အင်ဂျင်သံတွေနဲ့ အတူ မင်းရဲ့ မနက်ခင်းဟာ ကြေကွဲနေလိမ့်မယ်
မှိုနံ့ မကင်းတဲ့ မြို့ပြထဲ အထွက်အ၀င် အဆင်ပြေရဲ့လား
အပြုံးအခွံတွေ လိပ်စာမပါပဲ မင်းဆီ ရောက်လာပြီ ဆိုပါတော့
ဆက်ဆံရေး အခွံတွေဟာ မင်းခွဲစိပ်ရမယ့် သရုပ်တွေပဲ ။
အလုပ်အားတဲ့ တစ်နေ့
မိုးစက်တွေ အရင့်အမာကြီး သိုလှောင်ထားတဲ့ ကောင်းကင်ကို
စကားလုံး လှလှနဲ့ ဘာသာပြန်ပေးပါ ၊
မြင်းလှည်းသမားရဲ့ ကြာပွတ်သံဟာ
ငါတို့ နားဆင်ရမယ့် ဂီတ မဟုတ်ဘူး ၊
ဲ့်မင်း ထိုးစိုက်ခဲ့တဲ့ တောအုပ် မှာ အိပ်မက် တွေ စိမ်းလန်းဆဲပဲလား ၊
ငါကတော့ လမ်းပျောက် သိုးအုပ်ပေါ်
ပင့်ကူအန် တိမ်တိုက် နဲ့ ဆူးခက်တွေ လင်္ကာဖွဲ့ ပစ်တင်လိုက်တိုင်း
မင်းရဲ့ ဧည့်ခန်း ထဲက အငွေ့ပျံစိတ်ကူး ရဲ့ ပေးစာ ဖတ်စာ တွေကို အမြဲသတိရတယ် ။
မင်းက အစဖြင့် မပြီးဆုံးနိုင်တဲ့ ဆားငန်ရေ မြင့်တက်မှုအကြောင်း ပြောမယ်
ငါက အဆုံးမသတ်နိုင်တဲ့ ဟစ်အော် ဆာလောင်မှုအကြောင်း ပြောမယ်
မင်းက ဖြေသိမ့်ရခက်တဲ့ ဖြေသိမ့်လိုက် သီချင်းအကြောင်း ပြောမယ်
ငါက ငါသေဆုံးခဲ့တဲ့ သုသာန်အဟောင်းလေးအကြောင်း ပြောမယ် ။
ငါးရာတန် တစ်ထောင်တန် ကုန်ပစ္စည်းတွေ
ငါတို့ ပလက်ဖောင်းပေါ် ပိတ်ဆို့ခဲ့တာက အစ
ဘေဒ ၀ါဒ ငြင်းခုန်မှု မီးတောက် စာမျက်တွေ အဆုံး
ငါတို့ လှိုင်းစီးရင်း အပျင်းဖြေခဲ့ကြတယ် ။
နေသစ်မှူးရေ
နာရေး သတင်းကို ဖတ်ရှုရင်း နာရီကို ချွတ်ပြီး အိပ်ပါ
ငါ့လိုပဲ လက်ဖက်ရည် တိုက်မယ့် သူငယ်ချင်းကောင်းကို မျှော်ပါ
တစ်နေ့ အင်တာနက်သုံးဖို့ ပိုက်ဆံ သောင်းနှစ်ထောင် လိုအပ်ဆဲပဲလား ။
ပြောရရင်
သံချောင်းကို ပုံမှန် ခေါက်ဖို့ လိုတယ်
မင်း လက်ဖျံရိုးထဲက ညီမလေးကို မေတ္တာပို့ဖို့ လိုတယ်
ယခင် ယခု ကာလာ အလွဲတွေ မေ့ပစ်လိုက်တော့
မင်းစီးဆင်းဖို့ ပင်လယ်အသစ်စက်စက်ကို ရွေးခြယ်ပြီးရင်
အမှိုက်ကစ ပြဿာဒ် မီးလောင် ဆိုတဲ့ စကားပုံကို
အီးမေးလ်နဲ့ ငါဆီ အရောက်ပို့လိုက်ပါ ။
ကဗျာဆရာဆိုတာ
လက်တွေ့ မဆန်တဲ့ ဘ၀တစ်ခုလုံး
ခေါစာအဖြစ် ထိုးကျွေးဖို့
လူဖြစ်လာတဲ့
ကံဆိုး ၀ဋ်ကောင် ဆိုပါတော့ ။ ။
ဆူးရင့်၊ တန့်ဆည် ၊
(ပြီးခဲ့တဲ့ နှစ်က သူငယ်ချင်း နေသစ်မှုးရဲ့ မွေးနေ့မှာ ရေးပေးဖြစ်တဲ့ ကဗျာလေးပါ ။ အခုမှ တင်ဖြစ်ပါတယ်)
No comments:
Post a Comment