Monday, July 27, 2009

အကြင်နာ စက်ကွင်း



။တစ်။

“ထူးဆန်းတယ်ဟေ့ ခါတိုင်းဆို နေအတော်မြင့်မှ အိပ်ယာထတဲ့ ကောင်က ဒီနေ့တော့ အစောကြီး ထလို့။ ဘာတွေ စိတ်ရူးပေါက်နေတယ် မသိဘူး။ ဒီနေ့ မိုးရွာ လိမ့်မယ်ထင်တယ်” ကျွန်တော် မျက်နှာသစ်ပြီး အောက်ထပ်ကို အဆင်းမှာ သူငယ်ချင်းတစ်ယောက်က အခုလိုပဲ ဧည့်ခံကြိုဆိုလိုက်ပါတယ်။ ဒါဟာ ကျွန်တော့် နံနက်ခင်းရဲ့ ဂီတစစ်စစ်လား။ ဟုတ်ပါတယ်လေ.. ကျွန်တော်ကလည်း သူပြောမယ်ဆို ပြောချင်စရာ ဖြစ်နေခဲ့တာကိုး။ ညည အိပ်မပျော်ဘူးကွာဆိုတဲ့ အကြောင်းပြချက်နဲ မနက်ခင်း ကိုးနာရီလောက်အထိ ကျွန်တော် အိပ်ပုတ်ကြီးခဲ့တာလေ။ ဒီနေ့ ဘာလို့ စောစော အိပ်ယာထ ခဲ့သလဲ။ အိပ်ယာ စောစောထတာ ဘာအတွက်လဲ ဒီအကြောင်းကို သူမှ မသိပဲလေ။ ပြောပစေပေါ့။ ကြိုက်သလို။ ဒါပေမယ့် ကျွန်တော်တော့ ဒီနေ့ ပျော်ရွှင် တက်ကြွနေပါတယ်။

။နှစ်။
စောင်းယားပင်ရိပ် အောက်က ကွပ်ပစ်ပေါ်မှာ ကျွန်တော်သူငယ်ချင်းတစ်ယောက်နဲ့ အတူ ထိုင်နေပါတယ်။ စောင်းယားပင်ပေါ်မှာလည်း တောကျီးကန်းတစ်ကောင်ဟာ သူ့ရဲ့ နှုတ်သီးချွန်ချွန်နဲ့ တဆတ်ဆတ် ဆိတ်ပြီး အသီးတွေကို အကြောင်းမဲ့ သက်သက် ချွေချ ဖျက်ဆီးနေပါတယ်။ ကြွေကျလာတဲ့ စောင်းယားသီးအမှည့်တွေကို ကျွန်တော် မြင်နေရတယ်။ ဘေးမှာ ရှိတဲ့ သူငယ်ချင်းလည်း ဒီမြင်းကွင်းကို မြင်နေရမှာ အမှန်ပါပဲ။ ကျွန်တော့ သူငယ်ချင်း မမြင်မတွေ့နိုင်တာကတော့ စောင်းယားသီးတွေလို တဖြုတ်ဖြုတ်ကျမနေပဲ ကောင်းကင်ဆီ ထိုးတက်နေတဲ့ ကျွန်တော့်ရဲ့စိတ်တွေကိုပါ။ နေ့တိုင်းလိုလို စိတ်ဓာတ်ကျနေတတ်တဲ့ ကျွန်တော်ဟာ ဒီနေ့မှာတော့ တက်ကြွနေပါတယ်။ ဒီအတိုင်းဆို စိတ်လမ်းကြောင်း ပြောင်းပေးစရာ မလိုတော့ဘူးပေါ့။ ကျွန်တော့်မှာ စိတ်ဓာတ်ကျနေတဲ့ အခါတိုင်း စိတ်ကို လမ်းကြောင်းပြောင်းပြီး မြှင့်တင်ပေးတတ်တဲ့ အကျင့်ရှိပါတယ်။ ဒီနေ့ အတွက်တော့ မလိုအပ်တော့ပါဘူး။ “၀ုန်း”ခနဲ့ မြည်သံနဲ့ အတူ အုန်းသီးခြောက်တစ်လုံး လတ်တလော ကြွေကျလာတယ်။ အဲဒီ အုန်းသီးခြောက်ကို ကျွန်တော်သွားကောက်ပြီ ဓားတုန်းတုန်းနဲ့ တအုန်းအုန်းခွဲတယ် ။ တော်တော် ပင်ပန်းသွားတာပေါ့ ။ နောက်တစ်ခါ အိမ်ရှေ့က ပုဏ္ဏာရိပ်ပင်တန်းကို ကပ်ကြေးနဲ့ ညီအောင် ကိုက်ဖြတ်ရင်း ကျွန်တော် စိတ်တွေလမ်းကြောင်းပြောင်း မြင့်တက်နေတယ်။ မြက်ပင်တွေ ရှုပ်ပွနေတဲ့အမှိုက်တွေ ကြွပ်ကြွပ်အိတ်ခွံတွေ စက္ကူအစုပ်တွေ အုတ်ခဲကြိုးတွေကို ရှင်းလင်းသန့်စင်ရင်း စိတ်ဟာ လမ်းကြောင်းပြောင်းပြီး မြင့်တက်နေပါတယ်။ ကျွန်တော် စိတ်ဓာတ်ကျ မနေတော့တဲ့ ဒီနေ့ ကျွန်တော် တစ်ကိုယ်လုံးမှာ ချွေးသီး ချွေးပေါက်တွေ စီးကျလာတော့ စောင်းယားရိပ်အောက်က ကွပ်ပစ်ပေါ်မှာပဲ အမောဖြေရင်း ပက်လက်လှန် လှဲအိပ်နေလိုက်တယ်။ အရင်နေ့တွေလို မဟုတ်တဲ့ ကျွန်တော်စိတ်တွေ ဘာလို့ပျော်ရွှင် တက်ကြွနေပါလိမ့် ဘေးက သူငယ်ချင်းကြောင့်လား၊ ကျီးကန်းတစ်ကောင်းကြောင့်လား၊ အုန်းသီးခြောက်တစ်လုံးကြောင့်လား။ သန့်ရှင်းရေးလုပ်လို့လား၊ မဟုတ်ဘူး မဟုတ်ဘူး အဲဒါတွေ ဘာတစ်ခုမှ မဟုတ်ဘူး။ ဘာကြောင့်လဲ ကျွန်တော့် စိတ်ရဲ့ ဖြစ်စဉ်ကို ကျွန်တော် သိနေတယ်။ ကျွန်တော်စိတ်ထဲက မေးခွန်းရဲ့ အဖြေကို ကျွန်တော့် စိတ်ထဲမှာ သိနေတယ်။ ခင်များ မသိသေးဘူးဆိုတာအထိ ကျွန်တော်သိနေတယ်။ ကျွန်တော် ပျော်ရွှင်တက်ကြွနေရခြင်း အကြောင်းပေါ့။

။သုံး။
ခါတိုင်း နေ့တွေဆိုရင် အိပ်ယာထနောက်ကျတော့ နိုးတာနဲ့ ကျွန်တော် ဗိုက်ကဆာလာတယ်။ လက်ဖက်ရည်ဆိုင်ထွက်ပြီး ဗိုက်ကိစ္စ မဖြေရှင်းဖြစ်တာကတော့ တော်တော်ကြာနေပြီလို့ ပြောရမှာပါ။ လက်ဘက်ရည်တစ်ခွက် သုံးရာ ဖြစ်သွားပြီးကတည်းက ကျွန်တော်လက်ဘက်ရည်ဆိုင်နဲ့ ကင်းကင်းရှင်းရှင်း ဖြစ်သွားခဲ့တယ်။ တစ်ခါတစ်ရံမှာတော့ ကလေးတစ်ယောက်ကို လက်ဘက်ရည်ဆိုင် လွှတ်ပြီး မုန့်တစ်ခုခု ၀ယ်စားတယ်။ တစ်ခါတစ်ရံ နေ့ရက်တွေမှာဆို ဘာမှ မစားဘဲ အဆာခံပြီး နေလိုက်တယ်။ သုံးစရာ ပိုက်ဆံ ပြတ်တောက်လုလု ဖြစ်နေချိန်မှာ အခုလို အဖြစ်မျိုး အဖြစ်ဆိုးတွေနဲ့ မလွဲမသွေ ကြုံရတော့တာပါပဲ။ နေ့စာစားချိန် ရောက်တော့မှ တစ်ခါတည်း အ၀တယ်ပစ်လိုက်တော့တယ်။ ထူးခြားတာက ဒီနေ့ ဗိုက်ထဲမှာ ဆာမနေဘူး။ အစာတစ်ခုခုစားထားသလို ၀မ်းထဲမှာပြည့်နေပါတယ်။ နေ့စာ ထမင်းစားချိန်ရောက်ပြန်တော့လည်း ဗိုက်က မဆာပြန်ဘူး စားနေကျမို့သာ သဘောလောက်သာစားလိုက်ရတယ်။ နေ့စာကို မစားပဲ နေမယ်ဆိုရင်လည်း နေလိုရတဲ့ သဘောမျိုး။ တကယ်ဆို မနက်အိပ်ယာထမှာလည်း ဘာမှမစား၊ နေ့ခင်းမှာ ပိုဆာဖို့ကောင်းတာပေါ့။ အခုတော့ သုံးလေးငါးလုပ်လောက်သာ စားပြီး ထမင်းဝိုင်းက ထလာခဲ့တယ်။ အမေကတော့ “နင်ဘာဖြစ်နေတာလဲ ထမင်းလည်းကောင်းကောင်းမစားဘူး” တဲ့ ကဲ ကျွန်တော် ထမင်းစားပြီးချိန်မှာ အရမ်းကို စိတ်ဆိုး စိတ်ကောက်တတ်တဲ့ မိကေရယ် အသားညိုညိုနဲ့ ပျော်ပျော်နေတတ်တဲ့ ညိုညိုရယ် နောက် ကောင်မလေး တစ်ယောက်ရယ် အလည်ရောက်လာကြပါတယ်။ မိကေက ကျွန်တော်ကိုကြည့်ပြီး “ဟဲ့ နင် ထမင်းစားပြီးပြီလား” “ဒီနေ့ ငါဘာထမင်းမှ စားချင်စိတ်မရှိဘူး မိကေရာ” ကျွန်တော့်စကားအဆုံးမှာတော့ သူတို့သုံးယောက်ရဲ့ ပြိင်တူ ရယ်လိုက်တဲ့ အသံတွေ ထွက်ကျလာပါတယ်၊ ကျွန်တော် ထမင်းမစားချင်တဲ့ ကိစ္စမှာ သူတို့အတွက် ဘာများရယ်စရာတွေပါသလဲ။ ကျွန်တော် ကိုယ်တိုင်ကရော ခါတိုင်နေ့တွေလိုမဟုတ်ဘဲ ဒီနေ့မှာ မစားချင် မသောက်ချင်နဲ့ ဘာလို့ ရင်ခံနေတာလဲ။ မိကေကြောင့်လား ညိုညိုကြောင့်လား မဟုတ်ဘူး မဟုတ်ဘူး ဘာမှမဟုတ်ဘူး။ ကျွန်တော်ကတော့ ကိုယ်အဖြစ်ကို ကိုယ်တိုင်သိနေတယ်၊ သူတို့ ဘာကြောင့်ရယ်တယ်ဆိုတာကို သိနေပါတယ်၊ ခင်များရော ကျွန်တော် ရင်ခံနေရတဲ့အကြောင်းနဲ့ သူတို့ရယ်နေရတဲ့အကြောင်းကိုသိပါသလား။

။လေး။
အကြောင်းမဲ့သက်သက် ထိုင်နေရတာမျိုး တီဗွီဖန်သားပြင်ရှေ့ မှာ ကြာမြင့်အောင်ကြည့်ရှုရင်း ထိုင်နေရတာမျိုး ဥပမာ ကိုးရီးယားဇာတ်ကား၊ တရုတ်ဇာတ်လမ်းတွဲတွေကို ကြည့်ရှုနေချိန်လိုမျိုး တောရောက်တောင်ရောက် စပ်မိစပ်ရာစကားတွေ ပြောဆိုနေရလို့ ထိုင်နေရတာမျိုး အဲဒါမျိုးတွေကို ကျွန်တော် မနှစ်မြို့ပါဘူး။ လူတွေရဲ့ ခန္ဓာကိုယ်ဟာ ပြောင်းလဲခြင်း လေးမျိုးနဲ့ နေရပါတယ်။ လျောင်းမယ် ထိုင်မယ် ရပ်မယ် သွားမယ်။ ကျွန်တော်သဘောက ထိုင်နေမဲ့အစား လမ်းလျောက်နေချင်တယ်။ လှုပ်ရှားမှု တစ်ခုခုနဲ့ လှုပ်ရှားနေချင်တယ်။ ဒါမှမဟုတ် ၀မ်းလျားမှောက်ပြီး စားရေးနေချင်တယ်။ ပက်လက်လှန်ပြီး စားဖတ်နေချင်တယ်။ ထိုင်နေရတဲ့ အလုပ်က တကယ့်ကို ပျင်းစရာကောင်းလှပါတယ်။ အထိုင်များပြီး အညောင်းမိမှာလည်း ကြောက်ရသေးတယ်လေ။ နောက်ဆက်တွဲ ဖြစ်ပေါ်လာတတ်တဲ့ ဒူလာရောဂါတို့ လိပ်ဂေါင်းရောဂါတို့ကလည်း ရှိသေးတယ်မဟုတ်လား။ ကျွန်တော်က ဆီးလမ်းကြောင်းမှာ တစ်ခါ ကျောက်တည်ဖူးတယ် “အထိုင်မများနဲ့ ၊ ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်၊ ရေများများသောက်”လို့ ပြောကြတဲ့ ကိုယ့်ထက်ကြီးတဲ့ လူကြီး သူမတွေရဲ့ စကားကို နားထောင် ကြည့်တာလည်းပါတာပေါ့လေ။ ထိုင်ရမှာ ပျင်းတတ်တဲ့ ကျွန်တော်အတွက်တော့ အထူးတလည် လေ့ကျင့်ခန်း လုပ်နေစရာမလိုတော့ဘူးပေါ့၊ ဆီးကို ဒုက္ခပေးတတ်တဲ့ ငရုတ်သီး ဒညင်းသီးတို့ဆိုရင် ကျွန်တော် ဝေးဝေးကရှောင်ခဲ့ပါတယ်။ ဘာကြောင့်များ ဆီးလမ်းကြောင်းမှာ ကျောက်က လာလာပြီး တည်နေပါလိမ့် အထိုင်လည်း မများခဲ့ပါဘူး။ ငရုတ်သီးလည်း မစားခဲ့ပါဘူး။ ရေလည်း သောက်ဖြစ်ပါတယ်။ ကွမ်းယာ စားတာတော့ ပါတာပေါ့လေ။ ဒီနေ့ ကိုယ့်ကိုယ်ကို ပြန်ပြီး သုံးသပ်ကြည့်လိုက်တဲ့ အခါမှာ အထိုင်တွေ သိပ်များနေတာကို တွေ့ရှိလိုက်ပါတယ်။ ဟုတ်တယ်။ နေ့(၁၂)နာရီကနေ ညနေ(၅)နာရီ အထိ ထိုင်ဖြစ်သွားလို့ ကိုယ့်ကိုယ်ကိုယ် တောင်မယုံချင်တော့ဘူး ထသွား ထလာဆိုလို့ ခဏတစ်ဖြုတ်ပဲလုပ်ဖြစ်ပါတယ်။ ကျွန်တော် ဆက်စဉ်းစားကြည့်လိုက်တယ် “ထိုင်ရမှာကို သိပ်ကြောက် သိပ်မုန်းတဲ့ ငါဟာ ဒီနေ့ အချိန်တွေ အကြာကြီး ဘာလို့ ထိုင်ဖြစ်သွားတာလဲ။ ကိုရီးယားဇတ်ကားကြောင့်လား။ တရုတ်သိုင်းကားကြောင့်လား။ လူကြီးသူမတွေရဲ့စကားကြောင့်လား။ မဟုတ်ဘူး မဟုတ်ဘူး ဘာမှမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်ကိုယ် ကျွန်တော်သိနေတယ် ကျွန်တော် ထိုင်ဖြစ်တဲ့ အကြောင်းကို ခင်များ မသိဘူး။

။ငါး။
တီဗွီရှေ့မှာ မိုက်ကိုင်ပြီး တစ်သီးတစ်သန့် သီချင်းဆိုရတာ ခင်များ ၀ါသနာပါလား။ ဒါဟာ ကျွန်တော့်အတွက်တော့ သိပ်ကို အလုပ်ရှုပ်တယ်လို့ ကျွန်တော် ထင်မိပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးစီပေါ့။ ပုဂ္ဂလိကဆန်တဲ့ ကျွန်တော့်ရဲ့ အမြင်ပါ။ အရုပ်နဲ့ စာကို ရောနှောရေးထားတဲ့ စာအုပ်တွေကို ဖတ်ဖို့ စိတ်မ၀င်စားတဲ့ ကျွန်တော့်အတွက်တော့ ဒီလို သီချင်းဆိုရတာ ပျင်းစရာ ကောင်းလွန်နေသလိုပါပဲ။ အင်ထရို ၀င်ရမယ့် အမှတ်အသားတွေ ကြည့်ရ၊ သီချင်းစာသားတွေ ကြည့်ရ၊ မှန်ပြင်ပေါ်က သီချင်းစာသားနဲ့ ဘယ်လိုမှ မလိုက်ဖက်တဲ့ သရုပ်ဆောင်တွေကိုလည်း မြင်ကွင်းရှေ့မှာ မြင်နေရတာ အဆိုးဆုံးပါ။ အဆိုတော်တွေ သရုပ်ဆောင်ကတော့ သူတို့ ပိုက်ဆံရတဲ့ အလုပ်၊ သူတို့ကို ထမင်းကျွေးတဲ့ အလုပ်မို့ အပင်ပန်းခံပြီး သီဆို သရုပ်ဆောင်နေကြပေမယ့် အပျင်းပြေရုံသက်သက်နဲ့ သံကုန်ဟစ်နေကြတဲ့ သူတွေကို ကြည့်ပြီး ကျွန်တော် ပျင်းလာတယ်။ အသံကို မြှင်ပြီး အော်လိုက်တိုင်း မောတတ်တဲ့ ကျွန်တော့်ရဲ့ ချို့တဲ့မှုလည်း ပါတာပေါ့။ အသံကလည်း ကောင်းမှ မကောင်းတာကိုး။ ဒါကြောင့် ကာရာအိုကေဆိုတာကို ကိုယ်တိုင်လည်း မဆိုဖြစ်ဘူး။ ကာရာအိုကေသီချင်းဆိုတဲ့ သူတွေရဲ့ အသံကိုလည်း နားမထောင် ချင်ပါဘူး။ ဒီနေ့တော့ ထူးထူးဆန်းဆန်း ဖြစ်သွားပါရော့လား။ ကျွန်တော် တီဗွီဖန်သားပြင်ရှေ့မှာ ငါးနာရီကျော်ကျော် ထိုင်ဖြစ်သွားတယ်။ ထိုင်ဖြစ်သွားတဲ့ အချိန်တွေကိုလည်း ငါးနာရီ ကြာမြင့်လိမ့်မယ်လို့ မထင်မိဘူး။ ခဏလေးလို ခံစားလိုက်တဲ့ တကယ့် ခဏလေးလို့ ထင်နေမိတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ၀ိုင်ဝိုင်းသီချင်းနှစ်ပုဒ် ဆိုဖြစ်သွားတယ်။ ၀ိုင်ဝိုင်းသီချင်းနဲ့ စိုင်းထီးဆိုင်သီချင်းကို သီဆိုသူတစ်ယောက်ရဲ့ အသံကိုလည်း စိတ်လိုလက်ရ နားထောင်ရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ နားဝင်ချိုနေပါတယ်။ သရုပ်ဆောင်တွေလည်း အသက်ဝင်နေသလို ခံစားနေရတာပါ။ ကျွန်တော့်စိတ်ဟာ ထူးဆန်း မနေဘူးလား။ ကျွန်တော် သီချင်းဆိုဖြစ်သွားတာဟာ စာသားကြောင့်လား၊ သံစဉ်ကြောင့်လား၊ သရုပ်ဆောင်တွေကြောင့်လား၊ မဟုတ်ဘူး မဟုတ်ဘူး အဲဒါတွေ ဘာမှ မဟုတ်ဘူး။ ကျွန်တော် ဘာကြောင့် သီချင်းဆိုဖြစ်သွားသလဲ ဆိုတာကို ကျွန်တော် သိနေပေမယ့် ခင်များကတော့ ခုထိ သိသေးမယ် မထင်ပါဘူး။

။ခြောက်။
ခါတိုင်း နေ့တွေ နေ့တွေမှာ ကျွန်တော် စာတစ်အုပ်လောက်တော့ အနည်းဆုံး ဖတ်ဖြစ်ပါတယ်။ စာဖတ်ဝါသနာကို ကျွန်တော်ငယ်ငယ်လေးကတည်းက ထုံလာခဲ့တာ။ စာပေထဲမှာ ကျွန်တော့် ပတ်ဝန်းကျင်က မပေးနိုင်တဲ့ အသိတွေရှိတယ်။ သင်ခန်းစာတွေရှိတယ်။ အတွေ့အကြုံတွေရှိတယ်။ ပျော်ရွှင်မှုတွေ ရှိတယ်။ တိတ်ဆိတ်အေးမြမှုတွေရှိတယ်။ ကျွန်တော် ပျင်းနေတဲ့ အခါမျိုးတွေမှာ စာကိုပိုပြီး ဖတ်ဖြစ်တယ်။ တစ်ယောက်တည်း အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် စာဖတ်ရတဲ့အရသာကို ကျွန်တော်ခုံမင်တယ်။ ဒီနေ့တော့ ဘာစာတစ်လုံးမှ အဓိပ္ပါယ်ရှိရှိ မဖတ်ဖြစ်သလို ဘာစာတစ်လုံးမှလည်း ကောင်းကောင်းမွန်မွန် မရေးဖြစ်ခဲ့ပါဘူး။ ကျွန်တော်ဟာ နေ့တိုင်းနဲ့ ကွာခြားနေခဲ့တယ်။ ကျွန်တော် ဘာလို့စာမဖတ်ဖြစ်တာလဲ အနှောက်အယှက်တွေကြောင့်လား ဆူသံတွေကြောင့်လား မဟုတ်ဘူး မဟုတ်ဘူး အဲဒါတွေ ဘာမှမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်ကို ကျွန်တော်သိနေတယ်။ ကျွန်တော်ကို ခင်များမသိဘူး။

။ခုနစ်။
ခင်များတို့ အမြင်မှာတော့ တစ်နည်းနည်းနဲ့ ထူးခြားနေတဲ့ ကျွန်တော် မျက်နှာကို၊ တစ်နည်းနည်းနဲ့ လွဲချော်နေတဲ့ ကျွန်တော့်လှုပ်ရှားမှုကို မြင်နေရလိမ့်မယ်။ တကယ်တော့ ဒါဟာမထူးဆန်းပါဘူး။ ခင်များလည်း တစ်ချိန်က ဒီလို ထူးဆန်းခဲ့ဖူးတယ်။ ဒေဗစ်ဘက်ခမ်း၊ ကမူး၊ လင်ကွန်း၊ ဆိုကရေးတီး၊ မြို့မငြိမ်း၊ ပိုင်သက်ကျော်၊ မဟတ္တမဂန္ဓီ၊ အိုဟင်နရီ တို့လည်း တစ်ချိန်က ဒီလို ထူးဆန်းခဲ့ဖူးတယ်လို့ ထင်တာပဲ။ ပုံမှန် ဖြစ်တည် နေထိုင်မှုရဲ့ စည်းဝိုင်းကို ကျော်လွန်ပြီး ကျွန်တော် ဒီနေ့ ဘာကြောင့် တိမ်းစောင်း လွဲချော်ခဲ့ပါသလဲ။ ဟုတ်ကဲ့ ပြောပါမယ်။ ၀န်ခံပြီးမှ တကယ် ပြောပြမှာပါ။ ခင်များကတော့ သိချင်နေမှာ အမှန်ပဲ ဒါဟာ ကမ္ဘာ့အံ့ဖွယ်တစ်ခုအပါအ၀င် ဂင်းနစ်မှတ်တမ်းဝင်မှ မဟုတ်တာ မထူးဆန်းပါဘူး။ ဒီစာကို စဖတ်လိုက်ကတည်းက ခင်များဟာ မှားယွင်းသွားပြီ။ ဒီနေ့ ရေးဖြစ်တဲ့ ဒိုင်ယာရီကို ကျွန်တော် ပြန်ရေးပြမယ်။ ဖတ်ပြီးရင် ပြီးပြီလို့သာ မှတ်လိုက်ပါး။ သိပြီးရင် သိပြီလို့သာ မှတ်လိုက်ပါ။ ဒီလိုဆိုရင် ကျွန်တော်ဟာ အထူးအဆန်းမဟုတ်ဘူးဆိုတာ မှတ်ချက်ပေးလို့ ရလိမ့်မယ်။ ခင်များပေးတဲ့ မှတ်ချက်ဟာလည်း ခင်များ ဦးနှောက်ရဲ့ မှတ်သားထားတဲ့ အချက်အလက်တွေပဲ။ ကျွန်တော့်အတွက်ဘာမှ အရေးကြီးလှမယ် မထင်ပါဘူး။

။ရှစ်။
ဒိုင်ယာရီ 4.November.2007 ၁၃၆၉ ခု၊ သီတင်ကျွတ်လဆုတ် (၉)ရက်၊ တနင်္ဂနွေနေ့။ စနေနေ့က ပေးထားတဲ့ ကတိတစ်ခုရှိတယ်။ ညီမလေးက တနင်္ဂနွေနေ့ လာခဲ့မယ်တဲ့။ ဒီလို ပြောထားလို့ မနေ့ညက အိပ်လို့တောင်မပျော်ခဲ့ပါဘူး။ ညီမလေးဟာ ကျွန်တော်ရဲ့ ရတနာပါ။ ညီမလေးဟာ ကျွန်တော့်ရဲ့ သစ်သီးပါ။ ကျွန်တော် တန်ဖိုးထား မြတ်နိုး ဂုဏ်ယူ ၀တ်ဆင်ရမယ့် ရှားရှားပါးပါး ရတနာ ပစ္စည်းလေးပါပဲ။ ကျွန်တော် သူ့ကို သိပ့်ချစ်ခဲ့ပါတယ်။ ခင်များတို့ ငြင်းခုန်နေကြတဲ့ ရယူ ပေးဆပ်ခြင်း ဝေါဟာရတွေကို ကျွန်တော်မသိချင်ဘူး။ ညီမလေးစိတ်နဲ့ ကျွန်တော်ရှုရှိုက်ခဲ့၊ ရှင်သန်ခဲ့တယ်။ ဒီနေ့ ညီမလေးလာမယ်ဆိုလို့ ကျွန်တော်အစောကြီး အိပ်ယာကနိုးနေခဲ့တယ်။ စိတ်တွေ ပျော်ရွှင်တက်ကြွနေခဲ့တယ်။ အစာမစားဘဲ ဗိုက်ပြည့်နေခဲ့တယ်။ တစ်နေကုန်ထိုင်ရင်း အချိန်တွေကုန်ဆုံးခဲ့တယ်။ ညီမလေးနဲ့အတူ သီချင်းတွေဆို စကားတွေပြောရင်း ကြည်နူးခဲ့တယ်။ စာ မဖတ်ဖြစ်သလို စာရေးဖို့ မေ့လျော့နေခဲ့တယ်။ ကဲ ကျွန်တော် ဘာတွေများ အထူး အဆန်းဖြစ်နေခဲ့လို့လဲ။ အချစ်က အိပ်ချင်ပြေတယ်။ အချစ်က ဗိုက်ပြည့်တယ်။ အချစ်က အညောင်းပြေတယ်။ အချစ်က အသံကောင်းတယ်။ အချစ်က အလုပ်ပျက်တယ်။ ကျွန်တော်ဘာများထူးခြားနေလို့လဲ ဒါတွေဟာ ကျွန်တော့်ရဲ့ အကြင်နာ စက်ကွင်းတွေပဲ ဖြစ်ပါတယ်။

ဆူးရင့်၊တန့်ဆည်၊
အတိတ်ကို ပြန်လည် တူးဖေါ်ခြင်း သက်သက် ဖြစ်ပါတယ်။

1 comment:

Unknown said...

I WILL WAIT TILL MY LAST BREATH.NO MATTER WHERE U R,I AM NEAR AND I WILL BE BY UR SIDE WHETHER U ACCEPT OR NOT.NOTHING CAN STOP MY WINGS TO FLY TO U FOREVER.U R MY EVERYTHING,BABY!

LinkWithin

Related Posts with Thumbnails