Monday, November 26, 2012
ငါ့ပြည် ငါပြန်မယ်
Thursday, October 25, 2012
Wednesday, October 10, 2012
သိတယ်မို့လား သံသရာလေ ရပ်တန့်မနေဘူး
Wednesday, October 3, 2012
စကားထာ
Sunday, September 23, 2012
ဒါကြောင့် ငါ့ကို ညလို့ခေါ်တယ်
Thursday, September 6, 2012
09 .....ဆက်သွယ်မှု ဧရိယာအတွင်း
ညစ်ထေးမှု ၀ိုးတ၀ါး စိတ်အမြုံနာ
ခဏခဏ ကွယ်လွန်ခြင်း
Tuesday, March 6, 2012
သွားလာ ရွေ့လျား တွန်းတိုက် ရုန်းခွဲ
အေးစက်စက်သွေးဖြင့် စာမျက်နှာအဖွင့်ကို ကြေငြာမည်
မှတ်တိုင်မှာ တွေ့ရတဲ့ အနံ့တွေက ဆက်တိုက်အော်မြည်သံပဲ
ဆက်တိုက်ဝင်မလာပါနဲ့ ဓားချက်များ၊ ဒိုင်း …….
ပေါက်သံကွဲ ဆိုးဆိုးဝါးဝါးများ၊ သွေးစက်စွန်း အလောင်းကောင်
အနာဂတ်ကြီးကို အနာတွေ မကပ်ချင်နဲ့ ပလာစတာ
ယာယီအရွေ့မှာ တိမ်ဖြူတွေ သေလောက်အောင် လှ
ဆန်းဆန်းလာတဲ့ လတွေလည်း ဆုတ်ဆုတ်သွားတာ မြန်မြန်ပဲ
ပြောင်းလဲချင်တဲ့ ပထမအတွက် ကိုယ့်ကိုယ်ကိုယ်စ၊ ပြုပြင်ပြီ
လျှပ်စစ်သုံးစွဲခြင်း ဂက်စ် စကေးလ်ဟာ အချိုးအစား မညီဘူး
လောလောဆယ် ကဗျာပါဝါကို ခဏပိတ်ထား
အကျဉ်းထဲ ပိတ်လှောင်နေသူများ အမြန်ဆုံးကျယ်ပြန့်ပါစေ
မျှော်လင့်ချက်က ကုလားအုပ်တစ်ကောင်လို လည်ပင်းမြှင့်လို့
ဆိုးဆေးသုံးတဲ့ အစားအစာဟာ အန္တရာယ်များတယ်
တိတ်ဆိတ်ခြင်းနဲ့ အပြင်းဖျားအနာဟာ ဆူညံမှုသက်သက်ပဲမဟုတ်လား
အော်သံတွေ ရုပ်လုံးကြွလာမယ့်
တစ်နေ့ တစ်ည နေ့ ည နေ လ
စိတ်= အာရုံကို သိခြင်းသဘောအရ သိနေတာ
စေတသိက်= စိတ်၌ မှီတဲ့သဘောအရ မှီလာ ကပ်ပါလာတယ်
ရုပ်= အအေးအပူစတဲ့ ဆန့်ကျင်ဘက် အကြောင်းများကြောင့်
ဖောက်ပြန်တတ်တဲ့သဘောအရ ဖောက်ပြန် ပျက်စီးဦးမှာပဲ သေချာပါရဲ့
နိဗ္ဗာန်= ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်တဲ့သဘောအရ အေးရာအေးကြောင်းပေါ့
(အဘိဓမ္မာ၊ ပရမတ္ထလေးပါး)
သဘောတရား။ တရားသဘော
အစီအစဉ်အရ
ထိုင်ခုံပေါ်က လူကြီးမင်းများ သေသလိုပါဖော့မန့်ပြရန်
အိပ်ခ်ျ အို တီ ဟော့(ထ်) ပူသော
ဟိုင်း
ကဗျာသမဂ္ဂကြီး အေးမြကျန်းမာပါစ။
ဆူးရင့်
ဆိုင်ဆိုင် မဆိုင်ဆိုင် လောကဓံ သသရာသီးးးးး
နေထိုင်ဖြတ်သန်းရတာ နေ့တိုင်း မကျန်းမမာပဲလို့ ရေးပြီး
ပွန်းရှ ငေးငိုင်နေသူ သူက အငေးငေး အဆွေးဆွေးများအကြောင်း
ယိုယွင်းခြင်း အစစ်အမှန်၊ သက်တန့် ပေါ်မလာသော နေ့စွဲများ
သက်ပြင်းများကိုလည်း ရောဂါပိုးနဲ့ တန်ဆာဆင်ပါတယ်
ဂျာနယ် သတင်းစာအဟောင်းတွေ ကပ်ထားတဲ့ စက္ကူအခန်းလေးထဲ
ဓာတ်ပြား ပြားချပ်ချပ်ရဲ့အသံတွေ နားထဲမှာ နားထဲမှာ နားထဲမှာ
ပတ်ဝန်းကျင်ဆိုတာ လိုဘသားကောင်များ ဖွာလန်ကြဲ မြင်ကွင်းပြောပါ
အတိတ်အရိပ်တို့ နေရီ စောစောပျို့/အန်ထုတ်ပစ်လိုက်
နာရီလည်ပတ်နှုန်းအရ နေမထိထိုင်မသာ ဆိုးဝါးလွန်းတယ်
အထီးကျန်မှုသက်သက်အတွက်တော့ သေဆုံးဖို့ မလုံလောက်သေးဘူး
ဒီကဗျာမှာ ညစ်ညမ်းစာသားများ ရှင်းလင်းထားပါတယ်
သေမှုသေခင်းအရ ဒါ သံသရာရဲ့ လက်ချက်ပဲလို့ အတိအကျ တရားစွဲပါ
ငေါ့ထွက်နေတဲ့ ဘေးဆိုးကပ်ဆိုးများ ဝေါ့....မျှဝေမပေးချင်ပါ
ကိုယ်တို့ကြီးနေတဲ့ မာနဆိုတာ တကယ်တော့ အမှိုက်ပုံသာသာပါ
ဟာ ဟ မှတ်တောင်ထားရဦးမယ်
လာ
လက်ဖက်ရည်ဆိုင် သွားမယ်
အတူစား အတူသောက် ဂေါက်သီးတွေအကြောင်း ပြောပြ
လူယဉ်ကျေးတွေ လူ့ရွံရှာဖွယ် စားဖားအကြီးစားတွေ
ဤရွေ့ ဤမျှ ပွင့်လင်းခြင်း အစအနက ငွေ ပိုက်ဆံ မန်းနီး
အိုး ၀ိုး ပြုတ်ထွက်သွားတဲ့ စကားလုံးကို ပြန်ဖမ်းတယ်
သူရယ်တာကြီးကိုက ရယ်စရာကြီးနော်
ခေါင်းအုံးပေါ် နစ်သွားတဲ့ မျက်ရည်စေးတွေ ခြောက်ပြီလား
ခရေပန်းတွေ ခြောက်ပြီလား
တစ်ပွင့် နှစ်ပွင့် သုံးလေးငါးပွင့်
ဝေးကွာတဲ့ ဒေသကိုယ်စီမို့ လွမ်းရတယ်
စက္ကူတွေ ကပ်ထားတဲ့ စက္ကူခန်းလေးမှာ
ကိုယ်စက္ကူ အမည် မောင်စက္ကူ
.....................................တိတ်
..............................ဆိတ်
.........................လို့။
ဆူးရင့်
ဂျလန်း ဂျလန်း လမ်း
ရေးလိုက်တိုင်း စာလုံးတွေက ဒီအရောင်တွေပဲ ထွက်ကျလာတယ်
ဒီဇင်ဘာ အပူရောင်တွေလည်း လေထဲ လွင့်လွင့်တတ် လာ
ခြားနားခြင်း အစွန်းတစ်ဖက်က ဂစ်တာသံ အသေတွေ
မီးခိုးများ မျက်စိတစ်ဆုံး ပိန်းပိတ်နေတာ ခင်ဗျားအတွက်လား
ကျုပ်အတွက်ပါ
အတွင်းမြုံနေတဲ့ စာသားများကို နှိုက်ယူတယ်
လက်ဆုံးပေမဲ့ လမ်းက အဝေးကြီး အဝေးပဲ ဆက်
စိတ်ကို လိုက်ရှာရတယ် ကိုယ့်နားမှာ သူရှိမနေပြန်ဘူး
အလွှာလွှာကွဲအက်နေတဲ့ နံရံမှာ သံတိုင်မှာ တံတိုင်းမှာ
စကားလုံးတွေ ကပ်ငြိနေတယ် မမြစိမ်းရဲ့
ရှာနေတာ ဒါတွေ ဒါဒါတွေမဟုတ်ဘူး မင်းမို့ပြောမဟုတ်ဘူး
အကွဲခွဲရမယ့် ဆာလောင်မှုဟာ လောင်မီးစီးချက်အလိုက်
သီချင်းတိုးတိုး ညည်းလို့ ပိတ်လှောင်ခံထားရပြီ
လမ်းပေါ် ခဏလောက် ပြေးတတ်ချင်ပေမယ့်
ရှေ့လှမ်းရမယ့် ခြေထောက်တွေက အယုံအကြည်မဲ့လာတယ်
အံသွားတွေ တိုတိုလာတာကို အံတိုနေပြီလို့ ပြောကြတာပါ
ညဟာ အန္တရာယ်တွေ ၀ိုင်းလို့ ညဟာ မကောင်းဆိုးဝါးတွေ ခြံရံလို့
ခုဆို ကျွန်တော်တို့ တိုင်းပြည်ကို အပြောသမား သစ်စိမ်းချိုး ချဲ့
ရင်ဆိုင်ဖြတ်သန်းမှုဟာ ချွတ်ပြီးခြုံထားတဲ့ အ၀တ်စလေး ပြုတ်ကျသွားသလိုပဲ
ပြည်တော်သစ် ဖြစ်တည်မှု အဆောက်အဦမှ လွတ်မြောက်မှုဆီ
ပန်းပွင့်တွေဟာ လမ်းတွေထက် နစ်နာသယောင် ဟန်ဆောင်တတ်တယ်
မှားလား မက်လုံးတွေ မြင့်မိုရ်တောင်လုံးလောက် ဖုထွက်
လာနေတဲ့ ၀ဲသြဃတွေ ဖရိုဖရဲပဲ
အောင်သေ အောင်သားစားတတ်တဲ့
ကြွက်ပြဇာတ်တွေ ၀င်မလာချင်နဲ့ ဟိတ်
ထားပါ စားဝတ်နေရေးပြဿနာဟာ
လူမှာရိုက်ခတ်တဲ့ အငွေ့အသက်ကြီး အလုပ်လက်မဲ့ ပြဿနာ
ပင့်ကူမျှင်ငြိနေတဲ့ အခွင့်အရေးအားလုံး ပြန်ဆယ်
တည်ဆောက်ရလိမ့်မယ် ပိတ်မရပ်နဲ့ အ၀င်အထွက်ရှိတယ်
လူသားချင်းစာနာစိတ်ကို အထွတ်မှာတပ်ဆင်ထားတယ်
ကူးရင်း လူးရင်း ဆက်ရင်း ဆံရင်း စည်းကမ်းလိုက်တာတတ်ဖို့
ဖြတ်ကျော်ခဲ့ရတဲ့ သက္ကရာဇ်အမှိုက်တွေ
အမှောင်ထုထဲ သိပ်သည်းခဲ့တာ နေ့ရော ညရော
တခြားစီလက်ခံရမယ်
ဘာလဲကွာ အခုမှ ဆရာကြီးအထာနဲ့ မသာကောင်
သိလား
တခြား တစ်ကန့်မှာ စီပါ ကုံးပါ ရေးသားပါ ဖွဲ့နွဲ့ပါ
ကိုးန၀င်း မိုးမလင်းခင် (ခင်) သိရလိမ့်မယ်
ဟင်…သိရလိမ့်မယ် အိုဗာကွိုင်ပဲ
နှလုံးသားကို သက်သေအဖြစ်
သမိုင်းစာမျက်နှာမှာ မလိုအပ်တာတွေ မထင်ကျန်ခဲ့ကြေး ဂက်စ်။
ဆူး ရ င့်
အထူးသဖြင့်
အထူးသဖြင့် မျက်လုံးမို့ မျက်ရည်စီးကျလာတာ
အထူးသဖြင့် ထင်ထင်မြင်မြင်ပဲ အကျည်းတန်ရပါတယ်
အထူးသဖြင့် ကွဲသွားတဲ့ အစအနတွေကို သန့်ရှင်းလို့
အထူးသဖြင့် အယူခံ စီရင်ပိုင်ခွင့် အာဏာ တိုးတိုးပြောပါ
အထူးသဖြင့် ပြစ်မှု ပြစ်ဒဏ် ညီညွတ်မျှတစွာ စီရင်ရေး
အထူးသဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်/ချက်ဟာ ဗဟိုအလယ်
အထူးသဖြင့် ယုံကြည်ချက်နဲ့ ကဗျာရေးသူများ
အထူးသဖြင့် ပြုပြင်ပြောင်းလဲရေးမှာ
အထူးသဖြင့် အမျိုးသားရင်/ကြားစေ့ဖို့
အထူးသဖြင့် မျက်နှာကြီးရာ ဟင်းဖတ်မပါဖို့
အထူးသဖြင့် အတိအကျပဲ ပြဿနာတွေ မျိုးစုံ
အထူးသဖြင့် စွန့်ပစ်ပစ္စည်းကို စွန့်ပစ်တတ်ရမယ်
အထူးသဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာပါ
အထူးသဖြင့် လူကူးမျဉ်းကြားမှ ကူးပါ စည်းကမ်းမဲ့ အမှိုက်မပစ်ရ
အထူးသဖြင့် ခေတ်ဟောင်း စနစ်ဟောင်းတွေလည်း စွန့်
အထူးသဖြင့် ဘ၀မှာ အစင်းရာ အရှိုးရာတွေ သြဘာနိမိတ်ထွန်းခဲ့တာပဲ
အထူးသဖြင့် ခြေထောက်ကို လှမ်းတတ်ဖို့ လှမ်းတတ်
အထူးသဖြင့် လက်ကိုလည်း လှုပ်တတ်ဖို့ လှုပ်တတ်
အထူးသဖြင့် sueyint@gmail.comဆိုတာ
အထူးသဖြင့် ဆက်သွယ်လို့ မရတော့တဲ့ account
အထူးသဖြင့် လွင့်ပြယ်သွားတဲ့ အရာရာအတွက်
အထူးသဖြင့် ထိရှနေဦးမှာ သေချာတယ်
အထူးသဖြင့် ဆူးရင့်လည်း အရူးမရင့်ဖို့
အထူးသဖြင့် ပို့သသောမေတ္တာကြောင့် ကျန်းမာပြီး မချမ်းသာသေးဘူး
အထူးသဖြင့် သွေးမဲ့သားမဲ့ နေထိုင်ပါရစေ ကမ္ဘာ
အထူးသဖြင့် ကဗျာတွေလည်း မရေး မရွတ်ချင်တော့ဘူး
အထူးသဖြင့် အကိုက်အခဲ ပျောက်ဆေးနဲ့ အိပ်ဆေးများများလိုတယ်
အထူးသဖြင့် တတ်ယောင်ကား အော်သံတွေအတွက် နားမရှိတာ အမှန်ပဲ အက္ခရာ /
အထူးသဖြင့် ဗျည်းသရတွေ ကျကျလာမယ့် စာမျက်နှာအတွက် မေးရိုးတွေ ခိုင်ခိုင်ထားမယ်
အထူးသဖြင့် စမ်းတ၀ါးလျှောက်နေရတဲ့ မိုးပျံစီမံကိန်းတွေ ညင်သာပါစေ
အထူးသဖြင့် ဘင်လာဒင် ကဒါဖီတို့လည်း နောက်ဆုံးတော့
အထူးသဖြင့် ပြုလုပ်ထားတဲ့ ၀ဋ်လည်မှုကြောင့် မသာလောင်းကြီးတွေ ဖြစ်သွားတာပဲ
အထူးသဖြင့် ငုတ်လျိုးဝမ်းခေါင်းနာတွေ အသားမာတတ်လုပါပြီ
အထူးသဖြင့် ငါးထောင်တန် ဖုန်းတွေဆိုတာလည်း လောလောဆယ် မဖြစ်နိုင်သေးဘူးဗျတဲ့
အထူးသဖြင့် စိတ်ရောအသက်ပါအောင့်ထားရတော့
အထူးသဖြင့် အဆုပ်ကြီး အောင့်အောင့်လာတဲ့ကိစ္စ
အထူးသဖြင့် ဒီဇင်ဘာဟာ အနက်ရောင်တွေပဲ အိပ်မက်ပေးတယ်
အထူးသဖြင့် ဆွဲစားတတ်တဲ့ သွားတွေ ပါလာလို့ ဂရုစိုက်ပေါ့
အထူးသဖြင့် သမ္ဗုဒ္ဓေတို့ အထူးသဖြင့် ဣတိပိသောတို့
အထူးသဖြင့် သွက္ခာတော့တို့ အထူးသဖြင့် သုပ္ပဋိပန္နောတို့
အထူးသဖြင့် ယေစဗုဒ္ဓါ အတီတာစတို့
အထူးသဖြင့် ဟေတုပစ္စယောတို့
အထူးသဖြင့် မင်္ဂလာသုတ် မေတ္တာသုတ်တို့ စသဖြင့် ရွတ်ဖတ်ကာကွယ်ပေါ့
အထူးသဖြင့် အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာ အရပ်ဆယ်မျက်နှာမှာ
အထူးသဖြင့် အန္တရာယ်တွေက အသင့်ချောင်းမြောင်းနေတတ်တယ်
အထူးသဖြင့် အသက်/ အသေတွေ မြန်လာကြတယ်
အထူးသဖြင့် မကောင်းတာမှန်သမျှ မကောင်းဘူးဆိုတဲ့ အသိနဲ့ မလုပ်ဖို့
အထူးသဖြင့် ကောင်းတာမှန်သမျှ ကောင်းတယ်ဆိုတဲ့ အသိနဲ့ လုပ်ဖို့
အထူးသဖြင့် စိတ်ကို ဖြူစင်အောင်သန့်ရှင်းထားဖို့
အထူးသဖြင့် မဖြူဖြူသင်းတို့လို ရောဂါသည်တွေ စာနာဖို့
အထူးသဖြင့် ဦးကျော်သူတို့လို နာရေးနဲ့ ပရဟိတတွေလုပ်ဖို့
အထူးသဖြင့် အထူးထူးသော တိုင်းပြည် လူမျိုး ဘာသာတိုင်းအတွက်
အထူးသဖြင့် ကမ္ဘာမြေနဲ့ လူသားများစွာအတွက် အထူးစံနှုန်းတွေထားဖို့
အထူးသဖြင့် အထူးသဖြင့်နဲ့ ရေးမိတဲ့ ဒီဟာတွေ ဘာလဲ
အထူးသဖြင့် အပိုဗလာသက်သက်တော့ မဟုတ်လောက်ပါဘူး
အထူးသဖြင့် လောလောဆယ်မှာ အထူးသဖြင့်ဆိုတာကြီးက ခဏခဏ ဗိုင်းရပ်စ်ကိုက်နေတယ်
အထူးသဖြင့် ဆိုက်ကိုဝင်နေတယ်
အထူးသဖြင့် ခြစားမှုတွေ ဆင်းရဲမွဲတေမှုတွေလည်း လျော့ကျ ပျောက်ဆုံးပါစေ
အထူးသဖြင့် အလုပ်လက်မဲ့ပပျောက်ဖို့ အလုပ်သစ်တွေ မြန်မြန်ပေါ်လာပါ
အထူးသဖြင့် သမ္မတကြီးမှ မဟုတ်ပါဘူး
အထူးသဖြင့် အတွင်းလူ အပြင်လူများကို ကျေးဇူးဆိုရမယ်
အထူးသဖြင့် သည့်ထက်ပိုပြီး နိုင်ငံတကာ ရင်းနှီးမြှုတ်နှံမှုတွေ
အထူးသဖြင့် လုပ်ငန်းရှင်အကြီးစားတွေ ပေါ်ပေါက်ပါစေ
အထူးသဖြင့် ကမ္ဘာရေးရာ မြန်မာရေးရာ ကဗျာရေးရာအားလုံး ငြိမ်းချမ်းပါစေ
အထူးသဖြင့် အလင်းစက်အချို့ကို မြင်နေရပြီပဲ
အထူးသဖြင့် စည်းကမ်းလိုက်နာတတ်တဲ့ နိုင်ငံကြီးသား ဖြစ်သင့်ပြီ
အထူးသဖြင့် ဒီကဗျာကို ဈေးပြိုင်စနစ်နဲ့ ဘယ်တော့မှ ရောင်းစားမိမှာ မဟုတ်ဘူး
အထူးသဖြင့် မနက်ဖြန် မဂ္ဂဇင်းတိုက်တစ်ခုခုကို အထူးသဖြင့် ဆူးရင့် ပို့လိုက်မယ်
အထူးသဖြင့် …စာမူပါလာရင် ဆေးဖိုး ကွမ်းဖိုးလောက်တော့ ရတာပဲ။ ။
ဆူးရင့်
01.15.2012 pm 08:22
Saturday, September 17, 2011
အဲဒါ ဘာရောဂါလဲ ဒေါက်တာ
အိပ်ပျော်ခါနီးရင် အသံဆိုး အရုပ်ဆိုးတို့ အကြမ်းဖက်တယ်
ထိပ်လန့် တုန်လှုပ် ခြောက်ချား မောပန်း ဆုံးရှုံး ရီဝေ သေရော့
လက်ဝါးကြီးနဲ့ ကျောပြင်ကို ရိုက်ချလိုက်သလို နာကျင်တာ
ခေါင်းတစ်လုံးလုံးမှာ လုံးချာရိုက်နေတဲ့ လျှော်ဖြူမျှင်
ကြောက်စိတ်က အသက်ဓာတ်ကို နှုတ်ယူသွားမလား
ထထလာတဲ့ ကြက်သီးတွေက ဆွဲစားသွားမလား
ရေသောက် ပြန်အိပ်ဖို့ ကြိုးစားလည်း အထက်ပါ အကြောင်းအရာပဲ
အဲဒါ ဘာရောဂါလဲ ဒေါက်တာ
ကြည့် ဒိုင်ယာရီထဲ အဖြစ်အပျက်ဟာ ပုံစံတူ သေဆုံးခြောက်လှန့်လို့
ဆွံ့အနေတဲ့ စကားလုံးမိုင်းတွေ လက်နှစ်ဖက်မှာ ဆုပ်ကိုင်ထားတယ်
ခြေဖော့ပြီး အခန်းထဲ လျှောက် မှန်ရိပ်မှာ ပေါ်လာတဲ့ အရုပ်
မင်းဘယ်သူလဲ သွား သွား သွား သွား သွား သွား သွား
အနုပညာကို ကြိုတင်အကွက်ချ နေရာလုတဲ့ မုဒိမ်းမှု
အိပ်မရတိုင်း အိပ်မက်ဆိုးနဲ့ လှောင်သေနေတဲ့ နေ့တွေ လွမ်းပါတယ်
စိတ်နဲ့ ကိုယ် လမ်းကြောင်းလွဲနေပြီ ဒေါက်တာ
ဆိုက်ကိုစီးတီး သီချင်းသံ၊ ပျောက်ဆုံးသွားတဲ့ စာနာမှု၊ အမှန်တရား
မျက်ရည် အစိုအစေး၊ ဒဏ်ရာ၊ အနာပိုးလောက်၊ သက်ပြင်းမုန်တိုင်း
အပေါက်အပြဲများတဲ့ လေထိုးရုပ်၊ ချစ်မေတ္တာ အားးးးးးးးးးးးးးးးးးးး
ညနက်ကြီး အသံနက်ကြီး အရိပ်မည်းကြီး ထင်ရှားသည့် အမှတ်အသား မရှိ
ဒီအချိန်ရောက်ရင် အဖြစ်အပျက်ဟာ အထက်ပါအတိုင်း လှုပ်ရှားလို့
ဒီအချိန်ရောက်ရင် ကိုယ်ဟာ အရူးတစ်ယောက်လို လွင့်ပျံ့နေပါတယ်
အဲဒါ ဘာရောဂါလဲ ဒေါက်တာ
ခေါင်းတွေ အရမ်းကိုက်ခဲနေတယ်
အဲဒါ ဘာရောဂါလဲ ဒေါက်တာ။ ။
ဆူးရင့်
12. 9. 2011
AM:3:20
Tuesday, August 2, 2011
သို့ / မစ္စတာ ကဗျာဆရာ နှင့် မစ္စစ် ကဗျာဆရာမ
ဖွဲ့စပ် ထုတ်ပိုး ပြုလုပ်မှု မူလပုံစံ အနေအထားမပျက်ဘဲ တည်ဆောက်ထားတဲ့ ISMလား
ကဗျာတစ်သျှူး အသားအစအနတွေ စံချိန်ပြည့် အရည်အသွေးမြင့်ဖို့ ထင်ပါတယ် အဲလိုလား
တစ်နေ့ တစ်ပုဒ်လောက်မှ မရေးမသားရရင် အရေပြားတွေ ယားယံလာတတ်သလား
စားမ၀င် အိပ်မပျော် ခေတ်ပြိုင်အာရုံခံစားမှု အသက်ရှူသံ တိမ်းမှောက်နေသလား
ချည်မျှင်ဆန်ဆန် ဗဟိုချက်မဲ့အောင် စိပ်မယ် မွှာမယ် ဖြတ်တောက် SPACEခြားမယ်ပေါ့ ဟုတ်လား
ပင်မရေစီးထဲ ပက်လက် မှောက်ခုံ ဘယ်လို မြောနေ မောနေခဲ့သလဲ
အချိုးအကွေ့ မတူညီတဲ့ စာသားအဆောက်အဦဆီ ပြေးမလား လွှားမလား
ပလပ်စတစ်လိုက်ကောက်သလို စကားလုံးအမှိုက်ပုံထဲ ရှာချင် ဖွေချင်သေးလား
ကိုယ်တိုင် တွေ့ရှိချက် ရေးသားပြီး ပြုလုပ် တပ်ဆင်ခြင်းမျိုးပဲလား
COLLECT ဟာ ရိုးအီနေပြီလို စိတ်ရဲ့ အတွင်းသားစိတ်ကို တိုးတိုးလေး ပြောပြနေလား
အသစ်ဆိုတဲ့ တံဆိပ်တွေ အထပ်လိုက်ကပ် ရှေ့ကို ဆက် - ဆက် စီးသွားမလား
ရေသေအိုင် အစပ်ဆီ အရှက်မရှိ ဂငယ်ကွေ့ ပြန် - ပြန် ၀င်လာဦးမလား
ဒေါင်လိုက် စီမလား၊ အလျားလိုက် စီမလား၊ ဘယ်လိုလဲ၊ ခင်ဗျားရဲ့ သဘောပဲလား
ကဗျာနာရေးအတွက် အသက်အစားထိုး ခွဲစိပ်ကုသဖို့ စိတ်ဝင်စားလား
ခင်ဗျား အသက်တစ်ခြမ်းကို ရက်ရက်ရောရောပဲ ပေးဆပ်ထားခြင်းလား
ဘာဗေဒ ဘယ်သီအိုရီ ဟိုဒင်းတက္ကနစ် အဲဒီဝါဒတွေ ဖတ်ဖြစ်လား
နိုင်ငံနဲ့ ပြုပြင်ပြောင်းလဲရေး ရေးဖြစ်လား၊ ဆုပ်ကိုင်ထားလား
ရင်ထဲ ၀မ်းထဲအထိ ရောက်လား၊ နာကျင်ခံစားနေလား၊ ဆိုးဝါးဆဲလား
လင်းပွင့် မှောင်မည်းလွန်းတဲ့ သိမှု မသိမှုတွေ ဆွဲခေါ်လာဖြစ်သေးလား
ကဗျာမှာ ကြော်ငြာလိုအပ်ကြောင်း ထင်မြင်ယူဆဖူးသလား
စကားလုံးတွေ စာသားတွေ လော်လီတာ မောက်မာတာ
ဆပ်ဆော့တာ အငြိမ်မနေဘဲ ကစားနေတာ လေ့ကျင့်ခန်းလား စတန့်ထွင်တာလား
FORM အကြောင်းအရာ အသံ ဟန် ချိန်းဖို့ ကြိုးစားကြည့်သေးလား
တဖျောက်ဖျောက် တဂျောက်ဂျောက် ခုန်ခုန်ထွက်ပြေးတတ်လား
JUMP တွေရဲ့ သဘောကို သွေဖယ်သေးလား အဲလိုထည့်ရေးမိတတ်လား
စိတ်ကူး စိတ်ရူးပေါက်သလိုပဲ အရေးအသားသက်သက်လား
ကဗျာအပြင် ထွက်ပြေးဖို့ ကြံစည်ဖူးလား ကဗျာထဲ ဆွေးဆွေးငွေ့ငွေ့လေး ငိုနေလား
ကဗျာထဲ ပြေးပြေးဝင်လာတတ်တဲ့ အိပ်မက်မျိုးလား စားဝတ်နေရေး ကျန်းမာရေးလား
ပျော်လား ဖျော်ဖြေရေးလား ဟာသလား အသုံးချခံ ပစ္စည်းသက်သက်လား
ကဗျာကို ညီအစ်ကိုမောင်နှမလို သဘောထားလား ဆွေမျိုးသားချင်းလို သဘောထားလား
မိတ်ဆွေလို သဘောထားလား ချစ်သူလို သဘောထားလား လင်မယားလို သဘောထားလား
ဒါမှမဟုတ် သူစိမ်းသက်သက်ပဲလား ဘယ်လို သဘောထားမျိုးလဲ
ပေါ်ပင်တွေ ရောယောင်နောက်လိုက်လုပ်ရပ်တွေ ပုံတူကူးချမှုတွေ ရှိခဲ့ဖူးလား
ဝင်လာတဲ့ D တွေ အုံ့ဆိုင်းရင်း မှိုင်မှိုင်ဝေေ၀ လွင့်နေ ၀ဲနေလား
စိတ်အလျဉ်အတိုင်း ပေါ်လာသမျှ အခု ကိုယ် ရေးပစ်လိုက်သလို ချရေးသားခြင်းမျိုးပဲလား
ပြီးတော့
ဘာတွေ ဖြစ်လာသေးလဲ
ဘယ်လို ခံစားရသေးလဲ
ပြောပါဦး။ ။
ဆူးရင့်
Wednesday, July 27, 2011
လုပ်ကြံမှု
ကိုယ်ထဲက အသက်ဓာတ် ၀ိုင်ယာမျှင်တွေ
တစ်စချင်း ဖြတ်တောက်နေတာ ခံရ မခက်ဘူးလား
အာရုံကြော သတိပေးသံဟာ တစစ်စစ် မြည်ဟီးလို့
နေ့တိုင်း နေထိုင် ရှင်သန်မှုက ခင်ခင်မင်မင် မရှိတဲ့ လိပ်ပြာတွေလား
ရင်တလှပ်လှပ်နဲ့ သက်ပြင်းတွေ ခဏတိုင်း ခွါခွါချ
လေထဲပုန်းပြီး ၀င်လာတဲ့ ကြောက်စိတ်တွေ နေကောင်းလား နေဆိုးလား
အမိုက်အရိုင်း အပေအတေ အလေအလွင့်လား
ရူးကြောင်ကြောင် မေးခွန်းတွေနဲ့ မင်းရဲ့ တစ်ခန်းလုံး ရှုပ်ပွတွန့်ကြေနေမှာ
သေချာပါတယ်...
အလိုမတူ ဖြတ်သန်းရတဲ့ ဘ၀ဆိုတာကြီးကို ငြင်းဆန်မယ်
တဖြည်းဖြည်း မှေးမှိန်လာတဲ့ အရောင်ကို ငြင်းဆန်မယ်
စန်းလဂ်မကောင်းတဲ့ ညနက်နက်တွေကိုလည်း မင်းငြင်းဆန်နေလိမ့်မယ်
ငယ်ငယ်က စိတ်ဒဏ်ရာဟာ အခုထိ ယိုင်နဲ့နဲ့ ခြေလှမ်းတွေပဲ မဟုတ်လား
အမေ ဘယ်မှာလဲ၊ အဖေ ဘယ်မှာလဲ
အစစ်အမှန် တရားမျှတမှု စာနာခြင်း ချစ်မေတ္တာ ဘယ်မှာလဲ
လွတ်လပ်စွာ ပြောဆို ရေးသား တိုင်ပင် ဆွေးနွေးခွင့် ဘယ်မှာလဲ
အိပ်မရတဲ့ ညအမောဖိုင် မသတီစရာ အညစ်အကြေးတွေ အထပ်လိုက်
ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင် အကျပ်အတည်းမျိုးနဲ့ မွန်းကျပ်နေမှာပေါ့
အိပ်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့ ကိုယ့်လူ သတိပေးနေတာတွေ / တွေး
သေမင်းလွှတ်တဲ့ အခိုးအငွေ့ဟာ မင်းဘေးတ၀ိုက် ဝေ့ဝေ့သီလို့
အမိုက်အမဲများအတွက် ကမ္ဘာကြီးကို တောင်းပန်လိုက်ပါ
ညည အိပ်လို့မရဘူး၊ ညည အိပ်လို့မရ၊ ညည အိပ်လို့မ၊
ညည အိပ်လို့၊ ညည အိပ်၊ ညည၊ ည
ညအော်သံဟာ တုန်ယင်ထိုးဆွရင်း
ကိုယ်ထဲက အသက်ဓာတ် ၀ိုင်ယာမျှင်တွေ
တစ်စချင်း ဖြတ်တောက်နေတာ ခံရ မခက်ဘူးလား ဆူးရင့်။ ။
ဆူးရင့်
25. 7. 2011
AM; 3;30;15;
Saturday, July 9, 2011
မရူးလွင့်ရန် လေ ကဗျာစာအုပ် မိတ်ဆက်ပွဲ ဖိတ်ကြားလွှာ
၂၀၁၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၆ ရက်( စနေနေ့ ) နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီအထိ သူငယ်ချင်း၊ ကဗျာချစ်သူ ညီအစ်ကို မောင်နှမများနဲ့ နွေးထွေးစွာ တွေ့ဆုံကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း နွေးထွေးစွာ အသိပေး ဖိတ်ကြားအပ်ပါတယ်။
ကဗျာချစ်သူများအားလုံးကို ကျွန်တော်တို့ မရူးလွင့်ရန် လေ ကဗျာရေးသူများက စောင့်မျှော်ကြိုဆိုနေပါ့မယ်
စာအုပ်ထွက်ရှိခြင်း အမှတ်တရ မိတ်ဆက်ပွဲနေ့မှာ မရူးလွင့်ရန် လေ ကဗျာစာအုပ်ကို ၀ယ်ယူအားပေးကြတဲ့ ကဗျာချစ်သူများအတွက်လည်း 20% လျော့ဈေးနဲ့ ရောင်းချသွားမယ့်အကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။
မရူးလွင့်ရန် လေ ကဗျာစာအုပ်မှ ကဗျာရေးသူများ
မောင်းမင်းစိုး၊ ဆူးရင့်၊ စိုးမင်းအောင်၊ လင်းသဏ်ညီ၊ ညိုပြာဝိုင်
Sunday, June 26, 2011
မနှင်းဆီ ငိုရသော နေ့
နေ့ထဲ
ဘယ်လို နေနေရလဲ
နေပူလွန်းတော့ နေရတာက သိပ်အသက်မ၀င်သလို
သဘာဝ ရေ မြေ ဘေးအန္တရာယ်
ကြားရတဲ့ ငလျင်သတင်းတွေ
စိတ်ကျအား ပြင်းပြင်းပူးဝင်လာတိုင်း
အပျင်းပြေ ဆိုတဲ့ စကားလုံးကို မုန်းတတ်ခဲ့တာ
ဒီလိုနဲ့ တစ်ချိန်လုံးနီးနီး ကွန်ပျူတာရှေ့မှာ ငုတ်တုတ်
ဟိုလုပ် သည်လုပ် ဘာမှတော့ မဟုတ်ပြန်ဘူး
အပြင်ထွက်ဖို့လည်း စိတ်ကူးလို့ မရသလို
ညောင်းလာရင် စာအုပ်တွေဆွဲဖတ်
ကဗျာအကြောင်း ဖိုတိုရှော့အကြောင်း ဒီဇိုင်းအကြောင်း
ပြီးပြန်တော့ ပြန်လေ့လာ ပြန်လေ့ကျင့်
စိတ်ကူးထဲ ရှိသမျှ လျှောက်လုပ် လျှောက်စမ်းသပ်
ဘာမှတော့ မဟုတ်ပြန်ပါဘူး
ဒီလိုနဲ့ တစ်နေ့တာ ကုန်သွားလိုက်တာ
နေ့ရက်တွေ ဘယ်လောက်ကုန်ကုန်သွားပြီ မသိ
ဒါ ကဗျာ မဟုတ်ဘူးနော နော နိုး
စိတ်ကူးပေါက်သလို လုပ်ကြည့်ထားတဲ့ ပုံလေးတစ်ပုံ
စိတ်ကူးပေါက်သလောက် ကြည့်ပေး
က ဗျာ မေ ရး ဖြ စ် ဘူး ဆို တာ
အရိုးထဲအထိ ကြားအောင် ကိုယ့်ကိုယ်ကိုယ်
ပြောနေတယ် မျောနေတယ်
ကဗျာတွေကတော့ စိတ်နဲ့ ကိုယ်ရဲ့ အဝေးဆီ
သူစိမ်းဆန်ဆန် ပြေးနေဆဲ
လိုက်ဖမ်းလိုက်တိုင်း လွတ်နေဆဲ လစ်ဟာနေဆဲ
မနှင်းဆီ ငိုရသော နေ့ဟာ
တနင်္ဂနွေ တနင်္လာ အင်္ဂါ
ဗုဒ္ဓဟူး ကြာသပတေး သောကြာ
စနေ တစ်နေ့နေ့ ဘယ်နေ့လဲ မသိ
နေပူလွန်းတော့ နေ့ထဲ
ဘယ်လို နေနေရလဲ။ ။
ဆူးရင့်
အစိပ်အပိုင်းများဖြင့် တစ်စိပ်တစ်ပိုင်း သို့လော သို့လော
မြို့ကြီးကြီးလိုလို လူနေထူထပ်နေသလိုလို တကယ်ပဲ ရှုပ်ထွေးပွေလီနေသလိုလို
လိုသလို လိုအပ်တာတွေရော မလိုအပ်တာတွေရော
လိုအပ်တာ အငယ်လေးတွေ အတွယ်လေးတွေ အစွယ်လေးတွေ ထွက်နေကြတာ
အရွယ်လေးတွေ ရလို့ ရွနေကြတာ။
မကောင်းရင် ကျောင်းကို ပို့လိုက် မလန်းရင် ခွေခေါက်ထားလိုက်
ခေါက်လို့ တွန့်ကြေသွားတဲ့ အဟောင်း၊ အဆွေး၊ အရိ၊ အရွဲ၊ အပုတ်၊ အသိုးတွေ
အသစ်ကလေးဆို သေးသေးလေးကအစ သုတ်လိုက်
မြန်မြန်
သေးသေးလေးက
အပြာရောင်မီးတောက်လေးကို ခြစ်ပြနေလို့
အချစ်လို့ ခေါ်လိုက်ရမလား။
ပူစီတွေက မူလီတွေနဲ့ရောပြီး ရစ်လိုက်ကြ
ကြပ်လွန်းတော့ အရစ်တွေ ပြုန်းထွက်ကုန်တာပေါ့
ကုန်သွားတော့ အပြုံးတွေကိုယ်စီဟာ မလတ်မဆတ်
ဆက်၍ ရှိနေခိုက် ခိုက်လို့ တဆတ်ဆတ်ခါပြနေတာလား ထင်ရ
ခါချနေတာလည်း ဖြစ်နိုင်သလို
နည်းနည်းလေးမှ အထိမခံနိုင်တာ ကိုက်နေလို့ပဲ။
စတန့်သမားတွေက တစ်မှောက်
ဂလန့်သမားတွေက တစ်လျှောက်
စိတ်ခဲကြွတွေက ဂေါတ်တောက်တောက်
အပူတွေလိုက်လိုက်စုနေတဲ့ အပူသည်တွေနဲ့
အမှုတွေလိုက်လိုက်စုနေတဲ့ အမှုသည်တွေနဲ့
အရူးတစ်ပိုင်းကို ရေနဲ့ရောရောသောက်တဲ့ ငမူးတွေနဲ့
အခန်းလွတ်တွေနဲ့ တစ်ခန်းလွတ်နေတဲ့ ငထူးတွေနဲ့
အနံ့အသက်မကောင်းတဲ့ အူတူတူ ငအူကောင်တွေ
ဒါနဲ့ ရောနှောဆက်ဆံလိုက်ခြင်းက ဘာများ အဓိပ္ပာယ်ရှိပါသလဲ။
လူအထင်ကြီးခံချင်နေတာ တမျိုး
အချောက်တိုက် နာမည်ကြီးချင်နေတာ တဖုံ
ဤဆေးကို ဘယ်လို ရောစပ်သုံးစွဲမလဲ
ကိုယ်ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်း မသိတဲ့ သတ္တ၀ါကောင်တွေ
ဤဆေးကို လှုပ်သောက် လှုပ်သောက်
လူအရာမ၀င်တဲ့ လူဖြစ်ပြီး သူငယ်နာ မစင်တဲ့ လူတွေ
ဤဆေးကို လှုပ်သောက် လှုပ်သောက်
သတိပေးနေရသေးတယ်။
အစကတော့ ဆွဲလိုက်ပြီ
ဘယ်လိုက စပြီး ဘယ်လို ဆုံးလိုက်ရမှာလဲ
ဘာဖြစ်လို့ ဘာဖြစ်လိုက်မှန်းတောင်
မသိလိုက်ဘူးတဲ့ မြွေတွေ ဖမ်းနေကြတာ
ရေမြွေတွေလား၊ မြွေဟောက်တွေလား
အဆိပ်ရှိ မရှိ ခွဲတောင် မခွဲဘူး။
ဝ/၀စား၊ ဝေး/ဝေးနေ၊ ၀င်မရှုပ်နဲ့
ဝတစ်လုံးဆောင် အိုတောင် မဆင်းရဲ
အကောင်းကြီးရင် အားနည်းနည်းပဲ ပိုစိုက်ရတယ်
ရူးချင်ရင် ထမင်းလွတ်အောင်ရူး
အထူ အပါးထက် လူစကားကို ပိုနားလည်ကြပါခင်များ။
ကောင်းတာလေးတွေမှ လှတာလေးတွေမှ
အလွန်အင်မတန် နှစ်သက်
လူတစ်ကိုယ်လုံးပေါင်း တစ်ကျပ်တောင် မပြည့်တဲ့ သူတွေ
ကလေးကစားကွင်းထဲ ပြေးဝင်နေချင်သလိုလို
မိုးပျံရထားပဲ စီးချင်နေသလိုလို
သရဲခြောက်တဲ့ အိမ်ကြီးထဲ ရောက်နေသလိုလို
ဟို မရောက်၊ ဒီ မရောက်
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ ကလေးလူကြီးတွေ ပေါမှပေါ။
အသစ်အဆန်းလေးတွေဆို
မျောက်လက်ထဲ သေနတ်ရသလို
တွေ့ကရာ မြင်ကရာ တဒိုင်းဒိုင်း
မျောက်တစ်ဝက် လူတစ်ဝက်ကောင်တွေက
မြှောက်မြှောက်ပြီး အမြှောက်နဲ့ ပစ်ချနေတာ
မြောက်နေတာပဲ မြေကို မထိဘူး။
တစ်ယောက်ထဲ ဟိုဘက်နည်းနည်းလောက် တိုးပါဦး
ဘောင်းဘီကြပ်နေတဲ့ တက်တူးကောင်တွေ
အရေပြားနာတာထက် သူလိုကိုယ်လိုပါပဲ
မတူတာက သွားရည်တွေ ယိုကျလာပြီး
ခွေးရူးပြန်သလိုလို ၀က်ရူးပြန်သလိုလို ဖြစ်နေတာက လွဲရင်။
ကြယ်တွေကို လိုက်ဖမ်းလိုက်ဦးမယ်
ကြယ်သီးတွေ ဖြုတ်လိုက်တယ်
အတောင်ပံတွေ ရနေပြီ
အာကာသထဲ ပျံတတ်သွားတဲ့ ငကောင်းတစ်ယောက်က
အကျမှာ အစအနတွေနဲ့ အသက်ကင်းမဲ့။
အခန်းတံခါးတွေပိတ်
စန္ဒယား ခလုပ်တွေနှိပ်
ဟေ ဟေ့ ပျော်စရာကြီး
အန်ကယ်ကြီး အသက်က (၆)ကွေ့ ကျော်နေပြီ။
Aဇယားဝင်လာတဲ့ ရှောခ့်ပဲ
B.C က သူ့အဆင့်နဲ့သူ နေသာထိုင်သာ
D တွေ ၀င်လာတာက ရေတွေ မဟုတ်ဘူး
A ကိုက်လည်း သေတတ် D ကိုက်လည်း အနေခက်
ခက်ခက်ခဲခဲတွေကြောင့် မသာမယာတွေ ဖြစ်လို့
မသာတွေ ပေါ်ကုန်ကြပြီ။
အချိန်တန်ရင် အိမ်မပြန်နိုင်ကြ
ကွိုင်တွေလိုက်လိုက် ရှာနေတာ အထပ်တွေမှာ ငဖြဲတွေက
ထိုနေရာမှာ အထပ်လိုက် အထပ်လိုက် ပြုံလို့။
ထစ်ခနဲ့ဆို တိုင်ပင်ကိုက်ပြီးသား တိုင်တွေ ပတ်နေတာလည်း
ရှင်းလို့ကို မရဘူး အရှုပ်ထုတ်တွေ အထုတ်တွေ
သယ်သယ်လာကြ အလုပ်တွေ ပေးနေတာ။
လာမထိနဲ့ ထိရင် ငြိမယ် ငြိရင် ဆွဲစားပစ်လိုက်မယ်
မလုပ်နဲ့ တားမရ ဆည်းမရ
ဆလိမ်နဲ့ မဆိုးပဲ ဇကွဲနဲ့ ဆိုးတဲ့ ဇိုးတွေ
လမ်းလျှောက်ရင် ဇပ်တောက် ဇပ်တောက်နဲ့။
ဘာပဲလိုလို ဦးစားကြီး ရှိတယ်
တစ်ခါ တစ်ခါ ကြော်ငြာဝင်တတ်တဲ့ ဘီးကြဲကြီးက ပြူးပြူးပြဲပြဲ။
လာထား အိတ်မစိုက်ရရင် ပြီးရော
ရစရာ ရှိရင် ရှိတာ အကုန်ယူ
အပီအပြင် ယူ/ယူနေတဲ့ အပေါင်းအသင်းတွေ
ဟိုမှာ ယူကုန်ကြပြီ အပိုင်။
ဘာရမလဲ ဟုတ်သော်ရှိ မဟုတ်သော်ရှိ
မဟုတ်မှ လွဲရော
ရှိတာ အကုန်ထုတ်
အိမ်တိုင်ပါ ချွတ်ပြီး ပုံအောလိုက်
တစ်ဘ၀လုံး မွဲခဲ့တဲ့ ငမွဲက ပုံးတွေ ပါးစပ်ဖျားကကို မချဘူး။
မဟုတ်က ဟုတ်ကတွေ
မဟုတ် မဟတ် လုပ်တတ်တာတွေနဲ့
ဟုတ်တာရော မဟုတ်တာရော
ရောရောချလိုက်တဲ့
ရောတောရှိ ရောတောရှိတွေ ရှိပါစေတော့
လိုက်လို့ကို မမီဘူး မှတ်တောင်ထားရဦးမယ်။ ။
မင်းသက်ဇဉ်
D%100
စိတ် %100
အရောင် အမှောင်
ရင် % 100
အနာအဆာ အရိအဆွေးများ
ကိုယ်အနှံ့ မန်းတတ် လူးလွန့်နေတာ
တုန်ခါ ငြီးငွေ့ဖွယ် အခန်းဆက် လောင်ကွင်းထဲ
နေထိုင်မှုရဲ့ အားလုံးကို မုန်းတယ်။ ။
ဆူးရင့်
ကလေးများရဲ့  အနာဂတ်နေ့ရက်များအတွက် ရည်ရွယ်တဲ့ ရာဟုလာကလေးရုပ်စုံမဂ္ဂဇင်း ၂၀၁၁ ခုနှစ်၊ သြဂုတ်လအတွင်း ထွက်ရှိမည်
၂၀၁၁ ခုနှစ်၊ သြဂုတ်လမှ စတင်ကာ ရာဟုလာ ကလေးရုပ်စုံမဂ္ဂဇင်းဟာ ကလေးငယ်များကြား လစဉ် ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ်။ မဂ္ဂဇင်းရဲ့  အဓိက ဦးစားပေးစာမျက်နှာများဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ သာသနာနဲ့ ပတ်သက် ပြီး ယနေ့ခေတ် ကလေးငယ်များသာမက လူကြီးများပါ သိသင့်သိထိုက်တဲ့ အကြောင်းအရာများ ပါဝင်တဲ့ ဘာသာ ရေး အခြေခံရုပ်ပြ၊ ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားရဲ့ သားတော်ရာဟုလာအကြောင်းရုပ်ပြ၊ မြန်မာသူရဲကောင်းများအကြောင်းရုပ်ပြ စတဲ့ ရုပ်ပြတွေကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာနဲ့ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိဘများသိထားသင့်တဲ့ ကလေးကျန်းမာရေးဆောင်းပါးကဏ္ဍ၊ ကလေးများအတွက် အသိအလိမ္မာ၊ သုတရသအပြည့်အ၀ပေးမယ့် ကလေးကဗျာ၊ အက္ခရာကဗျာ၊ ကလေးပုံပြင်ဝတ္ထု၊ Notes for kids ၊ ထူးဆန်းထွေလာတို့ကမ္ဘာ၊ ပဟေဠိ၊ တီထွင်ဖန်တီးအရုပ်လုပ်နည်း၊ ကလေးတို့အချင်းချင်း ချစ်ခင်ရင်းနှီးစေမယ့် Fan Club ၊ စွန့်စားဖွယ်ရာ ရုပ်ပြ၀င်္ကပါ၊ အစက်လေးတွေ ဆက်ဆွဲကြရအောင်၊ ဆေးရောင်လှလှခြယ်ရအောင်၊ လွယ်လွယ် ပုံဆွဲကြရအောင်၊ ပြိုင်ပွဲများနဲ့ ကလေးမော်ဒယ်လ်ကဏ္ဍ၊ ဆရာစံ- ဇာဏီဘိုရဲ့  ကလေးရာသီခွင်ကဏ္ဍ စတဲ့ ကဏ္ဍများအပြင် တခြားကဏ္ဍပေါင်းများစွာကိုလည်း မဂ္ဂဇင်းတစ်အုပ်လုံး စက္ကူချော၊ Size ကြီး ၊ လေးရောင် စာမျက်နှာများဖြင့် အရည်အသွေး အဆင်အပြင်ကောင်းကောင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
စာမူပေးပို့လိုပါက
သို့၊
အယ်ဒီတာအဖွဲ့
ရာဟုလာကလေးရုပ်စုံမဂ္ဂဇင်း
အမှတ် ၄၀၈ ၊ ဗညားဒလလမ်း၊
ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်
တာမွေမြို့ နယ်၊ ရန်ကုန်မြို့ သို့ လိပ်မူပြီး ရေးသားပေးပို့နိုင်ပါတယ်။
