Sunday, August 15, 2010

မြို့ကြီးတစ်မြို့ ထဲ ဘယ်က ဘယ်လို ဘာတွေ

အခြေအနေအရ မပြေပြစ်တဲ့ ရာသီဥတုမှာ ပန်းတွေ ဖြိုင်ဖြိုင်ပွင့်လို့
အခြေအနေအရ မဖြစ်နိုင်တဲ့ လမ်းကြောင်းမှာ တရွေ့ရွေ့ ဆုတ်ခွာလို့
အခြေအနေအရ ရေးဖြစ်တဲ့ ကဗျာတွေဟာ ကြမ်းတမ်းကွေ့ကောက်လို့
အခြေအနေအရ ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်တယ်...သိလား။

အချစ်ဟာ ဧရိယာအပြင်က စကားလုံးတွေလား
ခေတ်ဟာ လောင်ကွင်းတစ်ခုက မီးသင့်အစအနတွေလား
အမေ့မေတ္တာဟာ စိတ်အရေပြားပေါ်က တက်တူးတွေလား
နောက်ဆုံး အိပ်ရေးပျက်တာတွေ၊ စိတ္တဇ ရတာတွေပဲ အဖတ်တင်တယ်။

ငါ့ဂျင်းဘောင်းဘီပေါ်က အရောင်တွေ
ငါ့ဂျင်းဘောင်းဘီပေါ်က အစုတ်အပြဲတွေ
ငါ့ဂျင်းဘောင်းဘီပေါ်က မပြတ်သားမှုတွေ
ဝိုးတ၀ါးအသံနဲ့ အမှောင်ဖုံး၊ ပုလင်းကွဲထိချင်လည်း ထိနေမယ်။

ပတ်ဝန်းကျင်ကမ္ဘာကျဉ်းမြောင်းခဲ့သလောက် ဒဏ်ရာမပေါ်တာ
ပတ်ဝန်းကျင်ကမ္ဘာကျဉ်းမြောင်းခဲ့သလောက် မတူခြားနားတာ
ပတ်ဝန်းကျင်ကမ္ဘာကျဉ်းမြောင်းခဲ့သလောက် မပွင့်လင်းတာ
ရှင်သန်ခြင်းလက်တံတွေကို စောင့်ငေးကြည့်ရင်း လှလှပပမဟုတ်ရင် မလှမပ ငါရယ်မောတယ်။

အခက်အခဲကြားက အခက်အခဲဟာ ငါ့အသုံးမကျမှုလား
အခက်အခဲကြားက ရော်ရွက်ဝါကြွေဟာ ငါ့မီးခိုးဆန်ဆန်အုံ့မှိုင်းမှုလာ
အခက်အခဲကြားက လောင်မီးများဟာ ငါ့သက်ပြင်းချမှုလား
လက်သီးက နံရံဆီ တဒိုင်းဒိုင်း ရောက်ရှိသွားတယ်။

မျက်ဝန်းမှာ ခြေတစ်ဖက်ပြတ် မေတ္တာနှစ်ဖက်ပြတ်ပုံရိပ်တွေ
ယိုစီးလို့ စာနာမှုကို မသာမယာငါစောင့်နေရတာ မောတယ်
သင်ဟာ ငါ့အတွက် မျက်ရည်ဘယ်နှစက်ကျခဲ့ဖူးတဲ့ သူရဲကောင်းလဲ
အမှန်တရားအပေါ် ထင်မြင်ယူဆချက်ကို ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်

လက်ရှိပစ္စုပ္ပန်အချိန် လည်ပတ်မှုထဲမှာ စက္ကန့်တံများဟာ ရပ်တန့်နေပါတယ်
လက်ရှိပစ္စုပ္ပန်အချိန် လည်ပတ်မှုထဲမှာ အလိုမကျမှုများဖြင့် နာကျင်နေပါတယ်
လက်ရှိပစ္စုပ္ပန်အချိန် လည်ပတ်မှုထဲမှာ ဆူးရင့် စိုးမင်းအောင်ဟာ ၀ဋ်ရှိခဲ့လို့ လည်နေပါတယ်
မခံနိုင် ကျိုးကြေပြတ်ရွေ့ကွဲအက်နေတယ်။

ဆူးရင့်၊ စိုးမင်းအောင်
၁၅၊ ၈၊ ၂၀၁၀
အထူးမှတ်ချက်။ ။ ဆူးရင့်ရေးသားပြီးသော ကဗျာတစ်ပုဒ်ကို စိုးမင်းအောင်မှ
ပေါင်းစည်းတည်းဖြတ်ဝင်ရောက်ဖြည့်စွက်ရေးသားသည်။

1 comment:

Mhu Darye said...

သင်ဟာ ငါ့အတွက် မျက်ရည်ဘယ်နှစက်ကျခဲ့ဖူးတဲ့ သူရဲကောင်းလဲ
အမှန်တရားအပေါ် ထင်မြင်ယူဆချက်ကို ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်...။

း)

LinkWithin

Related Posts with Thumbnails