Saturday, September 26, 2009

သရုပ်ဆောင်

ကောင်းကင်ဘုံမှ သံသယများ ရေရော၍ ပြီးဆုံးပြီ ဆိုလျှင်
ယာယီတည်မြဲမှု အပျက်အယွင်း၏ လက္ခဏာသည်
လူနှင့် မသက်ဆိုင်သော ဓားပျော့တစ်ချောင်းအဖြစ်။

မသက်မသာ သက်ရောက်လာသည့် သက်ရောက်အရှိတရားတို့
ဆန်ပြုတ်သောက်နိုင်သည့် အခြေအနေအထိ နာလန်မထသေး။

လိင်စိတ်၊ ကူးလူးဆက်ဆံခွင့်၊ ဖြစ်တည်မှု၊ ဗဟုဝါဒ
ဒေါင့်စွန်းတွင် အရေပြားတို့ ယားယံ ဆွေးမြေ့နေ၏။
ယားနာ မဟုတ်သဖြင့် တမာကို မသုံးခြင်းလား။
အထောက်အထား သပ်ရပ်စွာ ငေါ့ငေါ့ပြနေရသော မေးများ ခိုင်မာနေသည်။
ခိုင်နေသော မေးများ၌ မေးခိုင်ရောဂါပိုး ရှိ+မရှိ
စိုင်းမိသော မြင်းသည် ငါ့မြင်းမဟုတ်သလို စစ်ကိုင်းသို့ မရောက်
ထိုးမိသော လှေသည် ငါ့လှေမဟုတ်သလို ပဲခူးသို့ မဆိုက်
တစ်စုံတစ်ရာ မသက်ဆိုင်သော တိမ်မျှင်ဖွေးဖွေးသည်
အသွင် အပြင်ေ၀၀ါးခဲ့ရပြီ။

သို့
စိတ်ချင်း ချည်နှောင်ခဲ့သော ကြိုးလေး.......
အားလပ်သည့်အချိန် ပိုက်ပြွန်နဲ့ ဆေးထိုးအပ်တစ်ချောင်းကို ရှာပါ
ကမ်းလွန်နံရံပေါ် စက္ကန့်၏ လက်များ မချိပ်တွယ်မှီ
မေ့ဆေး လိုအပ်ခဲ့တာ မလိုအပ်တာ
ရုပ်ဝတ္ထု ဆာလောင်တာ သုံးမရတာ
ပွဲမလန့်သေး၍ ဖျာတစ်ချပ် အသုံးဝင်တာ မ၀င်တာ
ရွဲ့စောင်းတာ၊ ကန့်လန့်တိုက်တာ၊ အဆီအငေါ် မတည့်တာ
လွဲချော်တာ၊ ဘ၀ခြားတာ၊ မတူညီတာ။

ပွေလိမ် ကွေ့ကောက်သည့် လမ်းမများအကြား
ဆွံ့အ ငေးငိုင်နေသော ဘ၀၊ လုံခြုံမှု မရှိပါ။
ဂျင်းဘောင်းဘီထဲက တစ်သက်စာ မရှိခြင်းကို လိုက်ရှာသူ
ငါ့တီရှပ်မှာ မင်းနာမည်ပါတဲ့ အရောင်ကို ရွေးခြယ်ခဲ့ပြီးနောက်
အမြင့်ဆုံး ရောက်ဖို့ အမြန်လို ရဲဝံ့စိတ် “ မျှော်လင့်ချက် မိုင်း ”

လူစိတ် မရှိသော တစ်ချို့ သတ္တ၀ါ ဝေနေယျ
မိုးအစက်စက်၏ အက်စ်ဓာတ်
အွန်လိုင်းစနစ်ဖြစ် အိမ်အရောက် ပို့ပေးနေသော
ဘေးဆိုး ကပ်ဆိုး ရောဂါ၊ အမှိုက် သရိုက်
ကမ္ဘာ့ အနာအဆာ ပူနွေး ပေါက်ပြဲမှုက အစ
မာကြောဖို့ အကြောမမာနိုင်သည့် စိတ်ဓာတ်တွေ အဆုံး။

ရရာခွက်နဲ့ ခပ်ယူဖို့ ရေ
ရေရှားတဲ့ မိုးနည်းရပ်ဝန်း
ခေတ်က ရေအကြောင်း တွင်တွင်ပြောမည်
ဦးထုပ်ဆောင်းပြီး လမ်းလျှောက်ဖို့ ဖိတ်ခေါ်မည်
ကျိုးကြေနေသော စိတ္တဇဖြင့် ရေချိုးခန်း ၀င်မည်။

ရေမလျှံသော နေ့ရက်များ အတွက်
ခင်ဗျား အပေါက်အပြဲကို စာနယ်ဇင်းမှာ ကြော်ငြာပါ
ဖန်သားပြင်မှာ မြင့်တင်ရေး လုပ်ပါ
မျက်မှောက်ခေတ် စကားပုံ ပရိယာယ်တွေဟာ
“ ကြာကြာ ၀ါးမှ အချိုကို တွေ့ရတတ်သည် ”

ဥာဏ်မီသလောက် အဖြေလွှာမှာ ရေးထည့်
မေးခွန်းရဲ့ မွန်းကျပ်မှုနဲ့ အဖြေထွက်လာနိုင်သည့်
သိစိတ် မသိစိတ် အလျင်
“ မပြည့်စုံသော နေ့ရက်တို့ကို သင်ခေါ်မလာပါနှင့် ”
သည်စာကြောင်းကို များစွား ရေးမထားသော်လည်း
အကြိမ်ပေါင်း ရာထောင်မက ဖတ်ရှုသင့်ပါသလား။

ယုံကြည်မှုကို အပေါင်းအသင်းက
တည်ဆောက်သည် ဖျက်ဆီးသည်
မျှော်လင့်ချက်ကို ချစ်သူက
ပေးအပ်သည် ချေဖျက်သည်
ရေးလက်စ ၀ါကျအားလုံး အစအဆုံး
ငါဆက်၍ အော်နိုင်+ မအော်နိုင်။

မသိနိုင်ကြသဖြင့် သိခွင့်မရှိသော
မောဟ၏ အမှားတစ်ထောင်တွင်
တစ်/ရာခိုင်နှုန်း၏ ရာခိုင်နှုန်း/တစ်
အမှန်တရား....သရုပ်မှန်.... မှန်တစ်ချပ်
နှလုံးသားတွင် စိတ်ချင်းချည်နှောင်မိသူ
တိရစ္ဆာန်၊ နာနာဘာဝ၊ ဘေးအန္တရာယ်၊ ရောဂါပိုး
ဘာသာ သဘာဝ အက္ခရာများ ချရေးအပြီး
ဒီကဗျာကို အဆုံးမသတ်သေးကြောင်း
ကြော်ငြာရဦးမည်။ ။

ဆူးရင့်၊တန့်ဆည်၊





Thursday, September 24, 2009

အိပ်မက်















။တစ်။

ချစ်ခြင်းကို ဖွဲ့သီဖို့ ငါ့ရင်မှာ
မွန်းကျပ်မှု အသင်္ချေနဲ့ ရှူရှိုက်ခဲ့ရတယ်။
သတိရမှုတွေ လွတ်ထွက်မသွားအောင်
ငါ့မှာ ချည်နှောင်ခဲ့ရတယ်။
တမ်းတမှုတွေ အငွေ့မပျံအောင်
ငါ့မှာ လှစ်ဟခဲ့ရတယ်။
စွဲလမ်းမှုတွေ ပုတ်သိုးမသွားအောင်
ငါ့မှာ အေးစက်ခဲ့ရတယ်။
မင်းအသံလေးတွေ ခါးမသွားအောင်
ငါ့မှာ ဂရုစိုက်ပြီး အချိုကဲခဲ့ရတယ်။
မင်းပုံရိပ်တွေကို ပျောက်မသွားအောင်
ငါ့မှာ ငြို့ယူခဲ့ရတယ်။
ရင်ခုန်သံတွေ ရပ်တန့် မသွားအောင်
ငါ့မှာ ဆုတ်ကိုင်လှုပ်ရမ်းခဲ့ရတယ်။


မင်းလျှောက်ခဲ့တဲ့ လမ်းတွေရော
မင်းပျောက်သွားတဲ့ လမ်းတွေပါ
ငါ့မှာ ခြေရာခံ စုစည်းခဲ့ရတယ်။
မင်းသုံးစွဲခဲ့တဲ့ မိတ်ကပ် သနပ်ခါးတွေက အစ
မင်းကြိုက်တတ်တဲ့ အစားအစာ အရောင်တွေ အဆုံး
မင်းနင်းချေပြီးသား စာမျက်နှာတွေပါ
ငါမှာ ရှာဖွေမှတ်သားခဲ့ရတယ်။


မင်းဟာ အမုန်းဆီ ဦးတည်လျှောက်လှမ်းနေတဲ့
နှလုံးသား ကျောက်ဖြစ်ရုပ်ကြွင်းလား။
ခံစားချက်မရှိတဲ့
မိုးတိမ်အတုလား။
မာကျောခက်ထန်တဲ့
ပန်းတစ်ပွင့်လား။
သံယောဇဉ်ကို ရိတ်သိမ်းနိုင်တဲ့
မှော်ပညာရှင်လား။
အရာရာ ကွန်မန့်ပေးလို့ရတဲ့
နည်းပညာသစ် စက်ရုပ်တစ်မျိုးလား။


မင်းထားခဲ့သလို မနေတတ်တော့
ငါ့မှာ ကြိုးတွေနဲ့ ရုန်းရခက် လှုပ်ရှားရခက်
ငါ မင်းကို လိုက်ရှာနေပါတယ်
မလွတ်လပ်တဲ့ ကိုယ်ခံအားနဲ့
မင်းကို ငါလိုက်ရှာနေတယ်
ဟုတ်တယ်
တစ်ညလုံး မင်းကို လိုက်ရှာနေခဲ့တဲ့ ငါ


စိတ်လိုလက်ရ တောင်းဆိုခွင့် မရှိသလို
စိတ်လိုတိုင်း လက်ကမရနိုင်ခဲ့ဘူး
မပြတ်သားတဲ့ ရင်းနှီးမှုနဲ့
ငါ့မျှော်လင့်ချက်ဟာ ဝေးဝေးလာခဲ့တယ်
မျှော်လင့်ချက် မကင်းတဲ့ သီချင်းတွေ မဆိုချင်တော့ဘူး
မျှော်လင့်ချက် မကင်းတဲ့ ထမင်းတွေ မစားချင်တော့ဘူး
မျှော်လင့်ချက် မရှိရင် အရာရာ ပေါ့ပါးနေလိမ့်မယ်
ဘာမျှော်လင့်ချက်မှ မရှိဘဲ ငါ မင်းကို လိုက်ရှာနေတယ်


တွေ့တွေ့ မတွေ့တွေ့ ငါမှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး
မင်းကို ငါ လိုက်ရှာနေသလို
ငါ့ကိုယ်ငါတော့ သိမ်းဆည်းဝှက်ကွယ်ထားလိုက်တယ်
မင်းနားထင်ဆီ ရောက်နေတဲ့ သွေးတွေ
တရားမှတ်ရင်း ဖောက်ထုတ်ပစ်လိုက်ပါ။
မင်းဆံဖျားထက် ရှည်ထွက်နေတဲ့
မာနအကိုင်းအခက်တွေ
တရားမှတ်ရင်း ဖြတ်တောက်ပစ်ပါ။
ဘ၀သံသရာကို စောစီးစွာ
ကန့်လန့်ကာချနိုင်ပါစေ။
ငါ့ကို အမြဲတမ်း အနိုင်ယူနိုင်ပါစေ။
ငါ့အားနည်းချက် မြေနိမ့်ပိုင်းကို လှံစိုက်နိုင်ပါစေ။
ငါ မင်းကို လိုက်ရှာနေပါတယ်။


။နှစ်။

အခမ်းအနား တစ်ခုမှာ
မသဲမကွဲ မင်းကို တွေ့ရတယ်
အဲဒီပွဲမှာ မင်းက အခရာ
သိုးဆောင်းဘာသာ စကားတွေနဲ့
ဆက်၍ဆက်၍ အစီအစဉ်တွေကို လှုပ်ရှားသွားစေတယ်။


မင်းရဲ့ စကားသံတွေကို ကြားနေရပေမယ့်
ငါ လုံးဝ နားမလည်နိုင်ခဲ့။
မင်းဟာ ဧည့်ပရိသတ် အလယ်မှာ
ရဲရင့်ခဲ့တဲ့ ခြင်္သေ့မတစ်ကောင်ပဲ။
မျက်နှာပန်းလှလှ သွက်လက်နေလိုက်တာ
ငါကတော့ အရင်လို အညတရ
မင်းရဲ့ အောင်မြင်မှုကို ပရိသတ်အပြင်ကနေ
တိတ်တိတ်လေးသာ ကြည့်ခွင့်ရခဲ့သူ။


အဲဒီ အခမ်းအနားဟာ
ဘာကို ကိုယ်စားပြု
ရည်ညွှန်းတဲ့ အခမ်းအနားလဲ။


မင်္ဂလာဧည့်ခံပွဲလား
မွေးနေ့ဧည့်ခံပွဲလား
စေ့စပ်ပွဲလား
စုံညီပွဲလား
ဆုနှင်းသဘင်ပွဲလား
ရှင်ပြု နားသ အလှူတော်မင်္ဂလာပွဲလား
နည်းပညာ နှီးနှောဖလယ်ပွဲလား
ထိပ်သီး ဆွေးနွေးပွဲလား
အဲဒီအခမ်းအနားဟာ
ဘာပွဲရဲ့ အခမ်းအနားလဲ
ငါတကယ် မသိခဲ့ပါဘူး။
ငါဟာ အဲဒီပွဲနဲ့
လုံးဝ မပတ်သတ်တဲ့ သာမာန်လူတစ်ယောက်ပါ။


အခမ်းအနားပြီးဆုံးတော့
ကားတစ်စီးဆီ မင်းလျှောက်လာတယ်
ဒါဟာ မင်းရုပ်လွှာကို
ပီပီပြင်ပြင် မြင်ခွင့်ရတဲ့ မြင်ကွင်းတစ်ခုပဲ။


ငါသိဖူးတဲ့ အရင်ကရုပ်နဲ့
အခုမြင်နေရတဲ့ မင်းရဲ့ပုံဟာ ကွဲလွဲနေသလို
မင်း တကယ်ကို သားသားနားနား တည်ရှိနေခဲ့ပါတယ်
ငါမင်းကို မှတ်မိနိုင်ပေမယ့်
မင်းအတွက်တော့ ငါဟာ တစိမ်းတရံ ဖြစ်လို့။
နှုတ်ဆက်နိုးနိုးနဲ့ ငါမင်းကို ကြည့်နေခဲ့တယ်
ဘာမျှော်လင့်ချက်မှ မရှိခဲ့တာဟာ အရင်အတိုင်း။


ကားတစ်စီးဟာ မင်းကို သယ်ဆောင်ပြီး
“ ၀ူး ”ခနဲ့ မောင်းထွက်သွားတယ်
ငါ့ကိုယ်ငါ သယ်ဆောင်ပြီး
ဒေါင့်ကွေးလေးတစ်ခုမှာ
အိပ်စက်နေလိုက်တယ်
ဘာမျှော်လင့်ချက်မှ မရှိဘဲ
ငါ မင်းကို လိုက်ရှာနေပါဦးမယ်။


။သုံး။

မင်း ငါ့ဆီရောက်လာခဲ့တဲ့ကြောင်း
ငါ့အိပ်စက်ခြင်းတွေ ပျက်စီးသွားမှာစိုးပြီး
မနှိုးခိုင်းတဲ့အကြောင်း
မင်းရောက်ကြောင်းကို စာနဲ့ရေးပြီး
ထားခဲ့မလိုနဲ့ မထားခဲ့ဘဲ ပြန်ယူသွားတဲ့အကြောင်း
မင်းရဲ့အလှအပများအကြောင်း
မင်းတော်ကြောင်း တတ်ကြောင်း
အကြောင်းပေါင်းများစွာကို
ငါနိုးလာတော့
ဘေးကလူတစ်ယောက်ကပြောပြတယ်။


တကယ်တော့ မင်းဟာ
ပတ္တမြားမြေကနေ
ဘယ်လို ဘယ်ပုံ ရန်ကုန်ကိုရောက်နေတာလဲ
ငါမသိလိုက်ရပါလား။
မင်းရှိနိုင်မယ့်နေရာတွေ
ငါလိုက်ရှာခဲ့ပါတယ်။


လမ်းခုလတ်မှာ ကြုံတွေ့ရတဲ့
လူသတ်ပွဲတစ်ခုက မကြည့်ရက်စရာပဲ။
ဟုတ်တယ်
အားကောင်း မောင်းသန်လူတစ်ယောက်က
လူတွေကို လိုက်သတ်နေတာ
သူသတ်တဲ့လူတွေက
ဝေဒနာသည်တွေ
ရောဂါသည်တွေ
မသန်စွမ်းသူတွေ
ကိုယ်အင်္ဂါချို့တဲ့သူတွေ
သွေးပျက်စရာပါပဲ။


ခေါင်းကိုတူနဲ့ ဆက်တိုက်ထုနှက်တယ်
စီးကျလာတဲ့သွေးတွေ၊
နောက်ခန္ဓာကိုယ် အနှံ့
ဓါးနဲ့ခုတ်တယ်၊ ထစ်တယ်၊
သွေးတွေစီးကျလာပြန်တယ်။


တစ်ယောက်၊ နှစ်ယောက်
သုံးယောက်၊ လေးယောက်
ငါးယောက်၊ ခြောက်ယောက်
အို ----- အများကြီးပါပဲ
သွေးအိုင်ထဲ လဲနေတဲ့ လူတွေ
သွေးအိုင်ထဲ သေနေတဲ့ လူတွေ
အော်သံတွေ
အကူအညီ တောင်းသံတွေ
ငြီးတွားသံတွေ
တကယ့်ကို သွေးပျက်စရာ မြင်ကွင်းကြီးတစ်ခု။


လမ်းပေါ်မှာသွေးတွေစီးနေတယ်
ရေတွေစီးသလို
သွေးတွေ လမ်းပေါ်မှာစီးနေခဲ့တာ
အဲဒီ သွေးချောင်းကို ဖြတ်ကျော်ပြီး
မင်းရှိနိုင်မယ့်နေရာတွေ ငါလိုက်ရှာခဲ့တယ်
ဘာ မျှော်လင့်ချက်မှ မရှိတော့၊


မင်းတည်းခိုတဲ့ အိမ်ကိုရောက်တော့
အိမ်ရှင်တွေက
“မင်း ငါ့ဆီကို သွားတယ်”လို့ ပြောတယ်။
လွဲချော်မှုတွေနဲ့ ငါ ခလုတ်တိုက်လဲကျသွားခဲ့ပြီ။

မျှော်လင့်ချက် မရှိတဲ့
မျက်ဝန်းတစ်စုံဟာ
သွေးတွေ စီးကျလာတယ်။
ဟိုအဝေး သွေးချောင်းက
သွေးတွေဟာ စီးဆင်းလာတယ်။


သွေးတွေ
သွေးတွေ
သွေးတွေ
ငါ့ကို နစ်မြုတ်ပြီး
သယ်ဆောင်သွားကြတယ်။


ငါ တကယ် သေဆုံးသွားပြီလား
မသေဆုံးသေးဘူးလား
ငါမသိခဲ့ဘူး။
ငါ ဘာမှ မသိတော့ဘူး။


။လေး။

ငါ အိပ်မက်က လန့်နိုးလာခဲ့တယ်
ဘယ်လို အိပ်မက်တွေလဲ
ဘယ်လို ဖြစ်စဉ်တွေလဲ
ရေ တစ်ခွက် ထသောက်လိုက်တယ်
အိပ်မက်ထဲမှာလို
မင်း သားနားနိုင်ဖို့ ဆုတောင်းတယ်။
မျှော်လင့်ချက် မရှိဘဲ
ငါ မင်းကို လိုက်ရှာနေပါဦးမယ်။

ပြီးပါပြီ
ဆူးရင့်၊တန့်ဆည်၊
(၂၃၊ ၉ ၊ ၂၀၀၉)
အိပ်မက်တစ်ခုကို ခံစားပါသည်။

Friday, September 18, 2009

ပင့်ကူအန် တိမ်တိုက်မှ ကဗျာစာမူများ ဖိတ်ခေါ်ခြင်း

အောက်တိုဘာ (၂၉)ရက်တွင် ကျရောက်မယ့်
ကျွန်တော့်ရဲ့ မွေးနေ့အမှတ်တရအဖြစ်
မနှစ်က ကျွန်တော် ပြုလုပ်ခဲ့တဲ့
“ အခြားတစ်ဖက်မှ နေ၍ ” ကဗျာစာအုပ်လေးလို
ဒီနှစ်မှာလည်း အမှတ်တရ E-Book ကဗျာစာအုပ်လေး
ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် ကဗျာကို ချစ်သော
ကဗျာဆရာ/ဆရာမများ၊ ကဗျာဘလော့ဂါညီကို
မောင်နှမများ အနေနဲ့ ကဗျာများ ပေးပို့နိုင်ပါတယ်။
ပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါတယ်။

ပေးပို့ရမယ့် လိပ်စာကတော့
sueyint@gmail.com (or)
yy@sueyint.com
ဖြစ်ပါတယ်။ ။

အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ.......။
ဆူးရင့်၊တန့်ဆည်၊

Wednesday, September 16, 2009

မွေးနေ့ ပုံဆောင်ခဲများ

သံဝေဂနဲ့ တစ်နေ့ထက်တစ်နေ့ ရင့်ကျက်ခဲ့
လျှောက်ခဲ့ရာ လမ်းများပေါ်
မွေးနေ့ဆိုတာတွေ ဖြတ်ကျော်သွားခဲ့ရာ
ငါရရှိခဲ့သော အဓိပ္ပာယ်တွေ
လူလားမြောက်ခဲ့ရဲ့လား။

မွေးနေ့လက်ဆောင်မလိုအပ်တဲ့ မွေးနေ့မှာ
ငါတကယ်လိုအပ်နေတာက
စစ်စစ်မှန်မှန် ပျော်ရွှင်မှုများသာ
ဘ၀ကို တစ်ဆင့်ချင်းစီ
ပြန်ဖတ်ရှုကြည့်လိုက်တော့
ဆုံးရှုံးခဲ့ရသော ချစ်ခြင်းတရားများ
တဖျစ်ဖျစ်တောက်ပနေသော သောကများ

နွေးထွေးမှု ငတ်ခဲ့ရသော အိမ်ပြန်ချိန်များထဲမှာ
ငါဟာ မရဏကမ်းပါးရဲ့
မြူမှုန်လေး တစ်စက်သာဖြစ်နေရဲ့

အရိုးသားဆုံး ရှင်သန်ခြင်သော
ဖြစ်တည်မှုမှာ လိုအပ်ချက်ရဲ့
အသံထွက်တို့သာ တချွင်ချွင်တောက်ပလို့ ။



သွေး(စစ်ကိုင်း)

ရွေ့ လျားမှု မှတ်တမ်း

ဒုက္ခနဲ့ရတဲ့ နောင်တမျိုး
သောကနဲ့ရတဲ့နောင်တမျိုး
အလွမ်းခန်းတွေကို ဇာတ်မတိုက်ချင်ဘူး

ခပ်ပါးပါး ဆင်ခြင်တုံတရားနဲ့
ခပ်ပါးပါးယဉ်ကျေးမှုတွေကို
တည့်တည့်တိုး
ပြောမထွက်တဲ့ ခေတ်တစ်ခေတ်အကြောင်း
ခပ်ပါးပါးလေး ပြုံးပြနှုတ်ဆက်ကြမယ်

ကြိယာတစ်ခုနောက် ကြိယာဝိသေသန ထပ်ဖြည့်တယ်
နာမ်တစ်ခုနောက် နာမ၀ိသေသန ထပ်ဖြည့်တယ်
ဝါးပြီးရင် ၀ါးချင်ပါးစပ်တွေက သံချပ်ကာဝတ်လို့
သံသရာဆီ မိတ်ဆက်စာ ရေးကြတယ်

လပြည့်ညတွေ စောင့်ဆိုင်းနေရုံ မပြီးဘူး
ဓမ္မနဲ့ အဓမ္မကို ခွဲခြားနိုင်ဖို့လိုတယ်
လူများလူနိုင်ဆိုပေမယ့်
ကိုယ်ရှို့တဲ့မီး ကိုယ်နိုင်ဖို့ တော်တော်လိုတယ်
ကိုယ်သွယ်တန်းတဲ့ သံယောဇဉ်
ကိုယ်ဖြတ်နိုင်ဖို့ လိုတယ်

အတောင်ကိုယ်စီ ငှက်ကလေးတွေ
ခမ်းနားတဲ့ ပိုက်ကွန်ထဲ
အတင်းတိုးဝင်နေတာတွေ့တော့
ကိုယ့်ဇာတာနဲ့ ကိုယ့်မာယာကို
သီအိုရမ်တစ်ခု တည်ဆောင်ကြရုံပေါ့ ။



နွေဦးကို

LinkWithin

Related Posts with Thumbnails