Sunday, February 1, 2009

ပန်းနုရောင် မီးတောင်

ဘ၀ရဲ့ အစပိုင်းကနေ ခုထိ၊ ရင်နာစရာ ရင်နင့်စရာများနဲ့သာ တွေ့ကြုံခံစားခဲ့ရပါတယ်။
ငါ့ဘ၀က သာယာမှု မရှိ၊ ဖြောင့်ဖြူးမှု မရှိ။
ပျော်ရွှင်စိတ် နည်းနည်းလောက်နဲ့ တက်ကြွလိုက်တိုင်း ရင်တစ်ခုလုံးသာ
ထပ်ထပ်ခါခါ နာကျင်လာခဲ့ရတယ်။

ကောင်လေးရယ် နင်ကတော့ အရာအားလုံးလိုလို အဆင်ပြေလိမ့်မယ်လို့ ငါယုံကြည်တယ်။
ဟုတ်တယ်လေ နင်က သူဌေးသားပဲ ၊ ချမ်းသာတဲ့ မိဘ အသိုင်းအ၀ိုင်းတွေကြားမှာ
ဂရုစိုက် ချစ်ခင်မှုတွေနဲ့ နင် ပျော်ရွှင်နေမှာပါ။

ငါသာ မလိုအပ်တဲ့ ဒုက္ခတွေ တနင့်တပိုး ၊ မိသားစု တာဝန်တွေကို မနိုင်မနင်း
ခေါင်းပေါ်ရွက်ရင်း အခုလို မလိုအပ်တဲ့ နေရာမှာ ထစ်ထစ်ငေါ့ငေါ့ ရှင်သန်နေရတာပေါ့။
နင် ငါ့ကို ချစ်တယ်လို့ ခဏခဏ နားပူနားဆာ ရင်ဖွင့်တောင်းဆိုခဲ့ပေမယ့်
ငါလေ နင့်ကို ဘာတစ်ခုမှ တုန်ပြန် လိုက်လျောမပေးခဲ့ဘူး။
ဒါပေမယ့် နင့်ကို ငါ ပြန်ပြီး ချစ်လို့ ရပါတယ်ဟယ်။

အချိန်နဲ့အမျှ နင့်ကို သတိရတဲ့စိတ်က ငါ့ဆီကို ဘာလို့ ရောက်ရောက်လာတာလဲ။
ငါ့စိတ်အတွင်းက ခံစားချက်၊ ဝေဒနာ၊ ဒဏ်ရာတွေကို အရိပ်အယောင်အဖြစ်
မြူတစ်မှုန်စာလောက်တောင် နင့်ကို ပြောပြဖူးခဲ့လို့လား။
ငါမှာ ပျော်ရွှင်တက်ကြွမှုဆိုတာ ခဏလောက်သာ ငါ့ဆီကို အလည်ရောက်လာတတ်ပြီး
မကြာခင်မှာပဲ အဝေးဆီ ပြေးထွက်သွားတတ်ကြတယ်။

နင့်ရဲ့ စကားလုံးတွေ အောက်မှာ ငါ ကျဆုံးပြီးသွားပြီဆိုတာ နင်မှ မသိဘဲလေ။
ငါဟာ အဲဒီလောက်အထိ သိုသိုသိပ်သိပ်နဲ့ တည်ငြိမ်ဟန်ဆောင်ခဲ့ပါတယ်။
နင် ငါ့ကို သိမ်းပိုက်လိုက်ပြီလို့ ငါကိုယ်ငါ ပြန်ပြီး သတိထားလိုက်မိတဲ့ အချိန်မှာ
ငါ့အသိစိတ်ဟာ ငါ့ရဲ့ အဝေးဆုံး ကျောက်ခေတ်တစ်ခုမှာ ကျန်ရစ်နေခဲ့ပြီလေ။
ငါလည်း နင့်ကို သိပ်ချစ်ခဲ့ပါတယ် ကောင်လေးရယ်။

ဒါပေမယ့် မြတ်နိုးတွယ်ငင် ချစ်ခင်မိတဲ့အကြောင်းကို တစ်စွန်းတစ်စလောက်တောင်
ဖွင့်ဟ ၀န်ခံခဲ့လို့လား။ ငါ မျက်ဝန်းတွေနဲ့သာ ပြောပြဖြစ်ခဲ့တာပါ။
ငါ့မျက်ဝန်းတွေကို ဖွင့်ပြီး နင်ဖတ်ရှုပါနော်။
မျက်ဝန်းဆိုတာ နှလုံးသားရဲ့ ပြတင်းပေါက်တဲ့လေ။

ငါ့နှလုံးသားနံရံမှာ နင့်နာမည်တွေကို အထပ်ထပ် ငါ ရေးထိုးထားတယ်။
ငါတို့ရဲ့ ဘ၀နှစ်ခုက ဆန့်ကျင်ဘက် မျဉ်းပြိုင်တွေနဲ့ ပြည့်နှက်မို့မောက်လို့။
တကယ့်ကို ၀ိရောဓိ အသွင်ကို ဆောင်လွန်းပါတယ်လေ။

ငါနဲ့ ငါ့မိသားစု၊ အသိုင်းအ၀ိုင်းက ခေတ်ပေါ်အသုံးအဆောင်မရှိ၊ စည်းစိမ်ဥစ္စာ မရှိ၊
ငွေကြေး ဂုဏ်သိက္ခာ ဘွဲ့ထူး ဂုဏ်ထူး မရှိဘူးလေ။
ငါနင့်ကို ငါပေးနိုင်တာဆိုလို့ အကောင်းဆုံး တစ်ခုပဲ ရှိတယ်။
အဲဒါကတော့ နင့်ကို ချစ်မိတယ်တဲ့ ရိုးရိုးသားသား စိတ်ပါပဲ။
အဲဒီစိတ်လေး တစ်ခုသာ ပိုင်ဆိုင်ခွင့်ရတဲ့ သာမန် မိန်းကလေးတစ်ယောက်ရယ်ပါနော်။
ကောင်းကင်ကို နမ်းရှိုက်ချင်တဲ့ မြေပြင်ကြီးတစ်ခုလို ငါတို့ရဲ့ အချစ်တွေက
ဝေးကွာလွန်း ခြားနားလွန်းတဲ့ နေရာဆီကိုပဲ ဦးတည်ခုတ်မောင်းသွားနေတာလေ။

နင်လာလိမ့်နိုးနိုးနဲ့ စောင့်မျှော်နေရပေမယ့် နောက်ဆုံးတော့
ငါရင်ခွင်တစ်ခုလုံး မောဟိုက်နွမ်းနယ်ပြီး သက်ပြင်းချသံတွေကိုသာ ငါပိုင်ဆိုင်ခဲ့ရတယ်။
ဒါတွေလည်း နင်သိမှ မသိတာပဲကို။
နေ့ရက်တွေသာ အကြိမ်ကြိမ် အခါခါ ပျောက်ဆုံးသွားတယ်
နင့်ကို ငါမြင်တွေ့ခွင့်လေးတောင် မရခဲ့ဘူး။
နင့်ရဲ့ မျက်လုံးတွေ အကြည့်တွေကို
ငါ လွမ်းဆွတ်နေတဲ့အကြောင်း ဒီစာလွှာလေးနဲ့ ၀န်ခံလိုက်ပါတယ်။

နင့်ကို သိပ်ချစ်ပါတယ်လို့ ငါဘယ်တော့မှ ၀န်ခံမိမှာ မဟုတ်ဘူး သိလား။
ဘာလို့လဲဆိုရင် နင့်ကို ငါသိပ်ချစ်လွန်းလို့ပါဟယ်။
အရောင်အသွေး မတူညီတဲ့ ဘ၀နှစ်ခုကို နီးစပ်ဖို့ ငါမကြိုးစားချင်ဘူး။
တော်ပါ။ စိတ်ကူးယဉ် ဆန်လွန်းလှပါတယ်။
နင် ငါ့ဘ၀ထဲကို မိုက်မိုက်မဲမဲ တိုးဝင်လာရဲတယ် ထားဦး
ဆူးခင်းလမ်းပေါ် ငါတို့ လျှောက်လှမ်းကြရမယ်။
အဲဒီအခါ နင်ပျော်ရွှင်နိုင်မှာတဲ့လား။
အချစ်ရဲ့ ရသတွေဆိုတာလည်း ချိုမြိန်နိုင်ပါတော့မလား။


သိပ်မကြာခင် အချိန်တောအတွင်းမှာ
နင်ငါ့ကို ငြီးငွေ့လာမယ်။
စက်ဆုပ်ရွံရှာလာမယ်။
ဒါဟာ သဘာဝပဲလေ။
နင့်ရဲ့ စိတ်ကူးယဉ် အိပ်မက်တွေကို မီးရှို့ပစ်လိုက်ပါတော့နော်။
ယုတ္တိဘေဒဆန်တဲ့ နင့်ရဲ့ လမ်းခွဲမှုကို ငါ မခံစားနိုင်ဘူး။
နင်စွန့်ပစ်ထားခဲ့မယ့် ဘ၀ထဲကိုလည်း ငါမနေချင်ဘူး။

ငါတို့နှစ်ယောက်ရဲ့ ခင်မင်မှုလေး အငွေ့မပျယ်ခင်
ဒီအတိုင်းပဲ နေသွားကြရအောင်နော်။
နင်လည်း နင့်ဘ၀ကို နင့်ဘ၀အတိုင်း
ဆက်လက်လျှောက်လှမ်းပါ။
အရောင်မျိုးစုံ စွန်းပေနေတဲ့ ငါလည်း
ကံပစ်ချရာ အတိုင်းပေါ့။

ဘ၀ဆက်တိုင်း ဆုံဆည်းဖို့
ဘုရားမှာ ဆုတောင်းပါရစေနော်။
ငါ့ရဲ့ ဖွင့်ဟ၀န်ခံချက်တွေဟာ နင့်အတွက်
အရမ်းရယ်စရာကောင်းတဲ့ ဟာသတစ်ပုဒ် အဖြစ်
အသွင်ကူးပြောင်းပြီး
နင် ရယ်မောနိုင်ပါစေ။

ငါဟာ အညှီအဟောက်မလေး တစ်ယောက်ပါ။
ငါဟာ အညစ်အကြေးမလေး တစ်ယောက်ပါ။
ငါဟာ နင့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရဲ့ တံတွေးခွက်ကလေးပါ။

ငါတို့ရဲ့ ဝေးကွားခြင်းမှာ
နှင်းဆီ ပုလဲတို့ ငိုတယ်။
သဇင် စပယ်တို့ ငိုတယ်။
မြတ်လေး သရဖီတို့ ငိုတယ်။

တစ်ခါသုံး ခံစားမှုနဲ့
တစ်ခါသုံး အနမ်းနဲ့
ငါတို့တတွေဟာ
အန္တရာယ်တွေနဲ့ ကခုန်နေခဲ့ကြရတယ်။
ရောက်လာတဲ့ သူတွေကို ဧည့်ခံရင်း
ညဟာ နက်သထက် နက်လို့

အချစ်ရဲ့ ရလဒ်ဟာ
ဝေးကွာခြင်းလား
အခုလို
ဝေး
ကွာ
ခြင်း
သက်
သက်
ပဲ
လား။
နင် ငါ့ကို မေ့နိုင်အောင် မေ့ပစ်လိုက်ပါနော်။

မှ/
အညစ်အကြေးမလေး


(ဘယ်သူ့ကိုမှ မရည်ရွယ်ပါ၊ စိတ်ကူးသက်သက်အတိုင်း ခံစားရေးဖွဲ့ခြင်း ဖြစ်ပါသည်)
ဆူးရင့်၊တန့်ဆည်၊



3 comments:

Kyaw Nyo Thway said...

တစ်ခါတစ်လေ အဲ့လိုပေါက်ကွဲရတာကောင်းတယ်

lucky said...

i will also cry before the valentine day. why don't u write happy ending.

စိုင်းစိုင်းလားရှိုး said...

အင်း... ဘယ်လိုပြောရမလည်းပေါ့နော် ဘယ်လိုမှကို မပြောတတ်တော့ပါဘူး ဆူးရင့်ရေ..

LinkWithin

Related Posts with Thumbnails