ဂေါက်သီးဆီက
အပျော်ကို မီးလို ကူးလိုက်
အကွာ အဝေး ရိုက်ရမယ့် ရိုက်ချက်
လက်ဆအတိုင်း ဘ၀ကို ကိုင်တွယ်ရတယ်။

ဂေါက်ရိုက်သမားဟာ
ဂေါက်နေတဲ့ အလုပ်သမား မဟုတ်ဘူး
မုဆိုးကို ပြန်ချောင်းတဲ့ သားကောင် ဖြစ်တယ်။

သားကောင်မှာ
တောခြောက်ခံရတာ တောလှန့်ခံရတာ မရှိဘူး
အတတ်ပညာနဲ့ သူ့ထောင်ချောက်နဲ့
မုဆိုးလည်ပင်းကို
တစ်ချက်တည်း ကြိုးကွင်းပြန်စွပ်နိုင်တယ်။

ကျွန်တော်တို့လည်း
ကျွန်တော်တို့ ကြိုက်တဲ့ ပုံစံနဲ့
တစ်ချက်တည်း ကျင်းဝင်နိုင်ဖို့
တစ်သက်လုံး လေ့ကျင့်ပေးနေရတဲ့
ဂေါက်ရိုက်သမား။

မင်းဆက်

LinkWithin

Related Posts with Thumbnails