Sunday, November 29, 2009

ငါ့ + ဆောင်း = ည




အိပ်ရာ မရှိဘဲ မိုးလင်းသွားတယ်/ည

ည/ငါ့ခန္ဓာကို ဘယ်မှာ ၀ှက်သိမ်းထားရမလဲ
အိပ်စက်ဖို့ ည/ဘယ်မှာ
အဲဒီ ည/က သံသရာ ရှည်တယ်

စစ်မြေပြင် လေယာဉ်သံတွေလို

ခြင်သံတွေ သိမ်းပိုက်ထားတဲ့/ည
ည/ လ မသာပါ
ငါ့သွေးကို ဖောက်စုပ်ယူကြ / ည

ည/ အေးစိမ့်စိမ့် မြောက်ပြန်လေ ဂီတနဲ့
ခိုက်ခိုက်တုန်တယ် /ည

သူငယ်ချင်းရဲ့ အကူအညီနဲ့

ဂိတ်တံခါးဝမှာ မိုးလင်းခဲ့ပေါ့ / ည

ကံကြမ္မာရဲ့ ရက်စက်ခြင်းဟာ

ဝဋ်နာ ကံနာလား / ည - ရက်စက်ကြ
ကွယ်စရာ နံရံ မရှိ

သုညကြွင်းတဲ့ / ည - ရက်စက်ကြ

ပိတ်စရာ တံခါးမရှိ

အားမပြည့်တဲ့ / ည - ရက်စက်ကြ

အဲဒီလို ည/ ည-မှာ

မင်းကို သတိရမိပါတယ်
ဒီဇင်ဘာရယ်...။
ဆူးရင့်၊တန့်ဆည်၊

Tuesday, November 24, 2009

တန့်ဆည် အလွမ်းပြေ


ရှေ့ တည့်တည့်က ကြည့်လျှင် တစ်ဆူတည်းလို့ ထင်ရပေမယ့်
အနီးကပ် ဖူးမျှော်ကြည့်မှ နှစ်ဆူတွေ့ရသည်။


အမတ်ကြီး ဦးပေါ်ဦး တည်ထားခဲ့တဲ့
မြတ်လှမဉ္ဖူ စေတီတော် အဝေးမှ ဖူးမြင်ရပုံ



ဒီ ရုပ်ပွားတော်ဟာ တန့်ဆည်မှာ တကယ်ရှိပါတယ် ။ တန့်ဆည်ဆိုတာ စစ်ကိုင်းတိုင်းထဲက မြို့ ၊ရွှေဘိုနဲ့ မနီးမဝေး မြို့ ၊ မြို့ ဆိုတဲ့နာမည်တစ်လုံးနဲ့ မြို့ရာမ၀င်တဲ့ မြို့ ၊ မစည်ကားသေးတဲ့ မြို့ ၊
ဒီကဆီ လောကဓံအဆိုးတွေ ကြည်စယ်သလိုလို ပစ်ပေးတတ်တဲ့ မြို့ ။ အဲဒီမြို့ ဗိုလ်မြရပ်ကွက်မှာ တည်ထားပူဇော်ခဲ့ကြတဲ့ မြတ်လှမဉ္ဖူစေတီတော်ကြီးရဲ့ လှိုဏ်ဂူတော်အတွင်းမှာ အထက်ကရုပ်ပွားတော်မြတ် ကိန်းဝပ်တော်မူနေပါတယ် ။

ဘုရားဒကာကတော့ အားလုံးသိကြတဲ့ ပညာရှိအမတ်ကြီး ဦးပေါ်ဦး ဖြစ်ပါတယ် ။ လူကြီးသူမတွေ ပြောစကားအရ တန်ဆည်ဇာတိဖွား ဦးပေါ်ဦးဟာ သူရဲ့မိဘနှစ်ပါးနဲ့ အစာမကြေဖြစ်နေတဲ့ အဘိုးဖြစ်သူကို
အမျက်ပြေအောင် ရွှေပန်းခိုင်ကို ဌာပနာသွင်းပြီး ဒီစေတီတော်ကို တည်ထားခဲ့တာပါ ။

ကမ္ဘာသိ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကတော့ အမတ်ကြီးဦးပေါ်ဦးကို လူ့ဘ၀သက်ရှိထင်ရှားရှိခဲ့ဖူး
တယ်လို့တောင် လက်မခံဘူးလေ ။ ဗိုလ်အောင်ဒင် အလီဘာဘာ တွက်ပီတို့လို ဖန်တီးထားတဲ့ ဇာတ်ကောင်တွေ
သာ ဖြစ်သတဲ့ ။ အမတ်ကြီးနဲ့ပတ်သက်လို့ ခိုင်လုံတဲ့အထောက်အထားတွေ ဘာတစ်ခုမှ ပြစရာမရှိတော့လည်း
အသာလေး ငြိမ်နေလိုက်ရုံပေါ ။

အမတ်ကြီး တန့်ဆည်လာတဲ့အခါ ဆင်တော်ရေချတဲ့ ကန်တို့ ၊ ဆင်ချဉ်တိုင်တို့ အရင်က ရှိတယ်လို့လည်း လူကြီးတွေပြောသံ ကြားဖူးပါရဲ့ ။ အခုမြင်နေရတဲ့ ရုပ်ပွားတော်ကို ရှေ့တည့်တည့်က ဖူးမျှော်ရင် တစ်ဆူတည်း
လို့ ထင်ရပေမယ့် ရှေ့တိုးပြီး အနီးအစပ်ဖူးမျှော်မှသာ နှစ်ဆူကပ်လျှက် ရှိနေတာကို သိရမှာပါ ။


ဒါဟာလည်း အမတ်ကြီးရဲ့ ပညာရှင်ဆန်တဲ့ ပဟေဠိတစ်ခုပေါ့ ။ သူပြောချင်တဲ့ ရည်ရွယ်ချက်က
အခု ဂေါတမဘုရားရှင်ရဲ့ နောက်မှာပွင့်တော်မူဖို့ဆိုတာ ဘုရားတစ်ဆူသာ ကျန်တော့တဲ့ အကြောင်းပဲဆိုပါစို့ ။
သတိ သံဝေဂရပြီး ကုသိုလ်ကောင်းမှုတွေ ပြုစေချင်တဲ့ စေတနာနဲ့ တည်ထားခဲ့တာ ဖြစ်လောက်ပါတယ် ။

အမတ်ကြီးဦးပေါ်ဦး လုပ်ချလိုက်ရင် အထူးအဆန်းချည်းမို့လား ။ ဦးပေါ်ဦးလျှောက်ထုံးတွေကို ဖတ်ကြည့်ရင်
သိနိုင်ပါတယ် ။ သူ့ရဲ့ အသုဘပွဲမှာတောင် ဇနီးဖြစ်သူကို မှာကြားပြီး စကားတွေပြောသွားသေးတယ်လေ ....
သေသွားတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှု မကောင်းမှုကလွဲပြီး ဘာတစ်ခုမှ ဟိုဘက်ဘ၀ယူသွားလို့ မရဘူးဆို
တာ သိစေချင်လို့ အခေါင်းရဲ့ အပြင်ဘက်မှာ သူ့လက်တစ်ဖက်ကို ထုတ်ပြီး သေတာတောင် စကားပြောသွားသေးတယ်မို့လား ။

သမိုင်းဆိုတာ ရေးမှပဲ ကျန်ရစ်ခဲ့တဲ့ အရာတွေပါလေ......ဘယ်သူနဲ့မှ မငြင်ခုန်ချင်တော့ပါဘူး။ ကိုယ်ကလည်း သမိုင်းပညာမှ နားမလည်တဲ့သူ တစ်ယောက်ဆိုတော့။ ။

ဆူးရင့် (တန့်ဆည်)
၎ ၊ ၉ ၊၂၀၀၇

တန့်ဆည်နဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေ ကြားချင်နေတဲ့
ခင်ရတဲ့ ချောင်းဆုံးသား သို့
ရည်ရွယ်ပြီး အရင်က တင်ထားပြီးသား အဟောင်းလေးကို
နောက်တစ်ကြိမ် ထပ်တင်လိုက်ပါတယ်။



Friday, November 20, 2009

ညဖွဲ့

စန်းလဂ် မကောင်းတဲ့ ရှင်သန်မှုဟာ
ည ကိုးနာရီရောက်တိုင်း
ပုလင်းဖွင့်သံကို ကြားရတတ်တယ်။

ငတ်မွတ်ခေါင်းပါးခြင်းအကြောင်း
၀၀လင်လင် ပြောကြ
ဖန်ခွက်ထဲက ရေခဲတုန်းလေးတွေလို
တဖြည်းဖြည်း အရည်ပျော်ရင်း......
ပြေးမလွတ်တဲ့ လမ်းမပေါ်
ခွေခေါက် လဲကျရင်း......။

တစ်ယောက်ရဲ့ အိတ်ကပ်ကို
တစ်ယောက်က စူးစိုက်လို့၊
တစ်ယောက်ရဲ့ ရင်ခုန်သံကို
တစ်ယောက်ဆီ ပစ်ခတ်လို့၊
ချဉ်စုတ်စုတ် အယူအဆတွေက အစ
ပွယောင်းယောင်း စကားလုံးတွေ အဆုံး
တင်ပြမယ်၊ ဆွေးနွေးမယ်၊ ငြင်းဆန်မယ်။

ပြီးရင်
အလိုမကျမှုအားလုံးကို မျက်ခွံမိုးပြီး
အိပ်မက်ကိုယ်စီနဲ့
တစ်နေ့တာ သေဆုံးကြမယ်။ ။

ဆူးရင့်၊တန့်ဆည်၊
၂၀၊ ၁၁၊ ၂၀၀၉

Thursday, November 19, 2009

ကြိုက်မိတဲ့ ခဲပန်းချီလေးများ



ခဲပန်းချီတွေလို့ သိရပါတယ်
ပုံတွေကိုတော့
သူငယ်ချင်း နေရုဆီက ပို့ပေးပါတယ်။

ပုံတွေ ရေးဆွဲတဲ့ ဆရာရဲ့
နာမည်ကိုတော့
ကျွန်တော် မသိပါဘူး။

အကြိုက်ဆုံး နှစ်ပုံကို
တင်ဖြစ်လိုက်ပါတယ်။
ဆူးရင့်၊တန့်ဆည်၊

Sunday, November 8, 2009

ဘေးထွက် ဆိုးကျိုး




စိတ်ရဲ့ မွန်းကျပ်မှုကို
ဖောက်ခွဲဖို့
စကားလုံးတွေနဲ့
မပျင်းပြေ လက်ထပ်ခဲ့တယ်။

ရှူရှိုက်မှုတိုင်းမှာ ကဗျာတွေနဲ့ နေခဲ့

နာကျင်မှုတိုင်းမှာ ကဗျာတွေနဲ့ လေခဲ့

ဖြတ်သန်းမှုတိုင်းမှာ ကဗျာတွေနဲ့ သေခဲ့


အဲဒီလို ပေါ့ပေါ့ပါးပါး လက်ခံပြီး

အဲဒီလို ပေါ့ပေါ့ပါးပါး ငြင်းဆန်တတ်သူဟာ
ခင်ဗျား မဟုတ်ရင် ပင့်ကူအန် တိမ်တိုက်ပဲ။ ။
ဆူးရင့်၊တန့်ဆည်၊

LinkWithin

Related Posts with Thumbnails