Thursday, September 6, 2012

ခဏခဏ ကွယ်လွန်ခြင်း

လှိမ့်ကွင်း လှိမ့်ကွက်ကို ပြောတာပါ။ 
လောင်စာမိုးအဆုံး မရောက်ခင် ရင်ညွန့်မှာ ဒဏ်ရာတတ်တူးထိုးလို့ 
အခုပဲ ခလုပ်ကို စဖြုတ်လိုက်တယ်
ဒိုင်းးး    ။ 
ဆိုးရွားမိုးရာသီလေ အပေါင်ခံသွေးစက်တွေ နေလှန်းလို့ မခြောက်နိုင်ဘူး
ဆိုက်ကို၊ အတက်၊ အဆင်း၊ အခက်အခဲ 
တိတ်ဆိတ်မှုက ပုဇဉ်းရင်ကွဲတစ်ကောင်လို အော်မြည်တယ် 
တံတွေးကို ဂွပ်ခနဲ့ မျိုချ၊ ထွီခနဲ့ ထွေးထုတ် 
ထွားကြိုင်းလာတဲ့ သက်ဆိုးရှည် နေ့ရက်တွေနဲ့ ခဏ
miss call အရောင်တွေ ဆက်တိုက် ၀င်မလာပါနဲ့
အမှန်တရားဟာ အမှောင်လွှတ်တော်မှာ ငိုက်မျဉ်းနေလား
မျက်နှာတစ်ပြင်က စိုထိုင်းထိုင်းပဲ ကိုယ့်ကဗျာကို သစ္စာဖောက်လိုက်တယ် 
ကြေကွဲသွားပြီ ဥခွံ…။ 
လောက်တဖွားဖွား ပြကွက်အသစ်ဟာ သူစိမ်းပဲ
အရသာ မခံတတ်တဲ့ သစ်သီးလေ မြင်လား မောင်မင်းစိုး
ဒုတိယ ဦးနှောက်ကြောဟာ လှလှလေး ပြတ်တောက်လို့ 
အကိုင်းအခက်ရှိရာဆီ စိတ်အလွင့်လွင့် ဖြတ်ပြေးသွားတယ်
အာရုံဒေါင့်ချိုးမှာ ဖျပ် ဖျပ် ဖျပ် တစ်ဆစ်ချင်း ပြုတ်ထွက်ကျ
ကိုယ့်မှာ လက်သည်းဝှက်တွေ မရှိခဲ့ပါဘူး ပူစီ
ဆာလောင်ခြင်း၊ သေလိုက်စမ်း၊ အချို
မျဉ်းဖြောင့်အတိုင်း ဟောသည်လို စောင်းချလိုက်ရင် မျဉ်းစောင်းပဲ
ပုခက်လွှဲတဲ့ အမေ့လက်ကို လွမ်းရတဲ့ ခဏခဏ
အနုပညာဆိုတဲ့ စကားလုံးပွယောင်းယောင်းက အချိန်ကို ဖဲ့စားတတ်တယ် ဟုတ်ကဲ့ ဆရာမ ယုံကြည်မှုတဲတဲလေးတွေလည်း ခဏခဏ ဖြတ်တောက်ခံရတတ်တယ် ဟုတ်ကဲ့ဆရာမ ရည်းစားဟောင်းကြီးက ဆေးသားတွေ ဖွာလန်ကြဲနေတယ် ၀ရံတာမှာ ငုတ်တုတ်အသေထိုင်ရင်း မျက်လုံးကို ပိတ်ထားမိတဲ့ ခဏ အရှေ့ကို ရွှေ့ရတော့မယ် ခဏ
ခဏခဏ လူမဆန်မှုတွေနဲ့ အလိုက်မသိဘူးဆိုတာပဲ
ကင်မရာလေးရေ…..မီးစာဆိုရင်လည်း တောက်လောင်ရဦးမယ်
ဆီဆိုရင်လည်း ခမ်းခြောက်ရဦးတော့မယ်
သွား ခဏခဏ လွမ်းနေမိတာ
ကဗျာ။ ဝေးကွားခြင်း။ အစွန်းတစ်ဖက်။ အ၀င်လမ်း။ မဆို့မပို့။ အလျင်။
လူကူးမျဉ်းကျား။ ကွမ်းယာဆိုင်။ မေ့လျောမှု။ ခေါက်ထီး။  မ၀ရေစာများ။ မျက်တွင်းဟောက်ပက် ကျင်လည်ရတဲ့ အရာရာဟာ ရင်ဘတ်ကို စည်တီးလို့ ကွေးနေအောင် ငိုတယ်
ဂွတ်မောနင်း နှုတ်ဆက်ဖို့ အချိန်မရှိဘူး မိုးရာသီမို့ ၀မ်းနည်းခြင်း တစ်ဆွတ်စာ ရွာတယ် 
ပြင်မရတဲ့ စိတ်ဒဏ်ရာဟာ အရင်အတိုင်း ဆိုးဝါးဆဲပဲ
ရေခမ်းနေပါတယ် စိုးမင်းအောင်
အစာအငတ်ခံပြီး မနက်ခင်းတွေ ဖြတ်ဖြတ်လျှောက်…ဂွီ ဂွမ်…ဂွီဂွီ ဂွမ်ဂွမ်… ဂြီဂြီဂြီ ဂွမ်ဂွမ်ဂွမ် 
ဗလာမပါ ကံစမ်းမဲက ပေါက်တဲ့ ဗိုက်ဗလာစာအုပ်ထဲက အသံတွေ
ကိုယ့်ကိုယ်ကို ပြန်ရှာတယ် ပိုးမွှားအစိုင်အခဲပဲ ဘ၀ထဲက အဖေအမေ ပျောက်နေတယ်
ဘ၀ထဲက ပတ်ဝန်းကျင် ပျောက်နေတယ် ဘ၀ထဲက လူ့အဖွဲ့အစည်း ပျောက်နေတယ်
ဘ၀ထဲက နားလည်မှုအတိ စာနာမှု ပျောက်နေတယ်
ရှင့်စိတ်အညစ်အကြေးကို ရေးချလိုက်တဲ့ အရည်တွေနဲ့ 
ကျွန်မဆီ ဘယ်တော့မှ tags: မလုပ်နဲ့ ဒါပဲ ထို သော ခဏ
ခံစားမှု အဟိုက်ဟိုက် စုတ်ဖွာနေတဲ့ သောင်ပြင် မျက်စိတဆုံး သဲများ
အညှီအလိမ်းလိမ်း နင်းထားတဲ့ ဖနောင့် ရေဆိုးမြောင်းမှာ စီးဝင်လာတဲ့ ကဗျာအသေတွေ 
အားးးးးးးး အနုပညာ မြေမျိုပြီ ပလပ်ကို ဒေါက်ခနဲ့ ပိတ်ပြီး ကဗျာ chargeကို ဖြုတ်လိုက်တယ်
အူအနုရော အကြမ်းပါ မျက်ရည်နဲ့ ရစ်ခွေလို့ ထုံနာကျင်နာ 
နာကျင်တာ ဝေးတဲ့ အရပ်ဆီ..ပြေး ပြေး ပြေး  လင်းသဏ်ညီ
နီယွန်မီးတွေလည်း ကိုယ်နဲ့ ဝေးရာ ပြေး 
အာရုံတွေလည်း ကိုယ်နဲ့ ဝေးရာ ပြေး
ခင်မင်မှုတွေလည်း ကိုယ်နဲ့ ဝေးရာ ပြေး
ခေါ်သံတွေလည်း ကိုယ်နဲ့ ဝေးရာ ပြေးကြပေါ့
ကျကျ သွားတဲ့ စိတ်ဟာ အပေါင်းအသင်းနဲ့ ပါတီသစ်တစ်ခု ဖွဲ့လို့
ရှူရှိုက်သံ အိပဲ့ပဲ့ အရပ်ရှစ်မျက်နှာမှာ နေကွယ်ခဲ့ပါပြီ
လူသားတို့ စိတ်မှန်ပြင်မှာ ဆူးရင့်လည်း ခဏခဏ ကွယ်လွန်ခဲ့ပါပြီ။

ဆူးရင့်

No comments:

LinkWithin

Related Posts with Thumbnails