Tuesday, July 13, 2010

တန့်ဆည် (သို့) ဂျာလင်း မြို့တော်

ကာရန်မဲ့ စိတ်ကူးသစ်မျဉ်းများ
ငါ့ကို ကြိုးအဆုံးထိ
လွှတ်တင် မိုက်မဲခဲ့ပြီ။

အမှန် အမှားကို ထုဆစ်တတ်ပုံက အစ
တန့်ဆည်ဆိုတာ
မျှော်လင့်ချက်နဲ့ အတောင်ပေါက်လာတဲ့
ရည်းစားဦး။

လွမ်းချင်စရာ မကောင်းတဲ့
ငါ့ မထွန်းကားမှုက
ပင့်သက် အလျား အနံ ရှည်ဝေး
ကိုယ့်အနံ့ကိုတောင် ပြန်လိုက်ရှာတဲ့ ငါ့ကို
တန့်ဆည်ဟာ
မျက်မှန်စိမ်းစိမ်းနဲ့ ချော့သိပ်လို့။

ကတ္တရာလို့ ခေါင်းစဉ်မှားခဲ့တဲ့ လမ်းတွေ
ရာသီအမျှ ပေါက်ပြဲ ဖုထစ်
အနောက်တိုင်း မိတ္တူ မဖောင်းပွသေးတဲ့ တန့်ဆည်ဟာ
ငါ ပြန်လာတိုင်း
အပျိုရည်မပျက် စောင့်ကြိုနေခဲ့။

မြို့ အတုနဲ့ တောဇာတ်သွင်းခံရတဲ့
တန့်ဆည်
ကြယ်ငေးရင်း ငါ့ကို မုန်းတဲ့
တန့်ဆည်
အမတ်ကြီး တစ်ယောက်က လွဲလို့
ပစ်ခတ်စရာ လက်နက် မရှိတဲ့
တန့်ဆည်။

လက်ညှိုး ထိုးစရာ
ရှစ်ဆယ့်ရှစ်က လွဲလို့
တန့်ဆည်ဟာ နာမည်ပျက် မရှိဘူး။

အရင်က တန့်ဆည်ဟာ
တန့်ဆည် မဟုတ်သလို အိပ်စက်မှုန်ဝါးလို့
အခု တန့်ဆည်ဟာ
တန့်ဆည် မဟုတ်သလို
တရုတ်ပြည် သေမင်းကို ခွစီးလို့။

ကိုလူဇော်သစ်ရေ..
ကျုပ်တို့ ခဏခဏ ဆာလောင်ခဲ့တဲ့
တန့်ဆည်ရဲ့ အကြောင်းခံစိတ်
ဘယ်တော့များ လက်မ ထောင်နိုင်ပါ့မလဲ။

တန့်ဆည်က ကဗျာဆရာ
ရန်ကုန်မှာ ကိုယ့်အနံ့ကို လိုက်ရှာနေလေရဲ့ ။

ဆူးရင့်၊တန့်ဆည်၊

No comments:

LinkWithin

Related Posts with Thumbnails