Friday, September 18, 2009

ပင့်ကူအန် တိမ်တိုက်မှ ကဗျာစာမူများ ဖိတ်ခေါ်ခြင်း

အောက်တိုဘာ (၂၉)ရက်တွင် ကျရောက်မယ့်
ကျွန်တော့်ရဲ့ မွေးနေ့အမှတ်တရအဖြစ်
မနှစ်က ကျွန်တော် ပြုလုပ်ခဲ့တဲ့
“ အခြားတစ်ဖက်မှ နေ၍ ” ကဗျာစာအုပ်လေးလို
ဒီနှစ်မှာလည်း အမှတ်တရ E-Book ကဗျာစာအုပ်လေး
ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် ကဗျာကို ချစ်သော
ကဗျာဆရာ/ဆရာမများ၊ ကဗျာဘလော့ဂါညီကို
မောင်နှမများ အနေနဲ့ ကဗျာများ ပေးပို့နိုင်ပါတယ်။
ပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါတယ်။

ပေးပို့ရမယ့် လိပ်စာကတော့
sueyint@gmail.com (or)
yy@sueyint.com
ဖြစ်ပါတယ်။ ။

အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ.......။
ဆူးရင့်၊တန့်ဆည်၊

Wednesday, September 16, 2009

မွေးနေ့ ပုံဆောင်ခဲများ

သံဝေဂနဲ့ တစ်နေ့ထက်တစ်နေ့ ရင့်ကျက်ခဲ့
လျှောက်ခဲ့ရာ လမ်းများပေါ်
မွေးနေ့ဆိုတာတွေ ဖြတ်ကျော်သွားခဲ့ရာ
ငါရရှိခဲ့သော အဓိပ္ပာယ်တွေ
လူလားမြောက်ခဲ့ရဲ့လား။

မွေးနေ့လက်ဆောင်မလိုအပ်တဲ့ မွေးနေ့မှာ
ငါတကယ်လိုအပ်နေတာက
စစ်စစ်မှန်မှန် ပျော်ရွှင်မှုများသာ
ဘ၀ကို တစ်ဆင့်ချင်းစီ
ပြန်ဖတ်ရှုကြည့်လိုက်တော့
ဆုံးရှုံးခဲ့ရသော ချစ်ခြင်းတရားများ
တဖျစ်ဖျစ်တောက်ပနေသော သောကများ

နွေးထွေးမှု ငတ်ခဲ့ရသော အိမ်ပြန်ချိန်များထဲမှာ
ငါဟာ မရဏကမ်းပါးရဲ့
မြူမှုန်လေး တစ်စက်သာဖြစ်နေရဲ့

အရိုးသားဆုံး ရှင်သန်ခြင်သော
ဖြစ်တည်မှုမှာ လိုအပ်ချက်ရဲ့
အသံထွက်တို့သာ တချွင်ချွင်တောက်ပလို့ ။



သွေး(စစ်ကိုင်း)

ရွေ့ လျားမှု မှတ်တမ်း

ဒုက္ခနဲ့ရတဲ့ နောင်တမျိုး
သောကနဲ့ရတဲ့နောင်တမျိုး
အလွမ်းခန်းတွေကို ဇာတ်မတိုက်ချင်ဘူး

ခပ်ပါးပါး ဆင်ခြင်တုံတရားနဲ့
ခပ်ပါးပါးယဉ်ကျေးမှုတွေကို
တည့်တည့်တိုး
ပြောမထွက်တဲ့ ခေတ်တစ်ခေတ်အကြောင်း
ခပ်ပါးပါးလေး ပြုံးပြနှုတ်ဆက်ကြမယ်

ကြိယာတစ်ခုနောက် ကြိယာဝိသေသန ထပ်ဖြည့်တယ်
နာမ်တစ်ခုနောက် နာမ၀ိသေသန ထပ်ဖြည့်တယ်
ဝါးပြီးရင် ၀ါးချင်ပါးစပ်တွေက သံချပ်ကာဝတ်လို့
သံသရာဆီ မိတ်ဆက်စာ ရေးကြတယ်

လပြည့်ညတွေ စောင့်ဆိုင်းနေရုံ မပြီးဘူး
ဓမ္မနဲ့ အဓမ္မကို ခွဲခြားနိုင်ဖို့လိုတယ်
လူများလူနိုင်ဆိုပေမယ့်
ကိုယ်ရှို့တဲ့မီး ကိုယ်နိုင်ဖို့ တော်တော်လိုတယ်
ကိုယ်သွယ်တန်းတဲ့ သံယောဇဉ်
ကိုယ်ဖြတ်နိုင်ဖို့ လိုတယ်

အတောင်ကိုယ်စီ ငှက်ကလေးတွေ
ခမ်းနားတဲ့ ပိုက်ကွန်ထဲ
အတင်းတိုးဝင်နေတာတွေ့တော့
ကိုယ့်ဇာတာနဲ့ ကိုယ့်မာယာကို
သီအိုရမ်တစ်ခု တည်ဆောင်ကြရုံပေါ့ ။



နွေဦးကို

လမ်းညွှန်ပြားတွေနောက် လိုက်ကြည့်သော အခါ

“ရူးချင်ယောင်ဆောင်သောသူသည် ကုရခက်သည်”
အဲဒီဆိုင်းဘုတ် ဘယ်ဘက်ကိုချိုး
နောက်
“အောက်တန်းကျ စိတ်ဓာတ်များ စုပုံထားရန်”
ထပ်ပြီး ညာဘက်ကိုလာ
“သတိ-ရှေ့ခရီးတွင် ခွဲခြားဆက်ဆံတတ်သူများ ရှိသည်”
တစ်ပြလောက် ဆက်လျှောက်လိုက်
“ မိတ်ဆွေ - မိတ်ဆွေဆိုတာ ခေါ်ခဲ့ပါ”
စိတ်ပျက်မနေနဲ့ အခုလမ်းအဆုံးလေးကို ကွေ့သွား
“ လိင်ကိစ္စ၊ ငွေကြေး၊ ချစ်မေတ္တာ၊ ဂုဏ်ရှိန်ဝါ၊ လူသားအမြင်”
ကုန်းပြေပြေလေးကနေ
စမ်းချောင်းလေးတွေ့ရမယ
် ပြီးရင်
ပါလာတဲ့ အသက်ကို ခပ်၀၀ရှူ
ဇရပ်တစ်ခုကို တွေ့လိမ့်မယ်
ဘယ်သူမှ မရှိဘူး မထင်နဲ့
ဝိညာဉ်လေးတွေကို ခရီးသွားဖေါ်အဖြစ် ဆောင်ထား
“ငါသိပ်ခင်ရတဲ့ ငါကို ခင်းလျှောက်ဖို့ စောင့်နေတယ်”
သိပ်ကျယ်ပြောတယ်
မာယာ၊ ပဉ္စလက်၊ ၀င်္ကဘာ၊ မှော်ရုံ
စိတ်တွေကို ဖောင်ဖွဲ့လိုက်
စိတ်တွေကို အလီမှတ်လိုက်
စိတ်တွေကို အဖေါ်မဲ့ ပစ်ထားလိုက်
တစ်ခုခုကို မြင်လိမ့်မယ်
ငါလား နက်ရှိုင်းခြင်းလား
သုခတရာလို လိမ်းကျံထားတဲ့
ဒုက္ခတရားလား
နောက်ထပ်ငါပွားလေးလား
ရောက်တော့ ရောက်ချင်နေပြီ
“မသိသေးတဲ့ သိခြင်းတရားရှိရာဆီသို့”

နွေဦးကို

ပျောက်ဆုံးခြင်းရဲ့ ဆန္ဒ

အတိတ်ကို မကြည့်ဘဲ
ငါတို့ အနာဂတ်ကို ဘယ်လိုဖြတ်သန်းရမှာလဲ
အတိတ်ဆီ ပို့ရမယ့် ပစ္စုပ္ပန်တွေမှာ
ငါတို့ဟာ ဘယ်လို သူရဲကောင်းမျိုးလဲ
မြတ်သောစိတ်ထားတွေနဲ့ ဘယ်နှည အိပ်စက်ပြီးပြီလဲ
ငါတို့ ရွေးခြယ်ထားတဲ့ အက္ခရာတွေက
ဖြူစင်ကြရဲ့လား

တကယ်ပါ ..
စိတ်ကူးနဲ့ လက်နဲ့ တည့်သွားတဲ့ နေ့မှာ
ပန်းချီဆရာက အနုပညာမြောက်
ပန်းချီကားတစ်ချပ်ရတယ်

တစစနဲ့ ကြွေခွင့်ရတဲ့ သဲပန်းပုလို
ဘ၀တွေဆိုတော့
စိတ်ကူးနဲ့ တည့်မယ့်နာရီ စက္ကန့်တွေ လိုချင်ကြမှာပေါ့
တစ်ရွက်ပြီးတစ်ရွက်
တစ်ရက်ပြီးတစ်ရက်
တစ်ယောက်ပြီး တစ်ယောက်
လေတိုက်နှုန်းနောက် လည်ပတ်ရတဲ့ လေဒလက်တစ်ခုလိုပဲ

ကိုယ်မွေးတဲ့ နေ့ဆိုးတွေ
ကိုယ့်ကို ပြန်မခြောက်စေနဲ့
ဟိုတုန်းကရယ် မနက်ဖြန်ရယ်ကြားမှာ
ငါတို့မက်နေတဲ့ အိပ်မက်တွေက မလန့်နိုးဖို့
လှပသော ပျောက်ဆုံးမှုသာ ဖြစ်သင့်တယ်။

နွေဦးကို

LinkWithin

Related Posts with Thumbnails