Saturday, September 12, 2009

ညစ်ညမ်းမှု

နယ်နိမိတ်အတွင်း လှေသမ္ဗန်တွေနဲ့ ကူးပြီး လာကြသလို
နယ်နိမိတ်အတွင်းထဲကနေ နည်းမျိုးစုံနဲ့ ပြန်ထွက်သွားကြတယ်
ဆန္ဒတွေ မိုးမမိခင် လေပြည်ထဲဖြတ်လျှောက်
သံဆူးကြိုးများ ကာရံထားတဲ့ဆီအရောက် အလွန်ဆွေးသွားတယ်
ဖိစီးမှုများလည်း အမြဲတမ်း အသစ်ဖြစ်ပေါ်ဖွံ့ဖြိုးနေတာကိုး
အရေးအသားတစ်နေရာမှာ ချစ်ခြင်းများဖြင့် တွေ့ကြပါစို့
အဲဒီမှောင်နေသော လောကထဲ ပျော်နေတော့မလား
ခွေး-သွားစိပ်/ စိတ်တွေကြား စိတ်ပိုင်းထွက်လာတယ်
မွှကြေနေတဲ့ စိတ်တွေ
မေတ္တာဟာသန္ဓေပျက်ကျလို့ မျိုးတုံးတော့မယ်
ဒုက္ခ ထူထပ်မှုများ များပြားဆဲ
မင်းအတွင်းခံ အတွင်းသားကို ဘယ်သတ္တ၀ါကမျှ နူးညံ့ထိတွေ့ပြုကြလိမ့်မှာ မဟုတ်
အကြမ်းတမ်းဆုံး ချွတ်လွှင့်ဆော့ကစား ကြမ်းတမ်းလိမ့်မယ်
တိရစ္ဆာန်တွေလို ပြုမူကျင့်ကြလိမ့်မယ်
တစ်စစီဆွဲဖြိုတော့မယ့် သန်းခြောက်ထောင် ရက်စက်မှုတွေ
သူပဲ အကြင်နာအစစ်ပေးနိုင်သလို ပုံဖမ်းမှု
ရင်ဟာ နာကျင်နေတယ်
ဘာလို့ ဘာဖြစ်နေကြတာလဲ
ရဲရဲကျလာနေတဲ့ အရာတွေ စီးကြောင်းတွေ
သင်ဟာ အလှည့်စားခံလိုက်ရပြီး
ပြိုပျက်လို့ ရှင်သန်နေရတော့တယ်
အဆိပ်ဖုံးနေ့တွေကို ဘယ်လိုရှင်းလင်းကြရမလဲ

စိုးမင်းအောင်

Wednesday, September 9, 2009



။ တစ် ။

ဖြတ်သန်းနေကြ လမ်းတွေဟာ အဟောင်းအတိုင်း
ဝန်ပိသလို လေးလံနေတယ်။
မထမ်းပိုနိုင်လောက်အောင် မွန်းကြပ်မှုမှာ
လက်တွေ့ကျကျ ပျော်ဝင်နေတာပါ။
အငွေ့တထောင်းထောင်း ထွက်နေတဲ့
ဦးခေါင်းတစ်လုံးကြောင့် ညနေခင်းတွေကို
သီးသီးသန့်သန့် ခံစားဖို့ မေ့လျော့ခဲ့ပါတယ်။
ကျွန်တော်ကိုယ်တိုင် ကျွန်တော်မပီသလောက်အောင်
ဦးတည်ရာ ပစ်မှတ်မဲ့ ခုတ်မောင်းသွားတဲ့
နေ့ရက်ဆိုးတွေဟာလည်း
ကဗျာဆန်ဆန် နေထိုင်ဖို့နဲ့ စနစ်တကျ ရှင်သန်ဖို့အတွက်
စိတ်ဝမ်းကွဲနေတယ်ဆိုတာ ပြောပြမနေချင်တော့ပါဘူး။


ဝတ်မှုန်ကူးခွင့် မရှိတဲ့ တံခါးချပ်တွေ ပိတ်ပစ်လိုက်တယ်။
လေကောင်းလေသန့်ကို ရွေးခြယ်ပြီး
ရှူရှိုက်တတ်တဲ့ အရောင်လေးအတွက်
စိတ်က ရေစီးကမ်းပြို ဝေ့၀ဲနေပြန်ရော့။
ဘယ်အရာကိုမှ မသိချင်တော့ပါဘူးလေ။
တံခါးချပ်တွေ ပြန်ဖွင့်ပေးလိုက်ပါတယ်။


ပျော်ရွှင်လို့ မရတဲ့ ခံစားမှုကို ရင်ဘတ်ထဲ ထည့်ပြီး
ကျွန်တော်အောက်ထပ်ကို ဆင်းလာခဲ့တယ်။
စောင်းယားရိပ်အောက်မှာ
တစ်ယောက်တည်း အထီးကျန်နေလိုက်ပုံများ။


ညအလင်းပျော့ပျော့ဟာ
မှောင်ရိပ်သန်း ငိုက်မြည်းနေပြီ။
ကျွန်တော်ရှေ့တည့်တည့်က ဗန်ဒါရွက်ကြွေတွေကို
အသက်မဲ့သလို ငေးနေလိုက်တယ်။


မတွေ့ချင်လည်း မြင်နေရတဲ့ ရှုခင်းတွေက
ကားလမ်းမပေါ်က အရှုပ်အထွေးတွေ၊
အတုအစစ်မခွဲခြားရသေးတဲ့ လူတွေ၊
လိုင်စင်မရှိတဲ့ ဈေးသည်တွေ၊ မျက်နှာဖုံးတွေ၊
အခွံတွေ၊ အလိုမကျတိုင်း ခွာထုတ်နေရတဲ့ သက်ပြင်းတွေ၊
အရိအရွဲတွေ၊ အမှားတွေ၊ အမောတွေ...။


“ အမှတ်မထင် ထိုးစိုက်လာတဲ့ အရောင်လေးတစ်ခု ”
ဒါဟာ မကောင်းဆိုးဝါးတွေရဲ့
တရားမ၀င် ဖမ်းစားခြောက်လှန့်မှု မဟုတ်တာ သေချာတယ်။
အဲဒီသေချာမှုကို သေသေချာချာသိနေတဲ့
ကျွန်တော်ကိုယ်တိုင်လည်း
ငိုရယ်ဖို့ အသိတရားက မေ့လျော့ နေပြန်ရော့။


“ဝေးးး”
အရောင်လေးကို လှမ်းခေါ်လိုက်တဲ့
အသံဟာ ကျွန်တောလည်ချောင်းကတဆင့်
ပြိုဆင်းလျောကျသွားတယ်။
အရောင်လေးက တစ္ဆေဆန်ဆန်
စကားမပြောဘဲ ရှေ့ဆက်လျောက်သွားသလို
ကျွန်တော်ကလည်း ကျွန်တော်ဆန်ဆန်
ငြင်းပယ်မှု ပရိုဂရမ်ထဲ ၀င်ထိုင်နေလိုက်တယ်။


မကြာခင် အချိန်ပိုင်းလေးမှာပဲ
အရောင်လေးဟာ လာရာလမ်းဆီ ပြန်ကွေ့လာခဲ့ပါတယ်။
ကျွန်တော် ဘာလုပ်ရမလဲ။
ဘာကို ကျွန်တော်လုပ်ရမလဲ။
အရောင်လေးနောက်မှာ
ကျွန်တော့်အရိပ်ဟာ လိုက်ပါသွားတယ်။


“ဘာလို့ တကောက်ကောက် လျောက်လိုက်နေတာလဲ”
ကျွန်တော် ငတ်မွတ်ဆာလောင်ခဲ့တဲ့
အရောင်လေးရဲ့ အသံပါ။
နှလုံးသားထဲ ကျွန်တော်ထွင်းနေတဲ့
အက္ခရာကို ဘယ်သူမှ မမြင်ခဲ့ဘူး။
ဘယ်သူ့ကိုမှလည်း ပြောမပြဖြစ်ခဲ့ဘူး။
ကျွန်တော့် အရောင်လေးရော မြင်နိုင်ပါ့မလား။


အသက်ဇီိဝိန်ကို အပြီးအပိုင် စွန့်လွှတ်ရတော့မယ့်
ရာဇ၀တ်သား တစ်ယောက်လို
ရင်ထဲ ၀မ်းထဲ နေထိုင်လို့ မကောင်းဘူး။
ခက်တော့တာပဲ။
လေလျော့နေတဲ့ လေထိုးရုပ်တစ်ခုလို
ကျွန်တော်နေထိုင်မှုဟာ
ပုံပျက် ပန်းပျက်ဖြစ်သွားခဲ့တယ်။


ဒီတော့ ကျွန်တော် သူငယ်ချင်းက
“ဟေ့ကောင် မင်းဘာဖြစ်နေတာလဲ”
“............................”
“မင်းကိုကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ”
“...........................................”
ကျွန်တော်ပြောလိုက်တဲ့ အသံကို
သူငယ်ချင်း နားမလည်မှာ သေချာပါတယ်။


။ နှစ် ။

ဟုတ်ပါတယ်......။
အရောင်လေးနဲ့ ပတ်သက်လာတိုင်း
ကောင်းကင်တစ်ပြန့်စာ စိတ္တဇတွေနဲ့
အရူးတစ်ယောက်လို
ကျွန်တော်လွင့်မျောနေတတ်ပါတယ်။
ရင်ညွှန့်တည့်တည့်မှာ စိုက်ဝင်နေတဲ့
ဆူးတစ်ချောင်းကို နုတ်မပစ်ရက်နိုင်လောက်အောင်
မိုက်တွင်းနက် ဆိုးသွမ်းနေသူ တစ်ယောက်ကို
ခင်များတို့ လိုက်ရှာကြည့်မယ်ဆိုရင်လည်း
ကျွန်တော်ကိုပဲ တွေ့ရမှာပါ။


အလွမ်းတွေ တရိပ်ရိပ် စီးနေတယ်။
အဲဒီအလွမ်းတွေကိုပဲ နုံနုံအအနဲ့
ကျွန်တော်မော့သောက်နေတယ်။
ဒီလိုနဲ့ ကျွန်တော့်နေ့ရက်တွေ
ဟောင်းနွမ်းသွားခဲ့ပါတယ်။
ကျွန်တော်ဆုပ်ကိုင်းထားတဲ့ မျှော်လင့်ချက်တွေဟာလည်း
အရောင်လေးအနားမှာပဲ
မျက်စိလည် လမ်းမှားနေခဲ့တာပါ။
မသိလို့ မမြင်နိုင်တဲ့ အရှိတရားတစ်ခုလို့
ပြောမယ်ဆိုရင်လည်း ရနိုင်လောက်တဲ့ အခြေအနေပါ။


တယ်လီပလီအားကိုးနဲ့
ကျွန်တော်အရောင်လေးကို ရင်ဖွင့်ပြတယ်။
တယ်လီပလီအားကိုးနဲ့
ကျွန်တော်အရောင်လေးဆီ စကားတွေ ပြောနေတယ်။


“အရောင်လေးရေ မင်းကို ငါ သိပ်ချစ်တယ်”
“မင်းကို သိပ်ချစ်ခဲ့တာ ငါပါကွာ”
ကျွန်တော် ပြောလိုက်တဲ့ စကားသံတွေ၊
စကားတွေ၊ စကားလုံးတွေ၊
အရောင်လေး ကြားနိုင်ပါ့ မလား။
ကျွန်တော့် ဦးနှောက်နဲ့ လိုက်မမီတော့ဘူး။


မီမယ်ထင်ရင်တော့
ခင်များတို့ ဦးနှောက်တွေ လိုက်ကြရုံပေါ့။
အချိန်တွေ ပုတ်သိုးလာတာနဲ့ အမျှ
အရာအားလုံးဟာ အဟောင်းရဲ့ ခေါင်းစဉ်အောက်မှာ
နေရာယူသွားကြလိမ့်မယ်။
ဒါကို ကျွန်တော်လက်ခံတယ်။
ကျွန်တော် အရောင်လေးလည်း လက်ခံနိုင်ပါလိမ့်မယ်။


။ သုံး ။

ကျွန်တော်အိပ်ပျော်သွားတဲ့ အခိုက်အတန့်ယာယီမှာ
အိပ်မက်ထဲ အရောင်လေးရောက်လာပြီး
ကျွန်တော်ကို စကားတွေပြောတယ်။


“နင်က တော်တော် စိတ်ကူးယဉ်တတ်တာပဲနော်”
“ဘာထူးလို့လည်း အဲဒါလည်း စိတ်ကူးယဉ်တာပဲ”
“ဟင် ဘယ်လိုဟာကြီးလည်း”
“နင် ပြန့်ကားထားတဲ့ စိတ်တွေက
အပြင်မှာ နင်ကြိုးဆွဲသလို ကပြတတ်လို့လား”
“ထားပါတော့လေ ငါကမှ စိတ်ကို အယဉ်အရိုင်းမခွဲတတ်တာ”
“စိတ်အကျဉ်းက ရှစ်ဆယ့်ကိုးပါးပေါ့ ဟုတ်လား”
“အကျယ်ကြတော့ ဘာလို့ တစ်ရာ့နှစ်ဆယ် ဖြစ်သွားရတာလဲ”
“အရူးစုပ်”


။ လေး ။

မိုးမျှော်ဆာလောင်စိတ်များ
အန်ချော်တိမ်းစောင်းသွားတဲ့ ကျွန်တော်ဟာ
အမှောင်ထုရဲ့သိပ်သိပ်သည်းသည်း
ဝါးမျိုခြင်းကို ခံနေရပါတယ်။
ညရဲ့ အပြေးများလည်း လိပ်တစ်ကောင်လို
တုံ့ဆိုင်း နှေးကွေးလွန်းလှပါရဲ့ ။


ပုံတူ မျိုးပွားခြင်းခံရတဲ့ “နေကြာပန်း”
ပန်းချီကားကို ဗလာစာအုပ်အဖုံးက
ဖြတ်တောက် ထုတ်ယူလိုက်တယ်။
ဣနြေ္ဒကင်းမဲ့အောင် စီးဆင်းလာတဲ့
ကျွန်တော့်စိတ်ရဲ့ တောင်းဆိုမှုကြောင့်
ခုနက ပန်းချီကားကို နံရံမှာ ကပ်ထားလိုက်တာပါ။
ဗင်းဆင့်ဗန်ဂိုး တစ်ယောက်တော့
သိနိုင်လိမ့်မယ် မထင်ပါဘူး။


ကျွန်တော်တို့ ရပ်ကွက်ရဲ့
စည်းကမ်းချက်တစ်ခုက
ညဆယ်နာရီကျော်တိုင်း မီးပျက်လေ့ရှိပါတယ်။
အမှောင်ကို တရင်းတနှီး ခံစားခွင့်ရလို့
ကျေးဇူးတင်စရာပေါ့။


အိပ်မပျော်တိုင်း ဖွင့်ထားတတ်တဲ့
ကျွန်တော့်မျက်လုံးတစ်စုံ။ ပုဂ္ဂလိပိုင် ဖြစ်ရိုးဖြစ်စဉ်များ၊
မပြီးပြတ်နိုင်သော ဘ၀ဖိုင်တွဲများ၊
အဖုအထစ် ၀ါဒကွဲပြားမှုများ၊
အလေအလွင့်နေ့ရက်များ၊
မွေးရပ်မြေက ညီ ညီမလေးများ၊


“ကဗျာဆရာဆိုတာ ငွေကလွဲရင
် အရာအားလုံးကို ဖန်ဆင်းနိုင်တယ်”
ဆရာအောင်ဘညိုရဲ့
ကဗျာအပိုင်းအစများ၊


“အချစ်ရူးလေးကို ခံစားပေးပါ
ဆိုင်သူမသိပဲ ချစ်နေမှာ”
ထွန်းအိန္ဒြာဗိုရဲ့ သီချင်းသံများ၊
နေ၀င်သွားပေမယ့်
ဝင်ရကောင်းမှန်းမသိတဲ့ ခံစားမှုများ၊
အမေ့ ပုံပြင် အဟောင်းများ၊


အားစိုက်ပြီးမှ လှမ်းလို့ရတဲ့
ကျွန်တော်ခြေတောက်များ၊
ကောက်ကွေးနေတဲ့
ကျွန်တော်ရဲ့ လက်များ၊
ရွဲ့ စောင်းနေတဲ့
ကျွန်တော်ရဲ့ ပါးစပ်များ၊
အားလုံး.....အားလုံးဟာ
အမှောင်ရဲ့ ပိုက်ကွန်မှာ ကျွန်တော်နဲ့အတူ
မလူးသာ မလွန့်သာ နစ်မြုတ်နေကြပါတယ်။


ကျွန်တော်သွေးသားက
စာပေတစ်ခုကို ဆာလောင်လာတဲ့အတွက်
ဖယောင်းတိုင်ကို လိုက်ရှာတယ်။
အမှောင်ဟာ အမှောင်အတိုင်းပါပဲ။
မီးခြစ်တစ်လုံးကို ပထမဆုံး တွေ့လိုက်ရလို့
ဝါကျင့်ကျင့် အရောင်အလင်းတွေ
အခန်းထဲ ပြန့်ကျဲလာခဲ့တာပေါ့။


ဖယောင်းမီးကို ဖက်တွယ်ထားရတဲ့ ည။
အဲဒီညကို “ ည မပီသဘူး ”လို့ ပြောလို့ရမလား။


လ္ဘက်ရည်၊ ကော်ဖီမစ်၊ ရေနွေကြမ်း၊
လ္ဘက်သုတ်နဲ့ ရောနှောမွှေနှောက်ထားမိလို့
အိပ်စက်ခြင်းဆိုတာကလည်း ကျွန်တော်နဲ့
မျက်နှာချင်း ဆိုင်လို့မရတဲ့ ဗေဒ။
ဝေးသည်ထက် ဝေးတဲ့ နေရာဆီ
မောင်းနှင်သွားကြတဲ့ အိပ်စက်ခြင်းတွေကို ကြည့်ရင်း
သဘာဝကို သဘာဝအတိုင်း လက်ခံဖို့
ကျွန်တော်ဝန်းလေးနေမိတယ်။


ဖတ်မိတဲ့ စာအုပ်ကလည်း
တိုက်ဆိုင်မှုမရှိတဲ့ သံစဉ်။
စာအုပ်ကို ပိတ်ပစ်လိုက်တယ်။


“အိပ်စက်ခြင်း”
ဒါကို အဘိဓမ္မာစကားက
“ဘ၀င်စိတ်”တဲ့။
ဒေါသနဲ့ မျှားယူနေမိတော့
အဲဒီစိတ်ကလည်း
ကျွန်တော်ကို စိတ်ဝမ်းကွဲနေပါတယ်။


ဖယောင်းမီးကို ပိတ်ပစ်လိုက်ပါတယ်
အမှောင်ဟာ အမှောင်အတိုင်း
ကျွန်တော်ဝန်ကျင်အနှံ့
ထူထူထဲထဲ ရောက်ရှိလာပြန်ရော့။
အင်ဂျင်သံတွေ၊ ခွေးအူသံတွေ
အလိုမတူ ကြားနေရပါတယ်။


အမှောင်တွင်းနက်နက်ထဲ
အမှောင်ကျနေတဲ့ ကျွန်တော့်နှလုံးသားဟာ
အိပ်ဖန်စောင့်နတ်သမီးဖြစ်တဲ့
အရောင်လေးကို လွမ်းဆွတ်သတိရနေပါတယ်ဆိုရင်
အဖြစ်သည်းလွန်းရာများ ကျနေမလား။


ညဟာ
အမှောင်ရဲ့ လောင်းရိပ်အောက်မှာ
ဝေ့ဝေ့လွင့်နေပါတယ်။


။ နိဂုံး ။

ကျွန်တော်ဟာ ပိုလီယိုရောဂါနဲ့
လူ့လောကထဲ ရောက်ရှိလာတဲ့
လူသားတစ်ယောက်ပါ။
မွေးကတည်းက ကံကြမ္မာဟာ
ကျွန်တော်ကို မျက်မှန်စိမ်းတပ်ပြီး ကြည့်ခဲပါတယ်။
ဝူးဝါး ၀ူးဝါးနဲ့ ကျွန်တော့်စကားသံတွေကို
ခင်များတို့ နားလည်နိုင်မှာ မဟုတ်ပါဘူး။


ကျွန်တော်သိပ်ချစ်ခဲ့တဲ့ အရောင်လေးကို
အချစ်အကြောင်းတွေ ရင်ခုန်သံတွေ
ခင်များတို့လို ပြေချင်နေပါတယ်။


အခုတော့ ကျွန်တော်မှာ
စကားတွေကို စိတ်ထဲကပဲ ပြောဆိုနေရပါတယ်။
စိတ်ထဲမှာပဲ လွင့်အော်နေရပါတယ်။
ကျွန်တော့်စိတ်နဲ့ ချည်နှောင်မိတဲ့
ကျွန်တော်ရဲ့အရောင်လေးရော
ကျွန်တော့်စကားသံတွေ လွင့်အော်သံတွေ
ရင်ခုန်သံတွေကို ကြားနိုင်ပါ့မလား။


“ အရောင်လေးရေ... မင်းကို ငါ သိပ်ချစ်တယ် ”
“ မင်းကို သိပ်ချစ်ခဲ့တာ ငါပါကွာ ”





ဆူးရင့်၊တန့်ဆည်၊

အရောင်လေးသို့ အမှတ်တရ ရေးဖွဲ့ပါသည်။
Note: :telepathy- အဝေး၌ ရှိနေသူအား စိတ်ချင်းဆက်သွယ်မှု။

Sunday, September 6, 2009

စိတ်လောင် ရှုမျှော်ခင်း



(တစ်)
ကျွန်တော့် အတွေ့အကြုံကို
ကျွန်တော်ကိုယ်တိုင် မှတ်သားခွင့်ရလိုက်တဲ့
အသိမျိုး မဟုတ်ပေမယ့် ကျွန်တော့်ကို မွေးတဲ့နေ့ဟာ
အောက်တိုဘာ(၂၉)ရက်
်နေ့ဖြစ်သလို
ညရဲ့ကောင်းကင်တစ်ပြင်လုံး ကြယ်ရောင် လရောင်တွေ
ခင်းကျင်းပြသခွင့်ရှိတဲ့ သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့လည်း ဖြစ်ပါသတဲ့ ။


အမေပြောပြတဲ့ စကားမို့ မမှားလောက်ဘူးထင်တာနဲ့

ကျွန်တော်ယုံယုံကြည်ကြည် လက်ခံလိုက်ပါတယ် ။
ကိုယ့်ဇာတာကို ပြန်ပြီးဖတ်နိုင်လောက်တဲ့
ကြီးပြင်းမှု အချိန်ကာလဆီရောက်ပြန်တော့
“အိုး ငါ အင်္ဂါသားကြီးပါလား ”လို့
ကိုယ့်ကိုယ်ကိုယ် အံ့သြစိတ် ၀င်မလာမိတာလည်း
ကိုယ့်လူတို့ မသိသေးတဲ့ အမှန်တရားတစ်ခုပါ ။

ကျွန်တော် ငယ်စဉ်က ဆရာဘုန်းကြီး သင်ကြားပေးလိုက်တဲ့
“ ဦးညို ခေမာ သုတ ဝေရီ ရန်အစီစီ ”ဆိုတာ
ဖိတ်စာမရဘဲ ရောက်လာတဲ့
ကျွန်တော့်ရှေ့တည့်တည့်က နတ်ဆိုးတစ်ကောင် ။
တနင်္ဂနွေဆိုတာ ကျွန်တော့်ရဲ့ ဆန့်ကျင်ဘက်ဂြိုဟ်
ကျွန်တော်က တနင်္ဂနွေရဲ့ ပဋိပက္ခဘေးရန် ။

(နှစ်)

မနက်ခင်းတစ်ခုဟာ
သဘာဝထဲ ပျော်ပျော်ဝင်ဝင် စီးဆင်းလာပါတယ် ။
မိုးရာသီက မွေးတဲ့ တိမ်စိုင် တိမ်လိပ်တွေ ဖြစ်ပေမယ့်
အရင်အတိုင်း ညစ်ညစ်ပတ်ပတ် မနေကြတော့ဘူး ။
ရေချိုးဆိပ်ကို ကျောခိုင်းလာတဲ့
မိန်းမပျိုတစ်ယောက်လို လင်းလို့ သစ်လို့ ။
အဲဒီ မနက်ခင်းထဲမှာ သူငယ်ချင်းတစ်ယောက်နဲ့အတူ
လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ကြပါတယ် ။

ကျွန်တော်ထင်မှတ်မထားတဲ့ အချိန်မှာ
အမှတ်မထင်မေးလိုက်တဲ့
သူငယ်ချင်းရဲ့ မေးခွန်းနှစ်ခုကိုလည်း
သူ့သဘောကျ လက်ခံနိုင်လောက်တဲ့ အဖြေကို
ကျွန်တော့် ဦးနှောက်နဲ့ အတွေ့အကြုံက
ဆုံးဖြတ်ချက်ထုတ်မပေးနိုင်ခဲ့ပါဘူး။

“ ဆန့်ကျင်ဘက် လိင်ကို မဆာလောင်တဲ့ ပုထုဇဉ်ဆိုတာ မင်းတွေ့ဖူးလား ”

“ အားလုံးကို ကိုယ်စားပြုတဲ့ အချစ်ရဲ့ အဓိပ္ပာယ်ကို ငါသိချင်တယ်ကွာ ပြောပြပါလား ”

ကျွန်တော် ၀န်ခံလိုက်ရတဲ့ ကျွန်တော့်ညံ့ဖျင်းမှုနဲ့
မနက်ခင်းဟာ တနင်္ဂနွေအောက်က နေ့စွဲတစ်ခုဖြစ်ကြောင်း
သိလိုက်ရချိန်မှာ
ကျွန်တော့်ကို ကျိုးကြေနေတဲ့ စိတ္တဇတစ်ချို့က
အထီးကျန်ဆန်တဲ့ တဲပျက်တစ်လုံးဆီ
ခေါ်ဆောင်သွားကြပါတယ် ။

လိုရာဆီ ပစ်မှတ်လွဲချော်သွားတဲ့
အားလပ်ရပ် အထား အသိုများ ။
ဒိုင်ယာရီထဲက အမှိုက်များ ၊
ချေးညော်အထပ်ထပ် အသုံးအဆောင်များ ၊
အသံတိတ် ရေခဲတုန်းများ ၊
လောကဓံဆိုး လေးခုရဲ့ ယုယ ပွတ်သပ်ချက်များ ၊
ဝါကျင့်ကျင့် အတိတ်ရနံ့များ ၊
လည်မျိုညှစ် ဆွဲရမ်းခံရတဲ့ လွယ်အိပ်ထဲက အမိုက်အမဲများ ၊
လက်ပေါ်နဖူးရာ ထင်တဲ့ အတွေးများ ၊
နဖူးပေါ် လက်ရာထင်တဲ့ စိတ်ကူးများ ၊
တီးခတ်ရင်း မျက်စိလည်သွားတဲ့ pattern များ ၊
အနယ်အမှုန် ပြဿဒါး လှလှလေးများ ၊
လေ့ကျင့်ခန်း ဓာတ်ပြားဟောင်းများ ၊
အနီးဆုံး ၀န်းကျင်က ခဏိက၀ါဒီ ဆက်ဆံရေး ၀တ်မှုန်များ ၊
စားဝတ်နေရေး ဟစ်အော်ခြိမ်းချောက်မှုများ ၊
အပြုံးအတု အရေးပြား
တွန့်ခေါက်သံများ ၊
ဖက်ရှင်များ ၊ အလှကုန်များ ၊ စကားပြောစက်များ ။


ဒါတွေ အားလုံးကို အထီးကျန်ဆန်ဆန်
ကျွန်တော် မတွေ့ချင်ဘဲ တွေ့နေရပါတယ် ။

ဒါတွေ အားလုံးကို အထီးကျန်ဆန်ဆန်
ကျွန်တော် မတွေးချင်ဘဲ တွေးနေရပါတယ် ။


အဲသည်လို အတွေးတွေ တွေးဖြစ်လိုက်တိုင်း
ကျွန်တော့်နာရီတွေဟာ
သောက်လက်စ စီးကရက်တစ်လိပ်လို
မီးလောင်ခံနေရပါတယ် ။
စိတ်လိုလက်ရ ဖွင့်ပြချင်တဲ့
ကျွန်တော့်ရင်ဘတ်ကို တနင်္ဂနွေဟာ
ဆိတ်သုဉ်းခြင်းအတိနဲ့ ပူလောင်စေပါတယ် ။

စွယ်တော်တစ်ရွက်ကို ဆွတ်ချွေဖို့ကြံရွယ်
ခဲ့ပေမယ့်
ကျွန်တော့်အနာဂတ်ဟာ အလင်းမရှိတဲ့ နေ့ရက် ၊
မျဉ်းပြိုင်တွေ တစ်လမ်းဆီ ပြေးလွှားနေကြပါတယ် ၊

ပုထုဇဉ်လူသားတိုင်းရဲ့ အမှောင်ဆုံး ဆာလောင်စိတ်နဲ့
အချစ်ရဲ့ တစ်စွန်းတစ်စ ဖွင့်ဆိုချက်ကို
ကျွန်တော်သိပ်ပြီးပြောချင်နေပါတယ် ၊
အိပ်မက်တစ်ခုတောင် မက်ခွင့်မပေးဘဲ
ပြတ်တောက်သွားတဲ့
ဂစ်တာကြိုးတစ်ချောင်းကို ငေးကြည့်ရင်း
ဆာလောင်စိတ်နဲ့ ဖွင့်ဆိုချက် တစ်စွန်းတစ်စကို
ကျွန်တော် ဘာမှ မပြောချင်တော့ပါဘူး ၊

လူတွေနဲ့ ဝေးဝေးနေခဲ့ပါတယ် ၊
လမ်းတွေနဲ့ ဝေးဝေးနေခဲ့ပါတယ် ၊
ပင်လယ်မှာ နစ်မြုတ်သူ တစ်ယောက်ဟာ
ကျွန်တော်ဖြစ်သလို
ကျွန်တော်လက်ပစ်ကူးရင်း မောပန်းခဲ့တဲ့
နေ့ရက်ရှည်တွေလည်း ဖြစ်ပါတယ် ၊
ကိုယ့်လူတို့ မမြင်နိုင်တဲ့ ငုတ်လျိုး
ဝမ်းခေါင်းနာတွေ ၊
အိပ်မက်မှတ်တိုင်တွေ ၊
ဆည်းဆာလေနီကြမ်းတွေဟာ
ကျွန်တော်နေ့တိုင်း ၀တ်ဆင်နေရတဲ့
သက္ကရာဇ်တစ်ဆင်စာ မွန်းကြပ်မှုတွေ ပါ ၊
တနင်္ဂနွေကို ကျွန်တော် ကြောက်တယ် ၊
ကျွန်တော့် လွတ်မြောက်မှုအတွက်
(၂၄)နာရီလုံးလုံး အိပ်ရေး၀၀ အိပ်ပစ်ရမှာလား
အိပ်စက်ခြင်းကိုလည်း ကျွန်တော် ကြောက်တယ်။
ကျေးဇူးပြု၍ကျွန်တော့်ကို မေ့ဆေးပေးဖို့
နှီးနှော တိုင်ပင်ကြပါ။


(သုံး)


၂၀၀၆-ဖေဖေါ်ဝါရီ ။
ကျွန်တော် လူတွေနဲ့
လူလူသူသူ စကားပြန်ပြောခဲ့ပါတယ် ။
ကျွန်တော် ကြောက်ရတဲ့ တနင်္ဂနွေတစ်နေ့မှာ
အဖေါ် ကောင်မလေးတစ်ယောက်နဲ့အတူ
မိကေ ရောက်လာပြီး
သူအဖေါ် ကောင်မလေးနဲ့လည်း
မိတ်ဆက်ပေးပါတယ်။
ပြီးမှ သူ့ရှေ့မှာ ချထားတဲ့ ကော်ဖီခွက်ကို
သူ့နှုတ်ခမ်းနဲ့ မိတ်ဆက် လိုက်တာပါ ။


ဝိုင်ဝိုင်
မိကေ မိတ်ဆက်ပေးတဲ့ ကောင်မလေးရဲ့ နာမည်ပါ ။
ခင်မင်စရာ ကောင်းတဲ့ ကောင်မလေးလို့
ကျွန်တော် ထင်ခဲ့မိတာ
တက်တက်စင်အောင် လွဲချော်သွားခဲ့ပါတယ် ။
ဘာကြောင့်လဲဆိုရင် အဲဒီကောင်မလေးဟာ
ချစ်စရာ တကယ်ကောင်းတဲ့ ကောင်မလေး ဖြစ်နေလို့ပါပဲ။
နေ့ရက်တွေ ရွေ့ လျှားလာတာနဲ့ အမျှ
ကျွန်တော်တို့နှစ်ယောက်ရဲ့ ရင်းနှီးမှုဟာ
တစ်စတစ်စ ဖွံဖြိုးရင်သန်ခဲ့ပါတယ် ။


အညာကို ပြန်မယ့် မိကေကို
အောင်မင်္ဂလာအဝေးပြေး ကားဝင်းအထိ
ကျွန်တော်နဲ့ဝိုင်ဝိုင် လိုက်ပို့ကြတော့
အရင်ကထက် နွေးထွေးလာခဲ့ပါတယ် ။

ကျွန်တော့်သူငယ်ချင်းတစ်ယောက်
ယောင်္ကျားလေး ရောဂါနဲ့ ဆေးရုံရောက်တော့
အရင်ကထက် ပူနွေးလာခဲ့ပါတယ် ။

တန့်ဆည်ကို ပြန်မယ့် ကျွန်တော့်ကို
မိကေနဲ့ ၀ိုင်ဝိုင်
ဘူတာကြီးအထိ လိုက်ပို့ကြတော့
အရင်ကထက် ပူလောင်လာခဲ့ပါတယ် ။

သွားအခေါင်းပေါက်ပြီး
သွားကိုက်ဝေဒနာ ခံစားနေရတဲ့
ကျွန်တော့်သူငယ်ချင်းတစ်ယောက်
ဆေးရုံရောက်တော့
အရင်ကထက် ပူပြင်းလာခဲ့ပါတယ် ။


“တနင်္ဂနွေနေ့ အလည်လာခဲ့မယ်လေ”
ဝိုင်ဝိုင်ရဲ့ စကားသံလေးကို ကြားရတဲ့နေ့မှာ
ကျွန်တော်ဘယ်လို ဖြစ်သွားခဲ့သလဲဆိုတာ
ပြောမပြတတ်အောင်ပါ ။
တနင်္ဂနွေကို ကြောက်ဖို့ ကျွန်တော် မေ့လျှော့သွားပါတယ် ။
အဲဒီ တနင်္ဂနွေက စပြီး
ရောက်လာမယ့် တနင်္ဂနွေတိုင်းမှာ
ဝိုင်ဝိုင်ကို စောင့်မျှော်တတ်ခဲ့ပါတယ် ။
ဝိုင်ဝိုင်ဟာ အင်္ဂါသမီးဖြစ်ကြောင်း သိခွင့်ရလိုက်ပေမယ့် ၊
တနင်္ဂနွေကို သူကြောက်ခဲ့ဖူးသလားဆိုတာ မမေးရလိုက်ပါဘူး ။


တနင်္ဂနွေများစွာ ငိုတစ်ခါ ရယ်တစ်လှည့်နဲ့
ကျွန်တော်တို့ ဖြတ်ကျော်ခဲ့ကြပါတယ် ။
တစ်ပတ်မှ တစ်ရက်ပဲ ရပိုင်ခွင့်ရှိတဲ့
တနင်္ဂနွေကို ကျွန်တော် ရင်ခုန်တယ် ။
နေပူပစေ မိုးရွာပစေ
တနင်္ဂနွေကို ကျွန်တော်စောင့်မျှော်နေမိဦးမှာပဲ ။
တနင်္ဂနွေအကြောင်း စဉ်းစားမိတိုင်း
ကျွန်တော် ၀ိုင်ဝိုင်ဆီ ရွက်လွှင့်ခဲ့တာမျိုး ၊
ကျွန်တော်ငယ်ငယ်က တနင်္ဂနွေဟာ
ကျွန်တော့်ရဲ့ ကျောင်းပိတ်ရက် ၊
ပိုက်ဆံရှိတဲ့ တနင်္ဂနွေဆို ပိုက်ဆံရှိသလို
ငွေပြတ်တဲ့ တနင်္ဂနွေမှာလည်း ငွေပြတ်တဲ့အတိုင်း ။
ဝိုင်ဝိုင်နဲ့အတူ ဘုရားပေါ် ရောက်ဖြစ်တဲ့
တနင်္ဂနွေဆိုရင် ဒိုင်ယာရီထဲမှာ
ကျောက်စာထွင်းပြီး သိမ်းဆည်းထားလိုက်တယ် ။
တနင်္ဂနွေ မပီသခဲ့ရင်
ကျွန်တော်ဟာ တနင်္ဂနွေနဲ့
အရူးတစ်ယောက်လို ရန်ဖြစ်တတ်ပါတယ် ။

ကျွန်တော် ရှိုက်သွင်းခဲ့တဲ့ လေမှာ
တနင်္ဂနွေဓာတ်တွေ ပါဝင်သလို
နေ့တိုင်းမျိုသွင်းခဲ့တဲ့
ကျွန်တော့် အစာအိမ်မှာလည်း
တနင်္ဂနွေ အာဟာရတွေ ရှိနေပါတယ် ။

ကျွန်တော် ရေတွက်မိတဲ့လက်ဟာ
တနင်္ဂနွေရောက်ဖို့ မျှော်လင့်ချက် ။
ဖြစ်ချင်တာ တောင်းခွင့်ရှိမယ်ဆိုရင်

ဝိုင်ဝိုင်နဲ့ ပတ်သက်တဲ့

တနင်္ဂနွေများစွာကို ကျွန်တော် လိုချင်တယ် ။

ဝိုင်ဝိုင်လက်မောင်းက အမာရွတ်လေးကို
တနင်္ဂနွေထဲမှာ ကျွန်တော် မြင်ချင်တယ် ။
ဝိုင်ဝိုင်းရဲ့ သီချင်းတွေ လိုက်လိုက်ဆိုတတ်တဲ့
(၀ိုင်ဝိုင်း အသံနဲ့ လုံးဝမတူတဲ့)
ဝိုင်ဝိုင်ရဲ့ သံလေးကို
တနင်္ဂနွေတိုင်း ကြ
ားချင်နေပါတယ် ။
ဒါဟာ ကျွန်တော့်ရဲ့ စိတ္တဇ သက်သက်ပါ။



ကျွန်တော့် တနင်္ဂနွေမှာ ဘယ်သူမှ
မမြင်တွေ့နိုင်တဲ့ နိမိတ်ပုံ တစ်ခုရှိတယ်။
အဲဒီနိမိတ်ပုံလေးက အသားမစားတဲ့

သွေးအသားနဲ့ တည်ဆောက်ထားတာပါ။

အဲဒီတည်ဆောက်မှုလေးဟာ
တစ်ရံတစ်ခါ တနင်္ဂနွေဆိုရင်
ကျွန်တော့် ပြတင်းတံခါးနားမှာ
တစ်ရေးတစ်မော အိပ်စက်တတ်ပါတယ်။

အိပ်စက်နေတဲ့ လက်သည်းလေးတွေ
ပေါ်မှာ
နီညိုရောင် ဆိုးဆေးများ
ခြယ်သထားတတ်ပါတယ်။

ခြယ်သမှု အားလုံးရဲ့ အောက်မှာ
အဖြူရောင်ဖိနပ်
တစ်ရံကို
ဝတ်ဆင်လေ့ရှိပါတယ်။

ဖိနပ်လေး အပြင်ထွက်တိုင်း
အစိမ်းနုရောင် ထီးလေးတစ်ချောင်းက
ရာသီဥတု
ဒဏ်ကို ကာကွယ်ပေးပါတယ်။

တနင်္ဂနွေဆိုတာ
ဝိုင်ဝိုင်နဲ့ ထပ်တူကျတဲ့ ကဗျာတစ်ပုဒ်ပါ။
တနင်္ဂနွေဆိုတာ
ဝိုင်ဝိုင့်ရဲ့ အားလပ်ရက် ကမ်းခြေပါ။

တနင်္ဂနွေဆိုတာ
ဝိုင်ဝိုင်ရဲ့ အလှအပ ဖြစ်သလို
ကျွန်တော်အိပ်မရတဲ့ ညတွေလည်း ဖြစ်ပါတယ်။
တနင်္ဂနွေဆို
တာ
ကျွန်တော့်ရဲ့ ပင့်ကူအန် တိမ်တိုက်။
တနင်္ဂနွေဆိုတာ
ဝိုင်ဝိုင်နဲ့ တွေ့ခွင့်ရရင် ရက်ရာဇာ ဖြစ်ပြီး
ဆုံတွေ့ခွင့်
လွဲချော်သွားရင်တဲ့အခါ
ပြဿဒါး ဖြစ်နေတတ်ပါတယ်။


(အဆုံးသတ်)


ကျွန်တော်တို့ နှစ်ယောက်ဆီ
တနင်္ဂနွေရဲ့ ရန်ဓာတ်တွေ
ဘယ်တော့ စုပြုံရောက်လာပြီး ပေါက်ကွဲမလဲ။
ကျွန်တော်တို့ဟာ
အင်္ဂါသားသမီးတွေ ဖြစ်ကြပါတယ်။
ကျွန်တော် တနင်္ဂနွေကို
အရင်ကအတိုင်း ပြန်ပြီး
ကြောက်
ရွံ့ နေရဦးမှာလား။

ကျွန်တော် ၀ိုင်ဝိုင်နဲ့
တနင်္ဂနွေကို သိပ်ချစ်တယ်။
ကျွန်တော် ၀ိုင်ဝိုင်နဲ့
တနင်္ဂနွေကို
လွမ်းလွမ်း
မောမော စောင့်မျှော်နေခဲ့ပါတယ်။

ဆူးရင့်၊တန့်ဆည်၊


Saturday, September 5, 2009

မိုးစက်အောက်က ပြေးလမ်းပေါ်


မင်းနဲ့ ပတ်သက်လာတိုင်း ကိုယ်အရာရာ လေးနက်လွန်း အဖြစ်သည်းလွန်းခဲ့ပါတယ်။ ကိုယ့်အတွက် ရှူရှိုက်မှုဟာ တကယ့် အစစ်အမှန်ပါပဲ။ မင်းကတော့ အရာရာ အေးစက်လို့၊ အရာရာ မာခဲလို့။ မင်း ကိုယ့်ကို စကားပြန် မပြော ခဲ့ဘူး။ ပြန်မပြောတဲ့ စကားသံဟာ တကယ်ပဲ မင်း အစစ်အမှန်လား။ စိတ်ထဲ မလိုအပ်တဲ့ တစ်စုံတစ်ရာနဲ့ တစ်စုံ တစ်ရာ မလိုအပ်တဲ့ စိတ်။ ဖီးလ်ဖြစ်ပြီး ဖောင်းသွားတယ်။ အဲဒီအချိန် ကိုယ်ဟာ မြို့ထဲက (၃၃) လမ်းထဲကို ရောက် နေတယ်။ အပြန်လမ်းမှာ တစ်ကိုယ်လုံး မိုးရေတွေ စိုစွဲလို့။ ခွဲခွာခြင်းနောက် အသံဗလံများဟာ ဖက်ရှင်မဂ္ဂဇင်း အတွက်။ အသွင်အပြင်ဟာ ရုပ်ရှင်အမြုတေမဂ္ဂဇင်း အတွက်။ စိတ်ထဲက စိတ်ကူး သက်သက်များ အကြောင်း စိုးမင်းအောင်ရဲ့ ကောင်းမလေး မိတာနဲ့ ဖုန်းဆက်ပြီး ပြောဖြစ်ခဲ့ပါတယ်။

အစာအိမ်ထဲမှာ ကျဆိမ့် တစ်ခွက်ကလွဲ ရင် ဘာမှ မရှိခဲ့ဘူး။ လက်ထဲမှာ နှစ်ရာတန် အနွမ်း တစ်ရွက်က လွဲရင် ဘာမှ မရှိခဲ့ဘူး။ ရင်ထဲမှာတော့ ဒေါသ စိတ်က ပြည့်လျှံနေတယ်။ မင်း သိပ်ကြောက်တတ်တဲ့ ငရဲကို ကိုယ်ဟာ မီးထွန်းပြီး လိုက်ရှာနေခဲ့တဲ့ သူတစ် ယောက်လား။ မိုးရေ စက်လက်နဲ့ လိုင်းကား တိုးစီးပြီး မျက်ရည် စက်လက်နဲ့ ငိုခဲ့ရတဲ့ အမှောင်တွေ မင်းမသိပါ ဘူး။ အပေါင်းအသင်းနဲ့ ပတ်ဝန်းကျင်မှာ ကိုယ်ဟာ လေးလေးစားစား ရိုးသား ခဲ့သလို အနွံအတာခံပြီး နက်ရှိုင်းခဲ့ပါတယ်။ မင်းနဲ့ ပတ်သက်လာတိုင်း ကိုယ် ဘယ်တုန်းက အနိုင်ယူဖူးခဲ့လို့လဲ။ မစခင်က ပြီးဆုံးနေတဲ့ ဒီဇာတ်လမ်းကို ကိုယ်ရှုးသွပ်စွာ ရှေ့ဆက်နေမိတယ်။ ကိုယ်ချည်ခဲ့တဲ့ သံယောဇဉ်ကြိုး တွေက အခု ကိုယ့်ကို ပြန်ပြီး မွန်းကြပ်စေခဲ့ပြီ။

ကိုယ်းတစ်ယောက်တည်း မိုးရေတွေနဲ့ အတူ စက္ကူတစ်ရွက်လို ရိရွဲနေခဲ့ရတာ။ မင်းရဲ့ မစာနာမှုဟာ မစာမနာ ၀င်ထွက် သွားလာတယ်။ မင်ရဲ့ မလေးနက်မှုဟာ မလေး မနက် ပြေလွှားနေတယ်။ မင်းရဲ့ မာကြောမှုဟာ မာရေကြောရေ စီးဆင်းနေတယ်။

ခမဲ ပေးသလို မာနကို မချွတ်တမ်း ၀တ်ဆင်ထားပါ ချစ်သူ။ ပြီးတော့ ငရဲကို ပိုပြီး ကြောက်ရွံ့ပါ။ ထာဝရ ပျော်ရွှင် ပါစေနော်။ ကိုယ်ဟာ မင်းလောက် အွန်လိုင်းပေါ် အချိန်ပြည့် မတက်နိုင်ခဲ့ဘူး။

ဘ၀ထဲ
ထဲထဲဝင်ဝင်
ဝင်ကြည့်လိုက်တာနဲ့
နဲ့နဲ့ ယိုင်လဲကျ
ကျပြီးရင်း ဆက်ကျနေလိုက်
လိုက်လိုက်ဖမ်းနေရ
ရတာတွေ ပိုနေသလို
လိုနေတာတွေလည်း မရ
ရသမျှလောက်
လောက်လောက်လားလားမရှိခဲ့တဲ့ ကိုယ်ပါ။

နွေမင်းသစ် ပြောတဲ့ ကဗျာက “ မူးမူးပြီး ရစ် ” မီးလောင် ရင်ဘတ်တစ်စုံနဲ့ ကိုယ်ဟာ မိုးရေထဲ သက်ပြင်းတွေ ချနေရတယ်။ ဘာမှမရှိတဲ့ အစာအိမ်ထဲ ခါးသက်သက် အပူလှိုင်းတွေပဲ လိမ့်လိမ့်ဆင်းသွား။ အဆင်မပြေတဲ့ ၀ါကျတွေမရေးချင်ဘူး။ အဆင်မပြေတဲ့ အကြောင်းတွေ မကြားချင်ဘူး။ အခန်းထဲ တိုးဝင်လိုက်တဲ့ ခြေရာအစုံဟာ မိုးရေတွေ စိုလို့။ ကိုယ်ပေါ်က အ၀တ်တွေလည်း မိုးရေတွေရွှဲလို့။

ကိုယ်စာနာခဲ့တဲ့ စာနာမှုတွေက ကိုယ့်ကိုတက်နင်းသွားကြတယ်။
ကိုယ် မြတ်နိုးခဲ့တဲ့ မြတ်နိုးမှုတွေက ကိုယ့်နောက်ကျောကို ဓါးနဲ့ ထိုးသွားကြတယ်။
ကိုယ် ရစ်နှောင်ခဲ့တဲ့ သံယောဇဉ်တွေက ကိုယ့်ကို အကျဉ်းချပစ်လိုက်ကြတယ်။
မိုးရေစို အ၀တ်တွေနဲ့ အတူ ကိုယ်လဲပြိုသွားခဲ့ရပါပြီ။

ဘာမှ မသိတော့ဘူး။
ပစ္စုပ္ပန်၊အတိတ်၊အနာဂတ် ကိုယ် ဘာမှ မသိတော့ဘူး။
ကိုယ် သိပ်ချစ်ရတဲ့ မင်းကိုလည်း ဘာမှ မသိတော့ဘူး။
မိုးများလို့ ရေနစ်သွားရတဲ့ တန့်ဆည်က စပါးခင်းတွေ အကြောင်းလည်း ဘာမှမသိတော့ဘူး။
“ ရန်ကုန်ကို လာခဲ့မယ် ”လို့ ဖုန်းဆက်တဲ့ မွန်မွန့် အကြောင်းလည်း ဘာမှ မသိတော့ဘူး။
“ ဒီနှစ်ပြီးရင် ဘွဲ့ရတော့မယ့် ” နိုရာ အကြောင်းလည်း ဘာမှမသိတော့ဘူး။
“ ဖြတ်သန်းမှု တစ်ခုကို နောက်ပြန် ရစ်ပြခိုင်းတဲ့ အင်ကြင်း အကြောင်းလည်း ဘာမှ မသိတော့ဘူး။
နွေမင်းသစ်ရဲ့ မိုး အကြောင်းလည်း ဘာမှ မသိတော့ဘူး။
ကိုယ့် အကြောင်း.......
သူ့ အကြောင်း...........
ဘယ်သူ့ အကြောင်းတွေကို ဘာမှမသိတော့ဘူး။
မိုးရေစက်တွေနဲ့ အတူ ပြေးလမ်းပေါ်မှာ ကိုယ်ဟာ ဖရိုဖရဲ ကျဲပြန့်နေခဲ့ပါတယ်။

ဆူးရင့်၊တန့်ဆည်၊

Wednesday, September 2, 2009

ကျွန်တော်နဲ့ ဓားချက်များ









လတ်တလော ဖြတ်သန်းမှုမှာ
ရင်ထဲ ဦးခေါင်းထဲ
ကဗျာ သေနေတယ်။

စိတ်ဆန္ဒ ပြင်းပြပေမယ့်
သူ ထွက်ကျ မလာဘူး။

ပုံဆွဲဖို့ စိတ်ကူးမိပြန်တော့
ဆေးရှိပေမယ့်
ပုံဆွဲစာရွက် မရှိတဲ့ အနေအထား။

ပုံဆွဲချင်တဲ့ စိတ်ဟာ
မိလ္လာကျင်းထဲက လောက်တွေလို
တရွရွ ထလို့။

ပတ်ဝန်းကျင်ကို
မျက်စိ ကစားကြည့်လိုက်တော့
အပ်ကဒ် ဖြတ်သား စာရွက်တွေကို တွေ့တယ်
ဓား တစ်ချောင်းကို တွေ့တယ်။

အဲဒီ စာရွက်တွေကို
အဲဒီ ဓားနဲ့
လှီး ဖြတ်ပစ်လိုက်တဲ့ အခါ...။

“ ကျွန်တော်နဲ့ ဓားချက်များ ” လို့
ခေါင်းစဉ်ပေးထားတဲ့
ဟော့ဒီ ပုံကလေးတွေ
ထွက်ကျလာပါတယ်။

စိတ်ရူးပေါက်ပြီး
လက်ဆော့ ဖန်တီးထားတဲ့
အကြမ်းထည် တစ်မျိုးပေါ့။

ဆူးရင့်၊တန့်ဆည်၊

LinkWithin

Related Posts with Thumbnails