Sunday, August 8, 2010

ဝေးဝေးပြေးပြေးဆွေးနေသူတစ်ယောက်

မိသားစုကိစ္စတွေ နှလုံးသားထဲ ရွှေ့ထားချင်တယ်
အနုပညာ စားဝတ်နေရေး အကြောတက်ညောင်းညာကိုက်ခဲမောပန်းမှုမှာ သူအပြင်ရောက်သွားတယ် ဘယ်လိုလမ်းတွေ ခြားထားသလဲ
ခွဲစိတ်ရမယ်ဆိုလည်း မြန်မြန်ခွဲစိတ်ကုသမှုပေးပါ
အပြင်မှာ တစ်ယောက်၊ အတွင်းမှာ တစ်ယောက်
မျှော်လင့်ချက်များဟာ ရေစုန်မျောနေပါတယ်
ကောင်းကင်တစ်ခွင်လုံး မိုးသားမည်းမည်းတွေချည်း
မီးလောင်ဖုထ စိတ္တဇမှာ လာအုံ့မှိုင်းညှို့ရီနေကြတယ်
မင်းသိပ်ကြိုက်တဲ့ ဇော်ဝင်းထွဋ်ရဲ့ ဂျစ်ပစီမိုးတိမ်သီချင်းဖွင့်ထားတယ်
အဆွေးများလည်း လေနဲ့ နှင်
ကဗျာနဲ့ပဲ ပြန်လာလို့ မရဘူးလား
ဝေးဝေးပြေးပြေး ဆွေးဆွေး ဆွေးလည်း
ပြေးတယ်
နှလုံးသားသွားလိုရာ အဆုံးအထိရောက်အောင် ပြေးတယ်
ပြုလုပ်ထားတဲ့ အရေးအသားပဲ
ကမ္ဘာခံစားမှုထဲက ထွက်လာတာ ကဗျာလား
အထိအခိုက်ပျောက်ဆေးတွေ သောက်ပြီး နေပေမယ့်
အကြိမ်ကြိမ်ထိခိုက် ကစဥ့်ကလျားနဲ့
ပျံနေတဲ့ အရိပ်မည်းကြီးတွေဟာ ကိုယ့်ဘေးနား လာဝဲနေတယ်
စာနာမှုမဲ့ တစ္ဆေတွေ လာဝိုင်းခြောက်လှန့်နေတယ်
အနုပညာက လွဲ ဘာမှ မပိုင်ဆိုင်ချင်ဘူး
နေကောင်းတယ်ဆိုလည်း ဘ၀ကြိုးတွေ ပြတ်လို့
ကိုယ်ပိုင်အမှတ်အသားပျောက်ဆုံးလှိုင်းလုံးတွေ ရိုက်ခတ်ခံ ဝေးဝေးရှောင်တိမ်းလို့
မချစ်မနှစ်သက်လို့ မဟုတ်ပါဘူး
ကျွန်တော်တို့ မောင်နှမတစ်တွေ ငယ်စဉ်က တူတူပုန်းတမ်းကစားခဲ့တာတွေ အမှတ်ရလို့
ကပ်ဆိုးဘေးဆိုး နည်းပညာ ပေါ့ပ်ယဉ်ကျေးမှုခေတ်ကြီးထဲက ဘေးလွတ်ရာ ပြေးပုန်းလို့
ကဗျာတစ်ပုဒ် ကိုယ်ရေးလိုက်တယ်
ကိုယ်ဘယ်သူလဲဆိုတာတောင် မမှတ်မိတော့ပါဘူး
အဲဒီတုန်းက ဒီကဗျာကို ပုံနှိပ်ဖော်ပြဖို့ ပေးပို့ခဲ့သလား မမှတ်မိတော့ပါဘူး
ရေချိုးကန်ကြွေဇလုံကြီးထဲ ကိုယ့်ခန္ဓာကို ကိုယ်နှစ်မြှုပ်ရင်း
ဝေးဝေးပြေးပြေးဆွေးနေသူတစ်ယောက်

စိုးမင်းအောင်
၂၀၁၀၊ သြဂုတ်၊ ၅
မနက် ၆ နာရီ ၅၉ မိနစ်။

Sunday, July 18, 2010

အရုပ်ဆန်ဆန် အယုတ်များ


ခေါင်းက ကြိုးကို ဆွဲလိုက်ရင်
ခေါင်းညိမ့်ပြတတ်တဲ့ အယုတ်တွေ

လက်က ကြိုးကို ဆွဲလိုက်ရင်

လက်လှုပ်ပြတတ်တဲ့ အယုတ်တွေ


ခြေထောက်က ကြိုးကို ဆွဲလိုက်ရင်

လမ်းသလားပြတတ်တဲ့ အယုတ်တွေ


ကြိုးတွေကို စနစ်တကျ ဆွဲလိုက်ရင်

ခိုင်းသမျှ ကပြတတ်တဲ့ အယုတ်တွေ


စက်ရုပ်ဆန်လာတဲ့ အယုတ်တွေ

ရုပ်သေးဆန်လာတဲ့ အယုတ်တွေ

တိရိစ္ဆာန်ဆန်လာတဲ့ အယုတ်တွေ

မကောင်းဆိုးဝါးဆန်လာတဲ့ အယုတ်တွေ

အရုပ်တွေ အယုတ်တွေ

အယုတ်တွေ အရုပ်တွေ။ ။



ဆူးရင့်၊တန့်ဆည်၊

အာဇာနည်နေ့အား အထူးဂုဏ်ပြုပါသည်။

Thursday, July 15, 2010

ပြတ်ရွေ့ ကြော

ဘ၀ကို အားမရတဲ့ ရောဂါ
ဆို့ဆို့နစ်နစ် တုန်ရီလို့
အသက်ရှူ မ၀လိုက်ပုံများ
ရင်အပြည့် ဒေါသက
ငါ သူတစ်ပါး ယောက်ျား မိန်းမ မကွဲပြားခဲ့
ဘေးမှာ နံရံ၊ ရှေ့ မှာ ကွန်ပျူတာ မှန်ပြင်
ချက်တင်ဘောက်ကို ဖွင့်ထား
အရေးကြီးတယ် ဆိုတဲ့ ကိစ္စဟာ
..............................................
ပြောစရာရှိတယ် ဆိုတဲ့ ကိစ္စဟာ
...............................................
သူငယ်ချင်း
+ + + + + + + + + + + + + +
+ + + + + + + + + + + +
+ + + + + + + + + + +
+ + + + + + + + + +
@ @ @ @ @@ @
@ @ @ @ @ @
@ @ @ @ @
@ @ @ @
@ @ @
@ @
@

နံရံကို ခေါင်းနဲ့ ပြေးဆောင့်ချင်လာပြီ
မှန်ပြင်ကို လက်သီးနဲ့ ထိုးချင်လာပြီ
ဒီနေရာက အမြန်ဆုံး ရွေ့ မှ ဖြစ်တော့မယ်
ငိုသံပါကြီးနဲ့ ဆိုင်းအောက်လုပ်၊ ထွက်။

ဘ၀ကို အားမရတဲ့ ရောဂါ
ဆို့ဆို့နစ်နစ် တုန်ရီလို့
ငါ ငေးကြည့်ဖို့ ကောင်းကင် မရှိတော့ဘူးလား။ ။

ဆူးရင့်၊တန့်ဆည်၊

14 . july. 2010

မုဆိုးမတစ်ယောက်ရဲ့ ကောက်ကြောင်း

တစ်နေထွက် တစ်နေ၀င်
ခြင်္သေ့စား သဲပြင် အိမ်ဦးနတ်က
တမလွန်သွား တောလားနဲ့ အသိုက်ဟောင်းကို ဖျက်ခဲ့။

ဆည်းဆာရောင် လင်သေမ အိပ်ခန်း
ပွင့်ဖတ်တို့ ခြောက်သွေ့ စည်ဝေ
မျက်ရည်တော ထောင်းထောင်းထ
အိပ်မက်ထဲအထိ မိုးတွေ လိုက်ရွာနေပါလား။

သူမဟာ
အခြေယိုင် ကလေးတစ်သိုက် အနာဂတ်ကို
ကြက်ထုတ်ထိုးရင်း
ဝုန်းဒိုင်းကြဲ ရိုက်ချက်ရှရှလေးတွေ
တွေးရင်း တွေးရင်း
လွမ်းတတ်ခဲ့တယ်။

သူမဟာ
လျှာအကြောအမျှင် ရသာရုံ ဈေးကွက်ကို
ကြက်ထုတ်ထိုးရင်း
လည်မျိုညှစ် ဆွဲရမ်းခဲ့ဖူးတဲ့ ပုလင်းဟောင်းတွေ
တွေးရင်း တွေးရင်း
လွမ်းတတ်ခဲ့တယ်။

သူမဟာ
အရှက်လုံ ရောင်စုံပိတ်စကို
ကြက်ထုတ်ထိုးရင်း
သက်မဲ့ ရာသီ အစအနတွေ
တွေးရင်း တွေးရင်း
လွမ်းတတ်ခဲ့တယ်။

သူမဟာ
စိတ်ပြေးတိုင်း နောက်ကျခဲ့တဲ့ ကိုယ်ကို
ကြက်ထုတ်ထိုးရင်း
ဝါကျင့်ကျင့် အတိတ်နံ့တွေ
တွေးရင်း တွေးရင်း
လွမ်းတတ်ခဲ့တယ်။

နောက်ဆုံးတော့
မုဆိုးမတစ်ယောက်ရဲ့ သက္ကရာဇ်တွေဟာ
နှစ်ချို့ အလွမ်းကို
ကြက်ထုတ်ထိုးရင်း
အိပ်မက်ထဲအထိ မိုးတွေ လိုက်ရွာနေတုန်းပဲ။ ။

ဆူးရင့်၊တန့်ဆည်၊

Tuesday, July 13, 2010

တန့်ဆည် (သို့) ဂျာလင်း မြို့တော်

ကာရန်မဲ့ စိတ်ကူးသစ်မျဉ်းများ
ငါ့ကို ကြိုးအဆုံးထိ
လွှတ်တင် မိုက်မဲခဲ့ပြီ။

အမှန် အမှားကို ထုဆစ်တတ်ပုံက အစ
တန့်ဆည်ဆိုတာ
မျှော်လင့်ချက်နဲ့ အတောင်ပေါက်လာတဲ့
ရည်းစားဦး။

လွမ်းချင်စရာ မကောင်းတဲ့
ငါ့ မထွန်းကားမှုက
ပင့်သက် အလျား အနံ ရှည်ဝေး
ကိုယ့်အနံ့ကိုတောင် ပြန်လိုက်ရှာတဲ့ ငါ့ကို
တန့်ဆည်ဟာ
မျက်မှန်စိမ်းစိမ်းနဲ့ ချော့သိပ်လို့။

ကတ္တရာလို့ ခေါင်းစဉ်မှားခဲ့တဲ့ လမ်းတွေ
ရာသီအမျှ ပေါက်ပြဲ ဖုထစ်
အနောက်တိုင်း မိတ္တူ မဖောင်းပွသေးတဲ့ တန့်ဆည်ဟာ
ငါ ပြန်လာတိုင်း
အပျိုရည်မပျက် စောင့်ကြိုနေခဲ့။

မြို့ အတုနဲ့ တောဇာတ်သွင်းခံရတဲ့
တန့်ဆည်
ကြယ်ငေးရင်း ငါ့ကို မုန်းတဲ့
တန့်ဆည်
အမတ်ကြီး တစ်ယောက်က လွဲလို့
ပစ်ခတ်စရာ လက်နက် မရှိတဲ့
တန့်ဆည်။

လက်ညှိုး ထိုးစရာ
ရှစ်ဆယ့်ရှစ်က လွဲလို့
တန့်ဆည်ဟာ နာမည်ပျက် မရှိဘူး။

အရင်က တန့်ဆည်ဟာ
တန့်ဆည် မဟုတ်သလို အိပ်စက်မှုန်ဝါးလို့
အခု တန့်ဆည်ဟာ
တန့်ဆည် မဟုတ်သလို
တရုတ်ပြည် သေမင်းကို ခွစီးလို့။

ကိုလူဇော်သစ်ရေ..
ကျုပ်တို့ ခဏခဏ ဆာလောင်ခဲ့တဲ့
တန့်ဆည်ရဲ့ အကြောင်းခံစိတ်
ဘယ်တော့များ လက်မ ထောင်နိုင်ပါ့မလဲ။

တန့်ဆည်က ကဗျာဆရာ
ရန်ကုန်မှာ ကိုယ့်အနံ့ကို လိုက်ရှာနေလေရဲ့ ။

ဆူးရင့်၊တန့်ဆည်၊

LinkWithin

Related Posts with Thumbnails