Wednesday, October 28, 2009

သွေးကြောအသေနဲ့ လွင့်အော်နေသော တောအုပ်

ပြဿဒါး ပြဿနာနဲ့ ပြက္ခဒိန်အဟောင်းတွေပဲ
တအုံ့တဆိုင်း ပျိုဆင်းလျောကျ
ဖြတ်သန်းမောင်းနှင်ရာ လမ်းတစ်လျှောက်
မာနနဲ့ အေးစက်မာကျောရင်း
အမှိုက်တွေ ခေါင်းထဲပြေးဝင်လာတယ်
ရှင်သန်မှု အလွင့်စိတ် ငိုသံများလည်း
အောင်ပွဲအလီလီ ပစ်မှတ်လွဲခဲ့ ။

သမာသမတ်ကျကျ သမာနိုင်ဖို့
ဝန်းကျင်ရဲ့ အငွေ့အသက်ကို လှုံတယ်
တစ်ကိုယ်ရည် မွန်းကြပ်မှုအတွက်
ကဗျာ့လေကို ရှူတယ်
အဖိတ်အစင်ကင်းကင်း မေတ္တာပို့တယ် ။
အိပ်ရေး၀၀ အိပ်တာလည်း
ဘ၀အတွက်ပါပဲ ။

လူသားဆန်တဲ့ လူ့အဖြစ်ကို
လူလူသူသူ ရခဲ့ပြီလား
သေခြင်းဆိုတာ
ကျုပ်တို့ရဲ့ ဝေးဝေးမှာ မပျော်မွေ့ပါဘူး
မျက်စိရှေ့က ပျောက်သွားတဲ့
လူတွေ တိရစ္ဆာန်တွေ စကားလုံးတွေ စာလုံးတွေ ။

လောကဓံဆီက
အလိုမတူ စူးဝင်လာတဲ့
ဆိပ်လူးမြားက
ရင်ညွန်ဆီ တည့်တည့်
ငြိမ်သက်နေလိုက်တယ်
အော်သံတွေ ဘယ်သူမှ မကြားစေချင်ဘူး ။ ။

ဆူးရင့်၊တန့်ဆည်၊
စရဏမဂ္ဂဇင်း
အတွဲ ၆ ၊ အမှတ် ၅
နိုဝင်ဘာလ ၊ ၂၀၀၉




2 comments:

ကျောက်တာ said...

စကားလုံးတွေက မာန်ပါပပေ့....စိတ်ပျက်စရာ ကောင်းလောက်အောင် အထိပေါ့..ဘာပဲ ပြောပြော မာန်မာန တော့ ထားပစ်လိုက်မယ်..အစ်ကိုရေ အခြေနေ မကောင်းဘူးဗျ။
အသစ်များများ မျှော်နေမယ်...

Angel Shaper said...

အားမာန်တွေ အပြည့်နဲ့ ကဗျာလေးကို ဖတ်သွားတယ်။

LinkWithin

Related Posts with Thumbnails