Thursday, August 30, 2007

တနင်္လာငှက်



စိမ်းညို့စိုက်ခင်းတွေ ပဲ့ကြွေကွဲအက်

၂၀၀၇ မေ ၂၇ ဗဟိုပစ်မှတ်က
နားခိုရာ သံစဉ်ပျက် မီးလောင်ကွင်း ရာသီ
အိုက်ပြုတ် ပူလောင် အခိုးထ နေ့ဆိုးထဲ
နှုတ်ခမ်းမျိုးစုံ မိုးခေါ် မောကြ
ငါကတော့
သံဝေဂ အတုနဲ့
မီးတောင်တစ်လုံးကို မြိုချလိုက်တယ်.....။

ယုဂ်သန့် တနင်္လာငှက်တွေ
ချုပ်ရိုးမဲ့ ဟင်းလင်းပွင့်
ဝတ်မှုန်ကူးတတ်စ ရွာကလေးဟာ
သရုပ်မှန်ဝါဒနဲ့ လမင်းဆီ ဖုန်းဆက်တတ်ခဲ့ပြီ....။

အိပ်မက်တံခါးဖွင့် ဂစ်တာကြိုးတွေ
ရိ ရွဲ ဆွံ အ
စက်ဝိုင်းနဲ့ တြိဂံဆိုတာ
မြေနံ့သင်းသင်း တွန့်ကြေခဲ့ပြန်ရော့....။

ကဲ
ပန်းတွေ ငိုအောင်ပြုံးပြလိုက်စမ်း
မွန်တည့်လ လေတိုးသံမှာ
ညကို
အိပ်စက်ခြင်း လို့ ဘာသာမပြန်ချင်တာကလွဲရင်
ငယ်ကျွမ်းဆွေ သီချင်းကို ငါမဆိုတတ်ဘူး.....။

နောက်ဆုံးတော့
တနင်္လာငှက်တွေ ကိုက်ချီသွားတဲ့
နွေရာသီဟာ
ငါ့ကောင်းကင်တစ်ခုလုံး
အစိမ်းရောင်ရင့်ရင့်တွေ မိုးလို့......။ ။
ဆူးရင့် (တန့်ဆည်)
စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ် ၊ ယုံးကားရွာမှ တနင်္လာငှက်များသို့

No comments:

LinkWithin

Related Posts with Thumbnails