သူ မှန်တစ်ချပ် ရှေ့မှာ ရပ်နေတယ်၊ သူ့ကိုယ်သူ ပြန်ကြည့်လိုက်တဲ့ အချိန်မှာ မှန်ထဲက သူ့အရိပ်ဟာ ကွယ်ပျောက်နေပြီး သူ့ညီမလေးရဲ့ ရုပ်ပုံတွေသာ မှန်ပြင်နဲ့အပြည့် နေရာယူထားတယ်။ ဒီမြင်ကွင်းကို သူစိုက်ကြည့်ရင်း၊
“ငါတကယ် ပျောက်ဆုံးသွားပြီလား”
သူ့နှုတ်က တိုးတိုးလေး ထွက်ကျလာတဲ့ အသံ။ အဖြစ်အပျက်ဟာ ဘာကြောင့် ဒီလိုဖြစ်နေပြီး
ဘာကြောင့် ဒီလိုပျက်နေရတယ်ဆိုတာ သူ လုံးဝမသိခဲ့ဘူး။ တစ်လိမ့်လိမ့်စီးကျလာတဲ့ မျက်ရည်ကို သူ့လက်ကားကားကြီးနဲ့ သုပ်ချပစ်လိုက်တယ်။ ပြီးမှ ပြတင်းတံခါးရှိရာ တဖြည်းဖြည်း လျှောက်လာပြီး
သက်မဲ့ အရုပ်တစ်ခုလို လမ်းမဘက်က မြင်ကွင်းတွေဆီ ငေးကြည့်နေလိုက်တယ်။
အချိန်တွေ ဘယ်လောက်ကြာမြင့်သွားသလဲ၊ ဒါကို သူ မတွေးခဲ့ဘူး။ တကယ် သိလည်း မသိချင်ခဲ့ပါဘူး။
။နှစ်။
သူ့မှာ သိပ်ချစ်ရတဲ့ ညီမလေးတစ်ယောက် ရှိခဲ့ပါတယ်။ သွေးသားမတော်စပ်တဲ့ ညီမလေးတစ်ယောက်ပါ။ ခုတော့ သူ့ညီမလေးဟာ လွတ်မြောက်မှု တစ်ခုအတွက် တိမ်လွှာကို ဖေါက်ထွက်ပြီး တိုက်လေယာဉ်တစ်စီးလို သူနဲ့ အဝေးဆုံးအထိ ထွက်ခွာသွားခဲ့ပါပြီ။ သူ သိလျှက်နဲ့ ယုံကြည်လို့မရတဲ့ အဖြစ်မျိုး၊ မယုံနိုင်လောက်တဲ့ လောကဓံ။ သူ့အာရုံကျက်စားမှုမှာတော့ သူ့ညီမလေးဟာ တစ်နေ့နေ့ ပြန်လာလိမ့်မယ်လို့ သူယုံကြည်နေတယ်။ သူ အလွမ်းပြေ ကြည့်ရှုဖို့ ဘာတစ်ခုမှ မရှိအောင် ပတ်သက်မှုအားလုံးကို သိမ်းဆည်းသွားခဲ့တဲ့ ညီမလေး။ အာဂပုထုဇဉ် ညီမလေးဟာ သူရဲကောင်းစိတ်ဓာတ်နဲ့ မြင့်မြတ်ပြခဲ့တယ်။ ဟုတ်ပါတယ် ညီမလေးက နားလည်ရခက်တဲ့ မြစ်တစ်စင်းလည်း ဖြစ်နေပြန်တယ်။ အရင်တုန်းက ညီမလေးရဲ့ ခေါ်သံတွေ အလွမ်းလွှင့်ရင်း ကြားယောင်မိနေဆဲ။ ခုတော့ ခေါ်သံတွေ ဘာမှမကြားရတော့ဘူး။
အသံတွေအားလုံး စုန်းစုန်းမြုပ် တိမ်ဝင် ပျောက်ကွယ်နေခဲ့ပြီ။ ဒီတော့ သူဟာ ရင်ဘတ်ကို မီးရှို့ပြီး တိတ်တိတ်လေး လဲပြိုကျန်ရစ်ခဲ့တယ်။ သူဟာ ညီမလေးနဲ့ ပတ်သက်လာတိုင်း အားလုံးကို လိုက်လျောခဲ့တယ်။ ဘာကိုမှ သူ မတောင်းရက်ခဲ့ဘူး။ ပင့်ကူအန်ထားသလို ရှုပ်ထွေးညစ်ပေနေတဲ့ သူ့အိမ်ကလေးထဲ ညီမလေး ဘယ်တော့ပြန်ရောက်လာမလဲ။ သူဟာ မဖြစ်နိုင်မှန်းသိလျက် မျှော်လင့်နေမိပြန်တယ်။ ညီမလေး ရောက်လာမလား၊ မလာဘူးလား။ ဒါဟာလည်း သူ့ရဲ့ မသိခြင်းများစွာထဲက ဝေး၀ါးနေတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်တယ်။ သူတို့နှစ်ယောက်ရဲ့ လားရာတူ စိတ်ပို့လွှတ်မှုနဲ့၊ ကိုယ်စီ ဘ၀တစ်ခုကို ပိုင်ဆိုင်ခဲ့ကြတဲ့ (၂၉)ရက် အင်္ဂါနေ့နဲ့။ ဒီလိုတိုက်ဆိုင်မှု အနည်းငယ်နဲ့အတူ သူ့ကိုယ့်သူ အားပေးနှစ်သိမ့်ရတာ နှစ်များစွာ ကြာမြင့်ခဲ့ပြီ။ သူ ဘယ်လို နှလုံးသားမျိုးနဲ့ ဆက်လက်ရှင်သန်ရမလဲ။ သူ ငိုနေလိုက်တယ်။ တစ်ခါတစ်ခါ သူ ငိုင်နေလိုက်တယ်။ တစ်ခါတစ်ခါမှာတော့ သူ့စိတ်ထဲက ပြောချင်တဲ့ စကားလုံးတွေကို တစ်ယောက်တည်း ပြောဆိုနေ လိုက်ပြန် တယ်။
။သုံး။
သူ့ညီမလေးရဲ့ ပျံသန်းမှုက တကယ့်ပေါ့ပေါ့ ပါးပါးလေးပါ။ သူသာ ၀န်ပိနေသလို လေးလံပြီး ကျန်ရစ်ခဲ့ရတာ။ “ဘ၀ဟာ ပုံသေမရှိဘူး”
လူပြောများတဲ့ ဒီစကားကို သူကြားဖူးမိသလိုပဲ။ သူစဉ်းစားကြည့်တယ်။ သူ့ဘ၀ကရော ပုံသေလား၊ ယာယီလား တိကျခိုင်မာတဲ့ အဖြေတစ်ခုကို ချမပြနိုင်ခဲ့ဘူး။ ဘ၀ဟာ ပြေးလွှာနေတယ်။ နာရီလိုလည်ပတ်နေတယ်။ လမ်းပေါ်က ကားဘီးတွေလို ပြေးနေတယ်။ ဟုတ်တယ်။ ဘ၀မှာ ပုံသေစာချုပ်တွေ ဘာတစ်ခုမှ မရှိလောက်ဘူး။ စား ၀တ် နေရေး ကျန်မာရေး အားလုံးဟာ ပုံသေ မရှိလောက်ဘူး။ သူကတော့
“ဘ၀ဆိုတာ ဘာလဲလို့”
မေးယူရလောက်အောင် ညံ့ဖျင်းခဲ့ပါတယ်။ ဧရိယာအတွင်းမှာ ဖြတ်တောက်ခံထားရတဲ့ ညီမလေးရဲ့ ဆက်သွယ်မှု ကွန်ယက်တွေဟာ သူဆက်ပြီး မရှင်သန်ချင်တော့တဲ့ နေ့ရက်တွေပါ။ ပူလောင်ပြင်းရှတဲ့ မျက်နှာဖုံးကို သူ့မျက် နှာမှာ တပ်ဆင်ပြီး လူ့အဖြစ်ထဲ အလိုမတူ ဖြတ်သန်းခဲ့ရတယ်။ ရင်ထဲ ၀မ်းထဲမှာ ခံစားနေရတဲ့ ဝေဒနာတွေဟာ ဘာကိုမှ စားချင် သောက်ချင်စိတ် မရှိတော့လောက်အောင် ညီမလေးဆီ သတိရစိတ်တွေနဲ့ သူ လုံလောက်ခဲ့ရ တယ်။ ဒီတော့ သူ့ညီမလေးကိုပဲ မီးကုန်ယမ်းကုန် လွမ်းနေလိုက်တာပေါ့။ အိပ်ရေးပျက်တဲ့ နေ့ရက်တွေ များလာ တော့ သူ့မျက်နှာ တစ်ပြင်လုံး ချောင်ကျသွားတာ သိသိသာသာပါပဲ။ မျက်ကွင်းတွေလည်း အရင်ကထက် မည်း ညိုလာတယ်။ ဟုတ်တယ် သူ့စိတ်ရဲ့ ခံစားမှုကိုက အများတကာတွေထက် ထိရှလွယ်တယ်။ သူ့ရဲ့ ပွန်းပဲ့လွယ်တဲ့ စိတ်ကြောင့် အခုလို ခံစားရတဲ့ ဝေဒနာတွေဟာ နည်းများ နည်းနေသလားလို့တောင်ထင်စရာပါ။ အန်ကိုကြိတ်ပြီး သူ အေးစက်မာခဲဖို့ ကြိုးစားလိုက်တိုင်း ရေခဲတစ်တုံးကို ခဏလေးအတွင်းမှာ အရည်ပျော်စီးကျ သွားခဲ့ရတာ။ ကြာတော့ သူဟာ ညတွေကို ကြောက်လာတယ်။ လူတွေကို ကြောက်လာတယ်။ ပတ်ဝန်းကျင်ကို ကြောက်လာ တယ်၊ သူ့ကိုယ့်သူ လုပ်ကြံဖို့အထိ သူ့ရဲ့ စိတ်ဟာ ဖရိုဖရဲ ကျဲပြန့်နေခဲ့တယ်။
။လေး။
“ရေစက်ရှိရင် ဆုံရမှာပေါ့”
“ဒါဟာ ညီမလေး ပြောခဲ့တဲ့ အသံပဲ”
သူ့ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်တယ်။ ဟုတ်တယ် သူရဲကောင်းဆန်တဲ့ သူ့ညီမလေးရဲ့ ဖြောင့်ချက်။ သူဟာ ဖြူစင်ရိုးသားခဲ့တယ် သူ့ညီမလေးနဲ့အတူ ဟိုအတိတ်ဘ၀က ရေစက်တွေလည်း ရှိခဲ့ကြပါလိမ့်မယ်။ အတူသွား လာခဲ့ကြတဲ့ သံသရာတွေလည်း ရှိခဲ့ဖူးပါလိမ့်မယ်။ အကွေ့အကောက်တွေ၊ အလှည့်အပြောင်းတွေ၊ မျဉ်းပြိုင်တွေ၊ အင်ဖန်နတီတွေလည်း ရှိခဲ့ဖူးကြမှာ အမှန်ပါပဲ။ သူကတော့ ရေစက်တွေ ရေတွင်းတွေ ရေစစ်တွေအကြောင်း နည်းနည်းလေးမှ မစဉ်းစားဖြစ်ခဲ့တာပါ။ အသံလေးကို ကြားယောင်ရင်း သူ့မျက်နှာဟာ ၀င်လက်သွားတယ်။ ခဏလေးပါပဲ။ ဘုရားသခင် ဟောကြားတော်မူခဲ့တဲ့ တရားတော်မှာ
“မဂ်ဖိုလ် မရသေးတဲ့ ပုထုဇဉ်တိုင်း အရူး အမိုက်တွေပဲ”
ညီမလေးကို လွမ်းတဲ့စိတ်ကြောင့် သူဟာ သူ့စိတ်ကိုပြန်ပြီး လိုက်ဖမ်းနေရပြီ။ အရောင်မရှိတဲ့ သူ့ဘ၀ဟာလည်း မိုက်မှောင်နေခဲ့တယ်။ အရောင်တွေ ဘယ်မှာလဲ။ အလင်းတွေ ဘယ်မှာလဲ။ စိတ်တွေရော ဘယ်ဆီ ခရီး လွန် နေသလဲ။
။ငါး။
သူ့ပါးစပ်က စွဲစွဲမြဲမြဲ အော်ဟစ်နေတတ်တဲ့ စကားတစ်လုံးကိုတော့ ခဏခဏ ကြားခဲ့ဖူးပါတယ်။ မကြားချင်ဘဲ ကြားနေရတဲ့ အသံတွေပေါ့။ သူ ဘာတွေ အော်ဟစ်နေသလဲဆိုရင်
“ညီမလေးရေ..... မင်းမှာ ဘာအပြစ်မှ မရှိပါဘူးကွာ”
“ညီမလေးရေ..... မင်းမှာ ဘာအပြစ်မှ မရှိပါဘူးကွာ”
“ညီမလေးရေ..... မင်းမှာ ဘာအပြစ်မှ မရှိပါဘူးကွာ”
ရောက်လေရာ နေရာတိုင်းမှာ သူနဲ့အတူ အဲဒီအသံတွေ ရှိနေတတ်တယ်။ အရယ်အပြုံးတွေ သေဆုံးနေတဲ့ သူ့မျက်နှာဟာ ကြည်ကြည်လင်လင် မရှိခဲ့ပါဘူး။ လောကကြီးကို အလိုမကျတဲ့ ပုံစံနဲ့ အမြဲတမ်း ရှုတည်တည် အောက်သိုးသိုး ဖြစ်နေခဲ့တယ်။ သူ့ညီမလေး မရှိတော့တဲ့နောက်ပိုင်းမှာ မရှင်းမလင်းဘဲ ထားခဲ့တဲ့ ဆံပင် မုတ်ဆိတ်တွေ ပါးသိုင်းမွှေးရှည်ရှည်တွေ၊ မိုးရေတွေ စိုရွှဲပြီး ညစ်ထေးနေတဲ့ သူ့အ၀တ်တွေနဲ့အတူ သူဟာ အရင်က သူ မဟုတ်တော့ဘူး။ သူဟာ အပေါင်းအသင်းတွေကိုလည်း မျက်ကွယ်ပြုခဲ့သလို ပတ်ဝန်းကျင်ကိုလည်း ဥပေက္ခာပြုထားနိုင်ခဲ့တယ်။ သူဟာ ခြေဦးတည့်ရာ နေရာတွေကို လျှောက်သွားတတ်ပေမယ့် သူ့မှာ ပိုက်ဆံ တစ်ပြားမှ ကိုယ်ပိုင်မရှိခဲ့ဘူး။ ဝေးလံတဲ့ ပြည်နယ်တွေ မြို့ရွာတွေအထိ သူရောက်ခဲ့ဖူးတယ်။ ဒါက သူပြောပြလို့ သိရတာတွေပါ။ ရတနာတွေ ထွက်တဲ့ ဖားကန့် မိုင်းရှူး မိုးကုတ်စတဲ့ ဒေသတွေကိုလည်း ရောက်ဖူးခဲ့တာပဲ။ ခုထိ သူဟာ ခြေဦးတည့်ရာတွေ လျှောက်သွားနေတုန်းပဲဆိုပါတော့။ သူ့ စား ၀တ် နေ ရေးကို သူဘယ်ပုံ ဘယ်နည်း ဖြေရှင်းခဲ့သလဲ။ ဒါကိုတော့ သူ ကျွန်တော့်ကို ပြောမပြခဲ့ဘူး။ ရောက်လေရာအရပ်တိုင်းမှာ ထုံစံအတိုင်း သူအော်ဟစ်နေတယ်။
“ညီမလေးရေ....မင်းမှာ ဘာအပြစ်မှမရှိပါဘူးကွာ”
“ညီမလေးရေ..... မင်းမှာ ဘာအပြစ်မှ မရှိပါဘူးကွာ”
“ညီမလေးရေ..... မင်းမှာ ဘာအပြစ်မှ မရှိပါဘူးကွာ”
သူဟာ ကျွန်တော်တို့ အိမ်ဘေးနားက လူတစ်ယောက်ဖြစ်ပါတယ် သူဟာ မိသားစု ပျောက်နေတဲ့ လူတစ်
ယောက်ပါ။
“အရူးကြီး... အရူးကြီး... အရူးကြီး”
သူ့နောက်မှာ လိုက်ပါလာကြတဲ့ ကလေးတစ်ချို့က သံပြိုင်အော်ပြီး ပြောင်လှောင်နေကြပေမယ့် သူ မတုန် လှုပ်တော့ဘူး။ ဂရုမစိုက်တော့ဘူး။
“သူ တကယ် ရူးသွာပြီလား”
“သူ တကယ် ရူးသွာပြီလား”
သူ့ကိုယ်သူလည်း စဉ်းစားဖြစ်မယ် မထင်ပါဘူး။ ကျွန်တော်လည်း မသိခဲ့ပါဘူး။ အရူးတစ်ယောက်လို နေထိုင် စားသောက်ပြီး ခြေဦးတည့်ရာ သွားတယ်။ သူ အော်ဟစ်နေကြအတိုင်း အော်တယ်။ တစ်နေရာရာမှာ အခုလို အော်နေတတ်တဲ့ လူတစ်ယောက်ကို တွေ့ရတယ်ဆိုပါစို့၊
ခင်များ သူကို နားလည်ပေးလိုက်ပါ။
ဒါမှမဟုတ် သူ့ကို ပြုံးပြုံးလေ ကြည့်နေလိုက်ကြပါ။
ဘာကြောင့်လဲဆိုရင်.....
သူဟာ အပြင်မှာ တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးပဲ chatting မှာ ဆုံဖြစ်ခဲ့တဲ့ မိန်းကလေး တစ်ယောက်ကို အင်ဖန်နတီမှာ တကယ်ဆုံလိမ့်မယ်လို့ မမြင်နိုင်တဲ့ ကံတရားကို အချိန်ကြာမြင့်စွာစောင့်နေတဲ့ လူတစ်ယောက်ပဲလေ။ အခု သူ မှန်တစ်ချပ်ရှေ့မှာ ရပ်နေပြန်တယ်..... ။
ဆူးရင့် ၊တန့်ဆည်။
Infinity is endless distance, space or guantity.
1 comment:
ညီမလေး ကိုသိပ်ချစ်တာပဲလား....တစ်ချိန်မှာ ပြန်ဆုံမှာပါ....း)
Post a Comment