Monday, December 22, 2008

အချစ်စစ်စစ် ရင်ခုန်သံပျစ်ပျစ် အခုထိချစ်ခဲ့ကြတယ်


လေလှိုင်းပေါ်ကနေ
တို့နှစ်ယောက် အချစ်စစ်စစ် ရင်ခုန်သံပျစ်ပျစ် တစ်ရစ်ပီးတစ်ရစ်
အခု အခုထိ ချစ်ခဲ့ကြတယ် ။

အသည်းအသန် ရွာချတတ်တဲ့ ရန်ကုန်မိုးများအောက်မှာ
လမ်းမတွေ ရွှဲရွှဲစိုလို့
တို့နှစ်ယောက် အချစ်တွေနဲ့ ရွှဲရွှဲစိုလို့။

စောင်ခြုံစရာမလိုတဲ့ ရန်ကုန်နှင်းဖွဲ လှလှလေးများအောက်
မြက်ပင်လေးတွေ စိမ်းလို့၊ ပန်းပွင့်လေးတွေ ပြုံးလို့ ရွှင်လို့
တို့နှစ်ယောက် အချစ်တွေနဲ့ ပြုံးလို့ ရွှင်လို့။

ရန်ကုန်နေပူပူ
ထီးလှလှလေးအောက်
နင်ရယ်..... ငါရယ်.....။
ပန်းပု ပရပိုဒ်လေးတစ်ချပ်လို
တို့နှစ်ယောက်ရဲ့ အချစ်က
အလှတရားသက်သက် ။

ကျောက်ထွင်း အက္ခရာလို
တို့နှစ်ယောက်ရဲ့ အချစ်က
ခိုင်မြဲတယ်။

ရန်ကုန်ကားတွေက လမ်းမတွေပေါ် တ၀ီဝီအော်တယ်
မင်းနာမည်လေးကို ငါ့ရင်ထဲက တစ်လှပ်လှပ် အော်ခေါ်နေခဲ့တယ်
မင်း acount name လေးကို ငါ့ pointer လေးနဲ့ ခဏ ခဏ နမ်းမိတယ်။

အချစ်က အ၀တ်ရက် မသုံးရက်တဲ့
အင်္ကျီ အသစ်စက်စက်လေး တစ်ထည်
ရင်ခုန်သံက အမြဲသစ်လွင်လျက် ငါ့ရင်ညွန့်ကို ပုတ်ခတ်နေဆဲ။
ပင်လယ်ထဲ အပ်ရှာရသလို
သောက်တော်ရေခွက်ထဲ ရေနံတူးဖော်ရသလို
ခက်ခက်ခဲခဲ နဲ့ အချစ်ကို ချစ်ခဲ့ရတယ်
ဒါကြောင့် တအားကို ချစ်ခဲ့ရတယ်။
လေလှိုင်းပေါ်ကနေ
တို့နှစ်ယောက် အချစ်စစ်စစ် ရင်ခုန်ပျစ်ပျစ် တစ်ရစ်ပီးတစ်ရစ်
အခု အခုထိ ချစ်ခဲ့ကြတယ်။

လေလှိုင်းပေါ်က သူငယ်ချင်းမလေး (သို့မဟုတ်) ညီမလေး ဖြူ smilegmail.com နဲ့ သူ၏ ချစ်သူတို့အတွက် အမှတ်တရအဖြစ် ရင်ခုန်ရေးဖွဲ့ပါသည်။
သာရလင်း

No comments:

LinkWithin

Related Posts with Thumbnails