Sunday, September 6, 2009

စိတ်လောင် ရှုမျှော်ခင်း



(တစ်)
ကျွန်တော့် အတွေ့အကြုံကို
ကျွန်တော်ကိုယ်တိုင် မှတ်သားခွင့်ရလိုက်တဲ့
အသိမျိုး မဟုတ်ပေမယ့် ကျွန်တော့်ကို မွေးတဲ့နေ့ဟာ
အောက်တိုဘာ(၂၉)ရက်
်နေ့ဖြစ်သလို
ညရဲ့ကောင်းကင်တစ်ပြင်လုံး ကြယ်ရောင် လရောင်တွေ
ခင်းကျင်းပြသခွင့်ရှိတဲ့ သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့လည်း ဖြစ်ပါသတဲ့ ။


အမေပြောပြတဲ့ စကားမို့ မမှားလောက်ဘူးထင်တာနဲ့

ကျွန်တော်ယုံယုံကြည်ကြည် လက်ခံလိုက်ပါတယ် ။
ကိုယ့်ဇာတာကို ပြန်ပြီးဖတ်နိုင်လောက်တဲ့
ကြီးပြင်းမှု အချိန်ကာလဆီရောက်ပြန်တော့
“အိုး ငါ အင်္ဂါသားကြီးပါလား ”လို့
ကိုယ့်ကိုယ်ကိုယ် အံ့သြစိတ် ၀င်မလာမိတာလည်း
ကိုယ့်လူတို့ မသိသေးတဲ့ အမှန်တရားတစ်ခုပါ ။

ကျွန်တော် ငယ်စဉ်က ဆရာဘုန်းကြီး သင်ကြားပေးလိုက်တဲ့
“ ဦးညို ခေမာ သုတ ဝေရီ ရန်အစီစီ ”ဆိုတာ
ဖိတ်စာမရဘဲ ရောက်လာတဲ့
ကျွန်တော့်ရှေ့တည့်တည့်က နတ်ဆိုးတစ်ကောင် ။
တနင်္ဂနွေဆိုတာ ကျွန်တော့်ရဲ့ ဆန့်ကျင်ဘက်ဂြိုဟ်
ကျွန်တော်က တနင်္ဂနွေရဲ့ ပဋိပက္ခဘေးရန် ။

(နှစ်)

မနက်ခင်းတစ်ခုဟာ
သဘာဝထဲ ပျော်ပျော်ဝင်ဝင် စီးဆင်းလာပါတယ် ။
မိုးရာသီက မွေးတဲ့ တိမ်စိုင် တိမ်လိပ်တွေ ဖြစ်ပေမယ့်
အရင်အတိုင်း ညစ်ညစ်ပတ်ပတ် မနေကြတော့ဘူး ။
ရေချိုးဆိပ်ကို ကျောခိုင်းလာတဲ့
မိန်းမပျိုတစ်ယောက်လို လင်းလို့ သစ်လို့ ။
အဲဒီ မနက်ခင်းထဲမှာ သူငယ်ချင်းတစ်ယောက်နဲ့အတူ
လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ကြပါတယ် ။

ကျွန်တော်ထင်မှတ်မထားတဲ့ အချိန်မှာ
အမှတ်မထင်မေးလိုက်တဲ့
သူငယ်ချင်းရဲ့ မေးခွန်းနှစ်ခုကိုလည်း
သူ့သဘောကျ လက်ခံနိုင်လောက်တဲ့ အဖြေကို
ကျွန်တော့် ဦးနှောက်နဲ့ အတွေ့အကြုံက
ဆုံးဖြတ်ချက်ထုတ်မပေးနိုင်ခဲ့ပါဘူး။

“ ဆန့်ကျင်ဘက် လိင်ကို မဆာလောင်တဲ့ ပုထုဇဉ်ဆိုတာ မင်းတွေ့ဖူးလား ”

“ အားလုံးကို ကိုယ်စားပြုတဲ့ အချစ်ရဲ့ အဓိပ္ပာယ်ကို ငါသိချင်တယ်ကွာ ပြောပြပါလား ”

ကျွန်တော် ၀န်ခံလိုက်ရတဲ့ ကျွန်တော့်ညံ့ဖျင်းမှုနဲ့
မနက်ခင်းဟာ တနင်္ဂနွေအောက်က နေ့စွဲတစ်ခုဖြစ်ကြောင်း
သိလိုက်ရချိန်မှာ
ကျွန်တော့်ကို ကျိုးကြေနေတဲ့ စိတ္တဇတစ်ချို့က
အထီးကျန်ဆန်တဲ့ တဲပျက်တစ်လုံးဆီ
ခေါ်ဆောင်သွားကြပါတယ် ။

လိုရာဆီ ပစ်မှတ်လွဲချော်သွားတဲ့
အားလပ်ရပ် အထား အသိုများ ။
ဒိုင်ယာရီထဲက အမှိုက်များ ၊
ချေးညော်အထပ်ထပ် အသုံးအဆောင်များ ၊
အသံတိတ် ရေခဲတုန်းများ ၊
လောကဓံဆိုး လေးခုရဲ့ ယုယ ပွတ်သပ်ချက်များ ၊
ဝါကျင့်ကျင့် အတိတ်ရနံ့များ ၊
လည်မျိုညှစ် ဆွဲရမ်းခံရတဲ့ လွယ်အိပ်ထဲက အမိုက်အမဲများ ၊
လက်ပေါ်နဖူးရာ ထင်တဲ့ အတွေးများ ၊
နဖူးပေါ် လက်ရာထင်တဲ့ စိတ်ကူးများ ၊
တီးခတ်ရင်း မျက်စိလည်သွားတဲ့ pattern များ ၊
အနယ်အမှုန် ပြဿဒါး လှလှလေးများ ၊
လေ့ကျင့်ခန်း ဓာတ်ပြားဟောင်းများ ၊
အနီးဆုံး ၀န်းကျင်က ခဏိက၀ါဒီ ဆက်ဆံရေး ၀တ်မှုန်များ ၊
စားဝတ်နေရေး ဟစ်အော်ခြိမ်းချောက်မှုများ ၊
အပြုံးအတု အရေးပြား
တွန့်ခေါက်သံများ ၊
ဖက်ရှင်များ ၊ အလှကုန်များ ၊ စကားပြောစက်များ ။


ဒါတွေ အားလုံးကို အထီးကျန်ဆန်ဆန်
ကျွန်တော် မတွေ့ချင်ဘဲ တွေ့နေရပါတယ် ။

ဒါတွေ အားလုံးကို အထီးကျန်ဆန်ဆန်
ကျွန်တော် မတွေးချင်ဘဲ တွေးနေရပါတယ် ။


အဲသည်လို အတွေးတွေ တွေးဖြစ်လိုက်တိုင်း
ကျွန်တော့်နာရီတွေဟာ
သောက်လက်စ စီးကရက်တစ်လိပ်လို
မီးလောင်ခံနေရပါတယ် ။
စိတ်လိုလက်ရ ဖွင့်ပြချင်တဲ့
ကျွန်တော့်ရင်ဘတ်ကို တနင်္ဂနွေဟာ
ဆိတ်သုဉ်းခြင်းအတိနဲ့ ပူလောင်စေပါတယ် ။

စွယ်တော်တစ်ရွက်ကို ဆွတ်ချွေဖို့ကြံရွယ်
ခဲ့ပေမယ့်
ကျွန်တော့်အနာဂတ်ဟာ အလင်းမရှိတဲ့ နေ့ရက် ၊
မျဉ်းပြိုင်တွေ တစ်လမ်းဆီ ပြေးလွှားနေကြပါတယ် ၊

ပုထုဇဉ်လူသားတိုင်းရဲ့ အမှောင်ဆုံး ဆာလောင်စိတ်နဲ့
အချစ်ရဲ့ တစ်စွန်းတစ်စ ဖွင့်ဆိုချက်ကို
ကျွန်တော်သိပ်ပြီးပြောချင်နေပါတယ် ၊
အိပ်မက်တစ်ခုတောင် မက်ခွင့်မပေးဘဲ
ပြတ်တောက်သွားတဲ့
ဂစ်တာကြိုးတစ်ချောင်းကို ငေးကြည့်ရင်း
ဆာလောင်စိတ်နဲ့ ဖွင့်ဆိုချက် တစ်စွန်းတစ်စကို
ကျွန်တော် ဘာမှ မပြောချင်တော့ပါဘူး ၊

လူတွေနဲ့ ဝေးဝေးနေခဲ့ပါတယ် ၊
လမ်းတွေနဲ့ ဝေးဝေးနေခဲ့ပါတယ် ၊
ပင်လယ်မှာ နစ်မြုတ်သူ တစ်ယောက်ဟာ
ကျွန်တော်ဖြစ်သလို
ကျွန်တော်လက်ပစ်ကူးရင်း မောပန်းခဲ့တဲ့
နေ့ရက်ရှည်တွေလည်း ဖြစ်ပါတယ် ၊
ကိုယ့်လူတို့ မမြင်နိုင်တဲ့ ငုတ်လျိုး
ဝမ်းခေါင်းနာတွေ ၊
အိပ်မက်မှတ်တိုင်တွေ ၊
ဆည်းဆာလေနီကြမ်းတွေဟာ
ကျွန်တော်နေ့တိုင်း ၀တ်ဆင်နေရတဲ့
သက္ကရာဇ်တစ်ဆင်စာ မွန်းကြပ်မှုတွေ ပါ ၊
တနင်္ဂနွေကို ကျွန်တော် ကြောက်တယ် ၊
ကျွန်တော့် လွတ်မြောက်မှုအတွက်
(၂၄)နာရီလုံးလုံး အိပ်ရေး၀၀ အိပ်ပစ်ရမှာလား
အိပ်စက်ခြင်းကိုလည်း ကျွန်တော် ကြောက်တယ်။
ကျေးဇူးပြု၍ကျွန်တော့်ကို မေ့ဆေးပေးဖို့
နှီးနှော တိုင်ပင်ကြပါ။


(သုံး)


၂၀၀၆-ဖေဖေါ်ဝါရီ ။
ကျွန်တော် လူတွေနဲ့
လူလူသူသူ စကားပြန်ပြောခဲ့ပါတယ် ။
ကျွန်တော် ကြောက်ရတဲ့ တနင်္ဂနွေတစ်နေ့မှာ
အဖေါ် ကောင်မလေးတစ်ယောက်နဲ့အတူ
မိကေ ရောက်လာပြီး
သူအဖေါ် ကောင်မလေးနဲ့လည်း
မိတ်ဆက်ပေးပါတယ်။
ပြီးမှ သူ့ရှေ့မှာ ချထားတဲ့ ကော်ဖီခွက်ကို
သူ့နှုတ်ခမ်းနဲ့ မိတ်ဆက် လိုက်တာပါ ။


ဝိုင်ဝိုင်
မိကေ မိတ်ဆက်ပေးတဲ့ ကောင်မလေးရဲ့ နာမည်ပါ ။
ခင်မင်စရာ ကောင်းတဲ့ ကောင်မလေးလို့
ကျွန်တော် ထင်ခဲ့မိတာ
တက်တက်စင်အောင် လွဲချော်သွားခဲ့ပါတယ် ။
ဘာကြောင့်လဲဆိုရင် အဲဒီကောင်မလေးဟာ
ချစ်စရာ တကယ်ကောင်းတဲ့ ကောင်မလေး ဖြစ်နေလို့ပါပဲ။
နေ့ရက်တွေ ရွေ့ လျှားလာတာနဲ့ အမျှ
ကျွန်တော်တို့နှစ်ယောက်ရဲ့ ရင်းနှီးမှုဟာ
တစ်စတစ်စ ဖွံဖြိုးရင်သန်ခဲ့ပါတယ် ။


အညာကို ပြန်မယ့် မိကေကို
အောင်မင်္ဂလာအဝေးပြေး ကားဝင်းအထိ
ကျွန်တော်နဲ့ဝိုင်ဝိုင် လိုက်ပို့ကြတော့
အရင်ကထက် နွေးထွေးလာခဲ့ပါတယ် ။

ကျွန်တော့်သူငယ်ချင်းတစ်ယောက်
ယောင်္ကျားလေး ရောဂါနဲ့ ဆေးရုံရောက်တော့
အရင်ကထက် ပူနွေးလာခဲ့ပါတယ် ။

တန့်ဆည်ကို ပြန်မယ့် ကျွန်တော့်ကို
မိကေနဲ့ ၀ိုင်ဝိုင်
ဘူတာကြီးအထိ လိုက်ပို့ကြတော့
အရင်ကထက် ပူလောင်လာခဲ့ပါတယ် ။

သွားအခေါင်းပေါက်ပြီး
သွားကိုက်ဝေဒနာ ခံစားနေရတဲ့
ကျွန်တော့်သူငယ်ချင်းတစ်ယောက်
ဆေးရုံရောက်တော့
အရင်ကထက် ပူပြင်းလာခဲ့ပါတယ် ။


“တနင်္ဂနွေနေ့ အလည်လာခဲ့မယ်လေ”
ဝိုင်ဝိုင်ရဲ့ စကားသံလေးကို ကြားရတဲ့နေ့မှာ
ကျွန်တော်ဘယ်လို ဖြစ်သွားခဲ့သလဲဆိုတာ
ပြောမပြတတ်အောင်ပါ ။
တနင်္ဂနွေကို ကြောက်ဖို့ ကျွန်တော် မေ့လျှော့သွားပါတယ် ။
အဲဒီ တနင်္ဂနွေက စပြီး
ရောက်လာမယ့် တနင်္ဂနွေတိုင်းမှာ
ဝိုင်ဝိုင်ကို စောင့်မျှော်တတ်ခဲ့ပါတယ် ။
ဝိုင်ဝိုင်ဟာ အင်္ဂါသမီးဖြစ်ကြောင်း သိခွင့်ရလိုက်ပေမယ့် ၊
တနင်္ဂနွေကို သူကြောက်ခဲ့ဖူးသလားဆိုတာ မမေးရလိုက်ပါဘူး ။


တနင်္ဂနွေများစွာ ငိုတစ်ခါ ရယ်တစ်လှည့်နဲ့
ကျွန်တော်တို့ ဖြတ်ကျော်ခဲ့ကြပါတယ် ။
တစ်ပတ်မှ တစ်ရက်ပဲ ရပိုင်ခွင့်ရှိတဲ့
တနင်္ဂနွေကို ကျွန်တော် ရင်ခုန်တယ် ။
နေပူပစေ မိုးရွာပစေ
တနင်္ဂနွေကို ကျွန်တော်စောင့်မျှော်နေမိဦးမှာပဲ ။
တနင်္ဂနွေအကြောင်း စဉ်းစားမိတိုင်း
ကျွန်တော် ၀ိုင်ဝိုင်ဆီ ရွက်လွှင့်ခဲ့တာမျိုး ၊
ကျွန်တော်ငယ်ငယ်က တနင်္ဂနွေဟာ
ကျွန်တော့်ရဲ့ ကျောင်းပိတ်ရက် ၊
ပိုက်ဆံရှိတဲ့ တနင်္ဂနွေဆို ပိုက်ဆံရှိသလို
ငွေပြတ်တဲ့ တနင်္ဂနွေမှာလည်း ငွေပြတ်တဲ့အတိုင်း ။
ဝိုင်ဝိုင်နဲ့အတူ ဘုရားပေါ် ရောက်ဖြစ်တဲ့
တနင်္ဂနွေဆိုရင် ဒိုင်ယာရီထဲမှာ
ကျောက်စာထွင်းပြီး သိမ်းဆည်းထားလိုက်တယ် ။
တနင်္ဂနွေ မပီသခဲ့ရင်
ကျွန်တော်ဟာ တနင်္ဂနွေနဲ့
အရူးတစ်ယောက်လို ရန်ဖြစ်တတ်ပါတယ် ။

ကျွန်တော် ရှိုက်သွင်းခဲ့တဲ့ လေမှာ
တနင်္ဂနွေဓာတ်တွေ ပါဝင်သလို
နေ့တိုင်းမျိုသွင်းခဲ့တဲ့
ကျွန်တော့် အစာအိမ်မှာလည်း
တနင်္ဂနွေ အာဟာရတွေ ရှိနေပါတယ် ။

ကျွန်တော် ရေတွက်မိတဲ့လက်ဟာ
တနင်္ဂနွေရောက်ဖို့ မျှော်လင့်ချက် ။
ဖြစ်ချင်တာ တောင်းခွင့်ရှိမယ်ဆိုရင်

ဝိုင်ဝိုင်နဲ့ ပတ်သက်တဲ့

တနင်္ဂနွေများစွာကို ကျွန်တော် လိုချင်တယ် ။

ဝိုင်ဝိုင်လက်မောင်းက အမာရွတ်လေးကို
တနင်္ဂနွေထဲမှာ ကျွန်တော် မြင်ချင်တယ် ။
ဝိုင်ဝိုင်းရဲ့ သီချင်းတွေ လိုက်လိုက်ဆိုတတ်တဲ့
(၀ိုင်ဝိုင်း အသံနဲ့ လုံးဝမတူတဲ့)
ဝိုင်ဝိုင်ရဲ့ သံလေးကို
တနင်္ဂနွေတိုင်း ကြ
ားချင်နေပါတယ် ။
ဒါဟာ ကျွန်တော့်ရဲ့ စိတ္တဇ သက်သက်ပါ။



ကျွန်တော့် တနင်္ဂနွေမှာ ဘယ်သူမှ
မမြင်တွေ့နိုင်တဲ့ နိမိတ်ပုံ တစ်ခုရှိတယ်။
အဲဒီနိမိတ်ပုံလေးက အသားမစားတဲ့

သွေးအသားနဲ့ တည်ဆောက်ထားတာပါ။

အဲဒီတည်ဆောက်မှုလေးဟာ
တစ်ရံတစ်ခါ တနင်္ဂနွေဆိုရင်
ကျွန်တော့် ပြတင်းတံခါးနားမှာ
တစ်ရေးတစ်မော အိပ်စက်တတ်ပါတယ်။

အိပ်စက်နေတဲ့ လက်သည်းလေးတွေ
ပေါ်မှာ
နီညိုရောင် ဆိုးဆေးများ
ခြယ်သထားတတ်ပါတယ်။

ခြယ်သမှု အားလုံးရဲ့ အောက်မှာ
အဖြူရောင်ဖိနပ်
တစ်ရံကို
ဝတ်ဆင်လေ့ရှိပါတယ်။

ဖိနပ်လေး အပြင်ထွက်တိုင်း
အစိမ်းနုရောင် ထီးလေးတစ်ချောင်းက
ရာသီဥတု
ဒဏ်ကို ကာကွယ်ပေးပါတယ်။

တနင်္ဂနွေဆိုတာ
ဝိုင်ဝိုင်နဲ့ ထပ်တူကျတဲ့ ကဗျာတစ်ပုဒ်ပါ။
တနင်္ဂနွေဆိုတာ
ဝိုင်ဝိုင့်ရဲ့ အားလပ်ရက် ကမ်းခြေပါ။

တနင်္ဂနွေဆိုတာ
ဝိုင်ဝိုင်ရဲ့ အလှအပ ဖြစ်သလို
ကျွန်တော်အိပ်မရတဲ့ ညတွေလည်း ဖြစ်ပါတယ်။
တနင်္ဂနွေဆို
တာ
ကျွန်တော့်ရဲ့ ပင့်ကူအန် တိမ်တိုက်။
တနင်္ဂနွေဆိုတာ
ဝိုင်ဝိုင်နဲ့ တွေ့ခွင့်ရရင် ရက်ရာဇာ ဖြစ်ပြီး
ဆုံတွေ့ခွင့်
လွဲချော်သွားရင်တဲ့အခါ
ပြဿဒါး ဖြစ်နေတတ်ပါတယ်။


(အဆုံးသတ်)


ကျွန်တော်တို့ နှစ်ယောက်ဆီ
တနင်္ဂနွေရဲ့ ရန်ဓာတ်တွေ
ဘယ်တော့ စုပြုံရောက်လာပြီး ပေါက်ကွဲမလဲ။
ကျွန်တော်တို့ဟာ
အင်္ဂါသားသမီးတွေ ဖြစ်ကြပါတယ်။
ကျွန်တော် တနင်္ဂနွေကို
အရင်ကအတိုင်း ပြန်ပြီး
ကြောက်
ရွံ့ နေရဦးမှာလား။

ကျွန်တော် ၀ိုင်ဝိုင်နဲ့
တနင်္ဂနွေကို သိပ်ချစ်တယ်။
ကျွန်တော် ၀ိုင်ဝိုင်နဲ့
တနင်္ဂနွေကို
လွမ်းလွမ်း
မောမော စောင့်မျှော်နေခဲ့ပါတယ်။

ဆူးရင့်၊တန့်ဆည်၊


No comments:

LinkWithin

Related Posts with Thumbnails