Wednesday, September 15, 2010

နာကျင်သီချင်း

တစ်စုံတစ်ရာ ဘာများ မှားနေပြီလဲ
အပူဒဏ်ကြောင့် ဖယောင်းတိုင်တွေလည်း ကောက်ကွေး
ရေခဲခံနိုင်ရည်တို့လည်း အရည်ပျော်
စိတ်နှလုံးသား အပိုင်းပိုင်း အစစ
အက်ကြောင်းတွေလိုက် ကွာကျ
သူစိမ်းဆန်မီးခိုးလုံးကြီးတွေဆီက ထွက်ပြေး
ကာကွယ်ရေးဝတ်စုံတွေ စွပ်
နေဟာ အခုပဲ ရောက်လာ အခုပဲ ထွက်သွား မှောင်မိုက်
အမုန်းများရဲ့  အစီးအနင်း
အတုံးလိုက်အခဲလိုက် ခံရ
ချစ်မေတ္တာပျောက်ကွယ်မှု
အိုးနိုး မဖြစ်တော့ဘူး
လူ့အဖြစ်ဟာ သံသယရှိစရာပဲ
ချက်တင်ထဲက အလိမ်အညာ ပေါ့ပျက်ပျက်
ချစ်ရည်လူး လိင်အသားပေး ညစ်ညမ်းစာသားများ
နေထိုင်မှုပုံစံက သူတို့ သရုပ်ပျက် အပျက်ဘက်
ကိုယ့်မှာ လောင်ကျွမ်းခြင်းသည်သာ ရှိပါတယ်
ဘာလိုနေတာလဲ
ကြော်ငြာတွေနဲ့ ပဋိသန္ဒေတားဆေး
အဆင့်နိမ့်အနုပညာ ဖျော်ဖြေရေး ယဉ်ကျေးမှုတွေသာ ခေတ်စားလာကြတယ်
လူ့အဖြစ်ကို ကျဆင်းစေတာပဲ
ဘာတွေ ဖြစ်နေသလဲ
အခွင့်အလမ်းသစ် ဗိုင်းရပ်စ် နျူကလီးယား
ပိုက်ဆံ အနာဂတ်လှိုင်း ပညာ
အကြမ်းဖက်တိုက်ဖျက်ရေးနဲ့
ယာဉ်အန္တရာယ်နဲ့
ဒီမိုကရေစီ အိပ်မက်ဆိုးနဲ့ ပိရမစ်နဲ့
စသဖြင့်များစွာကြား
ကိုယ်တို့ သက်ရှိနေထိုင် ကပ်ဘေးကျရောက် အသက်ရှူကျပ်ခဲ့ကြရတယ်
တစ်စုံတစ်ရာ ဘာများ မှားနေပြီလဲ
မင်းမရှိရင် ဘ၀ဆိုတာ အလကားပါလို့ ကိုယ်ပြောမိတော့မယ်
မင်းဆိုတာ ကိုယ်အလိုအပ်ဆုံး ချစ်မေတ္တာပေါ့
အထီးကျန်တွင်းနက်ကြီးထဲမှာ လှုပ်ရှားမရ ရုန်းမရ အေးခဲသွားစေပါတယ်
ဘာတွေ ဖြစ်လာမလဲ။ ။

စိုးမင်းအောင်
မနက် ၈နာရီ ၁၆ မိနစ်
၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ၊ ၁၅ ရက်။

Friday, September 10, 2010

သူများဦးနှောက်ကို အခမဲ့ ငှါးရမ်း တပ်ဆင်ခြင်း



စိတ်ကုးကောင်းသူတွေက ဂျင်းဘောင်းဘီအိတ်ထဲကို လက်နှိုက်

စကားပြေကို ကဗျာလုပ်ဖို့ ဘယ်အပလီကေးရှင်းကို အတက်ခ်ျလုပ်ရမလဲ

ပန်းတစ်ပွင့် ပွင့်တိုင်းပွင့်တိုင်း အလွမ်းတွေ နိုးနေလိုက်ပုံ

လေနီကြမ်းထဲမှာ ဘာလို့ ၀ံပုလွေတစ်ကောင် ချောင်းနေရတာလဲ

အနိုင်အရှုံး ဆုံးဖြတ်ချက်ဟာ လက်လား ဂေါ်လီလုံးလား

အာဟာရပြတ်နေတဲ့ ၀ဋ်နာကံနာလား

ယားတဲ့နေရာကို ထုံးတို့မှတ်ထားရတဲ့ အသားတုံးကြီးလေ.....

ခေတ်ကိုကြုံတွေရမှုက မပြောချင်တာများနေပေမယ့်

အချစ်ဟာလည်း အဓိပ္ပာယ်အသစ်တွေပြောင်းလဲနေပြီ

ဦးနှောက်က အေသင်ဆိုရင် နှလုံးသားက ဘဂ္ဂဒက်

ဘယ်လို အနေအထိုင်မျိုးနဲ့ ဆင်တူနေလဲ

မမေးဝံ့တဲ့ မေးခွန်တွေနဲ့ အန်စာတုံးဖြစ်သွာတဲ့အကြောင်း......

မူးပြီးလွတ်လွတ်လပ်လပ် အန်ချပစ်လိုက်ဖို့

ကပ်ထားရတဲ့ တံဆိတ်တွေက ဘာညာ ဘာညာ ဘာဘာညာညာ

တဖြောက်ဖြောက် တချောက်ချောက် တဖောက်တဖောက်

စိတ်ဒုက္ခ ကျဉ်းကျပ်မူ လေးလံဖိစီးမှု ပဋိပက္ခ

စီးပွားပျက် ကပ်ကြီးမှာတော့ အရင်းနှီးများတဲ့ အိပ်မက်ကို မက်နေသူ

ဘယ်တော့မှ လင်းပွင့်မလာခဲ့ဘူး

ကောင်းကင်က ကောင်းကင်လိုနေပေမယ့်

ခင်ဗျားလည်း သိတဲ့အတိုင်းပဲ ဘာတွေလဲ နေ့တွေလား ညတွေလား

ဝလုံးတွေ စက်ဝိုင်းတွေ လမင်းတွေ သုညတွေဗလာနဲ့

ဇီးရိုးတွေဆီ မရှိခြင်းသက်သက်နဲ့လွမ်းလွမ်းနေရတာ အားငယ်လိုက်တာ

ငရဲခန်းလို့ မျိုချသူ ဒီကဗျာဖတ်ပြီးသူ အားလုံးကို

Thanks....

ဆံပင်ကို ထောင်ထား လက်မကို ထောင်ထား

ဂစ်တာတီးပြီး သီချင်းဆို

We are nod robots

အချိုန်ကိုစောင့်နေရတာ

စေ့စေ့စပ်စပ် အနားမသပ်မိတာ

ဘာမှန်းမသိတာအားလုံး အလွတ်ကျက်ပြီး

ဘာမှန်းမသိတာမှန်သမျှ

ဘယ်တော့မှ မပျောက်ဆုံးဘဲရှိနေတတ်တယ်။ ။


ဆူးရင့်၊တန့်ဆည်၊


ပြီးခဲ့တဲ့ စက်တင်ဘာ(၃)ရက်နေ့က မြန်မာပြည်သားကဗျာဆရာ မောင်ချောနွယ်အတွက် ကွယ်လွန်ခြင်း (၈)နှစ်ပြည့်ပွဲလေးကို မောင်ချောနွယ်ကို ချစ်ခင်လေးစားကြတဲ့ ကဗျာဆရာ ကဗျာဆရာမတွေက ပြုလုပ်ခဲ့ကြပါတယ်။ ဆရာမောင်ချောနွယ်ရဲ့ ကဗျာတွေနဲ့အတူ ကိုယ်တိုင်ရေးကဗျာတွေကို ရွတ်ဆိုပြီးတော့ ဆရာမောင်ချောနွယ်ကို ဂုဏ်ပြုခဲ့ လွမ်းဆွတ်ခဲ့ ကြေကွဲခဲ့ အောက်မေ့ခဲ့ တသခဲ့ကြသလို မောင်ချောနွယ်အမှတ်တရ ကဗျာစာအုပ်လေးတစ်အုပ်ကိုလည်း စီစဉ်ခဲ့ကြပါတယ်။ အခု ဒီကဗျာမှာပါတဲ့ စာသားတွေဟာ အဲဒီစာအုပ်လေးထဲက ကဗျာသား စာသားများကို ပေါင်းစပ်တပ်ဆင်ထားကြောင်း ၀န်ခံပါတယ်။

Thursday, September 9, 2010

ကဗျာနားနီး ကဗျာ စကားပြေနားနီး စကားပြေ

အရောင်းအ၀ယ် မဖြစ်ခြင်း ကဗျာပြုပြင်ပြောင်းလဲရေးနှင့်
လူမှု အသင်းအဖွဲ့များ ဖွဲ့စည်းမှုဆိုင်ရာ
အစိုးရမဟုတ်သော လူ့အဖွဲ့အစည်းများအသုံးဝင်မှု
ကဗျာမှုဆိုင်ရာ ကဗျာဝေဖန်ရေးဆောင်းပါများနှင့် ၂၀၁၀ ရွေးကောက်ပွဲ
မှတ်ပုံတင်ပါတီ ယခုနှစ် ဘောလုံးရာသီ ခြေနှစ်ချောင်းဈေးကွက်
အလုပ်မဖြစ်သော ရှေ့တန်း အလယ်တန်း နောက်တန်းတိုက်စစ်မှူးများ
ဒဏ်ရာရ အခြေအနေ အလဲအထပ် အငှားချရန် စီစဉ်ထားသော
ပြည်တွင်းပြည်ပ သတင်းမီဒီယာများအတွက်
မှတ်ပုံတင်ပြီးသော အသင်းအဖွဲ့ပုံစံများအတိုင်း
အိပ်ခ်ျအိုင်ဗွီ မိဘမဲ့ကလေး လူကုန်ကူးမှု မြန်မာဘောလုံးတိုးတက်ရေး
တရားမ၀င် ပြည့်တန်ဆာလုပ်ငန်း မြန်မာငွေတန်ဖိုး
ကိုးခရိုင်စီးပွားရေးမှ ကိုးခရိုင်စိမ်းလန်းစိုပြေရေးအတွက်
ဘောလုံးအကယ်ဒမီကျောင်းဖွင့်ရန် ငါးမိနစ်အလို
စိမ်းလန်းစိုပြေရေးက မြေအောက်ရေဆုံးရှုံးတယ်
အခင်းအကျင်း နှစ်ခုစလုံး အရှေ့ နဲ့အနောက်ကို ဦးတည်တယ်
ပြီးခဲ့သောဇာတ်လမ်းအကျဉ်းများအတိုင်း ဘက်နှစ်ဘက်မှာ
ရေအရင်းအမြစ် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ခြံစည်းရိုးကြက်ဆူ
နွေစပါးကို ထိန်းသိမ်းစောက်ရှောက်၍ ပြီး နှင့် မှ တို့ အား မူသော်
ကြီယာ ၆၀ သရုပ်ပြခဲ့
ပလပ်စတစ်ဆေးဆိုးအစများ ရှောင်ကြဉ် ကြွပ်ကြွပ်အိပ်ယဉ်ကျေးမှု ဖျက်သိမ်း
ကြော်ငြာစာတမ်းများ ထုတ်ပြန်
နားရေးကူညီမှုအသင်း ကြွေနေသောသစ်ရွက် အမြစ်တွယ်နေပုံ
တစ် နှစ် သုံး လေး ငါး ခြောက် ခုနစ် ရှစ် ကိုး တစ်ဆယ် ဂျက် ကွင်း ကင်း
အက်ကြောင်းများ ပြန်ချည်နှောင်နေ စိတ်တဆုံးဝင်သွားတဲ့ ရနံ့တွေက
လူကိုအတော်ဒုက္ခပေးပြီဆိုတော့ အသက်ရှူရတာ ပိုပြီးလေးလံ
လူလုံးပြစရာ အရောင်းအ၀ယ်ကိုမဖြစ် စိတ်အတွင်း အစာမကြေမှု
အက်ကြောင်းများ ကကြိုးလို လူကိုချည်နှောင်ခဲ့
စိတ်အဆုံးနစ်ဝင်သွားသော လူသားဆန်ခြင်း မဆန်ခြင်း အငြင်းအခုန်ရနံ့
ခေတ်ရေစီးကြောင်းအတိုင်း ကိုယ်ကပါးစပ်အဟောင်းသား
စိတ်က အာမေဍိတ်အဟောင်းသား
အဓိပ္ပာယ်တွေ မရှိခြင်း မရှိဖို့အတွက် လျက်ဆားလား ဆေးမီးတိုလား
ရှေ့ကိုလည်းမမျှော် နောက်ကိုလည်းမလှည့်ချင် ရပ်နေတာလည်းအလိုမကျ
ဘယ်လို တုံးလုံးလှဲလိုက်ရမလဲ
မတွေးချင် မခေါ်ချင်ဘဲ တွေးလိုက်ရတယ်
အရသာမရှိတဲ့ အရသာကို ဈေးကြီးပေး ၀ါးနေရသလို
မရှူချင်ဘဲ ရှူနေရတဲ့ နိစ္စဓူဝများ အပြင်....
ရပ်တော့ ညောင်းတယ် သွားတော့ ပင်ပန်းတယ်
ဘာလဲဆိုတော့ မေးခွန်းကို ဘာလဲလို့ ပြန်ပြန်မေးရတယ်
ချစ်စိတ်တွေ မကုန်သေးသရွေ့လား
မိုးတဖွဲဖွဲ စိတ်တခေါင်ခေါင် အပေါင်းအသင်းနည်းလာတယ်
သံသယများလာတယ် လိင်စိတ်က တာဝေးပစ် ဒုံကျည်
ကိုယ့်ကိုယ်ကိုယ် ခြိမ်ခြောက်မိတဲ့ အနုပညာက
အမြှီးဖြတ် ခေါင်းဖြတ်
အိတ်ထောင်ထဲက ပိုက်ဆံကို အပြင်ကျမသွားအောင် လူမိုက်ဆန်တော့လည်း
လုပ်အားခက တန်ဖိုးမမျှ
မျက်နှာတွေ မော့ကြည့်ရတာကို မမြင်နိုင်လောက်အောင်ကိုပဲ
လူတစ်ယောက်နဲ့ လူတစ်ယောက် မယုံသလို ရယ်ရတယ်
ဒီနေ့ခေတ်စမ်း စကားလား
ငါတို့ ဘယ်တော့မှ ဂိုဏ်းစတားဖြစ်မှာ မဟုတ်ဘူး
သိပ်ဆန်း သိပ်အန္တရာယ်ရှိတယ်ဆိုတဲ့ အမှိုက်တွေကလည်း
ခေါင်းထဲ ပုံနေလား
ရောက်ရာအရောက်က ငယ်မူပြန်ဒုက္ခတွေပဲ နေ့နဲ့ညမှား
အိမ်ကလေးတစ်လုံး ပိုင်ဆိုင်ကြတာချင်းအတူတူ
ပုတ်ခတ် ရှုတ်ချ ဘ၀ရှင်မင်းတရားကြီးလည်း ဂိုးပြတ်ရှုံးတာပဲ
ငါမယုံတော့ဘူး ငါနဲ့ ငါ့အစစ်အမှန်ကို မယုံတော့ဘူး
နာဇီလို့ မပြောနဲ့ ငါ့ကို နာဇီလက်သစ်လို့ မငေးနဲ့
သရေကွင်းကို သေမင်းနဲ့ ညီမျှခြင်းမချနဲ့
မင်းလည်း သီချင်းကို ကြိုက်လို့ဆိုတယ် ရေးတယ်
ငါလည်း ကဗျာကို ချစ်လို့ရေးတယ် မအောင်မြင်တာတွေ
ပြည်မဖောက်နဲ့ သစ်ပင်ဆိုတာလည်း သူ့အလုပ်သူ လုပ်နေတာပဲမို့လား
ဒီနေ့ ငါတို့ စိုးရိမ်နေသလို စိုးရိမ်နေကြတဲ့ ကားဟွန်းသံတွေ
ငါတို့ လက်တွဲထားပြီး အဝေးမှာ အနီးမှာ ပျောက်ဆုံးနေတဲ့ မိတ်ဆွေတွေ
သေကွဲလား ရှင်ကွဲလား ဘယ်လိုမှ ဆက်သွယ်မရ
မီးခလုပ်ကို ဖွင့်လိုက်တယ် ပြီးတော့ ပြန်ပိတ်လိုက်တယ်
ဘယ်လိုပြစ်ဒဏ်တွေနဲ့ ဆိုင်ကယ်ကို လီဘာအဆုံးဆွဲတာလဲ
လမ်းပေါ်မှာ ကလေးတွေ စွန်လွှတ်နေတယ်
လူဟာ ကလေးကို အလိုလိုက်ကြတယ်
လုပ်စရာတွေများနေတော့ ဘာလုပ်ရမှန်းမသိဘူး
ထင်ရှားသော မုန်လာဥ မျက်နှာချင်းဆိုင်မပြောရဲတော့
တိရစ္ဆာန်တွေလိုပဲ အလစ်ကို ချောင်းနေတယ်
ငါအခု ကစဥ့်ကလျား အိပ်ယာဝင်ပုံပြင်တွေနဲ့ ကျောချစရာတစ်နေရာ
တစ်ဦးနဲ့တစ်ဦး ကျားကွက်ရွှေ့သလို ကျွေးလိုက်စားလိုက် ဘာဖြစ်မလဲ
ရွှေဖလားနဲ့ ကြက်သားကိုင်ဆိုပါတော့
လိုင်းပေါ်တတ်လာတာတွေလည်း အကုန်ဂရုမစိုက်နိုင်ဘူး
အချစ်က ဆယ့်တစ်လမ်း လေးကွက်မှာ
အနားယူဖို့လည်း အသုံးချခွင့်က အတိုးနှုန်းများလာတယ်
မီဒီယာနဲ့ ရာစုသစ်က ချိန်ခွင်လျှာထဲ ရာသီဥတုက တစ်မှောင့်
ဖွဲ့စည်းပုံအခြေခံ ဥပဒေက အကာကွယ်မဲ့ ဆက်ဆံခဲ့သလို
အနုပညာကိုလည်း အကာကွယ်မဲ့ ပြုမူခဲ့သလား
ဝေခွဲမရတဲ့ ရှေးရိုးအစဉ်အလာများနည်းတူ
chemicalတွေထဲမှာ chemicalတွေပဲလား
မှန်ရှေ့ စိတ်နဲ့တောင် မပြစ်မှားရဲ ယုံကြည်မ၀င်ဘူး
လွတ်လပ်ပြီး တရားမျှတသော လူစုလူဝေးနဲ့ အရင်လို ပြန်ပြီးဆွေးနွေးချင်ပါရဲ့
ချစ်သောနှင်း၏ သွေးအား အချစ်နဲ့ပတ်သက်သော အရာများအား
ရှင်းပြရင်း ပြာအတိ ငါဖြတ်ခဲ့သော ရက်စွဲအချို့
ဒလိမ့်ကောက်ကွေး
ဇီးပင်က ဇီးဆူးက ဇီးရွက်ကို ဘယ်တော့မှ မဖောက်ဘူးတဲ့
တရံတခါတော့ ပန်းသီးက အပင်ရဲ့ အဝေးမှာကြွေတယ်
လူလူချင်း အမြင်မကြည်နိုင်
ဘယ်တော့ပြီးဆုံးမလဲ
ရေတွေ ဒလဟောတိုး သမိုင်းကြီး စီးနေတယ်
ဖလက်ဂန်းက ဖမ်းခဲ့တဲ့ လင်းခဲ့သော ပုံရိပ်များအတိုင်း
အာရုံပြောင်းရတာလည်း ကဗျာကို စနက်တံဖြုတ်ရလို့ပဲတဲ့လား
အမေနဲ့ သားနဲ့ မေမေနဲ့ ကျွန်တော်နဲ့
ဆင်းရဲတွင်းနက်လိုက် နီလိုက် ပြာလိုက် စိမ်းလိုက် ၀ါလိုက်
သေတယ်ဆိုတာ ရောဂါတွေထဲမှာ အနာဆုံးဒဏ်ရာပဲ
အထက်ပါအကြောင်းအရာများနဲ့အတူ
တစ်ဦးတည်း နေထိုင်ခြင်းနဲ့ အများကို ဂရုမစိုက်ခြင်း
အတိကျဆုံး စိတ်လှုပ်ရှားခြင်းများအတိုင်း
ဂုဏ်ကျေးဇူးရှိသော ပုံရိပ်များအတိုင်း
ညဟာ မှောင်သထက်မှောင်လာပြီ
သတိတွေရလိုက် သတိတွေပြန်ပေးလိုက်
လွန်လေပြီးသော အခြေအနေအတိုင်း ဂရုမပြုအား
သက်တောင့်သက်သာ မဲ့ဆဲ မြေမြုပ်မိုင်းများ ရှင်းလင်းရဆဲ
မြားများ ဇောက်ထိုးကျဆဲဆိုတော့
လေထူထဲမှာ ဘာတွေ အပြည့်ရှိနေလဲလို့
လမ်းပေါ်မှာ ဘယ်သူတွေရှိမလဲလို့ အကျိုးပဲ အကန်းတွေလို အိမ်တွင်းအောင်း
မီးအိမ်တွေ မီးမထွန်းပဲ ချိပ်ဆွဲ လွတ်လပ်မှုက တစ်ခန်းလုံး မလင်းနိုင်တာ
သတ္ထုသံတွေ လရောင်နဲ့အတူ စီးကျနေ
ငါအမြဲ အိမ်ကရေပဲ တောင့်တမိ
စီးကျလာတဲ့ မျှော်လင့်ချက်ကို ငေးရီရင်း
မျက်ရည်ကဖြစ်တဲ့ သက်တံဟာ
ငါ့ခေါင်းကို ဓားကို ကန့်လန့် စိုက်စူးနေပါတော့တယ်။ ။

တိုးနှောင်မိုး


Wednesday, September 8, 2010

ပက်ကြားအက် ရင်ခွင်

အသည်းကွဲခဲ့ဖူးတဲ့ ငါ
ချစ်ဦးသူနဲ့ ဝေးခဲ့ဖူးတဲ့ ငါ
ပတ်ကြားအက် ရင်ခွင်ကို
ပိုင်တာ မဆန်းပါဘူး…။

နွေမဆန်တဲ့ နွေကန္တာရထဲ
ပူလောင်ခြင်း အသီးတွေကို
အရည်ဖျော်သောက်လို့
မြတ်နိုးခြင်း သစ်ပင်တွေကို
ရှင်သန်စေခဲ့တာ ။

တကယ်တော့ ငါရူးသွပ်ခဲ့တာပါ
ဖတ်ဖတ်မော အားအင်တွေနဲ့
ငါ့ ရင်ကို ငါအားတင်းရတယ်
ဒဏ်ရာတွေ ဗရပွနဲ့
ပြိုင်းပြိုင်းထနေတဲ့ ငါ့ရင်ခွင်
အချစ်မိုးခေါင်ခဲ့လို့ ပက်ကြားအက်ခဲ့တာ
ပူပြင်းတဲ့ နင့်အချစ် နေရောင်တွေကြောင့်
ခြစ်ခြစ်တောက် ပူတယ်
ငါ့ရင်ထဲမှာတော့ မိုးခေါ်ပွဲတွေ
အကြိမ်ကြိမ်နွဲလို့ ဗုံတီးသံတွေနဲ့
ဆူညံဆဲပေါ့ ။ ။

ရောင့်ရဲ၊တန့်ဆည်၊

အတွေးစများ

ခဏခဏ ဖိတ်လျှံကျတဲ့
ရင်ဘတ်ထဲက အတွေး စ များ
တစ်ခါတစ်လေတော့ ခါးတယ်
နပ်မှန်ဖို့ကြိုးစားနေရတဲ့
ငါ့ခန္ဓာအတွက် အစာ
ဘယ်တော့များမှ နာလံထူနိုင်မှာလဲ
မတွေးမိပဲ တွေးမိနေတဲ့ အတွေးများ
ဝန်ပိနေတဲ့ ကားလို ဦးနှောက်ကို
အသံကုန် ဟစ်ကြွေးနေရတယ်
ကိုငှက်ကြီးလို တစ်နေ့စာအလွဲများနဲ့
အတွေးများကို နယ်ချဲ့ ဖူးတယ်
နီရိုးဘုရင် ဖြစ်ဖူးတယ်
ချီဂွေဗားရား ဖြစ်ဖူးတယ်
အသက်ရှင်ခြင်းရဲ့ အဘိဓမ္မာရှာခဲ့ဖူးတယ်
အတိတ်ကလုပ်ခဲ့တဲ့ အလုပ်တွေ
လုပ်နေဆဲ ပစ္စုပ္ပန်ရဲ့ အလုပ်တွေ
အနာဂတ်အတွက် လုပ်ရအုံးမဲ့ အလုပ်တွေ
အလုပ်တွေ…………အလုပ်တွေ……………
အလုပ်တွေ…………………………………….။

လွန်ကုန်ပြီ အတွေး စ များ
မေ့ထားလို့ရမဲ့ ဆေးတစ်ခွက်ကမ်းလှည့်ပါ
ရိုးသားစွာ ရူးသွပ်နေတဲ့
ငါ့ မနက်ဖြန် အတွက်……………..။

ရောင့်ရဲ၊တန့်ဆည်၊

LinkWithin

Related Posts with Thumbnails