Saturday, September 26, 2009

သရုပ်ဆောင်

ကောင်းကင်ဘုံမှ သံသယများ ရေရော၍ ပြီးဆုံးပြီ ဆိုလျှင်
ယာယီတည်မြဲမှု အပျက်အယွင်း၏ လက္ခဏာသည်
လူနှင့် မသက်ဆိုင်သော ဓားပျော့တစ်ချောင်းအဖြစ်။

မသက်မသာ သက်ရောက်လာသည့် သက်ရောက်အရှိတရားတို့
ဆန်ပြုတ်သောက်နိုင်သည့် အခြေအနေအထိ နာလန်မထသေး။

လိင်စိတ်၊ ကူးလူးဆက်ဆံခွင့်၊ ဖြစ်တည်မှု၊ ဗဟုဝါဒ
ဒေါင့်စွန်းတွင် အရေပြားတို့ ယားယံ ဆွေးမြေ့နေ၏။
ယားနာ မဟုတ်သဖြင့် တမာကို မသုံးခြင်းလား။
အထောက်အထား သပ်ရပ်စွာ ငေါ့ငေါ့ပြနေရသော မေးများ ခိုင်မာနေသည်။
ခိုင်နေသော မေးများ၌ မေးခိုင်ရောဂါပိုး ရှိ+မရှိ
စိုင်းမိသော မြင်းသည် ငါ့မြင်းမဟုတ်သလို စစ်ကိုင်းသို့ မရောက်
ထိုးမိသော လှေသည် ငါ့လှေမဟုတ်သလို ပဲခူးသို့ မဆိုက်
တစ်စုံတစ်ရာ မသက်ဆိုင်သော တိမ်မျှင်ဖွေးဖွေးသည်
အသွင် အပြင်ေ၀၀ါးခဲ့ရပြီ။

သို့
စိတ်ချင်း ချည်နှောင်ခဲ့သော ကြိုးလေး.......
အားလပ်သည့်အချိန် ပိုက်ပြွန်နဲ့ ဆေးထိုးအပ်တစ်ချောင်းကို ရှာပါ
ကမ်းလွန်နံရံပေါ် စက္ကန့်၏ လက်များ မချိပ်တွယ်မှီ
မေ့ဆေး လိုအပ်ခဲ့တာ မလိုအပ်တာ
ရုပ်ဝတ္ထု ဆာလောင်တာ သုံးမရတာ
ပွဲမလန့်သေး၍ ဖျာတစ်ချပ် အသုံးဝင်တာ မ၀င်တာ
ရွဲ့စောင်းတာ၊ ကန့်လန့်တိုက်တာ၊ အဆီအငေါ် မတည့်တာ
လွဲချော်တာ၊ ဘ၀ခြားတာ၊ မတူညီတာ။

ပွေလိမ် ကွေ့ကောက်သည့် လမ်းမများအကြား
ဆွံ့အ ငေးငိုင်နေသော ဘ၀၊ လုံခြုံမှု မရှိပါ။
ဂျင်းဘောင်းဘီထဲက တစ်သက်စာ မရှိခြင်းကို လိုက်ရှာသူ
ငါ့တီရှပ်မှာ မင်းနာမည်ပါတဲ့ အရောင်ကို ရွေးခြယ်ခဲ့ပြီးနောက်
အမြင့်ဆုံး ရောက်ဖို့ အမြန်လို ရဲဝံ့စိတ် “ မျှော်လင့်ချက် မိုင်း ”

လူစိတ် မရှိသော တစ်ချို့ သတ္တ၀ါ ဝေနေယျ
မိုးအစက်စက်၏ အက်စ်ဓာတ်
အွန်လိုင်းစနစ်ဖြစ် အိမ်အရောက် ပို့ပေးနေသော
ဘေးဆိုး ကပ်ဆိုး ရောဂါ၊ အမှိုက် သရိုက်
ကမ္ဘာ့ အနာအဆာ ပူနွေး ပေါက်ပြဲမှုက အစ
မာကြောဖို့ အကြောမမာနိုင်သည့် စိတ်ဓာတ်တွေ အဆုံး။

ရရာခွက်နဲ့ ခပ်ယူဖို့ ရေ
ရေရှားတဲ့ မိုးနည်းရပ်ဝန်း
ခေတ်က ရေအကြောင်း တွင်တွင်ပြောမည်
ဦးထုပ်ဆောင်းပြီး လမ်းလျှောက်ဖို့ ဖိတ်ခေါ်မည်
ကျိုးကြေနေသော စိတ္တဇဖြင့် ရေချိုးခန်း ၀င်မည်။

ရေမလျှံသော နေ့ရက်များ အတွက်
ခင်ဗျား အပေါက်အပြဲကို စာနယ်ဇင်းမှာ ကြော်ငြာပါ
ဖန်သားပြင်မှာ မြင့်တင်ရေး လုပ်ပါ
မျက်မှောက်ခေတ် စကားပုံ ပရိယာယ်တွေဟာ
“ ကြာကြာ ၀ါးမှ အချိုကို တွေ့ရတတ်သည် ”

ဥာဏ်မီသလောက် အဖြေလွှာမှာ ရေးထည့်
မေးခွန်းရဲ့ မွန်းကျပ်မှုနဲ့ အဖြေထွက်လာနိုင်သည့်
သိစိတ် မသိစိတ် အလျင်
“ မပြည့်စုံသော နေ့ရက်တို့ကို သင်ခေါ်မလာပါနှင့် ”
သည်စာကြောင်းကို များစွား ရေးမထားသော်လည်း
အကြိမ်ပေါင်း ရာထောင်မက ဖတ်ရှုသင့်ပါသလား။

ယုံကြည်မှုကို အပေါင်းအသင်းက
တည်ဆောက်သည် ဖျက်ဆီးသည်
မျှော်လင့်ချက်ကို ချစ်သူက
ပေးအပ်သည် ချေဖျက်သည်
ရေးလက်စ ၀ါကျအားလုံး အစအဆုံး
ငါဆက်၍ အော်နိုင်+ မအော်နိုင်။

မသိနိုင်ကြသဖြင့် သိခွင့်မရှိသော
မောဟ၏ အမှားတစ်ထောင်တွင်
တစ်/ရာခိုင်နှုန်း၏ ရာခိုင်နှုန်း/တစ်
အမှန်တရား....သရုပ်မှန်.... မှန်တစ်ချပ်
နှလုံးသားတွင် စိတ်ချင်းချည်နှောင်မိသူ
တိရစ္ဆာန်၊ နာနာဘာဝ၊ ဘေးအန္တရာယ်၊ ရောဂါပိုး
ဘာသာ သဘာဝ အက္ခရာများ ချရေးအပြီး
ဒီကဗျာကို အဆုံးမသတ်သေးကြောင်း
ကြော်ငြာရဦးမည်။ ။

ဆူးရင့်၊တန့်ဆည်၊





2 comments:

Angel Shaper said...

ကဗျာလေးက အဓိပ္ပာယ်လေးတွေ ပြည့်စုံတယ်။ တရားတပုဒ်နာယူရသလိုပဲ။ သိပ်ကောင်းတယ်။
အဆုံးမသတ်သေးတာ သေချာတာပေါ့။

Unknown said...

ဒီကဗျာကိုဖတ်ရင်း...ကျေနပ်ခြင်းမကျေနပ်ခြင်း
အဓိကကျသည်မကျသည်ထက် ...ခံစားမိသည်အဆုံးမှာ...ဝေဒနာတစ်ခုလို..ရင်ဘတ်ထဲကျန်ခဲ့သည့်နောက်.... ဤသို့ ဤပုံ မန့်ခဲ့တော့သည်...တကား။
အားပေးသွားတယ်ကိုဆူးရင့်ရေ.......................။ ဆက်လက်လဲအားပေးနေပါဦးမယ်ဗျာ....။

LinkWithin

Related Posts with Thumbnails