Friday, August 14, 2009

အဖေ့ရဲ့ ကတိ

။တစ်။
ဇာတိမြေသို့ အလည်ပြန်ရောက်လာကြသည့်
ဖြိုးကို ဇွန်ပွင့် တို့ ဇနီးမောင်နှံအား
ဆွေမျိုး မိဘ မိတ်သင်္ဂဟတို့က
နွေးထွေးစွာ ခရီးဦး ကြိုဆို လိုက်ကြသည်။

ဖြိုးကို ဆိုတာက ခေတ်လူငယ် ပီပီ မြို့တက် စီးပွားရှာပြီး
ငွေကြေး အတန်အသင့် ချမ်းသာသူ။
တစ်ဖက် တစ်လမ်းမှလည်း ရွာမှ မိသားစုကို ထောက်ပံ့နေသူ ၊
မာကြောင်း သာကြောင်း မေးမြန်းရင်း
မျက်နှာတိုင်းမှာ ပြုံးလို့ ရွှင်လို့ ၊
တစ်ယောက်ပြီး တစ်ယောက်
နှုတ်ဆက်စကား ပြောဆိုကာ
အချိန်တွေ ကုန်မှန်းမသိ ကုန်ဆုံးသွားတော့၏။
ညဥ့်နက်စပင် ပြုနေပြီ ဖြစ်သည်။


။နှစ်။
နောက်ဆုံး ထမင်းဝိုင်းမှာ ဖြိုးကိုတို့ ဇနီးမောင်နှံ
သူ့အဖေ အမေနှင့် ညီ ညီမလေးများသာ
အိမ်မှာ ကျန်ရစ်ခဲ့ကြသည်။
ရွာမှာ နာမည်တစ်လုံးနှင့် နေသည့်
အရက်သမား ဦးလုံး ဆိုသည်က
ဖြိုးကို၏ အဖေပင် ဖြစ်သည်။

ထမင်းစားပြီးနောက်
ဖြိုးကိုနှင့် သူ့အဖေ စကားပြောဖြစ်ကြသည်။

“အဖေ နေကောင်းလား”
“ကောင်းပါတယ် သားရဲ့ ဘာဖြစ်လို့လဲ”
“အဖေ့ ကြည့်ရတာ အရင်ကနဲ့ မတူဘူး။
ပိန်ပြီးတော့ အသားအရေတွေ ဖြူစပ်စပ် ဖြစ်နေသလိုပဲ”
“သား စိတ်ထင်လို့ နေမှာပါ။
အဖေ ဘာမှ မဖြစ်ဘူး နေကောင်းပါတယ်”
“အရက်ကတော့ အရင်လို သောက်တုန်းပဲမို့လား”
“သား စဉ်းစားကြည့်လေ အဖေတို့က လယ်ထဲ ဆင်းပြီး အလုပ်
လုပ်ရတာဆိုတော့ ပင်ပန်းတယ် သားရဲ့ ။
အဲ ...တစ်နေ့
တစ်ရာဖိုးလောက်တော့ ပုံမှန် သောက်ဖြစ်တယ်”
“အဖေ့ကို အရက်ဖြတ်ဖို့ ပြောရတာ
ကျွန်တော်လည်း မောပြီ။ ဒီအတိုင်းပဲ
အဖေ အရက်ကို ဆက်သောက် နေမယ်ဆိုရင်
သားသမီးတွေကို ဘယ်လိုလုပ်ပြီး
ဆုံးမလို့ ရတော့မလဲ။
အခုဟာက ညနေပိုင်းတင် မဟုတ်တော့ဘူး
မနက်ရေပါ သောက်နေတော့ ပိုဆိုးတာပေါ့။
မသောက်ဘဲ မနေနိုင်ဘူးလား အဖေရာ..”
“မရတော့ဘူး သားရေ... ဒါလေးမှ
မသောက်ရရင် ထမင်းလည်း
စားလို့ မ၀င်တော့ဘူး။
လက်တွေလည်း တုန်လာတယ်”
“အဖေနဲ့တော့ ခက်တယ်ဗျာ ..
ကျွန်တော့်မှာဖြင့် ရွာကို ပြန်ရောက်လာတိုင်း
မိဘဆွေမျိုးတွေ ဂုဏ်သရေရှိအောင်ဆိုပြီး
ရပ်ရေး ရွာရေးလည်း ဆောင်ရွက်လိုက်ရ၊
သာရေး နာရေးဆိုလည်း လုပ်လိုက်ရ။
နောက်ဆုံးတော့
အရက်သမားသား ဆိုတဲံ နာမည်ပဲ ရတယ်။
ကျွန်တော် လုပ်သမျှ အလကားပဲ”
“အဖေ ကြိုးစားပြီး ဖြတ်ပါ့မယ် သားရယ်...နော်”
“အဖေ ဒီလိုချည်း ပြောနေတာ ဘယ်နှစ်နှစ် ကြာပြီလဲဗျာ”
“အဖေ ကတိပေးတယ်။
အဖေ သားကို ဒီတစ်ခါ တကယ် ကတိပေးတယ်။
အဖေကြောင့် ငါ့သား
နောက်တစ်ခါ နာမည် မပျက်စေရဘူး။
သားလုပ်သမျှ အရာထင်စေရမယ်။
အဖေကြောင့် နာမည်ပျက်တယ်။ သိက္ခာကျတယ်လို့
ထင်နေတဲ့ သားကို အဖေ သက်သေပြမယ်။
ကဲ... သား ကျေနပ်ပြီလား”

။သုံး။
ဖြိုးကိုတို့ မြို့ကို ပြန်ရောက်သည်မှာ ငါးရက်ပင် မပြည့်သေး
ဘေးအိမ်မှ တဆင့် တယ်လီဖုန်းသတင်းက ၀င်လာသည်။
သူ့အဖေ ဆုံးပြီဆိုပဲ။
ဖြိုးကို ဇာတိမြေကို တဖန်ပြန်ရောက်တော့
ဖခင်ဖြစ်သူ၏ ရုပ်အလောင်းက
သူ့နှလုံးသားကို လှုပ်ရမ်းပစ်လိုက်သည်။

အကြောင်းစုံကို မေးမြန်းကြည့်သောအခါ
သွေးအန်ပြီး ဆေးရုံတက်ရသည့်အကြောင်း။
ဆေးရုံမှာ သုံးရက်ကြာ ကုသခွင့်ရခဲ့သည့် အကြောင်း။
သွေး ဆယ့်နှစ်ပုလင်း သွင်းရသည့် အကြောင်း။
အလုပ်ပျက်မည်စိုး၍
သူ့အဖေက အကြောင်းမကြားခိုင်းသည့် အကြောင်း။

ဖြိုးကို စိတ်ကို ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ပါ။
သူ့အဖေ၏ ရုပ်အလောင်းကို
စေ့စေ့ကြည့်ရင်း ငိုချပစ်လိုက်ပါတော့သည်။

“ ကျွန်တော့်ကို ပေးခဲ့တဲ့ ကတိဆိုတာ..
ဒါပဲလား အဖေရယ်...။
ဒီလိုမျိုး ကတိတွေကို
ကျွန်တော် မလိုချင်ဘူး အဖေ။
ကျွန်တော့်ကို ခွင့်လွှတ်ပါ အဖေရယ်”

ဆူးရင့်၊တန့်ဆည်။
ပိတောက်မြေ မဂ္ဂဇင်း
မတ်လ ၊ ၂၀၀၃
ဝတ္ထုတို အဟောင်းလေး တစ်ပုဒ်ပါ မတင်ဖြစ်သေးတာလေးမို့ အခု တင်ပေးလိုက်ပါတယ်။

1 comment:

မေဇင် said...

စိတ်မကောင်းဘူး ......လူကြီးတွေ ....အသက်ကြီးလာရင် သူတို့ စိတ်ချမ်းသာသလို လုပ်နေရရင် ပိုကောင်းပါတယ်..ရှင်...။

LinkWithin

Related Posts with Thumbnails