Sunday, February 1, 2009

ပန်းနုရောင် မီးတောင်

ဘ၀ရဲ့ အစပိုင်းကနေ ခုထိ၊ ရင်နာစရာ ရင်နင့်စရာများနဲ့သာ တွေ့ကြုံခံစားခဲ့ရပါတယ်။
ငါ့ဘ၀က သာယာမှု မရှိ၊ ဖြောင့်ဖြူးမှု မရှိ။
ပျော်ရွှင်စိတ် နည်းနည်းလောက်နဲ့ တက်ကြွလိုက်တိုင်း ရင်တစ်ခုလုံးသာ
ထပ်ထပ်ခါခါ နာကျင်လာခဲ့ရတယ်။

ကောင်လေးရယ် နင်ကတော့ အရာအားလုံးလိုလို အဆင်ပြေလိမ့်မယ်လို့ ငါယုံကြည်တယ်။
ဟုတ်တယ်လေ နင်က သူဌေးသားပဲ ၊ ချမ်းသာတဲ့ မိဘ အသိုင်းအ၀ိုင်းတွေကြားမှာ
ဂရုစိုက် ချစ်ခင်မှုတွေနဲ့ နင် ပျော်ရွှင်နေမှာပါ။

ငါသာ မလိုအပ်တဲ့ ဒုက္ခတွေ တနင့်တပိုး ၊ မိသားစု တာဝန်တွေကို မနိုင်မနင်း
ခေါင်းပေါ်ရွက်ရင်း အခုလို မလိုအပ်တဲ့ နေရာမှာ ထစ်ထစ်ငေါ့ငေါ့ ရှင်သန်နေရတာပေါ့။
နင် ငါ့ကို ချစ်တယ်လို့ ခဏခဏ နားပူနားဆာ ရင်ဖွင့်တောင်းဆိုခဲ့ပေမယ့်
ငါလေ နင့်ကို ဘာတစ်ခုမှ တုန်ပြန် လိုက်လျောမပေးခဲ့ဘူး။
ဒါပေမယ့် နင့်ကို ငါ ပြန်ပြီး ချစ်လို့ ရပါတယ်ဟယ်။

အချိန်နဲ့အမျှ နင့်ကို သတိရတဲ့စိတ်က ငါ့ဆီကို ဘာလို့ ရောက်ရောက်လာတာလဲ။
ငါ့စိတ်အတွင်းက ခံစားချက်၊ ဝေဒနာ၊ ဒဏ်ရာတွေကို အရိပ်အယောင်အဖြစ်
မြူတစ်မှုန်စာလောက်တောင် နင့်ကို ပြောပြဖူးခဲ့လို့လား။
ငါမှာ ပျော်ရွှင်တက်ကြွမှုဆိုတာ ခဏလောက်သာ ငါ့ဆီကို အလည်ရောက်လာတတ်ပြီး
မကြာခင်မှာပဲ အဝေးဆီ ပြေးထွက်သွားတတ်ကြတယ်။

နင့်ရဲ့ စကားလုံးတွေ အောက်မှာ ငါ ကျဆုံးပြီးသွားပြီဆိုတာ နင်မှ မသိဘဲလေ။
ငါဟာ အဲဒီလောက်အထိ သိုသိုသိပ်သိပ်နဲ့ တည်ငြိမ်ဟန်ဆောင်ခဲ့ပါတယ်။
နင် ငါ့ကို သိမ်းပိုက်လိုက်ပြီလို့ ငါကိုယ်ငါ ပြန်ပြီး သတိထားလိုက်မိတဲ့ အချိန်မှာ
ငါ့အသိစိတ်ဟာ ငါ့ရဲ့ အဝေးဆုံး ကျောက်ခေတ်တစ်ခုမှာ ကျန်ရစ်နေခဲ့ပြီလေ။
ငါလည်း နင့်ကို သိပ်ချစ်ခဲ့ပါတယ် ကောင်လေးရယ်။

ဒါပေမယ့် မြတ်နိုးတွယ်ငင် ချစ်ခင်မိတဲ့အကြောင်းကို တစ်စွန်းတစ်စလောက်တောင်
ဖွင့်ဟ ၀န်ခံခဲ့လို့လား။ ငါ မျက်ဝန်းတွေနဲ့သာ ပြောပြဖြစ်ခဲ့တာပါ။
ငါ့မျက်ဝန်းတွေကို ဖွင့်ပြီး နင်ဖတ်ရှုပါနော်။
မျက်ဝန်းဆိုတာ နှလုံးသားရဲ့ ပြတင်းပေါက်တဲ့လေ။

ငါ့နှလုံးသားနံရံမှာ နင့်နာမည်တွေကို အထပ်ထပ် ငါ ရေးထိုးထားတယ်။
ငါတို့ရဲ့ ဘ၀နှစ်ခုက ဆန့်ကျင်ဘက် မျဉ်းပြိုင်တွေနဲ့ ပြည့်နှက်မို့မောက်လို့။
တကယ့်ကို ၀ိရောဓိ အသွင်ကို ဆောင်လွန်းပါတယ်လေ။

ငါနဲ့ ငါ့မိသားစု၊ အသိုင်းအ၀ိုင်းက ခေတ်ပေါ်အသုံးအဆောင်မရှိ၊ စည်းစိမ်ဥစ္စာ မရှိ၊
ငွေကြေး ဂုဏ်သိက္ခာ ဘွဲ့ထူး ဂုဏ်ထူး မရှိဘူးလေ။
ငါနင့်ကို ငါပေးနိုင်တာဆိုလို့ အကောင်းဆုံး တစ်ခုပဲ ရှိတယ်။
အဲဒါကတော့ နင့်ကို ချစ်မိတယ်တဲ့ ရိုးရိုးသားသား စိတ်ပါပဲ။
အဲဒီစိတ်လေး တစ်ခုသာ ပိုင်ဆိုင်ခွင့်ရတဲ့ သာမန် မိန်းကလေးတစ်ယောက်ရယ်ပါနော်။
ကောင်းကင်ကို နမ်းရှိုက်ချင်တဲ့ မြေပြင်ကြီးတစ်ခုလို ငါတို့ရဲ့ အချစ်တွေက
ဝေးကွာလွန်း ခြားနားလွန်းတဲ့ နေရာဆီကိုပဲ ဦးတည်ခုတ်မောင်းသွားနေတာလေ။

နင်လာလိမ့်နိုးနိုးနဲ့ စောင့်မျှော်နေရပေမယ့် နောက်ဆုံးတော့
ငါရင်ခွင်တစ်ခုလုံး မောဟိုက်နွမ်းနယ်ပြီး သက်ပြင်းချသံတွေကိုသာ ငါပိုင်ဆိုင်ခဲ့ရတယ်။
ဒါတွေလည်း နင်သိမှ မသိတာပဲကို။
နေ့ရက်တွေသာ အကြိမ်ကြိမ် အခါခါ ပျောက်ဆုံးသွားတယ်
နင့်ကို ငါမြင်တွေ့ခွင့်လေးတောင် မရခဲ့ဘူး။
နင့်ရဲ့ မျက်လုံးတွေ အကြည့်တွေကို
ငါ လွမ်းဆွတ်နေတဲ့အကြောင်း ဒီစာလွှာလေးနဲ့ ၀န်ခံလိုက်ပါတယ်။

နင့်ကို သိပ်ချစ်ပါတယ်လို့ ငါဘယ်တော့မှ ၀န်ခံမိမှာ မဟုတ်ဘူး သိလား။
ဘာလို့လဲဆိုရင် နင့်ကို ငါသိပ်ချစ်လွန်းလို့ပါဟယ်။
အရောင်အသွေး မတူညီတဲ့ ဘ၀နှစ်ခုကို နီးစပ်ဖို့ ငါမကြိုးစားချင်ဘူး။
တော်ပါ။ စိတ်ကူးယဉ် ဆန်လွန်းလှပါတယ်။
နင် ငါ့ဘ၀ထဲကို မိုက်မိုက်မဲမဲ တိုးဝင်လာရဲတယ် ထားဦး
ဆူးခင်းလမ်းပေါ် ငါတို့ လျှောက်လှမ်းကြရမယ်။
အဲဒီအခါ နင်ပျော်ရွှင်နိုင်မှာတဲ့လား။
အချစ်ရဲ့ ရသတွေဆိုတာလည်း ချိုမြိန်နိုင်ပါတော့မလား။


သိပ်မကြာခင် အချိန်တောအတွင်းမှာ
နင်ငါ့ကို ငြီးငွေ့လာမယ်။
စက်ဆုပ်ရွံရှာလာမယ်။
ဒါဟာ သဘာဝပဲလေ။
နင့်ရဲ့ စိတ်ကူးယဉ် အိပ်မက်တွေကို မီးရှို့ပစ်လိုက်ပါတော့နော်။
ယုတ္တိဘေဒဆန်တဲ့ နင့်ရဲ့ လမ်းခွဲမှုကို ငါ မခံစားနိုင်ဘူး။
နင်စွန့်ပစ်ထားခဲ့မယ့် ဘ၀ထဲကိုလည်း ငါမနေချင်ဘူး။

ငါတို့နှစ်ယောက်ရဲ့ ခင်မင်မှုလေး အငွေ့မပျယ်ခင်
ဒီအတိုင်းပဲ နေသွားကြရအောင်နော်။
နင်လည်း နင့်ဘ၀ကို နင့်ဘ၀အတိုင်း
ဆက်လက်လျှောက်လှမ်းပါ။
အရောင်မျိုးစုံ စွန်းပေနေတဲ့ ငါလည်း
ကံပစ်ချရာ အတိုင်းပေါ့။

ဘ၀ဆက်တိုင်း ဆုံဆည်းဖို့
ဘုရားမှာ ဆုတောင်းပါရစေနော်။
ငါ့ရဲ့ ဖွင့်ဟ၀န်ခံချက်တွေဟာ နင့်အတွက်
အရမ်းရယ်စရာကောင်းတဲ့ ဟာသတစ်ပုဒ် အဖြစ်
အသွင်ကူးပြောင်းပြီး
နင် ရယ်မောနိုင်ပါစေ။

ငါဟာ အညှီအဟောက်မလေး တစ်ယောက်ပါ။
ငါဟာ အညစ်အကြေးမလေး တစ်ယောက်ပါ။
ငါဟာ နင့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရဲ့ တံတွေးခွက်ကလေးပါ။

ငါတို့ရဲ့ ဝေးကွားခြင်းမှာ
နှင်းဆီ ပုလဲတို့ ငိုတယ်။
သဇင် စပယ်တို့ ငိုတယ်။
မြတ်လေး သရဖီတို့ ငိုတယ်။

တစ်ခါသုံး ခံစားမှုနဲ့
တစ်ခါသုံး အနမ်းနဲ့
ငါတို့တတွေဟာ
အန္တရာယ်တွေနဲ့ ကခုန်နေခဲ့ကြရတယ်။
ရောက်လာတဲ့ သူတွေကို ဧည့်ခံရင်း
ညဟာ နက်သထက် နက်လို့

အချစ်ရဲ့ ရလဒ်ဟာ
ဝေးကွာခြင်းလား
အခုလို
ဝေး
ကွာ
ခြင်း
သက်
သက်
ပဲ
လား။
နင် ငါ့ကို မေ့နိုင်အောင် မေ့ပစ်လိုက်ပါနော်။

မှ/
အညစ်အကြေးမလေး


(ဘယ်သူ့ကိုမှ မရည်ရွယ်ပါ၊ စိတ်ကူးသက်သက်အတိုင်း ခံစားရေးဖွဲ့ခြင်း ဖြစ်ပါသည်)
ဆူးရင့်၊တန့်ဆည်၊



Saturday, January 31, 2009

အောင်မြင်မှု

ခန္ဓာကိုယ်ကြီးနဲ့ ခန္ဓာကိုယ်ကို အမှီပြုပြီး ရရှိလာတဲ့ ဂုဏ်တရားဟာ နှိုင်းယှဉ်ကြည့်ဖို့ အင်မတန် အလှမ်းကွာဝေးပ်ါတယ်။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ကြီးဆိုတာ မကြာခင် ကာလအပိုင်းအခြားလေး တစ်ခုမှာ သေဆုံးပျက်စီး သွားရမှာ ဖြစ်ပါတယ်။ ဂုဏ်ဆိုတာကတော့ ကမ္ဘာတည်နေသရွေ့ ပျက်စီးပျောက်ဆုံး မသွားနိုင်ပါဘူး။ ဟုတ်တယ်လေ။ ဒါဟာ ဘုရားရှင်ရဲ့ တရားတော်စစ်စစ်ပါ။

ဂုဏ်ဆိုတာ ကောင်းတဲ့ဂုဏ်+ဆိုးတဲ့ဂုဏ်၊ ဖြူတဲ့ဂုဏ်+မည်းတဲ့ဂုဏ် ဆန့်ကျင်ဘက်တွေနဲ့ ဒွန်တွဲနေတာပါလား။
ကောင်းတဲ့ဂုဏ်နဲ့ ထင်ပေါ်ကျော်စောနေကြတဲ့ ပုဂ္ဂိုလ်တွေကတော့ မင်းကွန်းဆရာတော်၊ ဗိုလ်ချုပ်အောင်ဆန်း၊ မာသာထရီဇာစတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပြီး ဆိုးတဲ့ဂုဏ်နဲ့ ထင်ပေါ်နေကြသူတွေကတော့ ဟစ်တလာ၊ ဒေ၀ဒတ်၊ ဂဠုန်စော၊ အိုစမာဘင်လာဒင်........စတဲ့ သူတွေပါ ။ ကျော်ကြားတာချင်းတော့ တူတယ်လေ၊ ကောင်း+မကောင်းသာ ကွာခြားသွားတာ။

လူတိုင်းလူတိုင်း အောင်မြင်ချင်ကြတယ်၊ ကျော်ကြားချင်ကြတယ်၊ ကောင်းမွန်တဲ့ အောင်မြင်ကျော်ကြားမှုကို ရရှိဖို့တော့ လိုအပ်တာပေါ့။ အောင်မြင်ဖို့ အတွက်လည်း စာတွေ ကျက်ရ မှတ်ရ ဖတ်ရ နားထောင်ရ သင်ကြားရ။
အားစိုက်ပြီး လုပ်ကိုင်ရ ပြောဆိုရ ကြံစဉ်ရပေါ့ ။ အောင်မြင်မှုကို မိအောင် လိုက်ဖမ်းနေကြတယ် ။

ကျောင်းသားတွေက စာမေးပွဲ အောင်မြင်ချင်တယ်။ စီးပွားရေးသမားက စီးပွားရေးလုပ်ငန်းတွေ အောင်မြင်ချင် တယ်။ အနုပညာသမားက အနုပညာလောကမှာ အောင်မြင်ချင်တယ်။ ဒါဟာ သဘာဝပါပဲ။ ၀ါသနာအရပဲဖြစ်ဖြစ်
အခြေအနေအရပဲ ဖြစ်ဖြစ် မိမိလုပ်တဲ့ ပြောတဲ့ ကြံစည်တဲ့ အရာမှန်သမျှကို အောင်မြင်ချင်ကြပါတယ်။

ကျွန်တော်က စာရေးတယ်၊ ကဗျာရေးတယ်၊ ပန်းချီးဆွဲတယ်။ ကျွန်တော်လည်း အောင်မြင်ချင်တာပေါ့။
အွန်လိုင်းမှာ ညီမတစ်ယောက်နဲ့ ချက်တင်ထိုင် စကားပြောဖြစ်ကြတော့ ``အောင်မြင်အောင် လုပ်နော်၊ ခင်မင်ဖူးခဲ့ကြတယ် ဆိုတာကိုလည်း အောင်မြင်ရင် မေ့မသွားနဲ့´´တဲ့။ ကျွန်တော် အောင်မြင်မှုကို ဆာလောင် နေတာ အမှန်ပါ။ တစ်ချို့က အောင်မြင်မှုကို ဖြတ်လမ်း နောက်ဖေးပေါက်ကနေပြီး ရှာကြတယ်။ တစ်ချို့ကတော့
ပုံမှန် သွားရိုးသွားစဉ်အတိုင်း လျှောက်လှမ်းပြီး အောင်မြင်မှုကို အရယူခဲ့ကြတယ်။

ခက်တာက ကျွန်တော်တို့ စာပေလောကမှာ အောင်မြင်မှုကို ဘာနဲ့ တိုင်းတာနေကြသလဲ၊ ဘယ်လို ပေတံ၊ စနစ်
တွေနဲ့ အောင်မြင်မှု+ကျရှုံးမှုကို သတ်မှတ်နေကြသလဲဆိုတာ ကျွန်တော် တကယ်မသိခဲ့ပါဘူး။ ကျော်ကြားမှု၊ လူသိများမှု၊ စာကောင်းပေမွန် ရေးသားနိုင်မှု၊ ငွေကြေးရရှိမှုစတဲ့ ဘယ်လိုစံ စနစ်တွေနဲ့ ပိုင်းခြားသတ်မှတ်နေကြ
သလဲ။ တကယ် မသိခဲ့တာပါ။

တစ်ချို့က အပျော်ဖတ် လူပြိန်းကြိုက် စာပေတွေ ရေးသားပြီး။ တစ်ချို့က ရာသီစာ ပေါ်ပင်စာပေတွေ ရေးသားပြီး ငွေကြေးများစွာ ရရှိခဲ့ကြတယ်။ တစ်ချို့ကတော့ စာကောင်းပေကောင်း ခန့်ခန့်သန့်သန့် ရေးသားပြီး
နာမည်သာရတယ် ပိုက်ဆံမရပြန်ဘူး။ အောင်မြင်မှုကို ငွေကြေးနဲ့ တိုင်းတာတဲ့သူကို ကျွန်တော် ရွံတယ်။

ကျွန်တော့်ရဲ့ ခံယူချက်ကို ပြောပြချင်ပါတယ်။ ကျွန်တော် ကဗျာရေးချင်တယ်၊ ချရေးလိုက်တယ်၊ ပြီးဆုံးသွား တယ်။ ဒါဟာ ကျွန်တော့်အတွက် ကဗျာတစ်ပုဒ် အောင်မြင်မှုပါပဲ။ ဒါပေမယ့် အဲဒီကဗျာဟာ တစ်စုံတစ်ယောက်ရဲ့
နှလုံးသားနဲ့ တိုက်ဆိုင်ချင်မှ တိုက်ဆိုင်လိမ့်မယ်။ တစ်စုံတစ်ယောက် ခံစားမှုနဲ့ ထပ်တူကျချင်မှ ကျမယ်။ ကဗျာတစ်ပုဒ်တော့ ဖြစ်ထွန်းအောင်မြင်လာတာ အမှန်ပဲ။ ဘာပဲဖြစ်ဖြစ် ပြီးဆုံးအောင် ဖန်တည်းနိုင်ခြင်းဟာ
အောင်မြင်မှုပဲ။ (ကျွန်တော်ကတော့ အဲလိုပဲ မြင်တယ်)

ကိုယ့်ယုံကြည်ရာကို ယုံကြည်ချက်အတိုင်း အားစိုက် လုပ်ကိုင် ပြောဆို ကြံစည်နေတဲ့နေ့ အောင်မြင်တဲ့ ဖြစ်ပြီး။
ဘာမှ အားမစိုက်ပဲ ငြိမ်သက်နေမယ်ဆိုရင် အဲဒီနေ့ဟာ ကျဆုံးသွားတဲ့နေ့ပေါ့။ ကျွန်တော် ကျဆုံးသွားတဲ့နေ့။
ခင်ဗျား ကျဆုံးသွားတဲ့နေ့ပေါ့။

ကျွန်တော်တို့ ဆာလောင်နေကြတဲ့ အောင်မြင်မှု ကျော်ကြားမှုတွေဟာ ရရှိလာပြီဆိုရင် ကောင်းတဲ့ဂုဏ်နဲ့
အောင်မြင် ကျော်ကြားမှု ဖြစ်ဖို့တော့ လိုပါတယ်။
ဆူးရင့်



Wednesday, January 28, 2009

ကျွန်တော့်ရဲ့ နွေဦးရာသီ

နွေဦးရာသီများစွာကို ကျွန်တော် အစီအစဉ် မကျစွာ ဖြတ်သန်းခဲ့ဖူးပါသည်။
လေရူးများနှင့်အတူ စိတ်ရူးလည်း ခဏခဏ ပေါက်ခဲ့ဖူးပါ၏။
လောကကြီးသည် ကိုယ်ကျိုးတစ်ခုသာ လိုအပ်သည် မဟုတ်ပါ။
အတ္တ+ပရ မျှတဖို့ လှုပ်ရှားသင့်ပါ၏။။
တစ်ချို့မှာ ဘယ်သူသေသေ ငတေမာလျှင် ပြီးရော့ ဖြစ်နေကြသည်။
ရှင်သန်မှုမှာ လူသားဆန်ဆန် လေကို ရှူရှိုက်ဖို့ အတွက်။
ကမ္ဘာမြေကို ကျေးဇူးဆပ်ဖို့ အတွက်။
ရုပ် ၀တ္ထုတွေ ထိုးထိုးထောင်ထောင် ခေတ်ကြီးက ထွန်းကားလွန်းလှပေသည်။
စိတ်ဓာတ်နှင့် ယဉ်ကျေးမှုများ ဆုတ်ယုတ်ယိုင်နဲ့ ပါးလွှာနေသည်မှာ အမှန်ပင် မဟုတ်ပါလား။
အူမ တောင့်-မှ သီလ စောင့်သည် ဟူသော အသံများ။
ကိုယ်ကျင့်တရား ခုခံအား ကျဆင်းနေခြင်း၏ အကြောင်း ဇစ်မြစ်။
အနာဂတ်တစ်ခုလုံး ကျွန်တော်တို့ မနေထိုင်နိုင်ပါ။
ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး။
ကလေးတွေ ဦးနှောက်ရဲ့ အသိ တံခါးများကို ဖွင့်ပေးဖို့ တာဝန်ရှိသည်။
ကျွန်တော်နဲ့ ကျွန်တော်တို့ အားလုံးမှာ။
သင် သေသွားသော်....ကဗျာကို ရည်ရွယ်ချက် မှန်ကန်စွာ ဆရာဇော်ဂျီ ရေးသားခဲ့ပါသည်။
တိုင်းပြည်၊ လူမျိုး၊ ဘာသာ၊ သာသနာ။
အခြေခံ ဗုဒ္ဓဘာသာနှင့် လူ့ကျင့်ဝတ်များ။
အတ္တာဟိ အတ္တနော နာထော။
ကျွန်တော် အားလုံးကို အမှန်ပင် ပျော်ရွှင်စေချင်ပါသည်။
လူဆိုသည်မှာ ဘ၀ကို နောက်ပြန်ဆွဲကြည့်လိုက်တိုင်း ရိုးသားစွာ ပြုံးနိုင် ရယ်နိုင်ဖို့ လို၏။
နေထိုင်ခြင်း ဘ၀ဟူသည် ရေပွက်ပမာ ပေါက်လွယ် ကွဲလွယ် ဖြစ်သည်။
ပရဟိတ စိတ်ဓာတ်နဲ့ ကျွန်တော့်ရဲ့ နွေဦးရာသီကို ဖြတ်သန်းပါမယ် ။

ကျွန်တော် တစ်ယောက် ဇာတိမြေကို ပြန်ပါတော့မယ်။
ဘာလို့ ရွာကို ပြန်ရပါလဲ။
ကျွန်တော် ဘ၀မှာ ဆရာသမားဆိုတာ တကယ်ကို ကျေးဇူးကြီးမားပါတယ်။
အခု ဆရာသမားက လှမ်းခေါ်တယ်လေ။
ကျောင်းတွေ ပိတ်လို့ ကလေးတွေ အားလပ်တဲ့ အချိန်မှာ
သူတို့လေးတွေရဲ့ ဦးနှောက်အသိ တံခါးတွေ ဖွင့်ပေးဖို့အတွက်
နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်မယ်တဲ့
အဲဒါကြောင့်၊ အဲဒါကြောင့်၊

ဆရာဆိုတာက
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ ဗိုလ်မြရပ်ကွက်
ရပ်သာကျောင်းတိုက်မှာ သီတင်းသုံးတော်မူတဲ့
ဆရာတော်ပါ။

ကျွန်တော် ငယ်ငယ်ကလေးတည်းက ဆရာတော်ရဲ့ ကျွေးမွေးပြုစု
စောင့်ရှောက်မှု မေတ္တာရိပ်အောက်မှာ ကြီးပြင်းလာခဲ့ရပါတယ်။
အခု ဆရာတော်က ပရဟိတလုပ်ငန်းလုပ်တော့မယ်
ကလေးတွေကို သင်ကြားပေးမယ့် အခြေခံယဉ်ကျေးမှု စာအုပ်လေး လုပ်ချင်တယ်ဆိုတော့
ကျွန်တော်ကို ခိုင်းပါတယ်၊ စီစဉ်ပေးရတာပေါ့ ။
အခုလည်း အဲဒီ စာအုပ်လေး ပုံနှိပ်ဖို့အတွက် အလုပ်ရှုပ်နေတာပါ။

မကြာခင် နေ့ရက်ပိုင်း အတွင်း မှာ
ကျွန်တော် စီစဉ်တဲ့
``ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ´´
ဆိုတဲ့ စာအုပ်လေး ပြီးစီးပါတော့မယ်။

ဒါဟာ ငယ်ငယ်က စာပေတွေ သင်ကြားပေးတော်မူတဲ့
ဆရာတော်ကို ကျွန်တော် ကျေးဇူးဆပ်တာပါ
ဆရာ့ကျေးဇူးတော်ဟာ များစွာ အနန္တဆိုတော့
ဆပ်လို့ ကုန်မှာ မဟုတ်ပါဘူး ။

မြူတစ်မှုန်စာလောက်ပဲ ဖြစ်ဖြစ် ကျေးဇူးဆပ်ခွင့် ရတဲ့ အတွက်
ကျွန်တော် ၀မ်းသာပါတယ်၊ ကြည်နူးပါတယ်။

စာအုပ်လေး ပြီးရင် ဇာတိ တန့်ဆည်မြေကို ပြန်ပါမယ်
ဆရာ့ကို ရှိခိုးကန်တော့ပါမယ်။
မိဘ၊ သားချင်း၊ ဆွေမျိုးတွေဆီ ရောက်တုန်း ရောက်ခိုက် နေလိုက်ပါဦးမယ်။

တန့်ဆည်မှာ အင်နာနက် အသုံးပြုလို့ မရပါ။
ဆရာကို ၀ိုင်းကူပြီး သင်ကြားပေးပါမယ်။
ပဲနှုတ်/ပဲကောက်ရပါမယ်။
သစ်ခင်းစိုက်ရပါမယ်။
ဒီအချိန်ဆို စပါးရိပ်လို့ ပြီးသွားကြပါပြီ။

ဆရာဆိုတာ အကောင်းဆုံး ဥယျာဉ်မှုးပါ
ဆရာဆိုတာ အကောင်းဆုံး ပဲ့ကိုင်ရှင်ပါ
ဆရာဆိုတာ အကောင်းဆုံး လမ်းပြကြယ်ပါ
ဆရာဆိုတာ အကောင်းဆုံး ပေးဆပ်သူပါ
ဆရာဆိုတာ အကောင်းဆုံး နေမင်း လမင်းပါ။

စာအုပ်လေး ဖြစ်မြောက် အောင်မြင်ဖို့အတွက်
ဗုဒ္ဓစာပေများကို ရေးသားတော်မူခဲ့ကြတဲ့ ဆရာတော်များ၊
စာရေးဆရာများ၊ ဆရာတော်အား လှူဒါန်းကြတဲ့ အလှူရှင်များ၊

မျက်နှာဖုံးနဲ့ အတွင်း အပြင် အဆင်များကို
မေတ္တာတရားသက်သက်နဲ့ ကူညီပေးခဲ့တဲ့
လူဇော်သစ်၊ သန္တာကျော်မောင်(ပီကာ ဒီဇိုင်း မီဒီယာ )
ဝိုင်းဝန်းပြီး ကွန်ပျူတာ စာစီပေးကြတဲ့
သူငယ်ချင်း မောင်မင်းစိုး(ရွှေနံ့သာ)
သူငယ်ချင်း မောင်မောင်(မန္တလေး)
သူငယ်ချင်း မိုးနှင်းဖြူတို့ကို
အထူးပဲ ကျေးဇူးတင်ပါကြောင်း နှလုံးသားတွင် မှတ်တမ်းတင်ပါတယ်။ ။

ဆူးရင့်၊တန့်ဆည်၊


Saturday, January 24, 2009

သူငယ်ချင်းတွေနဲ့ ညတစ်ည

သူငယ်ချင်း နွေမင်းသစ်ဆိုတဲ့သူက နိုင်ငံခြားကို ပညာသင် သွားတော့မယ်။ နောက် စစ်ကိုင်းက သူငယ်ချင်းတွေ ရန်ကုန်မှာ ဘွဲ့လာယူကြတာ။ နွေမင်းသစ်က လာခေါ်လို့ ကျွန်တော် အောင်ဆန်းမြို့ကို လိုက်သွားပါတယ်။ ငယ်ငယ်က သူငယ်ချင်းတွေကို ပြန်တွေ့ခွင့်ရလို့ ၀မ်းသာမိတာ အရမ်းပဲ ဆိုပါတော့။ ကျွန်တော်တို့ သူငယ်ချင်းတွေ ဆိုတာကလည်း ဆုံမိတာနဲ့ ပါတီပွဲ ကျင်းပကြဖို့ပဲ စိတ်ကူးနေကြတာလေ။ အင်း ပါတီပွဲကတော့ တော်တော်ကို စည်ကားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ငြင်းကြ ၊ ခုန်ကြ။ တစ်ယောက်ရဲ့ အဆိုပြုချက်ကို တစ်ယောက်က ပယ်ချလိုက်။ နောက်တစ်ယောက်က ပြန်ပြီး ဖြေရှင်းချက်ထုတ်လိုက် ၊ ပြန်ပယ်ချလိုက်၊ တစ်ယောက်ရဲ့ ဒဿနတစ်ချို့ကို နားထောင်ပေးလိုက်နဲ့ နံပါတ်တစ် အစီအစဉ် ပြီးဆုံးသွားတယ်။

နံပါတ်နှစ် အစီအစဉ်ကို ဘွဲ့ယူလာကြတဲ့ နေမင်းထက်၊ မောင်သူ၊ ချစ်ကြွယ်၊ သီဟ၊ ဥက္ကာတို့က ကျင်းပကြပြန်ရော့။ နေရု ၊ နွေမင်းသစ်၊ မောင်သူ၊ စိုးထွန်းနဲ့ ကျွန်တော်တို့ကတော့ နှစ်ပွဲဆက်ပေါ့ ။ မှတ်သားစရာ စကားလေးတော့ ကျွန်တော့်ရင်ထဲ ကျန်နေရစ်ခဲ့ပါတယ် ။ နေရုကြီး ပြောတာကတော့ ``အေး ငါက ရွာအတွက်၊ ရပ်ရွာ ကောင်းစားဖို့ အတွက်ဆိုရင်၊ လုပ်မှာပဲ´´တဲ့။ နေမင်းထက်က နေရုစကားကို ဘယ်လို ပြန်ပြီး ချေပလိုက်တယ် ထင်လဲ၊ `` အေး မင်းတို့ လုပ်နိုင်ရင် လုပ်ကြစမ်း၊ ဒါပေမယ့် ငါကတော့ ခေါင်းဆောင်တဲ့ သူ မကောင်းဘူး၊ နည်းလမ်း မကျဘူးဆိုရင် ဘယ်သူ မျက်နှာမှာ ငါထောက်နေမှာ မဟုတ်ဘူး။ သုတ်မှာ ၊ တကယ် သုတ်မှာ ´´ တဲ့။

`` မြန်မာနိုင်ငံတော်ကြီး ပြုပြင် ပြောင်းလဲဖို့ အတွက် ဘာတွေလိုအပ်သလဲ ´´
`` မင်း စတင် ပြောင်းလဲတော့မယ် ဆိုတဲ့နေ့ စပြီး ၊ မွေးလာတဲ့ သူတွေ၊ ရှင်သန်နေတဲ့ သူတွေ
အားလုံးကို သတ်ပစ်ဖို့ လိုအပ်တယ် ´´
`` အဲဒီလောက် အထိ သတ်ပစ်ဖို့ လိုအပ်လို့လားကွာ ´´
``မြန်မာ စိတ်ဓာတ်ကို မင်းလည်း သိတာပဲ ၊ မင်း လုပ်ပိုင်ခွင့် ရှိတဲ့ လူတစ်ယောက်ဆိုရင်
မင်းလည်း လုပ်မှာပဲ ။ စားမှာပဲ ၊ ၀ါး မှာပဲ၊ မင်းမှာလည်း သွားပါတယ်လေ ´´
`` ထားပါတော့ ၊ တို့ မြန်မာတွေက ဥပမာ အေကိုက်နေတဲ့ လူတစ်ယောက်ကို တွေပြီဆိုပါ
တော့ ၊ သူ ဘာကြောင့် အေအိုင်ဒီအက် ဖြစ်တာလဲ ဆိုတာကိုပဲ လျှောက်အပြစ်ပြောနေကြ
တာ။ ရှေ့ဆက် ဘာလုပ်သင့်တယ် ၊ ဘယ်လို နေထိုင်သင့်တယ် ၊ ဆိုတာကို ပြောပြဖို့ အား
ပေးဖို့ ဘယ်သူမှ စိတ်ကူးထဲ မထည့်ကြဘူး ´´

နောက်ဆုံးတော့ အသံတွေက တစ်ယောက် တစ်ပေါက် ကျယ်လောင်လာတာနဲ့ မီးခလုပ်ကို မှိတ်ပြီး အိပ်ကြဖို့ လုပ်လိုက်ရတော့တယ် ။ ဒါတောင် အိပ်ယာထဲမှာ ငြင်းကြ ခုန်ကြတုန်း ။ ငြင်းခုန်ခြင်းဟာ အမှန်တရားကို ဖြစ်ပေါ်လာစေတယ်လို့ ပြောစကားကိုတော့ ကြားဖူးမိတာပဲ ။
ဆူးရင့်
(၂၃၊ ၁ ၊ ၂၀၀၉)



Sunday, January 18, 2009

သိပ်ချစ်ကြတဲ့ ချစ်သူတွေ














ဒါကတော့ ကျွန်တော့်ရဲ့ သူငယ်ချင်းနှစ်ယောက်ကို
ကျွန်တော်ကိုယ်တိုင် လက်ဆော့ပြီး ရိုက်ပေးထားတဲ့ ပုံပါ ။
ခွင့်ပြုတယ် ခွင့်လွှတ်တယ် ဗွီစီဒီ သီချင်းခွေကာဗာပုံကို သဘောကျမိတာနဲ့ သူတို့နှစ်ယောက်ကို မော်ဒယ်လုပ်ခိုင်းပြီး ရိုက်ဖြစ်သွားတာပါ ။
သူတို့နှစ်ယောက်ကလည်း တကယ်ပဲ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့ ချစ်သူတွေ ဆိုပါတော့။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု အပြည့်ရှိကြတဲ့ ချစ်သူတွေပါ ။
တစ်ယောက်ကို တစ်ယောက် ခွင့်ပြုတတ် ၊ ခွင့်လွှတ်တဲ့ ချစ်သူတွေပါ ။
သူတို့နှစ်ယောက် အချစ်ကလည်း ထူးဆန်းတယ်ဗျ ။ မော်ဒယ်အဖြစ် သရုပ်ဆောင်ပေးကြတဲ့ သူတို့နှစ်ယောက်ကို ကျေးဇူးတင်မိတာတော့ အမှန်ပါပဲ ။
ဆူးရင့်

LinkWithin

Related Posts with Thumbnails