Sunday, August 26, 2007

ပိုင်ရှင်မဲ့အမှိုက်များ

ဝတ်ကျေ တန်းကျေ ရှုရှိုက် စားသောက်မှု
အရှက်ပြေ ၀တ်ဆင်မှုနဲ့
အိုမင်း ရွတ်တွလာတာကလွဲရင်
တိရစ်ဆန် ဆန်တဲ့ လူ့ဘ၀ကြီး .....။

ခမျာ.... ခင်ဗျားတို့ လူ့ဘ၀တွေမှာရော
စီးပွားရေးနဲ့ ဂုဏ်ပကာသနတွေ လုခဲ့ပြီလား ၊
ဘာသာရေးနဲ့ စစ်ပွဲတွေ လုခဲ့ပြီလား ၊
လူမှုရေးနဲ့ နည်းပညာတွေ လုခဲ့ပြီလား ၊
နိုင်ငံရေးနဲ့ ကံတရားတွေ လုခဲ့ပြီလား ၊
ရုပ်ဝတ်ထုနဲ့ ဓာတုလက်နက်တွေ လုခဲ့ပြီလား ၊
ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေးတွေ လုခဲ့ပြီလား ၊
အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ လုခဲ့ပြီလား ....။

ခင်ဗျားတို့ ပြောသလို
ငါ့ဒုက်ခက ပျားရည်လို မချိုဘူး
ဘ၀ထဲ မ၀သေးတဲ့ တစ်စုံတစ်ရာကို
အဖေက ယူသွားတယ်
အဝေး အဆုံး အထိ
အိပ်မက်ဆီ မရောက်သေးတဲ့ ချိုမြိန်ခြင်း
ဘယ်မှာလဲ
ဘယ်ကာလတွေဆီမှာလဲ
အမေ့လက်ထဲမှာလား
ဝိုင်ဝိုင် လက်ထဲမှာလား .....။

ငါ့အနာဂတ်က
ဂတ်ထဲမှာ ရခဲ့တဲ့ အနာအဆာ
ငါ့ပန်းတိုင်က
တိုင်ကြားခံရတဲ့ ပန်ခိုးမှု
ငါ့လွတ်မြောက်မှုက
မျောက်တစ်ကောင်လို လွတ်နေပြန်ရော့......။

လောကထဲ
ကနေတဲ့ လောဘတွေမြင်နေရတယ်....
မြို့ပြထဲ
ပြနေတဲ့ မြို့အတုတွေမြင်နေရတယ်....
ကျေးလက်ထဲ
လက်တည့်စမ်းချင်တဲ့ ကျေးငှက်တွေမြင်နေရတယ်....
ဟောဒီက ဆူးရင့်မှာ
ရင့်သည်းလွန်းတဲ့ လောကဓံဆူးတွေ
စူးဝင်နေတာ မြင်လား ၊
ကြောက်လန့်စိတ်နဲ့
လန့်လန့်ပြီး ကြောက်နေရတဲ့ ပြသ်သနာတွေ
အုံကျင်းဖွဲ့နေတာ မြင်လား....။

အထင်ကြီးစရာမလို ၊ ကိုယ်ပိုင်ဥယျာဉ်မလို၊ အနုမြူလက်နက်မလို၊
ရယ်ရွှင်မှုမလို၊ အနုပညာမလို၊ချစ်တဲ့ကောင်မလေးမလို၊
အင်ဂျင်သံမလို၊ဘဏ်စာအုပ်မလို၊အီလက်ထနောနစ်မလို၊
ဇနီးမလို၊မယားမလို၊သမီးမလို၊သားမလို၊
မလိုအပ်ချက်များစွာနဲ့
လိုအပ်နေရတဲ့ ငါ့ဘဝ
ဘာကို ငါက လု လု လုရမှာလဲ.......။

ငါနဲ့ပတ်သက်တဲ့ လူတွေက
ငါအတွက် အောင်မြင်မှုကို ဆာလောင်ပေးနေကြ
ဒါဟာ အန်ချင်စရာကောင်းတဲ့
အပုတ်သိုးဆုံး ဝေါဟာရ မဟုတ်ဘူး ....။

ငါ့ဘက်က အားလုံးကို လိပ်ချေပြီး
လိပ်တစ်ကောင်ရဲ့ ခြေထောက်ထဲ ပုန်းခိုင်းလိုက်တယ်
ငါ့ဘက်က မျှော်လင့်ချက်အားလုံး နင်းချေပြီး
ငရဲတွင်းရဲ့ ခြေနင်းမှာ နှစ်မြှုတ်ထားလိုက်တယ်.....။

ခင်ဗျား ဒီကဗျာကို ဖတ်ပြီးရင်
ရင်ဘတ်ထဲက ပြီးဆုံးခြင်းနဲ့ ဖတ်ဖတ်မောပေး ၊
မဟုတ်ရင်
ကျေးဇူးပြုပြီး အမှိုက်တောင်းထဲ ပစ်ထည့်ပေး.....။

ဆူးရင့် (တန့်ဆည်)
၂၆ ၊ ၈ ၊ ၂၀၀၇ ။

No comments:

LinkWithin

Related Posts with Thumbnails