Saturday, January 31, 2009

အောင်မြင်မှု

ခန္ဓာကိုယ်ကြီးနဲ့ ခန္ဓာကိုယ်ကို အမှီပြုပြီး ရရှိလာတဲ့ ဂုဏ်တရားဟာ နှိုင်းယှဉ်ကြည့်ဖို့ အင်မတန် အလှမ်းကွာဝေးပ်ါတယ်။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ကြီးဆိုတာ မကြာခင် ကာလအပိုင်းအခြားလေး တစ်ခုမှာ သေဆုံးပျက်စီး သွားရမှာ ဖြစ်ပါတယ်။ ဂုဏ်ဆိုတာကတော့ ကမ္ဘာတည်နေသရွေ့ ပျက်စီးပျောက်ဆုံး မသွားနိုင်ပါဘူး။ ဟုတ်တယ်လေ။ ဒါဟာ ဘုရားရှင်ရဲ့ တရားတော်စစ်စစ်ပါ။

ဂုဏ်ဆိုတာ ကောင်းတဲ့ဂုဏ်+ဆိုးတဲ့ဂုဏ်၊ ဖြူတဲ့ဂုဏ်+မည်းတဲ့ဂုဏ် ဆန့်ကျင်ဘက်တွေနဲ့ ဒွန်တွဲနေတာပါလား။
ကောင်းတဲ့ဂုဏ်နဲ့ ထင်ပေါ်ကျော်စောနေကြတဲ့ ပုဂ္ဂိုလ်တွေကတော့ မင်းကွန်းဆရာတော်၊ ဗိုလ်ချုပ်အောင်ဆန်း၊ မာသာထရီဇာစတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပြီး ဆိုးတဲ့ဂုဏ်နဲ့ ထင်ပေါ်နေကြသူတွေကတော့ ဟစ်တလာ၊ ဒေ၀ဒတ်၊ ဂဠုန်စော၊ အိုစမာဘင်လာဒင်........စတဲ့ သူတွေပါ ။ ကျော်ကြားတာချင်းတော့ တူတယ်လေ၊ ကောင်း+မကောင်းသာ ကွာခြားသွားတာ။

လူတိုင်းလူတိုင်း အောင်မြင်ချင်ကြတယ်၊ ကျော်ကြားချင်ကြတယ်၊ ကောင်းမွန်တဲ့ အောင်မြင်ကျော်ကြားမှုကို ရရှိဖို့တော့ လိုအပ်တာပေါ့။ အောင်မြင်ဖို့ အတွက်လည်း စာတွေ ကျက်ရ မှတ်ရ ဖတ်ရ နားထောင်ရ သင်ကြားရ။
အားစိုက်ပြီး လုပ်ကိုင်ရ ပြောဆိုရ ကြံစဉ်ရပေါ့ ။ အောင်မြင်မှုကို မိအောင် လိုက်ဖမ်းနေကြတယ် ။

ကျောင်းသားတွေက စာမေးပွဲ အောင်မြင်ချင်တယ်။ စီးပွားရေးသမားက စီးပွားရေးလုပ်ငန်းတွေ အောင်မြင်ချင် တယ်။ အနုပညာသမားက အနုပညာလောကမှာ အောင်မြင်ချင်တယ်။ ဒါဟာ သဘာဝပါပဲ။ ၀ါသနာအရပဲဖြစ်ဖြစ်
အခြေအနေအရပဲ ဖြစ်ဖြစ် မိမိလုပ်တဲ့ ပြောတဲ့ ကြံစည်တဲ့ အရာမှန်သမျှကို အောင်မြင်ချင်ကြပါတယ်။

ကျွန်တော်က စာရေးတယ်၊ ကဗျာရေးတယ်၊ ပန်းချီးဆွဲတယ်။ ကျွန်တော်လည်း အောင်မြင်ချင်တာပေါ့။
အွန်လိုင်းမှာ ညီမတစ်ယောက်နဲ့ ချက်တင်ထိုင် စကားပြောဖြစ်ကြတော့ ``အောင်မြင်အောင် လုပ်နော်၊ ခင်မင်ဖူးခဲ့ကြတယ် ဆိုတာကိုလည်း အောင်မြင်ရင် မေ့မသွားနဲ့´´တဲ့။ ကျွန်တော် အောင်မြင်မှုကို ဆာလောင် နေတာ အမှန်ပါ။ တစ်ချို့က အောင်မြင်မှုကို ဖြတ်လမ်း နောက်ဖေးပေါက်ကနေပြီး ရှာကြတယ်။ တစ်ချို့ကတော့
ပုံမှန် သွားရိုးသွားစဉ်အတိုင်း လျှောက်လှမ်းပြီး အောင်မြင်မှုကို အရယူခဲ့ကြတယ်။

ခက်တာက ကျွန်တော်တို့ စာပေလောကမှာ အောင်မြင်မှုကို ဘာနဲ့ တိုင်းတာနေကြသလဲ၊ ဘယ်လို ပေတံ၊ စနစ်
တွေနဲ့ အောင်မြင်မှု+ကျရှုံးမှုကို သတ်မှတ်နေကြသလဲဆိုတာ ကျွန်တော် တကယ်မသိခဲ့ပါဘူး။ ကျော်ကြားမှု၊ လူသိများမှု၊ စာကောင်းပေမွန် ရေးသားနိုင်မှု၊ ငွေကြေးရရှိမှုစတဲ့ ဘယ်လိုစံ စနစ်တွေနဲ့ ပိုင်းခြားသတ်မှတ်နေကြ
သလဲ။ တကယ် မသိခဲ့တာပါ။

တစ်ချို့က အပျော်ဖတ် လူပြိန်းကြိုက် စာပေတွေ ရေးသားပြီး။ တစ်ချို့က ရာသီစာ ပေါ်ပင်စာပေတွေ ရေးသားပြီး ငွေကြေးများစွာ ရရှိခဲ့ကြတယ်။ တစ်ချို့ကတော့ စာကောင်းပေကောင်း ခန့်ခန့်သန့်သန့် ရေးသားပြီး
နာမည်သာရတယ် ပိုက်ဆံမရပြန်ဘူး။ အောင်မြင်မှုကို ငွေကြေးနဲ့ တိုင်းတာတဲ့သူကို ကျွန်တော် ရွံတယ်။

ကျွန်တော့်ရဲ့ ခံယူချက်ကို ပြောပြချင်ပါတယ်။ ကျွန်တော် ကဗျာရေးချင်တယ်၊ ချရေးလိုက်တယ်၊ ပြီးဆုံးသွား တယ်။ ဒါဟာ ကျွန်တော့်အတွက် ကဗျာတစ်ပုဒ် အောင်မြင်မှုပါပဲ။ ဒါပေမယ့် အဲဒီကဗျာဟာ တစ်စုံတစ်ယောက်ရဲ့
နှလုံးသားနဲ့ တိုက်ဆိုင်ချင်မှ တိုက်ဆိုင်လိမ့်မယ်။ တစ်စုံတစ်ယောက် ခံစားမှုနဲ့ ထပ်တူကျချင်မှ ကျမယ်။ ကဗျာတစ်ပုဒ်တော့ ဖြစ်ထွန်းအောင်မြင်လာတာ အမှန်ပဲ။ ဘာပဲဖြစ်ဖြစ် ပြီးဆုံးအောင် ဖန်တည်းနိုင်ခြင်းဟာ
အောင်မြင်မှုပဲ။ (ကျွန်တော်ကတော့ အဲလိုပဲ မြင်တယ်)

ကိုယ့်ယုံကြည်ရာကို ယုံကြည်ချက်အတိုင်း အားစိုက် လုပ်ကိုင် ပြောဆို ကြံစည်နေတဲ့နေ့ အောင်မြင်တဲ့ ဖြစ်ပြီး။
ဘာမှ အားမစိုက်ပဲ ငြိမ်သက်နေမယ်ဆိုရင် အဲဒီနေ့ဟာ ကျဆုံးသွားတဲ့နေ့ပေါ့။ ကျွန်တော် ကျဆုံးသွားတဲ့နေ့။
ခင်ဗျား ကျဆုံးသွားတဲ့နေ့ပေါ့။

ကျွန်တော်တို့ ဆာလောင်နေကြတဲ့ အောင်မြင်မှု ကျော်ကြားမှုတွေဟာ ရရှိလာပြီဆိုရင် ကောင်းတဲ့ဂုဏ်နဲ့
အောင်မြင် ကျော်ကြားမှု ဖြစ်ဖို့တော့ လိုပါတယ်။
ဆူးရင့်



3 comments:

MANORHARY said...

အောင်မြင်မှု
ကျော်ကြားမှု
စောင်ရေ
နာမည်
စာကောင်းပေမွန်
စာပေအဆင့်အတန်း
အပျော်ဖတ်
ဖေတော့မောင်တော့
.............
.............
..
အလိုလိုကမှဘာမှစဉ်းစားလို့မရရတဲ့ထဲ..
း)

ATN said...

ပြီးဆုံးသွားတာ... အဆုံးသပ်သွားနိုင်တာ... အောင်မြင်မှုတဲ့လား...
များများ အောင်မြင်လိုက်ကြပါစို့ဗျာ...

ဝှိုက်ဝှိုက် said...

ကဗျာတွေစာတွေရေးပြီး
ကောင်းတဲ့ဂုဏ်နဲ့
အောင်မြင်မှု့တွေအများကြီးရနိုင်ပါစေနော်

LinkWithin

Related Posts with Thumbnails