Wednesday, September 16, 2009

ရွေ့ လျားမှု မှတ်တမ်း

ဒုက္ခနဲ့ရတဲ့ နောင်တမျိုး
သောကနဲ့ရတဲ့နောင်တမျိုး
အလွမ်းခန်းတွေကို ဇာတ်မတိုက်ချင်ဘူး

ခပ်ပါးပါး ဆင်ခြင်တုံတရားနဲ့
ခပ်ပါးပါးယဉ်ကျေးမှုတွေကို
တည့်တည့်တိုး
ပြောမထွက်တဲ့ ခေတ်တစ်ခေတ်အကြောင်း
ခပ်ပါးပါးလေး ပြုံးပြနှုတ်ဆက်ကြမယ်

ကြိယာတစ်ခုနောက် ကြိယာဝိသေသန ထပ်ဖြည့်တယ်
နာမ်တစ်ခုနောက် နာမ၀ိသေသန ထပ်ဖြည့်တယ်
ဝါးပြီးရင် ၀ါးချင်ပါးစပ်တွေက သံချပ်ကာဝတ်လို့
သံသရာဆီ မိတ်ဆက်စာ ရေးကြတယ်

လပြည့်ညတွေ စောင့်ဆိုင်းနေရုံ မပြီးဘူး
ဓမ္မနဲ့ အဓမ္မကို ခွဲခြားနိုင်ဖို့လိုတယ်
လူများလူနိုင်ဆိုပေမယ့်
ကိုယ်ရှို့တဲ့မီး ကိုယ်နိုင်ဖို့ တော်တော်လိုတယ်
ကိုယ်သွယ်တန်းတဲ့ သံယောဇဉ်
ကိုယ်ဖြတ်နိုင်ဖို့ လိုတယ်

အတောင်ကိုယ်စီ ငှက်ကလေးတွေ
ခမ်းနားတဲ့ ပိုက်ကွန်ထဲ
အတင်းတိုးဝင်နေတာတွေ့တော့
ကိုယ့်ဇာတာနဲ့ ကိုယ့်မာယာကို
သီအိုရမ်တစ်ခု တည်ဆောင်ကြရုံပေါ့ ။



နွေဦးကို

1 comment:

Angel Shaper said...

ကိုယ့်ဇာတာနဲ့ ကိုယ့်မာယာကို
သီအိုရမ်တစ်ခု တည်ဆောင်ကြရုံပေါ့။
ကြိုးစားကြည့်ရဦးမယ်။

LinkWithin

Related Posts with Thumbnails