Saturday, August 21, 2010

အစိပ်အပိုင်းများဖြင့် တစ်စိပ်တစ်ပိုင်း သို့လော သို့လော

မြို့ကြီးကြီးလိုလို လူနေထူထပ်နေသလိုလို တကယ်ပဲ ရှုပ်ထွေးပွေလီနေသလိုလို
လိုသလို လိုအပ်တာတွေရော မလိုအပ်တာတွေရော
လိုအပ်တာ အငယ်လေးတွေ အတွယ်လေးတွေ အစွယ်လေးတွေ ထွက်နေကြတာ
အရွယ်လေးတွေ ရလို့ ရွနေကြတာ။

မကောင်းရင် ကျောင်းကို ပို့လိုက် မလန်းရင် ခွေခေါက်ထားလိုက်
ခေါက်လို့ တွန့်ကြေသွားတဲ့ အဟောင်း၊ အဆွေး၊ အရိ၊ အရွဲ၊ အပုတ်၊ အသိုးတွေ
အသစ်ကလေးဆို သေးသေးလေးကအစ သုတ်လိုက်
မြန်မြန်
သေးသေးလေးက
အပြာရောင်မီးတောက်လေးကို ခြစ်ပြနေလို့
အချစ်လို့ ခေါ်လိုက်ရမလား။

ပူစီတွေက မူလီတွေနဲ့ရောပြီး ရစ်လိုက်ကြ
ကြပ်လွန်းတော့ အရစ်တွေ ပြုန်းထွက်ကုန်တာပေါ့
ကုန်သွားတော့ အပြုံးတွေကိုယ်စီဟာ မလတ်မဆတ်
ဆက်၍ ရှိနေခိုက် ခိုက်လို့ တဆတ်ဆတ်ခါပြနေတာလား ထင်ရ
ခါချနေတာလည်း ဖြစ်နိုင်သလို
နည်းနည်းလေးမှ အထိမခံနိုင်တာ ကိုက်နေလို့ပဲ။

စတန့်သမားတွေက တစ်မှောက်
ဂလန့်သမားတွေက တစ်လျှောက်
စိတ်ခဲကြွတွေက ဂေါတ်တောက်တောက်
အပူတွေလိုက်လိုက်စုနေတဲ့ အပူသည်တွေနဲ့
အမှုတွေလိုက်လိုက်စုနေတဲ့ အမှုသည်တွေနဲ့
အရူးတစ်ပိုင်းကို ရေနဲ့ရောရောသောက်တဲ့ ငမူးတွေနဲ့
အခန်းလွတ်တွေနဲ့ တစ်ခန်းလွတ်နေတဲ့ ငထူးတွေနဲ့
အနံ့အသက်မကောင်းတဲ့ အူတူတူ ငအူကောင်တွေ
ဒါနဲ့ ရောနှောဆက်ဆံလိုက်ခြင်းက ဘာများ အဓိပ္ပာယ်ရှိပါသလဲ။

လူအထင်ကြီးခံချင်နေတာ တမျိုး
အချောက်တိုက် နာမည်ကြီးချင်နေတာ တဖုံ
ဤဆေးကို ဘယ်လို ရောစပ်သုံးစွဲမလဲ
ကိုယ်ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်း မသိတဲ့ သတ္တ၀ါကောင်တွေ
ဤဆေးကို လှုပ်သောက် လှုပ်သောက်
လူအရာမ၀င်တဲ့ လူဖြစ်ပြီး သူငယ်နာ မစင်တဲ့ လူတွေ
ဤဆေးကို လှုပ်သောက် လှုပ်သောက်
သတိပေးနေရသေးတယ်။

အစကတော့ ဆွဲလိုက်ပြီ
ဘယ်လိုက စပြီး ဘယ်လို ဆုံးလိုက်ရမှာလဲ
ဘာဖြစ်လို့ ဘာဖြစ်လိုက်မှန်းတောင်
မသိလိုက်ဘူးတဲ့ မြွေတွေ ဖမ်းနေကြတာ
ရေမြွေတွေလား၊ မြွေဟောက်တွေလား
အဆိပ်ရှိ မရှိ ခွဲတောင် မခွဲဘူး။

ဝ/၀စား၊ ဝေး/ဝေးနေ၊ ၀င်မရှုပ်နဲ့
ဝတစ်လုံးဆောင် အိုတောင် မဆင်းရဲ
အကောင်းကြီးရင် အားနည်းနည်းပဲ ပိုစိုက်ရတယ်
ရူးချင်ရင် ထမင်းလွတ်အောင်ရူး
အထူ အပါးထက် လူစကားကို ပိုနားလည်ကြပါခင်များ။

ကောင်းတာလေးတွေမှ လှတာလေးတွေမှ
အလွန်အင်မတန် နှစ်သက်
လူတစ်ကိုယ်လုံးပေါင်း တစ်ကျပ်တောင် မပြည့်တဲ့ သူတွေ
ကလေးကစားကွင်းထဲ ပြေးဝင်နေချင်သလိုလို
မိုးပျံရထားပဲ စီးချင်နေသလိုလို
သရဲခြောက်တဲ့ အိမ်ကြီးထဲ ရောက်နေသလိုလို
ဟို မရောက်၊ ဒီ မရောက်
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ ကလေးလူကြီးတွေ ပေါမှပေါ။

အသစ်အဆန်းလေးတွေဆို
မျောက်လက်ထဲ သေနတ်ရသလို
တွေ့ကရာ မြင်ကရာ တဒိုင်းဒိုင်း
မျောက်တစ်ဝက် လူတစ်ဝက်ကောင်တွေက
မြှောက်မြှောက်ပြီး အမြှောက်နဲ့ ပစ်ချနေတာ
မြောက်နေတာပဲ မြေကို မထိဘူး။

တစ်ယောက်ထဲ ဟိုဘက်နည်းနည်းလောက် တိုးပါဦး
ဘောင်းဘီကြပ်နေတဲ့ တက်တူးကောင်တွေ
အရေပြားနာတာထက် သူလိုကိုယ်လိုပါပဲ
မတူတာက သွားရည်တွေ ယိုကျလာပြီး
ခွေးရူးပြန်သလိုလို ၀က်ရူးပြန်သလိုလို ဖြစ်နေတာက လွဲရင်။

ကြယ်တွေကို လိုက်ဖမ်းလိုက်ဦးမယ်
ကြယ်သီးတွေ ဖြုတ်လိုက်တယ်
အတောင်ပံတွေ ရနေပြီ
အာကာသထဲ ပျံတတ်သွားတဲ့ ငကောင်းတစ်ယောက်က
အကျမှာ အစအနတွေနဲ့ အသက်ကင်းမဲ့။

အခန်းတံခါးတွေပိတ်
စန္ဒယား ခလုပ်တွေနှိပ်
ဟေ ဟေ့ ပျော်စရာကြီး
အန်ကယ်ကြီး အသက်က (၆)ကွေ့ ကျော်နေပြီ။

Aဇယားဝင်လာတဲ့ ရှောခ့်ပဲ
B.C က သူ့အဆင့်နဲ့သူ နေသာထိုင်သာ
D တွေ ၀င်လာတာက ရေတွေ မဟုတ်ဘူး
A ကိုက်လည်း သေတတ် D ကိုက်လည်း အနေခက်
ခက်ခက်ခဲခဲတွေကြောင့် မသာမယာတွေ ဖြစ်လို့
မသာတွေ ပေါ်ကုန်ကြပြီ။

အချိန်တန်ရင် အိမ်မပြန်နိုင်ကြ
ကွိုင်တွေလိုက်လိုက် ရှာနေတာ အထပ်တွေမှာ ငဖြဲတွေက
ထိုနေရာမှာ အထပ်လိုက် အထပ်လိုက် ပြုံလို့။

ထစ်ခနဲ့ဆို တိုင်ပင်ကိုက်ပြီးသား တိုင်တွေ ပတ်နေတာလည်း
ရှင်းလို့ကို မရဘူး အရှုပ်ထုတ်တွေ အထုတ်တွေ
သယ်သယ်လာကြ အလုပ်တွေ ပေးနေတာ။

လာမထိနဲ့ ထိရင် ငြိမယ် ငြိရင် ဆွဲစားပစ်လိုက်မယ်
မလုပ်နဲ့ တားမရ ဆည်းမရ
ဆလိမ်နဲ့ မဆိုးပဲ ဇကွဲနဲ့ ဆိုးတဲ့ ဇိုးတွေ
လမ်းလျှောက်ရင် ဇပ်တောက် ဇပ်တောက်နဲ့။

ဘာပဲလိုလို ဦးစားကြီး ရှိတယ်
တစ်ခါ တစ်ခါ ကြော်ငြာဝင်တတ်တဲ့ ဘီးကြဲကြီးက ပြူးပြူးပြဲပြဲ။

လာထား အိတ်မစိုက်ရရင် ပြီးရော
ရစရာ ရှိရင် ရှိတာ အကုန်ယူ
အပီအပြင် ယူ/ယူနေတဲ့ အပေါင်းအသင်းတွေ
ဟိုမှာ ယူကုန်ကြပြီ အပိုင်။

ဘာရမလဲ ဟုတ်သော်ရှိ မဟုတ်သော်ရှိ
မဟုတ်မှ လွဲရော
ရှိတာ အကုန်ထုတ်
အိမ်တိုင်ပါ ချွတ်ပြီး ပုံအောလိုက်
တစ်ဘ၀လုံး မွဲခဲ့တဲ့ ငမွဲက ပုံးတွေ ပါးစပ်ဖျားကကို မချဘူး။

မဟုတ်က ဟုတ်ကတွေ
မဟုတ် မဟတ် လုပ်တတ်တာတွေနဲ့
ဟုတ်တာရော မဟုတ်တာရော
ရောရောချလိုက်တဲ့
ရောတောရှိ ရောတောရှိတွေ ရှိပါစေတော့
လိုက်လို့ကို မမီဘူး မှတ်တောင်ထားရဦးမယ်။ ။

မင်းသက်ဇဉ်

မနေ့က (၂၀)ရက်နေ့ နေ့လည်ခင်းပိုင်း(၁၂)နာရီ ကျော်ကျော်လောက်မှာ သူငယ်ချင်း မင်းသက်ဇဉ် အလည်ရောက်လာပါတယ်။ တစ်ယောက်တည်း လွယ်အိပ်တစ်လုံးနဲ့ မြေနီကုန်းမှာ အလုပ်ရှိလို့ လမ်းသင့်တာနဲ့ ကိုယ့်ဆီ ၀င်လာတယ်လို့ ပြောတာပဲ။ သူနဲ့ မတွေ့ဖြစ်တာ (၇)လကျော် ကြာသွားပြီ။ အဲဒီကာလအတွင်းမှာ သူ့ဆံပင်တွေဟာ ချေဂွေဗားရားပုံ ပေါက်သွားတယ်လို့ ကိုယ်ထင်မိတယ်။ သူ့အတွက် ရှိတာလေးနဲ့ လှလှပပ ဧည့်ဝတ်ပြုလို့။ သူကံကောင်းတယ်....အရင်နေ့ နောက်နေ့တွေ လာမယ်ဆိုရင် အခုပြောနေတဲ့ ရှိတာလေးက ဘာမှရှိတာ မဟုတ်ဘူး။ သူလာမယ့် ဒီနေ့ကျမှ မန္တလေးက သူငယ်ချင်း ဖက်တီး ရန်ကုန်ကို ရောက်လာပြီး ထိုးမုန့်တစ်ထုပ် လက်ဆောင်ပေးလို့ အဲဒီထိုးမုန့်နဲ့ သူ့ကို ဧည့်ခံလိုက်တာဟာ ရှိတာလေးနဲ့ ဧည့်ဝတ်ပြုတယ်ခေါ်တယ်။ တစ်ဇွန်းစာ တစ်ကိုက်စာလောက် ကိုက်စားပြီး သူလည်း အီသွားရော။ ကဗျာတွေအကြောင်း ပြောဖြစ်ကြတယ်။ ကိုယ်ရေးဖြစ်ပြီး သူမသိသေးတဲ့ ကဗျာတွေ...သူရေးဖြစ်ပြီး ကိုယ်မသိသေးတဲ့ ကဗျာတွေ ခါးကြားက သေနတ်တွေ ထုတ်သလို သူကလည်း သူ့လွယ်အိပ်ထဲက ထုတ်၊ ကိုယ်ကလည်း ကိုယ့်လွယ်အိပ်ထဲက ထုတ်ပြီး တစ်ယောက်ရင်ဘတ်ဆီ တစ်ယောက်ပစ်ကြ။ တစ်ယောက်က တစ်ယောက်ရဲ့ ကဗျာကို ဖတ်သလို တစ်ယောက်ကလည်း တစ်ယောက် ကဗျာကို ဖတ်ကြ။ ပြီးရင် ဝေဖန်ကြ လေကန်ကြ မှတ်ချက်ပေးကြ၊ သူက ပေဖူးလွှာမဂ္ဂဇင်းအတွက် ကိုယ့်ကဗျာတစ်ပုဒ်ကို ယူသွားသလို ကိုယ်ကလည်း သူကဗျာတွေထဲက ဒီတစ်ပုဒ်ကို ပင့်ကူအန်တိမ်တိုက်အတွက် ယူထားလိုက်တယ်။ နေ့ခင်း (၁)နာရီလောက်မှာ သူပြန်သွားတယ်။ သူက လွယ်အိပ်ကို လွယ်လို့၊ ကိုယ်ထင်မိတဲ့ ချေဂွေဗားရား ဆံပင်ပုံကို သူ့ခေါင်းမှာတပ်လို့။ ကိုယ့်က ကိုယ့်ခြေထောက်ကို ကိုယ်လှမ်းလို့ သူမထင်မိတဲ့ အိုဘားမားဆံပင်ပုံကို ကိုယ့်ခေါင်းမှာတပ်လို့...တဖြည်းဖြည်း... တရွေ့ရွေ့ ဝေးလို့..........သူပေးထားတဲ့ ဒီကဗျာကို စာစီတယ်။ ပြီးဆုံးချိန်ကတော့ 21. 8. 2010 မနက် 1:55မိနစ်လို့ အားနေရင် မှတ်ထားလိုက်ပေါ့။ မမှတ်လည်း ဘာမှတော့ အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး။

ဆူးရင့်

No comments:

LinkWithin

Related Posts with Thumbnails