Friday, August 13, 2010

သံယောဇဉ် Virus

နေ့တစ်နေ့ရဲ့ အစောဆုံး စက္ကန့်လေးတွေက အစ မီးညွန့်တလူလူ တောက်လောင်နေတယ်
နောင်တကို ပျော့ညံ့ခြင်းလို့ ဘာသာပြန်ရင် ဖြစ်မလား
အမှောင်ကမ္ဘာထဲက အလင်းစက်ဟာ သေဆုံး ကွယ်ပျောက်လို့
သိစိတ် မသိစိတ်ဖြင့် ပြုလုပ်သည်၊ ရိုက်ချိုးသည်
စိန်ပြေးတမ်း ကစားပွဲဟာ (၂)နှစ်ခန့် ကြာမြင့်ခဲ့တယ်
ကန့်သတ်ချက်မဲ့ နယ်နိမိတ်အထိ ဖြည်းဖြည်းလေး ဝေးဝေး ပြေးပါ လမင်း
သက်လုံမကောင်းတဲ့ ခြေထောက်တွေသာ
ဖိအားတစ်ခုရဲ့ လှုံ့ဆော်မှုနဲ့ အမောဆို့ လဲကျ ကျန်ရစ်ခဲ့တာ
ကြမ်းပြင်ဟာ သွေးစက်တွေနဲ့ လှပလို့….လေတယ်
နာမည်ဟာ
ရေပန်းစား ကျော်ကြားလာမယ့် ကိုရီးယားမင်းသမီး
ချွာဂျန်ဝန် မဟုတ်သလို လီယွန်ဟီး မဟုတ်ဘူး
ပါ့ခ်ရှင်ဟီး မဟုတ်သလို ကင်ဆိုးယွန် မဟုတ်ဘူး
မွန်ဂိုးယောင် မဟုတ်သလို အင်ဂျိုအွန် မဟုတ်ဘူး
ဟန်နီလီ မဟုတ်သလို လီမင်ဂျန် မဟုတ်ဘူး
ချာဂျာဟွန် မဟုတ်သလို ဟန်ချေးယောင် မဟုတ်ဘူး
သွေးဆာနေတဲ့ ကြမ်းပိုးတွေမှာ နာမည်ရှိလား
ဝေနေတဲ့ အက္ခရာတွေ ဝေ့နေတဲ့ နိမိတ်ပုံတွေ ဝေးနေတဲ့ နီးစပ်မှုတွေ
ဝေးဝေး ဖြည်းဖြည်းလေး ပြေးပါလမင်း
လမ်းမဆုံးခင်မှာ ပန်းတိုင် ရှိလိမ့်မယ်
ကမ္ဘာ့စစ်တမ်းအရ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားဟာ
လူအသုံးအများဆုံးမို့ ပါလေရာ ငပေါတစ်ယောက်လို ဖြစ်ရော။့

အိပ်မက်က လန့်နိုးလာတယ်
@
ဟိုးတုန်းက ခေါ်သံများ သံချေးအထပ်ထပ်ကိုက်
အတိတ်ဟာ ဘုကိုလည်း မသိ၊ ဘကိုလည်း မသိ
သေတော့မယ့် လူတစ်ယောက်က
ဒိုင်ယာရီ မရေးဘဲ သေတမ်းစာရေးတယ်
ငါ့ လျှို့ဝှက်ချက်တွေက အစ
မင်း နာမည်ကို ရေးထိုးခဲ့တာ၊ ရေးရေးလေး မဟုတ်ဘူး
မသိဘူးလို့ ပြောတတ်တဲ့ မသိဘူးကတော့ ဘယ်သိမလဲ
ရင်ဘတ်ကို လက်နဲ့ဖိပြီး ဆက်ရေးနေပါတယ်...
အသက်ကို ဘာနဲ့မှ မထုတ်ပဲ လွှင့်ပစ်ထားပါတယ်
ခြင်တစ်ကောင်ကို သတ်တဲ့ လက်နဲ့ ရေးဖြစ်တဲ့ ဒီကဗျာဟာ
ငရဲလားမယ့် အနုပညာပေါ့။ ။

ဆူးရင့်၊တန့်ဆည်၊
၁၄၊ ၈၊ ၂၀၁၀

Wednesday, August 11, 2010

အက်ကွဲနေသော အပေါ်အခွံများ


ရင်အုံကို ဖွင့်ကြည့်တော့
သန်းခေါင်ကျော်
ခွေးလေ ခွေးလွင့်တွေလို စိတ်လေ စိတ်လွင့်၊


မရှိတဲ့ ညမို့ ကောင်းကင်ဆီ မငေးချင်။

အိပ်ဆေး မလုံလောက်တဲ့ ပြေးလွှားမှုမှာ
ပြဿဒ်ကအစ အမှိုက်တွေ မီးရှို့ပစ်လိုက်
လေစိမ်းလိုက်လို့ တံခါးပိတ်သလို နားကိုလည်း ပိတ်၊
တိတ်ဆိတ်ခြင်းက တကယ်ကို ဆူညံလွန်းတယ်။
ငါဟာ ငါကလွဲရင် ကိုးကွယ်မှု မရှိ၊
ရက်ရာဇာ ပြဿဒါးမရှိ၊
ကဗျာအတွက် ကျန်းမာရေးကိုတောင်
ဆိုးဆေးနဲ့ မယ်လမင်း ဆတူ ရောစပ်ထားရတယ်။
အသည်းကွဲနေတဲ့ ငနဲတွေ
ရော့ဒီမှာ အရက်ပြင်းပြင်း
ရော့ဒီမှာ ဒိုင်ယာစီဗင်
ရော့ဒီမှာ ဆေးပြင်းလိပ်နဲ့
ရောဒီမှာ ရှော့မရှိတဲ့ အညစ်အကြေးမလေးတွေ...။

ဖြတ်သန်းပတ်သက်သမျှ
nextနှိပ်၊
proxyလို ကျော်ခွ၊ ပြီးရင် ဆက်လျှောက်။
ဒါဟာ ဘူတာလား ဘတ်စ်ကားမှတ်တိုင်လား မမေးနဲ့
လူမနေတဲ့ အိမ်အိုတစ်လုံးလား မှော်ဆရာရဲ့ ပြကွက် အသစ်လား မမေးနဲ့
သန့်စင်ခန်းလား ပြာကျသွားတဲ့ လမင်းရဲ့ သုဿန်လား မမေးနဲ့

ဤယ် အမတ် ၅ ယောက် သတိုဝ်အကိုဝ်ရယ်ဆု ပိယ်တာဝ်မူသော
စသည်ဖြင့် ရေးထားတဲ့ ပထမအသင်္ခယာလင်မယားကျောက်စာလား မီးပြတိုက် အပျက်အယွင်းလား မမေးနဲ့။ ရယ်သံမပါတဲ့ ကောင်းကင်ဘုံလား စာနာမှုမရှိတဲ့ ဓာတ်ပေါင်းဖိုလား မမေးနဲ့
မြူမယ် မူမယ်ဆိုတဲ့ ပျက်လုံးထောင်ချောက်လား အမဲလိုက် သီချင်းလား မမေးနဲ့
on lineလား on lie လား မမေးနဲ့
အချစ် အမုန်းကြားက ပါးလွှာတဲ့ နယ်နိမိတ်တစ်ခုလား
ပြတ်သွားလို့ အသစ်ပြန်လျှော်ခိုင်းတဲ့ ဗလာသက်သက်လား မမေးနဲ့

အလျော့ပေးလို့
လိုက်လျှောလို့
နုံခဲ့တာ
အ ခဲ့တာ
တုံးတော့ မထက်တာ။
ပန်းလို ကြွေဖို့ စိတ်ကူးထားရင်
သေသလိုသာ နေနေလိုက်စို့
အပေါ်ယံဆန်တဲ့ ခေတ်ထဲ ခေါင်းကို မော့၊ ရင်ကို ကော့ထား
နောက်ကျောကို ဓားနဲ့ ထိုးမယ့်အစား
အပြင်ထွက်တိုင်း ရင်ဘတ်ကိုပဲ စက်သေနတ်နဲ့ ပစ်ဖို့ကြိုးစားပါ
ပွင့်ပွင့်လင်းလင်း ထုံထိုင်းမှုအကြောင်း
ပုံပြင်နဲ့ အိပ်မက်အကြောင်း ငါပြောပြမယ်
“ နောက်ဆုံးတော့..... မနေ့က သွေးတွေ ခြောက်ပုလင်းစာ ဖောက်ထုတ်လိုက်သတဲ့”
ဒါပါပဲ ကလေးတို့ရယ်(ရယ်သံများ)

ဒီနေ့က စလို့ ငါ့ကဗျာတွေ မီးသင့်နေတာ ကောင်းတယ်
ဒီနေ့က စလို့ ငါရေးဖြစ်တဲ့ ပန်းချီကားတွေ ဆေးပြယ် ဖွာထွက်နေတာ ကောင်းတယ်
စိတ်ပျက်စရာ ကောင်းတဲ့ ဆက်ဆံရေး ပေါ်လစီတွေ မျက်စိမှတ် အန်ထုတ်။

သံယောဇဉ်ဆိုတာ…
အမြစ်ကအစ ခုတ်ထွင်လှဲကျင်းလိုက်ရင်
မလိုအပ်တဲ့ သစ်တစ်ပင်လို ရှင်းလင်းသွားမှာ
အသုံးမ၀င်တဲ့ မြက်တစ်ပင်လို ရှင်းလင်းသွားမှာ/ ယုံ။

ဘီလူးအစီခံရတဲ့
ညဟာ
လ မရှိ
မနက် ရှစ်နာရီမှာ
အိပ်ဖို့ ကြိုးစားတုန်း။ ။

ဆူးရင့်၊တန့်ဆည်၊
လကွယ်ညတစ်ညသို့ ရည်ညွှန်းပါ၏။
၁၀၊ ၈၊ ၂၀၁၀

Sunday, August 8, 2010

ရုန်းကန်လှုပ်ရှား မရနိုင်သော ခံနိုင်ရည်မဲ့ ငြိမ်သက်အား

လမင်းဆီ ဖုန်းဆက်ချင်တယ်
ငါတစ္ဆေသရဲလို ဖြစ်နေတာ အတော်ကြာပြီ
နေထိုင်မကောင်းဘူး ခေတ်ကြီးတစ်ခေတ်ရဲ့ မိုးမိတယ်
ငါ့အလွမ်းဝိညာဉ်တောင်ပံတွေ ရေစိုတော့မှာ
ရှင်သန်မလား အသည်းကွဲခြင်းနဲ့ မကင်းဘူး
ေ၀၀ါးနေတဲ့ အာရုံခံစားပြေးလွှားမှု တချို့ တစ်ဝက် မှောက်လဲကျကုန်တော့မှာ
ကော်ဖီတစ်ခွက်ထဲ အထီးကျန်မှုနစ်နေတယ်
ကတ္တရာလမ်းပေါ်မှာ လူတွေ သားရိုင်းတိရစ္ဆာန်လို သွားလာနေကြတယ်
နာကျင်အော်သံတွေ အပြုံးအတု တွန့်ခေါက်ကြေကွဲသံတွေ
မရေးဖြစ်တဲ့ ကဗျာတစ်ပုဒ်လို ဖမ်းလို့ မမိခဲ့ဘူး
ကိုယ်မင်းမကြိုက်တဲ့ ဂျင်းဘောင်းဘီအောက်အနားစအဖွာတွေ နောက်မ၀တ်တော့ဘူး
ပျော်ရွှင်မှုနဲ့ ကချင်တယ်
ဝမ်းနည်းကျိုးကြေဖရိုဖရဲမှုများဟာ အေးစက်ခြောက်လှန့်နေကြတယ်
အသက် ၃၀ ဟာ ကိုယ်လိမ္မာသော နှစ်ဖြစ်ပါတယ်
လမင်းဆီ ဖုန်းဆက်မိတယ်
လူကြီးမင်း ခေါ်ဆိုသော လမင်းတယ်လီဖုန်းသည်
စာနာမှုကင်းမဲ့နေသော ဧရိယာတွင် ရောက်ရှိနေပါသဖြင့်
ခေါ်ဆို၍ မရနိုင်ပါရှင် ခါးတဲ့ အသံတွေ
ကိုယ်ရင်နာနေတာတွေ နာကျင်နေတယ်
မီးစွဲလောင်နေတဲ့ စီးကရက်ကို တောက်ထုတ်လွှင့်ပစ်လိုက်တယ်
အမှောင်ဖုံးနေတဲ့ ကမ္ဘာမြေ
ရက်စက်မိုင်းတွေကို ကိုယ်မကျော်လွန်နိုင်ဘူး
မင်းကြိုက်တဲ့ ရတနာသိုက်တွေကို ကိုယ်ရှာဖွေတူးဖော်ပေးချင်ပါတယ်
ကိုယ့်နှလုံးသားထဲမှာ သန့်စင်တဲ့ ကြင်နာတာတွေ ရှိတယ်
ကိုယ်ခွေခေါက်လဲကျနေပါတယ်
ချည်မထားတဲ့ ဘွတ်ဖိနပ်ကြိုးတွေလို ဖရိုဖရဲ ဖြစ်နေတယ်
ကိုယ့်အဝေးမြို့ကလေးမှာ ဘာဖြစ်နေသလဲ လမင်း
လူသားချင်း တိုက်ခိုက်နေကြတယ်
သဘာဝမြေဆီလွှာတွေ ပြုန်းတီးနေတယ်
ရေတွေကြီး မီးတွေ လောင်တယ် ငလျင် တုန်ခါလှုပ်တယ်
ချက်ချခံထားရတဲ့ တံခါးတစ်ချပ်ရဲ့ အတွင်းဘက်မှာ ကိုယ့်ချစ်မေတ္တာဟာ အရိုးပေါ်အရေတင်နေပါတယ် အယ်...ကိုယ့်လက်ကောက်ဝတ်သွေးကြောမျှင်တွေ ပြတ်ထွက်နေတယ်
နေ့ပြီး ည၊ ညပြီး နေ့ ကိုယ့်အလွမ်းအဆွေးများဟာ လည်ပတ်နေပြီ
ကယ်ဆယ်ရေးအရေးပေါ်ယာဉ်လို ကိုယ်မင်းဆီ အပြေးလာနေပြီ
ရိုင်းစိုင်းကြမ်းတမ်းလောင်နေတဲ့ လူ့စိတ်အတွင်းဘက်က အံဖုံးတွေ အကုန်ဖွင့်
ကြီးမားနေတဲ့ လောဘ ဒေါသ မောဟမီးတွေ အကုန်ငြှိမ်းပါ
လမင်းဟာ တည်းတည်းလေးကျန် ပြာကျနေပြီ
ချစ်မေတ္တာကယ်ဆယ်ရေးတပ်သားတွေ အင်အားဖြည့် အရေးပေါ် နောက်ထပ်ရောက်လာတယ်
မီးအတွင်းထဲ ၀င် လောင်ကျွမ်းခံ ကယ်ထုတ်သွားပေးကြပါ
အူး...လမင်းပြာကျနေပြီ
အူး...ဆွေးမြည့်ခြင်းအသွင် ကိုယ်ပြောင်းနေပြီ။ ။

စိုးမင်းအောင်၊ ဆူးရင့်
၂၀၁၀၊ သြဂုတ်၊ ၈
မွန်းလွဲ ၁ နာရီ ၁၅ မိနစ်။

ခံစားမှု

မိုးလင်းလာပြီဆိုတဲ့အခါ အသက်ကလေးတစ်ရက်ကြီးလာပြန်ပြီ
ဝင်္ကပါလမ်းတွေအတိုင်း ဆက်လျှောက်တယ်
မစစ်မမှန်တာတွေနဲ့ ကြုံတိုင်း မခေါ်မပြောဘဲ နေဖူးတယ်
လွဲမှားလမ်းညွှန်ဆိုင်းဘုတ်တွေနောက် မလိုက်ဘဲ လူသားဆန်မှုလမ်းအတိုင်း လိုက်ခဲ့တယ်
ခါတစ်ရံ ကိုယ့်အရိပ်ကိုယ်တောင် မမှတ်မိတော့ဘဲ
သံသယဖြစ်လာနေတယ်
မှန်ထဲမှာ သူစိမ်း
ကိုယ်ဟာ ဘယ်သူလဲ
ဝေေ၀၀ါးဝါး ဖြစ်လာနေတယ်
ကဗျာနဲ့ စကားပြောရမယ်
ကဗျာရှင်သန်မှာပါ
ကဗျာရှင်ရမယ်
နှလုံးတစ်ချက်တစ်ချက်ခုန်မှုဆီက ပေါက်ဖွားလာခဲ့တာမျိုးပဲ ဖြစ်ရမယ်
ချစ်မေတ္တာကိုပဲ အော်ခေါ်နေတယ်
ဒီလူ
ခေတ်အသည်းလည်း ကွဲဖူးတယ်
မနက် ၆ နာရီ ၂၃ မိနစ်ကတည်းက မိုးများစတင်ရွာနေခဲ့တာပါ
နာမကျန်းလည်း ဖြစ်ဖြစ်နေတယ်
ငြိမ်းချမ်းချိန်တွေကို စောင့်မျှော်နေခဲ့တယ်
အသက်မရှိတော့ဘူး
သေပြီ
ထောင်ချောက်ကြီးထဲ ညပ်ပါသွားပြီ
ချစ်ရသူနဲ့
မြို့လုံးအနှံ့ လျှောက်ခဲ့သေးတယ်
စမ်းချောင်းဘက်ဆီ သွားခဲ့သေးတယ်
အခု စမ်းချောင်းဘက်ဆီ မဟုတ်တော့ဘူး
ပင်လယ်တွေဆီ သွားပြီ
ပင်လယ်မဟုတ်တော့ဘူး
တောင်တန်းတွေဆီ သွားပြီ
ဆူးခွံများရှိတဲ့ ဒူးရင်းသီးတစ်လုံးကတောင် ချိုမြိန်ပါတယ်
စာနာမှုက
ဘယ်အချိန်အခါမဆို ပိုလို့ ချိုမြိန်နေစေရမယ်
လိမ္မော်သီးတစ်မြွှာလိုနေသူတွေအတွက်
လိမ္မော်သီးကလေးများစွာ သယ်ဆောင်လာပြီ
ပန်းကလေးတစ်ပွင့် လိုနေသူတွေအတွက်
ပန်းခင်းကလေးများစွာ သယ်ဆောင်လာပြီ
အလွန်အမင်းနှိပ်စက်ခဲ့တဲ့ အဆိုးများစွာကို ကျော်ဖြတ်မယ်
ဘ၀ကြီးအချိန်မတော် ရောက်ရှိလာတဲ့
လောင်မြိုက်မှုတွေကို ငြှိမ်းသတ်မယ်
စစ်နဲ့
အကြမ်းပတမ်းများကို ငြှိမ်းသတ်ရမှာပါ
အနာဂတ်ကို ရှင်သန်စေမယ့် ကမ္ဘာလောကကြီးကိုလည်း
သန့်ရှင်းနေစေရမယ်
ဘယ်အရာက ပိုမိုကောင်းမွန်စေသလဲ
ငါ့ကဗျာကို ငါခင်းပြီး
အဲဒီလမ်းကို ငါလျှောက်မယ်
ခေတ်က
နည်းပညာဆိုးကျိုးအန္တရာယ်လည်း ရှိနိုင်တယ်
ကောင်းတဲ့ ဘက်ကိုပဲ အသုံးချရမယ်
ပုံနှိပ်ဖော်ပြထားတဲ့ ငါ့ခေတ်စိတ္တဇကိုရော မမြင်ဘူးလား
စာကြောင်းရေ တစ်ကြောင်းထဲက နောက်တစ်ကြောင်းကြောင်းကို ပြေးလွှားနေတယ်
ဒီစာကြောင်းထဲကို ရောက်ရှိလာပြန်တယ်
တစ်မိုးချုပ်ပြီဆိုတာနဲ့ အသက်ကလေးတစ်ရက် ကုန်သွားပြန်ပြီ
ကြွေတဲ့ ကြယ်တွေ ကြွေသွားပြန်ပြီ
မေတ္တာကို နှလုံးသားထဲမှာ သိမ်းထားတယ်
မင်းယူမလား။ ။

စိုးမင်းအောင်
၂၀၁၀၊ သြဂုတ်၊ ၎
မနက် ၇ နာရီ ၃၉ မိနစ်။

ဝေးဝေးပြေးပြေးဆွေးနေသူတစ်ယောက်

မိသားစုကိစ္စတွေ နှလုံးသားထဲ ရွှေ့ထားချင်တယ်
အနုပညာ စားဝတ်နေရေး အကြောတက်ညောင်းညာကိုက်ခဲမောပန်းမှုမှာ သူအပြင်ရောက်သွားတယ် ဘယ်လိုလမ်းတွေ ခြားထားသလဲ
ခွဲစိတ်ရမယ်ဆိုလည်း မြန်မြန်ခွဲစိတ်ကုသမှုပေးပါ
အပြင်မှာ တစ်ယောက်၊ အတွင်းမှာ တစ်ယောက်
မျှော်လင့်ချက်များဟာ ရေစုန်မျောနေပါတယ်
ကောင်းကင်တစ်ခွင်လုံး မိုးသားမည်းမည်းတွေချည်း
မီးလောင်ဖုထ စိတ္တဇမှာ လာအုံ့မှိုင်းညှို့ရီနေကြတယ်
မင်းသိပ်ကြိုက်တဲ့ ဇော်ဝင်းထွဋ်ရဲ့ ဂျစ်ပစီမိုးတိမ်သီချင်းဖွင့်ထားတယ်
အဆွေးများလည်း လေနဲ့ နှင်
ကဗျာနဲ့ပဲ ပြန်လာလို့ မရဘူးလား
ဝေးဝေးပြေးပြေး ဆွေးဆွေး ဆွေးလည်း
ပြေးတယ်
နှလုံးသားသွားလိုရာ အဆုံးအထိရောက်အောင် ပြေးတယ်
ပြုလုပ်ထားတဲ့ အရေးအသားပဲ
ကမ္ဘာခံစားမှုထဲက ထွက်လာတာ ကဗျာလား
အထိအခိုက်ပျောက်ဆေးတွေ သောက်ပြီး နေပေမယ့်
အကြိမ်ကြိမ်ထိခိုက် ကစဥ့်ကလျားနဲ့
ပျံနေတဲ့ အရိပ်မည်းကြီးတွေဟာ ကိုယ့်ဘေးနား လာဝဲနေတယ်
စာနာမှုမဲ့ တစ္ဆေတွေ လာဝိုင်းခြောက်လှန့်နေတယ်
အနုပညာက လွဲ ဘာမှ မပိုင်ဆိုင်ချင်ဘူး
နေကောင်းတယ်ဆိုလည်း ဘ၀ကြိုးတွေ ပြတ်လို့
ကိုယ်ပိုင်အမှတ်အသားပျောက်ဆုံးလှိုင်းလုံးတွေ ရိုက်ခတ်ခံ ဝေးဝေးရှောင်တိမ်းလို့
မချစ်မနှစ်သက်လို့ မဟုတ်ပါဘူး
ကျွန်တော်တို့ မောင်နှမတစ်တွေ ငယ်စဉ်က တူတူပုန်းတမ်းကစားခဲ့တာတွေ အမှတ်ရလို့
ကပ်ဆိုးဘေးဆိုး နည်းပညာ ပေါ့ပ်ယဉ်ကျေးမှုခေတ်ကြီးထဲက ဘေးလွတ်ရာ ပြေးပုန်းလို့
ကဗျာတစ်ပုဒ် ကိုယ်ရေးလိုက်တယ်
ကိုယ်ဘယ်သူလဲဆိုတာတောင် မမှတ်မိတော့ပါဘူး
အဲဒီတုန်းက ဒီကဗျာကို ပုံနှိပ်ဖော်ပြဖို့ ပေးပို့ခဲ့သလား မမှတ်မိတော့ပါဘူး
ရေချိုးကန်ကြွေဇလုံကြီးထဲ ကိုယ့်ခန္ဓာကို ကိုယ်နှစ်မြှုပ်ရင်း
ဝေးဝေးပြေးပြေးဆွေးနေသူတစ်ယောက်

စိုးမင်းအောင်
၂၀၁၀၊ သြဂုတ်၊ ၅
မနက် ၆ နာရီ ၅၉ မိနစ်။

LinkWithin

Related Posts with Thumbnails