Wednesday, December 31, 2008

နှစ်ထောင်ရှစ် ခုနှစ်ရဲ့ လက်ကျန် နောက်ဆုံးနေ့ရက်ကို ဖြတ်ကျော်ခြင်း

မနက်မိုးစင်စင်အလင်း ကလေးတွေကို စာသင်ပြီးတာနဲ့ လက်ဖက်ရည်ဆိုင်ထွက်လာတယ် ။ ပြန်ရောက်တော့လည်း သင်တန်းဆင်း လက်မှတ်လာယူမယ့် သူငယ်ချင်းတစ်ယောက်ကို မျှော်နေမိရဲ့ ။ နောက်အတော်လေး အချိန်ကြာမြင့်မှ သူငယ်ချင်းက သူ့လက်မှတ်ကို ယူပြီး ပြန်သွားတဲ့အကြောင်း သိရတာပါ ။
ပြီးတာနဲ့ မလေးရှားက ပြန်လာမယ့် သူငယ်ချင်းတစ်ယောက်ကို လေဆိပ်မှာ သွားကြိုပေးရတယ် ။ နေ့ခင်း (၁၁)နာရီ လောက် လေယဉ်ဆိုက်မယ်ဆိုတာနဲ့ ထမင်းတောင် မစားသေးပဲ ပြေးရတာပါလား ။ လေယဉ်ကွင်းရောက်မှ နေ့ (၁၂း၂၅)မှ လေယဉ်ဆိုက်မယ်ဆိုတာ သိရပါတယ် ။ ခေါ်သွားတဲ့ ကားကလည်း သူငယ် ချင်းတစ်ယောက်ရဲ့ကားဆိုတော့ သွားတာက လူသုံးယောက် စောင့်ရင်းစောင့်ရင်း ပျင်းလာတာနဲ့ ကော်ဖီသုံးခွက်နဲ့ ကြက်သားခါးပတ် နှစ်ခု ၀ယ်စားကြတာ သုံးထောင်ကျပ်တိတိ ရှင်းလိုက်ရတာပေါ့ ။ တစ်နာရီခွဲလောက် စောင့်ပြီးတာနဲ့ လေယဉ်ကဆိုက်တယ် ။ ပစ္စည်းတွေ ကူသယ်ပေးပြီး ကားပေါ်တင် ပြန်ရောက်တာနဲ့ ဧည်သည် နှစ်ယောက်က တိုက်တိုက်ဆိုင်ဆိုင်ကို ရောက်လာကြပါတယ် ။ တစ်ယောက်က ကိုနေ ဖြစ်ပြီး နောက်တစ် ယောက်က ဖြူဖြူ ဖြစ်ပါတယ် ။ သူတို့က ကျွန်တော်ထုတ်ဝေမယ့် စာအုပ်အတွက် မေတ္တာသက်သက် နဲ့ကွန်ပျူတာ စာစီပေးပြီး ခုတ်လာတဲ့ စီဒီခွေကို လာပို့တာပါ ။ သူတို့နှစ်ယောက်က မနက်ဖြန်ဆို တောင်ကြီးကို ပြန်ကြတော့မှာလေ ။ သူတို့ရောက်လာပြီး မကြာခင်လေးမှာပဲ ချစ်သူကောင်မလေး တောင်ကြီးကို ပြန်သွားလို့လွမ်းဆွတ်ကြေကွဲနေရရှာတဲ့ အလွမ်းသမား တတိယညဥ့်ယံဆုရကဗျာဆရာ စိုးမင်းအောင် မှုန်တေတေ မှိုင်း တိုင်းတိုင်း အောက်သိုးသိုးလေး ရောက်ရှိလာပါတယ် ။ သူမျက်နှာကြည့်ရတာ အလွမ်းနဲ့လောင်မြိုက်နေတဲ့ ပုံစံ မျိုး တော်တော်ကို ခံစားနေရပုံပေါက်ပါတယ် ။ ဒီက သူတို့ကို ပန်းသီးကြွေးပြီး စကားထိုင်ပြောကြပါတယ် ။
အဲဒီအချိန်မှာ မလေးကပြန်ရောက်လာတဲ့ သူငယ်ချင်းက အ၀တ်သစ်နှစ်စုံနဲ့ အခြားပစ္စည်းတွေ လာပို့ပေးပါတယ်။ ကိုနေနဲ့ ဖြူဖြူတို့က မကြာခင် အချိန်အတွင်းမှာ နှုတ်ဆက်ပြီး ပြန်သွားကြပါတယ် ။ ဒီကရဲ့
အခန်းကျဉ်းလေးထဲမှာ လောလောဆယ် အလွမ်းသမား ဖြစ်နေရရှာတဲ့ ကဗျာဆရာ စိုးမင်းအောင်ရယ် ဒီကရယ် ကျန်ရစ်ခဲ့ကြတော့ သူက သူ့ရေးပြီးသား ကဗျာကို ပြတယ် ။ ဒီက ရေးပြီးသား ကဗျာ သူ့ကို ပြတယ် ။ ကဗျာတွေကို အသံထွက် အော်ရွတ်ကြပါတယ် ။ ဘာစိတ်ကူးပေါက်နေမှန်း မသိတဲ့ စိုးမင်းအောင်က ဒီလိုစကားကို အစပျိုးလိုက်တာပါ ။
`` ကိုဆူးရင့်နဲ့ ကျွန်တော် နှစ်ယောက်ပေါင်းပြီး အခု ကဗျာတစ်ပုဒ် ရေးကြမယ်´´
``စမ်းသပ်ကြည့်တာပေါ့ကွာ ချမယ် ´´လို့ ပြန်ပြောပြီး ကဗျာရဲ့ ခေါင်းစဉ်ကိုလည်း တစ်ယောက်တစ်ဝက်စီ ပေးကြတယ် ။ ထူးခြားတာတစ်ခုက ကဗျာကိုလည်း တစ်ယောက်တစ်ကြောင်းစီ ရေးလိုက်ကြတယ် ။
မှတ်ထားကြပါ ကဗျာဆရာဆိုတာ အဲဒီလောက်အထိ ရူးသွပ်ကြတယ်ဆိုတဲ့ အကြောင်း ။ တကယ့်ကို လက်တမ်း ချရေးဖြစ်ကြတဲ့ ကဗျာလေးပါ ။ မပျင်းရင် ဖတ်လိုက်ပါဦး ။ ခေါင်းစဉ်ကတော့

အိုး ဟိုး ဒီလို ဒီလို / ဖြစ် တည် နေ သရွေ့


အခု ပြန်ပြီး ပြုပြင်
နေ့တိုင်း ရက်တိုင်း ဒီလိုမှ ဒီလို
အမှောင်ဆုံးမို့ ကြောက်လို့
မွေးဖွားခဲ့ချိန်က အစ
စိတ်က ထစ်အ ထစ်အ
လျောင်း ထိုင် ရပ် သွား နယ်နိမိတ် ဧရိယာဆီ
ခိုနားချင်တယ် မရဘူး (အား)
အားလုံးဟာ ဒီလို ခံစားမှုချည်းလား
ရွှေကမ္ဘာ/ ရှမ်းမလေး စီး၍ လာခဲ့ပါ
တွေးပြီး ကြက်သီးထနေတတ်တဲ့ ကြက်ဟင်းခါးသီး အကြောင်း မပြောကြေး
ကြိုးကွင်းတို့ စက်ကွင်းတို့ သေကွင်းတို့/ ကြောက်တယ်
လ / မသာပေမယ့် ည/ ကတော့ ရောက်လာမှာ အမှန်ပဲ
တစ် ရာခိုင်နှုန်း
ထက်/မက သွေးတို့ ဆူဝေ ပူလောင်ဆဲ
မိုးလင်းပြီ နေ၀င်ပြီ နေ့လည်ရောက်ပြန်ပြီ
အသိစိတ်ဆိုတာ မသိမသာ အသိပေး သံချောင်းခေါက်လို့
ကျောခိုင်း ဝေးကွာတဲ့အခါ ငါ့ကိုသာ ချစ်ပါ /အို သတိရပါ
မျဉ်းဖြောင့်များ မျဉ်းကွေးများ အသိစိတ် အားလုံးများ
ပြောင်ဖူးရိုး ဘူးဆို့ တစ်ဆယ်တန် ခြောက်ရွက် ချစ်တယ်
တစ်က အစ အားလုံး အထိ
ရှင်သန် / ကြေးတတ်နေလား
မြစ်က ရေကို သိုမှီးသလို ကောင်းကင်က ကြယ်တွေကို သိမ်းပိုက်ကြ
ချောရှမ်းမရယ် တောင်တန်းတွေက မာကျောတယ်/ကျောတယ်
ပျော့စိစိ စိတ်အရေပြားနဲ့ ငါး မမျှားချင်တော့ဘူး
ဗလာ ဒီလို ငါလို မငြင်းလို
မင်းနဲ့ မင်းရဲ့ ရနံ့နဲ့
အဝေးမှာ အဆွေးသာ ဆွေး/ကျန်/ရစ်တယ်
မှ/နောက် ကျန်နေသော နေ့ရက်တို့ အမြန်ပြန်လာပါ
စာတစ်ကြောင်း တမင်ချန်ထားတယ်/လွှတ်ထားတယ်
တိတ်ဆိတ်ခြင်းများ ဆူညံလာတဲ့အခါ
ကောင်းကင်မြည်ဟီး ရင်ကြီး မီးလောင် စိတ္တဇ အမှောင်
တံခါးတွေ ဖွင့်ပစ်/ပိတ်ပစ်/ပြန်ဖွင့်/ပိတ်
အမေ ဘာပြောသေးလဲ အဖေ သဘောတူလား ရက်စက်တဲ့ ထိုအရာများ
မြင်တွေ့သမျှ ရုပ်ဒြပ်တွေ အသံမြည်လာကြ
ပြော/ လျောက်/ကြည့်/ ရပ် လက်မကို ပြန်ချ
အရေအတွက်/တန်ဖိုး/စုစုပေါင်း
ဘယ်လောက် ကုန်ကျတယ်ဆိုတာ မသိခဲ့တဲ့ ကဗျာလား ကမ္ဘာလား
စကြ၀ဠာ
အမှိုက်များ ။

စိုးမင်းအောင်ဆူးရင့်

(မှတ်ချက် ။ ။ ပထမစာကြောင်းကို စိုးမင်းအောင် နောက်စာကြောင်းကို ဆူးရင့်
ပထမစာကြောင်းကို စိုးမင်းအောင် နောက်စာကြောင်းကို ဆူးရင့်
ပထမစာကြောင်းကို စိုးမင်းအောင် နောက်စာကြောင်းကို ဆူးရင့် စသည် စသည်ဖြင့်)


ကဗျာရေးပြီးတာနဲ့ မြို့ထဲကို ထွက်လာခဲ့ကြတာပါ ။ သူက သူ့ကောင်မလေးနဲ့ သူ ရိုက်ထားတဲ့ ဓာတ်ပုံရွေးဖို့
ဒီက ဆရာတစ်ယောက်ရဲ့ ဓာတ်ပုံကြီးကို ရွေးဖို့ ။ လမ်းမတူတာနဲ့ မြို့ထဲမှာ လမ်းခွဲခဲ့ကြပါတယ် ။ အဲဒီကအပြန်
စာရင်းတွေ ရှင်းပြီး အင်တာနက်ဆိုင်ကို ထွက်လာတယ် ။
ဟောဒီ ပို့စ်အသစ်သစ်ကိုရေးတယ် ။ ဘလော့ဂ်မှာ တင်တဲ့အတွက် အခု ခင်များ ဖတ်နေရတယ်ဆိုတာ ။
ပြောပြမနေတော့ပါဘူး ။ အင်တာနက်ဆိုင်က ပြန်ရင် ထမင်းစားမယ် ။ သူငယ်ချင်းတွေနဲ့အတူ
``ဟက်ပီး နယူးယီးယား´´လို့ ပျော်ပျော်ပါးပါး နှစ်သစ်ကို ကြိုဆိုမယ် ။ နောက် .............................................
အဲဒီနောက်........................................................................................................................................................
ထို့နောက်.........................................................................................................................................................
၎င်းနောက်................................................................................................................................................။ ။

ဆူးရင့်၊တန့်ဆည်၊

No comments:

LinkWithin

Related Posts with Thumbnails