Sunday, August 8, 2010

ခံစားမှု

မိုးလင်းလာပြီဆိုတဲ့အခါ အသက်ကလေးတစ်ရက်ကြီးလာပြန်ပြီ
ဝင်္ကပါလမ်းတွေအတိုင်း ဆက်လျှောက်တယ်
မစစ်မမှန်တာတွေနဲ့ ကြုံတိုင်း မခေါ်မပြောဘဲ နေဖူးတယ်
လွဲမှားလမ်းညွှန်ဆိုင်းဘုတ်တွေနောက် မလိုက်ဘဲ လူသားဆန်မှုလမ်းအတိုင်း လိုက်ခဲ့တယ်
ခါတစ်ရံ ကိုယ့်အရိပ်ကိုယ်တောင် မမှတ်မိတော့ဘဲ
သံသယဖြစ်လာနေတယ်
မှန်ထဲမှာ သူစိမ်း
ကိုယ်ဟာ ဘယ်သူလဲ
ဝေေ၀၀ါးဝါး ဖြစ်လာနေတယ်
ကဗျာနဲ့ စကားပြောရမယ်
ကဗျာရှင်သန်မှာပါ
ကဗျာရှင်ရမယ်
နှလုံးတစ်ချက်တစ်ချက်ခုန်မှုဆီက ပေါက်ဖွားလာခဲ့တာမျိုးပဲ ဖြစ်ရမယ်
ချစ်မေတ္တာကိုပဲ အော်ခေါ်နေတယ်
ဒီလူ
ခေတ်အသည်းလည်း ကွဲဖူးတယ်
မနက် ၆ နာရီ ၂၃ မိနစ်ကတည်းက မိုးများစတင်ရွာနေခဲ့တာပါ
နာမကျန်းလည်း ဖြစ်ဖြစ်နေတယ်
ငြိမ်းချမ်းချိန်တွေကို စောင့်မျှော်နေခဲ့တယ်
အသက်မရှိတော့ဘူး
သေပြီ
ထောင်ချောက်ကြီးထဲ ညပ်ပါသွားပြီ
ချစ်ရသူနဲ့
မြို့လုံးအနှံ့ လျှောက်ခဲ့သေးတယ်
စမ်းချောင်းဘက်ဆီ သွားခဲ့သေးတယ်
အခု စမ်းချောင်းဘက်ဆီ မဟုတ်တော့ဘူး
ပင်လယ်တွေဆီ သွားပြီ
ပင်လယ်မဟုတ်တော့ဘူး
တောင်တန်းတွေဆီ သွားပြီ
ဆူးခွံများရှိတဲ့ ဒူးရင်းသီးတစ်လုံးကတောင် ချိုမြိန်ပါတယ်
စာနာမှုက
ဘယ်အချိန်အခါမဆို ပိုလို့ ချိုမြိန်နေစေရမယ်
လိမ္မော်သီးတစ်မြွှာလိုနေသူတွေအတွက်
လိမ္မော်သီးကလေးများစွာ သယ်ဆောင်လာပြီ
ပန်းကလေးတစ်ပွင့် လိုနေသူတွေအတွက်
ပန်းခင်းကလေးများစွာ သယ်ဆောင်လာပြီ
အလွန်အမင်းနှိပ်စက်ခဲ့တဲ့ အဆိုးများစွာကို ကျော်ဖြတ်မယ်
ဘ၀ကြီးအချိန်မတော် ရောက်ရှိလာတဲ့
လောင်မြိုက်မှုတွေကို ငြှိမ်းသတ်မယ်
စစ်နဲ့
အကြမ်းပတမ်းများကို ငြှိမ်းသတ်ရမှာပါ
အနာဂတ်ကို ရှင်သန်စေမယ့် ကမ္ဘာလောကကြီးကိုလည်း
သန့်ရှင်းနေစေရမယ်
ဘယ်အရာက ပိုမိုကောင်းမွန်စေသလဲ
ငါ့ကဗျာကို ငါခင်းပြီး
အဲဒီလမ်းကို ငါလျှောက်မယ်
ခေတ်က
နည်းပညာဆိုးကျိုးအန္တရာယ်လည်း ရှိနိုင်တယ်
ကောင်းတဲ့ ဘက်ကိုပဲ အသုံးချရမယ်
ပုံနှိပ်ဖော်ပြထားတဲ့ ငါ့ခေတ်စိတ္တဇကိုရော မမြင်ဘူးလား
စာကြောင်းရေ တစ်ကြောင်းထဲက နောက်တစ်ကြောင်းကြောင်းကို ပြေးလွှားနေတယ်
ဒီစာကြောင်းထဲကို ရောက်ရှိလာပြန်တယ်
တစ်မိုးချုပ်ပြီဆိုတာနဲ့ အသက်ကလေးတစ်ရက် ကုန်သွားပြန်ပြီ
ကြွေတဲ့ ကြယ်တွေ ကြွေသွားပြန်ပြီ
မေတ္တာကို နှလုံးသားထဲမှာ သိမ်းထားတယ်
မင်းယူမလား။ ။

စိုးမင်းအောင်
၂၀၁၀၊ သြဂုတ်၊ ၎
မနက် ၇ နာရီ ၃၉ မိနစ်။

No comments:

LinkWithin

Related Posts with Thumbnails