Thursday, July 15, 2010

မုဆိုးမတစ်ယောက်ရဲ့ ကောက်ကြောင်း

တစ်နေထွက် တစ်နေ၀င်
ခြင်္သေ့စား သဲပြင် အိမ်ဦးနတ်က
တမလွန်သွား တောလားနဲ့ အသိုက်ဟောင်းကို ဖျက်ခဲ့။

ဆည်းဆာရောင် လင်သေမ အိပ်ခန်း
ပွင့်ဖတ်တို့ ခြောက်သွေ့ စည်ဝေ
မျက်ရည်တော ထောင်းထောင်းထ
အိပ်မက်ထဲအထိ မိုးတွေ လိုက်ရွာနေပါလား။

သူမဟာ
အခြေယိုင် ကလေးတစ်သိုက် အနာဂတ်ကို
ကြက်ထုတ်ထိုးရင်း
ဝုန်းဒိုင်းကြဲ ရိုက်ချက်ရှရှလေးတွေ
တွေးရင်း တွေးရင်း
လွမ်းတတ်ခဲ့တယ်။

သူမဟာ
လျှာအကြောအမျှင် ရသာရုံ ဈေးကွက်ကို
ကြက်ထုတ်ထိုးရင်း
လည်မျိုညှစ် ဆွဲရမ်းခဲ့ဖူးတဲ့ ပုလင်းဟောင်းတွေ
တွေးရင်း တွေးရင်း
လွမ်းတတ်ခဲ့တယ်။

သူမဟာ
အရှက်လုံ ရောင်စုံပိတ်စကို
ကြက်ထုတ်ထိုးရင်း
သက်မဲ့ ရာသီ အစအနတွေ
တွေးရင်း တွေးရင်း
လွမ်းတတ်ခဲ့တယ်။

သူမဟာ
စိတ်ပြေးတိုင်း နောက်ကျခဲ့တဲ့ ကိုယ်ကို
ကြက်ထုတ်ထိုးရင်း
ဝါကျင့်ကျင့် အတိတ်နံ့တွေ
တွေးရင်း တွေးရင်း
လွမ်းတတ်ခဲ့တယ်။

နောက်ဆုံးတော့
မုဆိုးမတစ်ယောက်ရဲ့ သက္ကရာဇ်တွေဟာ
နှစ်ချို့ အလွမ်းကို
ကြက်ထုတ်ထိုးရင်း
အိပ်မက်ထဲအထိ မိုးတွေ လိုက်ရွာနေတုန်းပဲ။ ။

ဆူးရင့်၊တန့်ဆည်၊

No comments:

LinkWithin

Related Posts with Thumbnails