Thursday, February 19, 2009

နားလည်မှုနဲ့ လှုပ်ရှားနေတဲ့ မြို့

ကားတွေ
ဆိုင်ကယ်တွေ
သုံးဘီး ဆိုက်တွဲတွေ
ပြီး / နောက်။

စက်ဘီးတွေ
ဆိုက္ကားတွေ
မှ / တခြား။

ဈေးသည်တွေ
ဈေးဝယ်တွေ
ထို့ / ထက်။

ဟွန်းသံတွေ
အင်ဂျင်သံတွေ
၎င်း / အပြင်။

အားလုံးဟာ
လှုပ်ရှားမှုများ အားလုံးဟာ
မီးပွိုင့် မရှိဘဲ
နားလည်မှုနဲ့ ရှောင်နေ တိမ်းနေရ
နားလည်းမှုနဲ့ ရောင်းနေ ၀ယ်နေရ
နားလည်းမှုနဲ့ ပြောနေ ဆိုနေရ
နားလည်းမှုနဲ့ သွားနေ လာနေရ ။

အားလုံးဟာ ဖုန်တထောင်းထောင်းနဲ့
အညာဆန်ဆန် ရိုးသားကြလို့၊
အားလုံးဟာ အ၀တ်နွမ်းနွမ်းနဲ့
တောသားဆန်ဆန် ပွင့်လင်းကြလို့၊
နားလည်မှုနဲ့ လှုပ်ရှားနေတဲ့ မြို့။

အားလုံးဟာ ကွမ်းယာ ယဉ်ကျေးမှုနဲ့
အားလုံးဟာ လက်ဘက်ရည် ယဉ်ကျေးမှုနဲ့
နားလည်မှုနဲ့ လှုပ်ရှားနေတဲ့ မြို့ ။

အင်တာနက်ဆိုင်မှာတောင်
ရန်ကုန်လို
အထာတွေ မရှိဘူး။
မသိရင် မသိသလို ပွင့်ပွင့်လင်းလင်း မေးတယ်
သိရင်လည်း သိသလို ပွင့်ပွင့်လင်းလင်း ဖြေတယ်
နားလည်မှုနဲ့ လှုပ်ရှားနေတဲ့ မြို့ ။

အဖြူရောင်တွေ
လိမ်းခြယ်ထားတဲ့ မြို့ကလေးဟာ
မုံရွာ
နားလည်မှုနဲ့ လှုပ်ရှားနေတဲ့ မြို့ကလေးဟာ
မုံရွာ

ကောင်မလေးနဲ့ ဆုံစရာဆိုလို့
မနက်ဖြန် တစ်ရက်ပဲ ။
ဆူးရင့် ၊ တန့်ဆည် ၊

Tuesday, February 17, 2009

မုံရွာမြေသို့ ရောက်ရှိခြင်း

ဒီနေ့ မနက်ခင်းမှာ မုံရွာမြေသို့
ကောင်းမွန်စွာ ရောက်ရှိကြောင်း
အသိပေးလိုက်ပါတယ် ။
သူငယ်ချင်းတို့ ။

Friday, February 13, 2009

Valentine’s day ချစ်သူများနေ့

ချစ်သူများနေ့ဆိုတာ ဘီစီ၎ရာစုခေတ်က ရောမနိုင်ငံသားတွေဟာ လူပါကပ်စ်ဆိုတဲ့ နတ်ဘု ရားကို အကြောင်းပြုပြီး ပွဲတော်အဖြစ်ကျင်းပခဲ့ကြတယ်။ ပွဲတော်ရက်မတိုင် ခင်မှာတော့ (ဖေ ဖော်ဝါရီ၊၁၄)မှာ ရောမနတ်ဘုရားရဲ့ မိဖုရားဖြစ်သူ ဂျူနိုကို ဂုဏ်ပြုတဲ့အနေနဲ့ ပွဲကျင်းပ ရခြင်းဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ဂျူနို ကို လက်ထပ်ထိမ်းမြားခြင်းရဲ့ နတ်ဘုရားအဖြစ် ကိုးကွယ်ကြတာပေါ့။ နောက်ပြီးတော့မှ ဖေဖော်ဝါရီ(၁၅)ရက်နေ့ကျမှာ နတ်ဘုရားဖြစ်တဲ့ လူပါကပ်စ်ကို ကိုးကွယ် ပူဇော်ပသကြတာဖြစ်တယ်။ အဲဒီနေ့မှာတော့ အမျိုးသား နဲ့အမျိုးသမီး လုံးဝတွေ့ဆုံခွင့်မပြုခဲ့ကြဘူး။ သီးခြားဆီနေခဲ့ကြရတယ်။ အဲဒီနေ့ရဲ့ ညနေပိုင်းမှာတော့ လူငယ်များဟာ ကံစမ်းမဲတွေ ကိုယ့်နာမည်ရေးပြီး အနှိုက်ခံခဲ့ကြတယ်။ အကယ်၍ မဲပေါက်တဲ့ အမျိုးသားကို သူပေါက်တဲ့မဲနာမည်ဖြစ်တဲ့ အမျိုးသမီးဟာ နောက်နှစ် ဒီလိုရက်အချိန်ထိ တစ်နှစ်လုံးလုံးအတူနေခွင့်ရှိတယ်။ ဒါကြောင့် ဒီတစ်နှစ်လုံးအတူနေ ခွင့်ကြောင့် တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးကျွမ်းဝင် ဖြစ်ကြပြီး မေတ္တာသက်မျှကြတယ်ပေါ့။ ဒါပေမယ့် နှစ်ပေါင်း ၈၀၀လောက် အဲဒီပွဲကို ကျင်းပပြုလုပ်ခဲ့ကြပေမယ့်။ နောက်ပိုင်းမှာတော့ ဘာသာရေး ဆိုင်ရာဘုန်းတော်ကြီးများ၊ပုဂ္ဂိုလ်များက ရပ်ဆိုင်းပစ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါကြောင့် ဒီပွဲတော် ရက် ပျောက်သွားတဲ့ အထိမ်းအမှတ်အဖြစ် ချစ်သူများနေ့ ဆိုတာကို ကျင်းပခဲ့တယ်လို့ ယူဆခဲ့ ရပါတယ်။ ဘာပဲဖြစ်ဖြစ် ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် အချစ်ကဗျာလေးတွေ တင်ပေးလိုက်ပါတယ်။ လူသားတိုင်းဟာ ချစ်သူနဲ့ ကင်းခဲ့ကြတာမှ မဟုတ်တာ။ လူတစ်ဦးနဲ့တစ်ဦးချစ် တတ်ခဲ့တာဆိုတာ အာဒံနဲဧ၀ကပဲစစ။ ကျုပ်တို့လည်း ဘယ်ကမှန်းမသိခဲ့တဲ့ အချစ်တွေကိုချစ် တတ်လာခဲ့တယ်။ ဒါကြောင့် ချစ်သူများနေ့အထိမ်း အမှတ်အဖြစ် အချစ်ကဗျာလေးတွေကို တင်ဆက်လိုက်ရပါတယ်။ ရွှေနံ့သာ

Valentine’s day -ချစ်သူများနေ့ ဆိုသည်မှာ


အေဒီ ၂၇၀ ခုမှာ ရောမဟာ Claudius-II ဆိုတဲ့ ဘုရင်အုပ်ချုပ်နေခဲ့တယ်။ သူဟာ တိုင်းသူ၊ပြည်သားတွေအပေါ်မှာ လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်ပြီး အမိန့်တွေထုတ်ပြန် ပြီး ကန့်သတ်တားမြစ်ခဲ့တယ်။ အဲဒီအချိန်ကတော့ ရောမအင်ပါယာလည်း တစ်စတစ်စဆိုသ လို ပျက်စီးပြိုကျချိန်ရောက်နေခဲ့တယ်။ ဥရောပနှင့် အာရှနိုင်ငံများကလည်း ရောမအင်ပါယာ ကို စတင်ခြိမ်းခြောက်မှုတွေ ရှိလာခဲ့တယ်။

အဲဒီလို ပြင်ပနိုင်ငံများရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ထဲကနေ လွတ်မြောက်အောင် ရောမ ဘုရင်ဟာ စစ်သားများ၊ဘုရင့်ဝန်ထမ်းများကို များနိုင်သမျှများအောင် ခေါ်ယူထားခဲ့တယ်။ အမှန်က ရောမသားတွေဟာ စစ်တိုက်ရမယ့်အရေးထက် မိမိတို့အိမ်ထောင်ပြုရေးကိုသာ အား သာနေခဲ့ကြတယ်။ ဒါကြောင့် ရောမဘုရင်ဟာ လူငယ်တွေအတွက် ပြင်းထန်ထဲ့ ဥပဒေကို ထုတ်ပြန်ကြေညာခဲ့တယ်။ လူငယ်များ အိမ်ထောင်မပြုရဆိုတဲ့ အမိန့်ကိုပေါ့။

အဲဒီအချိန်မှာ ရောမနိုင်ငံမှာ ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်း(st.Valentine)ဆိုတာရှိ ခဲ့တယ်။ သူဟာ အထက်ကပြောခဲ့တဲ့ ရောမဘုရင်ရဲ့ တင်းကျပ်တဲ့ အမိန့်ဖြစ်တဲ့ လူငယ်များ လက်မထက်ရေး အမိန့်ကြောင့် တော်တော်လေးစိတ်မကောင်းခဲ့သလို၊ လူငယ်တွေအပေါ် ကိုယ်ချင်းစာစိတ်တွေရှိခဲ့တယ်။ ဒါကြောင့် သူဟာ လူငယ်တော်တော်များများကို လျှို့ဝှက်စွာ ပဲခေါ်ပြီး လက်ထက်ပွဲတွေ ကျင်းပပေးခဲ့တယ်။ အဲဒါကို ရောမဘုရင်ကသိတော့ သူ့ကိုဖမ်းဆီး ခဲ့တယ်။ ဘာသာရေးခံယူချက်များကို ဘုရင်သဘောထားနဲ့ကိုက်ညီအောင် လုပ်ဆောင်ဖို့ ဖျား ယောင်းခဲ့တယ်။ ဒါပေမယ့် သူကသဘောမတူခဲ့ဘူး။ သူ့ဟာ အေဒီ ၂၇၀-ဖေဖော်ဝါရီ(၁၄)ရက် နေ့မှာ အသတ်ခံရပါတယ်။

တကယ်တော့ သူဟာ မသတ်ခံရခင် အကျဉ်းကျနေစဉ်အတွင်းမှာတောင် Asterius ဆိုသူက သူ့သမီးဖြစ်သူဟာ မျက်စေ့မမြင်မမြင်ရလို့ ကုသပေးဖို့တောင်းပန်တာနဲ့ ကုသပေးခဲ့ပါ တယ်။ မျက်စေ့ရောဂါဝေဒနာသည်ဟာလည်း ပျောက်ကင်းသွားခဲ့ပါတယ်။ အချို့ကတော့ သူရဲ့မေတ္တာကြီးမားမှုကြောင့်လို့ ဆိုကြပါတယ်။ အခြားခြားသော ဇာတ်လမ်းတွေမှာဆိုရင် အဲဒီမျက်စေ့ဝေဒနာသည်လေးနဲ့ ချစ်ကြိုက်ခဲ့ကြတယ်လို့ ရေးထားခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ ဗယ်လင်တိုင်းဟာ သူမသတ်ခံရခင်နေ့တစ်နေ့မှာ ထောင်မှုးထံမှ စာရွက်နှင့်ကလောင်တံတစ် ချောင်းကို တောင်းယူခဲ့ပြီး သူမထံကို ကိုယ်တိုင်လက်မှတ်ထိုးပြီးတော့ စာတစ်စောင်ပေးခဲ့ လိုက်ပါတယ်။ အဲဒီစာသားကတော့ ” From your valentine” ဆိုတာပါ။ အဲဒီနေ့ရဲ့ အောက် မှာတပ်ထားတဲ့ နေ့စွဲလေးကို ကြည့်လိုက်တော့ ဖေဖော်ဝါရီ(၁၄)ရက်နေ့ဖြစ်နေပါတယ်။

နောက်တော့ လူသားတွေဟာ သူ့ကိုသတိရလာခဲ့ကြတာနဲ့တူပါတယ်။ အဓိကကတော့ လူငယ်တော်တော်များရဲ့ သတိရခြင်းကို ခံခဲ့ရပါတယ်။ ဒါကြောင့် မိမိချစ်သူဆီကို အမှတ်တရ လက်ဆောင်လေးတွေ ပေးတဲ့အခါမှာ Valentine ဆိုတဲ့ အမည်ကို အသုံးပြုလာခဲ့ကြတယ်။ အထူးသဖြင့်တော့ ချစ်သူအချင်းချင်း ဒီစာတမ်းလေးကို ရေးထိုးရင်း အချစ်သင်္ကေတ ပုံလေး တွေ၊ ပန်းကလေးတွေကို ပေးလာခဲ့ကြပါတယ်။ နောက်တော့ Valentine’s day ဆိုပြီး ဖေဖော် ၀ါရီ(၁၄)ရက်နေ့ကို သတ်မှတ်လာခဲ့ကြတယ်။ အဲဒီလို သူ့ကိုအမှတ်တရနဲ့ ကျင်းပလာခဲ့တဲ့ ကဒ်လေးတွေကနေတဆင့် အချစ်ဆိုတဲ့အရာဟာ လူသားတိုင်းရဲ့ နှလုံးသားမှာ ကျွံပြီးရင်ပြန် နှုတ်ရခက်သလိုဖြစ်နေတတ်ပြီး၊ အချစ်ကြီးသူတွေက ပေါက်ဖွားလာတဲ့ ဒီနေ့လေးကို သူ့ဂုဏ် ပြုတဲ့အနေနဲ့ Valentine’s day -ချစ်သူများနေ့ အဖြစ်သတ်မှတ်လိုက်ပါတယ်။ ချစ်တတ်သူအ ပေါင်းတို့ စစ်မှန်တဲ့ချစ်ခြင်းတရားကို ချစ်တတ်ကြပါစေ။

မောင်မင်းစိုး

Valentine’s day ချစ်သူများနေ့ရဲ့ ဗီးနပ်စ်


ဗီးနပ်ဂြိုလ်ဆိုတာ နေစကြ၀ဠာမှာတော့ ဆဋ္ဌမမြောက်အကြီးဆုံးဂြိုဟ်တစ်စင်းဖြစ်တယ်။ နေမှ ဒုတိယမြောက်နေရာမှာ တည်ရှိပြီးတော့ နေကိုပုံမှန်လည်ပတ်နေခဲ့တယ်။ မြန်မာတို့အနေနဲ့က တော့ သောကြာဂြိုဟ်လို့ ခေါ်ဝေါ်ခဲ့ကြတယ်။ ဂရိတွေကတော့ အက်ဖရိုဒိုက်လို့ ခေါ်ဝေါ်ခဲ့ကြ တယ်။ ဒီတော့ ဗီးနပ်ဟာ အချစ်နှင့်လှပခြင်းတို့ရဲ့ နတ်ဘုရားဖြစ်နေခဲ့တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဗီးနပ်ဂြိုဟ်ရဲ့ မျက်နှာပြင်ကို လှပသော အမျိုးသမီးများရဲ့ အသွင်အပြင်နဲ့ နှိုင်းယှဉ် တတ်ကြတယ်။ တစ်ချို့ကတော့ အတောက်ပဆုံးကြယ်အဖြစ် တင်စားခဲ့ကြတယ်။ ဒါကြောင့်မို့ လည်း ဗီးနပ်ဟာ အလှနတ်ဘုရားမ ဖြစ်လာခဲ့ဟန်တူပါတယ်။

ဒဏ္ဍာရီဆန်ဆန်အဖြစ်ပျက်ကို ပြောပြရမယ်ဆိုရင်တော့ ခရိုနပ်စ်ကို ယူရေးနပ်စ်က ဆုံးမ ဒဏ်ခတ်ခဲ့တယ်။ သူ့ရဲ့အစိတ်အပိုင်းတစ်ချို့ကို ပင်လယ်ထဲ ပစ်ချခဲ့တယ်။ အဲဒီအချိန် မှာပဲ အထက်ကပြောခဲ့တဲ့ ဗီးနပ်ဆိုတဲ့ ဂရိအခေါ် အက်ဖရိုဒိုက် ကိုမွေးဖွားပေးခဲ့တယ်။ တစ်နည်းဆိုကြတာကတော့ အဲဒီအက်ဖရိုဒိုက်ကို ကြီးမားတဲ့ ကမာခွံတစ်ခုမှာ မွေးဖွားခဲ့တယ်။ အဲဒီကနေ ကုန်းမြေကို ပြောင်းရွေ့လာခဲ့တယ်။ ပင်လယ်နတ်သမီးကလည်း အက်ဖရိုဒိုက်ကို လှပတဲ့ အ၀တ်တန်ဆာတွေ ဆင်ယဉ်ပေးပြီး အလှပဆုံးဖြစ်အောင် ပြုပြင်ပေးခဲ့တယ်။ သူမဟာအလွန်လှပတဲ့ နတ်သမီးတစ်ပါးဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ အဲဒီနတ်သမီးဟာ လူသားများ အလွန်နှစ်သက်ကြတဲ့ နတ်ဘုရားမအဖြစ် အသိမှတ်ပြုလာကြတယ်။ သူကို ပင်လယ်စောင့် နတ်သမီးအဖြစ်လည်း သိလာခဲ့ကြတယ်။

အခြားသော ဒဏ္ဍာရီတစ်ခုမှာတော့ သူမကို ဇုစ်နတ်မင်း(Zeus)နဲ့ဒိုင်ယွန်(Dione)တို့ရဲ့ သမီးတော်အဖြစ် ရေးသားခဲ့တာတွေတော့ရှိခဲ့တယ်။ ထားပါတော့ အင်မတန်လှတဲ့ အဲဒီ ဗီးနပ်စ်(အက်ဖရိုဒိုက်)ကို ဟေဖတ်စ်တပ်စ် ဆိုတဲ့ အရုပ်ဆိုးတဲ့ မီးနတ်သားနဲ့ လက်ထက်ဖို့ အတင်းအကြပ်ဆိုသလို စေခိုင်းခံခဲ့ရတယ်။ ဒါပေမယ့် သူမဟာ မငြင်းဆန်ခဲ့ပေမယ့် ၊ အဓိပ္ပါယ် ရှိတဲ့ စကားလုံးလှလှလေးနဲ့ နုနုညံ့ညံ့ ပြန်ပြောခဲ့လိုက်တယ်။ သူမကို ထိန်းချုပ်မှုမပြုရန်နှင့်၊ လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်။ ဒါကြောင့် သူမဟာ လွတ်လပ်ရေးကို ရခဲ့တဲ့အပြင် သူအင်မတန်ချစ်ရတဲ့ အချစ်သစ်ကိုပါ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူ့နာမည်က တော့ အဲရီးစ်ဖြစ်သည်။ သူဟာ စစ်ဘုရင်အဖြစ်၊သို့မဟုတ် နတ်စစ်ဘုရင်အဖြစ် တည်ရှိခဲ့တယ် နောက်တော့ သူတို့နှစ်ဦးဟာ လက်ထပ်ခဲ့ကြတယ်။ သူတို့ရဲ့ သားသမီးတွေထဲမှာတော့ အဲရပ်စ်ဟာ ထင်ထင်ရှားရှားဖြစ်ခဲ့တယ်။ သူ့ကို ရောမတွေကတော့ ကျူးပစ်ဒ်လို့ ခေါ်ခဲ့ကြ တယ်။ ဖူးစာရေးနတ်သားလို့ လူသိများလာခဲ့တယ်ပေါ့။ အဲရပ်စ်(Eros)ဟာ ယခုချစ်သူများနေ့ ရဲ့ သင်္ကေတအဖြစ် တည်ရှိနေခဲ့ပါတယ်။ တစ်ချို့တလေကတော့ သူတို့သားအမိ(အက်ဖရို ဒိုက်၊အဲရပ်စ်)ပုံလေးတွေကို ယှဉ်တွဲလျှက် လက်ဆောင်လေးတွေ ပေးနေကြတာကို တွေ့မြင် နေခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ချစ်တတ်တဲ့ လူသားတိုင်း အချစ်ကို ကိုးကွယ်တဲ့ ခေတ်မကုန် သေးဘူးဆိုတာ ပြောပြလိုက်ပါတယ်။ ဒါနဲ့ တဆက်ထဲလည်း အချစ်ကဗျာလေးတွေကို တင်ခဲ့ လိုက်ပါတယ်။

မောင်မင်းစိုး

Friday, February 6, 2009

နှစ်ထောင်ကိုး ဖေဖေါ်ဝါရီ ဆယ်လေးရက် ချစ်သူများနေ့

်နှစ် ပရိစ္ဆေဒဆိုတာ ၀ါကျတိုင်း ငြင်းဆန်ရမယ့် ပညတ်ချက်
ထောင် ချောက်ရှိတဲ့ ပန်းခင်းလမ်းပေါ် ရပ်/ ကြည့်/ သွား
ကိုး ကားစရာ ကျမ်းစာ တစ်ပွေ့တစ်ပိုက်နဲ့ ပြတ်သားရမယ်။

ဖေ ဖေ့လို မိုးထဲလေထဲ အိမ်ထဲရောက်လာတဲ့ ရဲရင့်မှုတွေ
ဖေါ် ပြဖို့ မလုံလောက်တဲ့ စိတ္တဇနာမ် အသေ/ အပျက်တွေ
ဝါ ကျင့်ကျင့် ဖြစ်ရိုးဖြစ်စဉ် ပဋိပက္ခတွေ
ရီ ဝေမှုန်ဝါးလိုက်/ လင်းသီ တောက်ပလိုက်
ဆယ် သူကယ်သူမဲ့ ခေတ်ပြေးလမ်းထဲ စုန်/ ဆန်/ စီး/ မြော
လေး နက်ပါတယ်ဆိုတဲ့ အချစ်ကလည်း ပိုလို့ လေးနက်လာခဲ့
ရက် လတွေ ပြိုဆင်းစီးကျလာတိုင်း အသက်ရှူ ရပ်ရပ်သွားတယ်။

ချစ် ကွဲငြား အပျော်ဖတ် ၀တ္ထု/ ဇာတ်လမ်းထဲက အတိုင်း
သူ များထက် မပိုတဲ့ ရင်ခုန်သံက လောက်တရွရွ/ ရွေ့
များ များလာတဲ့ သံယောဇဉ် ဖိုင်တွဲက အထပ်ထပ်/ ကိုက်
နေ့ နေ့ ညည ရွှေရောင်တံလျှပ်တွေဆီ နှစ်ယောက်အတူ ခုတ်မောင်းရင်း.......။ ။


ဆူးရင့်
၆၊ ၂၊ ၂၀၀၉

ကမ္ဘာ

မနေ့ညက အိပ်လို့မရတာနဲ့
ဒီဇိုင်နာ လူဇော်သစ် လက်ဆောင်ပေးလိုက်တဲ့
ကဗျာဆရာ မိုသျှန်းရဲ့
တောင်ကိုမျှားတဲ့ တိမ် ကဗျာစာအုပ်လေးကို ဖတ်ရင်း
ဘာမှ မဆိုင်ဘဲ ကဗျာတစ်ပုဒ်က ခေါင်းထဲ ရောက်လာပါတယ်။

အင်း ဟုတ်တယ်
အဲဒီကဗျာလေးကို ဟိုလွန်ခဲ့တဲ့ ငါးနှစ်လောက်က
၂၀၀၄၊ မတ်လ၊ (၂၁)ရက်၊ ကမ္ဘာ့ကဗျာနေ့
ခေတ်ပြိုင်မြန်မာ ၂၀၀၄ ကဗျာရွတ်ပွဲမှာ
ကိုစန်းဦး(စိတ်ကူးချိုချို)က ရွတ်သွားခဲ့တာပါ။

ကဗျာဆရာကိုတော့ ကျွန်တော် မမှတ်မိလိုက်ပါဘူး
အဲဒီကဗျာလေးကို ကျွန်တော် သိပ်ကြိုက်သွားပါတယ်။
နှစ်ပိုဒ်ထဲနဲ့ လိုရင်းထိအောင် ရေးသားနိုင်တဲ့ ကဗျာဆရာကိုလည်း
ချီးကျူးဂုဏ်ယူမိပါရဲ့။

ကဗျာလေးရဲ့ နာမည်က
``ကမ္ဘာ´´တဲ့
ဖတ်ကြည့်ပေးပါဦး။


သူလည်း သူ့အတွေးနဲ့
ကိုယ်လည်း ကိုယ့်အတွေးနဲ့
အော်နေကြတယ်
ပျော်စရာ မကောင်းဘူးလား။

သူလည်း သူ့ဒုက္ခနဲ့
ကိုယ်လည်း ကိုယ့်ဒုက္ခနဲ့
ပျော်နေကြတယ်
အော်စရာ မကောင်းဘူးလား။

Tuesday, February 3, 2009

သာရလင်းရေးတဲ့ မုန်တိုင်းကြားမှ လွတ်မြောက်သူ


စာရေးဆရာ သာရလင်းက ပြောပါတယ်
နာဂစ်လေဘေးသင့် ပြည်သူတွေ အတွက်
စိတ်အားဖြည့် စာအုပ်လေးတစ်အုပ် လုပ်ချင်တဲ့ အကြောင်း
စာအုပ်ပြီးရင် လေဘေးသင့် ပြည်သူတွေဆီ
ကိုယ်တိုင်သွားရောက်ပြီး
မေတ္တာလက်ဆောင် စာအုပ်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ
ထောက်ပံ့ လှူဒါန်းချင်တဲ့အကြောင်းပါ။

နောက်
ကိုဆူးရင့်က
မျက်နှာဖုံးနဲ့ အတွင်းသရုပ်ဖေါ်ပုံတွေ ဆွဲပေးပါဦးတဲ့။

ကျွန်တော်လည်း စွမ်းနိုင်တဲ့ဘက်ကနေ
ကူညီပေးလိုက်ပါတယ်။

အခု စာအုပ်ပုံလေးကို
ကျွန်တော့် ဘလော့မှာ မတင်ရသေးလို့ တင်လိုက်တာပါ။

၂၀၀၈၊ နိုဝင်ဘာလတုန်းက
စာရေးဆရာ သာရလင်းကိုယ်တိုင်
စာအုပ်(၇၀၀)နဲ့ ထောက်ပံ့ရေးပစ္စည်း အလှူတော်ငွေတွေကို
သွားရောက်လှူဒါန်း ပြီးသွားပါပြီ။

စာရေးဆရာ သာရလင်းရဲ့ ပရဟိတလုပ်ငန်းလေး အတွက်
အားလုံး သာဓုခေါ်ကြဖို့ မျှဝေလိုက်ခြင်းပါ။
ဆူးရင့်


Sunday, February 1, 2009

ပန်းနုရောင် မီးတောင်

ဘ၀ရဲ့ အစပိုင်းကနေ ခုထိ၊ ရင်နာစရာ ရင်နင့်စရာများနဲ့သာ တွေ့ကြုံခံစားခဲ့ရပါတယ်။
ငါ့ဘ၀က သာယာမှု မရှိ၊ ဖြောင့်ဖြူးမှု မရှိ။
ပျော်ရွှင်စိတ် နည်းနည်းလောက်နဲ့ တက်ကြွလိုက်တိုင်း ရင်တစ်ခုလုံးသာ
ထပ်ထပ်ခါခါ နာကျင်လာခဲ့ရတယ်။

ကောင်လေးရယ် နင်ကတော့ အရာအားလုံးလိုလို အဆင်ပြေလိမ့်မယ်လို့ ငါယုံကြည်တယ်။
ဟုတ်တယ်လေ နင်က သူဌေးသားပဲ ၊ ချမ်းသာတဲ့ မိဘ အသိုင်းအ၀ိုင်းတွေကြားမှာ
ဂရုစိုက် ချစ်ခင်မှုတွေနဲ့ နင် ပျော်ရွှင်နေမှာပါ။

ငါသာ မလိုအပ်တဲ့ ဒုက္ခတွေ တနင့်တပိုး ၊ မိသားစု တာဝန်တွေကို မနိုင်မနင်း
ခေါင်းပေါ်ရွက်ရင်း အခုလို မလိုအပ်တဲ့ နေရာမှာ ထစ်ထစ်ငေါ့ငေါ့ ရှင်သန်နေရတာပေါ့။
နင် ငါ့ကို ချစ်တယ်လို့ ခဏခဏ နားပူနားဆာ ရင်ဖွင့်တောင်းဆိုခဲ့ပေမယ့်
ငါလေ နင့်ကို ဘာတစ်ခုမှ တုန်ပြန် လိုက်လျောမပေးခဲ့ဘူး။
ဒါပေမယ့် နင့်ကို ငါ ပြန်ပြီး ချစ်လို့ ရပါတယ်ဟယ်။

အချိန်နဲ့အမျှ နင့်ကို သတိရတဲ့စိတ်က ငါ့ဆီကို ဘာလို့ ရောက်ရောက်လာတာလဲ။
ငါ့စိတ်အတွင်းက ခံစားချက်၊ ဝေဒနာ၊ ဒဏ်ရာတွေကို အရိပ်အယောင်အဖြစ်
မြူတစ်မှုန်စာလောက်တောင် နင့်ကို ပြောပြဖူးခဲ့လို့လား။
ငါမှာ ပျော်ရွှင်တက်ကြွမှုဆိုတာ ခဏလောက်သာ ငါ့ဆီကို အလည်ရောက်လာတတ်ပြီး
မကြာခင်မှာပဲ အဝေးဆီ ပြေးထွက်သွားတတ်ကြတယ်။

နင့်ရဲ့ စကားလုံးတွေ အောက်မှာ ငါ ကျဆုံးပြီးသွားပြီဆိုတာ နင်မှ မသိဘဲလေ။
ငါဟာ အဲဒီလောက်အထိ သိုသိုသိပ်သိပ်နဲ့ တည်ငြိမ်ဟန်ဆောင်ခဲ့ပါတယ်။
နင် ငါ့ကို သိမ်းပိုက်လိုက်ပြီလို့ ငါကိုယ်ငါ ပြန်ပြီး သတိထားလိုက်မိတဲ့ အချိန်မှာ
ငါ့အသိစိတ်ဟာ ငါ့ရဲ့ အဝေးဆုံး ကျောက်ခေတ်တစ်ခုမှာ ကျန်ရစ်နေခဲ့ပြီလေ။
ငါလည်း နင့်ကို သိပ်ချစ်ခဲ့ပါတယ် ကောင်လေးရယ်။

ဒါပေမယ့် မြတ်နိုးတွယ်ငင် ချစ်ခင်မိတဲ့အကြောင်းကို တစ်စွန်းတစ်စလောက်တောင်
ဖွင့်ဟ ၀န်ခံခဲ့လို့လား။ ငါ မျက်ဝန်းတွေနဲ့သာ ပြောပြဖြစ်ခဲ့တာပါ။
ငါ့မျက်ဝန်းတွေကို ဖွင့်ပြီး နင်ဖတ်ရှုပါနော်။
မျက်ဝန်းဆိုတာ နှလုံးသားရဲ့ ပြတင်းပေါက်တဲ့လေ။

ငါ့နှလုံးသားနံရံမှာ နင့်နာမည်တွေကို အထပ်ထပ် ငါ ရေးထိုးထားတယ်။
ငါတို့ရဲ့ ဘ၀နှစ်ခုက ဆန့်ကျင်ဘက် မျဉ်းပြိုင်တွေနဲ့ ပြည့်နှက်မို့မောက်လို့။
တကယ့်ကို ၀ိရောဓိ အသွင်ကို ဆောင်လွန်းပါတယ်လေ။

ငါနဲ့ ငါ့မိသားစု၊ အသိုင်းအ၀ိုင်းက ခေတ်ပေါ်အသုံးအဆောင်မရှိ၊ စည်းစိမ်ဥစ္စာ မရှိ၊
ငွေကြေး ဂုဏ်သိက္ခာ ဘွဲ့ထူး ဂုဏ်ထူး မရှိဘူးလေ။
ငါနင့်ကို ငါပေးနိုင်တာဆိုလို့ အကောင်းဆုံး တစ်ခုပဲ ရှိတယ်။
အဲဒါကတော့ နင့်ကို ချစ်မိတယ်တဲ့ ရိုးရိုးသားသား စိတ်ပါပဲ။
အဲဒီစိတ်လေး တစ်ခုသာ ပိုင်ဆိုင်ခွင့်ရတဲ့ သာမန် မိန်းကလေးတစ်ယောက်ရယ်ပါနော်။
ကောင်းကင်ကို နမ်းရှိုက်ချင်တဲ့ မြေပြင်ကြီးတစ်ခုလို ငါတို့ရဲ့ အချစ်တွေက
ဝေးကွာလွန်း ခြားနားလွန်းတဲ့ နေရာဆီကိုပဲ ဦးတည်ခုတ်မောင်းသွားနေတာလေ။

နင်လာလိမ့်နိုးနိုးနဲ့ စောင့်မျှော်နေရပေမယ့် နောက်ဆုံးတော့
ငါရင်ခွင်တစ်ခုလုံး မောဟိုက်နွမ်းနယ်ပြီး သက်ပြင်းချသံတွေကိုသာ ငါပိုင်ဆိုင်ခဲ့ရတယ်။
ဒါတွေလည်း နင်သိမှ မသိတာပဲကို။
နေ့ရက်တွေသာ အကြိမ်ကြိမ် အခါခါ ပျောက်ဆုံးသွားတယ်
နင့်ကို ငါမြင်တွေ့ခွင့်လေးတောင် မရခဲ့ဘူး။
နင့်ရဲ့ မျက်လုံးတွေ အကြည့်တွေကို
ငါ လွမ်းဆွတ်နေတဲ့အကြောင်း ဒီစာလွှာလေးနဲ့ ၀န်ခံလိုက်ပါတယ်။

နင့်ကို သိပ်ချစ်ပါတယ်လို့ ငါဘယ်တော့မှ ၀န်ခံမိမှာ မဟုတ်ဘူး သိလား။
ဘာလို့လဲဆိုရင် နင့်ကို ငါသိပ်ချစ်လွန်းလို့ပါဟယ်။
အရောင်အသွေး မတူညီတဲ့ ဘ၀နှစ်ခုကို နီးစပ်ဖို့ ငါမကြိုးစားချင်ဘူး။
တော်ပါ။ စိတ်ကူးယဉ် ဆန်လွန်းလှပါတယ်။
နင် ငါ့ဘ၀ထဲကို မိုက်မိုက်မဲမဲ တိုးဝင်လာရဲတယ် ထားဦး
ဆူးခင်းလမ်းပေါ် ငါတို့ လျှောက်လှမ်းကြရမယ်။
အဲဒီအခါ နင်ပျော်ရွှင်နိုင်မှာတဲ့လား။
အချစ်ရဲ့ ရသတွေဆိုတာလည်း ချိုမြိန်နိုင်ပါတော့မလား။


သိပ်မကြာခင် အချိန်တောအတွင်းမှာ
နင်ငါ့ကို ငြီးငွေ့လာမယ်။
စက်ဆုပ်ရွံရှာလာမယ်။
ဒါဟာ သဘာဝပဲလေ။
နင့်ရဲ့ စိတ်ကူးယဉ် အိပ်မက်တွေကို မီးရှို့ပစ်လိုက်ပါတော့နော်။
ယုတ္တိဘေဒဆန်တဲ့ နင့်ရဲ့ လမ်းခွဲမှုကို ငါ မခံစားနိုင်ဘူး။
နင်စွန့်ပစ်ထားခဲ့မယ့် ဘ၀ထဲကိုလည်း ငါမနေချင်ဘူး။

ငါတို့နှစ်ယောက်ရဲ့ ခင်မင်မှုလေး အငွေ့မပျယ်ခင်
ဒီအတိုင်းပဲ နေသွားကြရအောင်နော်။
နင်လည်း နင့်ဘ၀ကို နင့်ဘ၀အတိုင်း
ဆက်လက်လျှောက်လှမ်းပါ။
အရောင်မျိုးစုံ စွန်းပေနေတဲ့ ငါလည်း
ကံပစ်ချရာ အတိုင်းပေါ့။

ဘ၀ဆက်တိုင်း ဆုံဆည်းဖို့
ဘုရားမှာ ဆုတောင်းပါရစေနော်။
ငါ့ရဲ့ ဖွင့်ဟ၀န်ခံချက်တွေဟာ နင့်အတွက်
အရမ်းရယ်စရာကောင်းတဲ့ ဟာသတစ်ပုဒ် အဖြစ်
အသွင်ကူးပြောင်းပြီး
နင် ရယ်မောနိုင်ပါစေ။

ငါဟာ အညှီအဟောက်မလေး တစ်ယောက်ပါ။
ငါဟာ အညစ်အကြေးမလေး တစ်ယောက်ပါ။
ငါဟာ နင့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရဲ့ တံတွေးခွက်ကလေးပါ။

ငါတို့ရဲ့ ဝေးကွားခြင်းမှာ
နှင်းဆီ ပုလဲတို့ ငိုတယ်။
သဇင် စပယ်တို့ ငိုတယ်။
မြတ်လေး သရဖီတို့ ငိုတယ်။

တစ်ခါသုံး ခံစားမှုနဲ့
တစ်ခါသုံး အနမ်းနဲ့
ငါတို့တတွေဟာ
အန္တရာယ်တွေနဲ့ ကခုန်နေခဲ့ကြရတယ်။
ရောက်လာတဲ့ သူတွေကို ဧည့်ခံရင်း
ညဟာ နက်သထက် နက်လို့

အချစ်ရဲ့ ရလဒ်ဟာ
ဝေးကွာခြင်းလား
အခုလို
ဝေး
ကွာ
ခြင်း
သက်
သက်
ပဲ
လား။
နင် ငါ့ကို မေ့နိုင်အောင် မေ့ပစ်လိုက်ပါနော်။

မှ/
အညစ်အကြေးမလေး


(ဘယ်သူ့ကိုမှ မရည်ရွယ်ပါ၊ စိတ်ကူးသက်သက်အတိုင်း ခံစားရေးဖွဲ့ခြင်း ဖြစ်ပါသည်)
ဆူးရင့်၊တန့်ဆည်၊



LinkWithin

Related Posts with Thumbnails