Sunday, January 18, 2009

ကမ္ဘာ့ အတိုဆုံး အချစ်ဝတ္ထုတို

ဆတ်ဆတ်လူး ကောင်မလေး တစ်ယောက်ရယ်
ပင်လယ်ကဗွီးပင် အုပ်အုပ်လေး တစ်ပင်ရယ်
ထီးလေး တစ်လက်ရယ်
နာရီပျက် တစ်လုံးရယ်
( ပြီးပါပြီ)

ဆူးရင့်
မှတ်ချက် ။ ။ ဖတ်ရှုပြီးနောက် မန့်မန့် ပေးခဲ့ကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ် ။

Thursday, January 15, 2009

ဂလိုဘယ်လ် လူငယ်များနှင့် စကားပြောခြင်း







စာရေးသူက............................. မောင်မင်းစိုး(ရွှေနံ့သာ)
အမှာစာရေးသူက .................... ဆရာသစ္စာနီ
စာအုပ်အမည်က...................... ဂလိုဘယ်လ် လူငယ်များနှင့် စကားပြောခြင်း
သရုပ်ဖေါ် ဒီဇိုင်းက.......... ........ဆူးရင့်
စာအုပ်အပြင်အဆင်................လူဇော်သစ်


သည်စာအုပ်လေးက အကြာမီ ရက်ပိုင်းအတွင်း ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ အဲဒီ စာအုပ်မှာ ကျွန်တော် လက်သရမ်းပြီး သရုပ်ဖေါ်ပေးခဲ့တဲ့ ပုံလေးတွေကို မျှဝေလိုက်တာပါ ။ ဘာမှတော့ မထူးဆန်းပါဘူး။
ပုံတင်ရတာ ကြာတာနဲ့ ဒီလောက်လေးပဲ တင်ပေးလိုက်တာပါ အမြည်းပေါ့ ။
ဆောင်းပါး (၂၆) ပါဝင်ပါတယ်
(ကြော်ငြာတာ ဟုတ်ဖူးနော်)



Tuesday, January 13, 2009

အရိုးသားဆုံး လက်ဆောင်မွန်

အဝေးက လွင့်လာတဲ့ အသံတွေပေါ့
အသစ်တွေ တစ်နှစ်ပြီး တစ်နှစ်
ဘ၀ဆီ ထိုးစိုက်ကျလာတယ်
နွေ ၊ မိုး ၊ ဆောင်း သုံးရာသီ
လိုအပ်ချက် ကိုယ်စီမို့ မ၀လင်ခဲ့ကြဘူး ။

ကမ္ဘာတစ်ခုလုံး ဆာလောင်မှုနဲ့
ဟစ်အော်နေကြတဲ့ လူတွေ
တွေ့ /ကြုံခဲ့ ၊ ပြော /ဆိုခဲ့ကြ
ကွဲ / ကွာခဲ့ ၊ ခွဲ / ခွာခဲ့ကြ
ကိုယ့်ရထားကိုယ် စီးပြီး
ကိုယ့်ရေဗူးနဲ့ကိုယ် ခရီးနှင်နေခဲ့ကြတယ် ။

ဖြတ်သန်းမှုကို နည်းနည်း နောက်ပြန်ရစ်ပါ
တွေ့ကြုံခဲ့သမျှ အစက စလို့ အခုအထိ (အစ+အဆုံး)
ဝှက်ဖဲတစ်ချပ် ကိုင်ထားသမျှ အစက စလို့ အခုအထိ (အစ+အဆုံး)
တစ်မှုန်တစ်မွှား လိမ်ညာခဲ့သမျှ အစက စလို့ အခုအထိ (အစ+အဆုံး)
ကိုယ့်ကိုယ်ကိုယ် ရိုးသားတယ်လို့
ထင် / မှတ် / ယူ / ထားဆဲ ။

တစ်စုံတစ်ယောက်အတွက်
အမှတ်ရစရာ ကောင်းတဲ့ မွေးနေ့မှာ
ပိုပြီး ရိုးသားစွာ ပွင့်လင်းသင့်တာပေါ့။

စိတ်ကူးထဲက စိတ်အတိုင်း

စာလုံးတွေ ထွင်းယူခဲ့တာက လွဲပြီး
ဘယ်သူ့ကို / ဘယ်အချိန် / ဘာမှ /
မသန့်ရှင်းတဲ့ စကားတွေ မပြောခဲ့ဘူး
ဘယ်သူ့ကို / ဘယ်အချိန် / ဘာမှ /
အီစီကလီ အလုပ်တွေ မလုပ်ခဲ့ဘူး။

ပုံမှန်အလုပ်တွေနဲ့ ကဗျာရေး / ပန်းချီဆွဲတယ်

ပုံမှန်အလုပ်တွေနဲ့ ဒီဇိုင်းထိုင် / အင်တာနက် သုံးတယ်
ပုံမှန်အလုပ်တွေနဲ့ပဲ ခေတ်ကို ခပ်တည်တည် လေ့လာခဲ့တာပါ ။

သူတော်စင်တွေက အရိုင်းစိတ်ဝင်နေတဲ့ ခေတ်တဲ့
လူတွေက ဘီလူးစိတ်ဝင်နေတဲ့ ခေတ်တဲ့
ဘီလူးတွေက သူတော်စင်စိတ်များ ၀င်နေလေမလား
ခေတ်ကြီးကိုက တခစ်ခစ် ရစ်မောပစ်ဖို့ ကောင်းတယ် ။

ချက်တင်မှာ မကြာခဏ ကြားရတဲ့ စကားက
`` ............................................´´
ငယ်ငယ်ကတည်းက အခု / အထိ (အစ+အဆုံး)

ဒါပေမယ့်
ဘယ်သူ့ကို / ဘယ်အချိန် / ဘာမှ
မသန့်ရှင်းတဲ့ စကားတွေ
အီစီကလီ အလုပ်တွေ
မပြောခဲ့ / မလုပ်ခဲ့မိသလို
ဘယ်သူ့ကို ဘယ်သူနဲ့မှလည်း
အပြင်မှာ မတွေ့ချင် / မမြင်ချင်ပါဘူး
မပြောချင်/ မဆိုချင်ဘူး ။ ။
ဆူးရင့်
အွန်လိုင်းပေါ်တွေ့ဆုံခဲ့သော အစ်မတစ်ယောက်ရဲ့ မွေးနေ့သို့
(၁၃ ၊ ၁ ၊ ၂၀၀၉)
ို့

Sunday, January 4, 2009

ကောင်းရာသုဂတိ လားပါစေ

အမေ
မပြီးပြတ်ခဲ့တဲ့ အသံတွေ
ဆူဆူဝေေ၀ ပွင့်အန်ထွက်ခဲ့ကြပေမယ့်
ရေများ ရေနိုင် ၊ မီးများ မီးနိုင်
ဆိုတဲ့
စကားပုံသာ ကျန်ရစ်ခဲ့တယ်။

ခလုတ်တံသင်းဟာ
ဖြစ်ရိုး ဖြစ်စဉ်အတိုင်း
ကန့်လန့် ရှိနေဦးမှာပဲ။

ပထမ
လွတ်လပ်ရေးကို အရယူခဲ့တဲ့
ဗိုလ်ချုပ်နဲ့ မျိုးချစ်သားကောင်းများ အတွက်
ဆုတောင်း အမျှဝေရင်း
သတိတရ လွမ်းဆွတ်ရင်း
ဘုရားပေါ် ရောက်ခဲ့။

ကျီးကန်းတစ်ကောင်က တအီးအီး အော်နေတာက အစ
တစ်ချွင်ချွင် လွင့်လွင့်လာတတ်တဲ့ ဆွဲလည်းသံက အစ
ခိုတွေလို လူတွေ ငြီးတွားသံမျိုးစုံက အစ
ကြားရင်း ကြားရင်း
နားထောင်ရင်း
အချိန်


အမေကိုလည်း သတိရတယ်
အမေကိုလည်း သတိရတယ်
အမေကိုလည်း သတိရတယ်
အမေကိုလည်း သတိရတယ်
အမေကိုလည်း သတိရတယ်
အမေကိုလည်း သတိရတယ်
အမေ
အမေ
အမေ
အမေ နေကောင်းပါစ ။

ပုရွတ်ဆိတ်တွေလို လူတွေဟာ
ဖိနပ်တွေ ၊ အိတ်တွေ ၊ နွေကာ ၊ မိုးကာ ၊ ဆောင်းကာတွေ
သယ်ဆောင်လို့
အလုပ်ရှုပ်နေကြတယ်။

ထမင်းနပ် မမှန်တဲ့ နေ့ရက်မှာ
ခေတ်အဆိုး ခေတ်အပျက်ကြီးကို
အာဟာရလုပ်ပြီး စားသောက်ခဲ့ရ ။

အိပ်လို့ ရတဲ့ ခင်များတို့
ဝအောင် အိပ်ကြပါလေ။
ကျွန်တော် ပျောက်သွားတဲ့ ကျွန်တော့်ကို
လိုက်ရှာပါရစေဦး ။

ကျွန်တော်နဲ့ ကျွန်တော်တို့အားလုံး
မပြတ်သားခဲ့လို့
မရဲရင့်ခဲ့လို့
အခုလို
ကျွန်တော်နဲ့ ကျွန်တော်တို့အားလုံး ဖြစ်နေတာ ။

နောင်နှစ်........
ကြာမြင့်တဲ့ အခါ
အနာအို အနာဟောင်း အနာဆွေးများ
ဂီတ အဖြစ် ၊ သံစဉ် အဖြစ်
မနက်ခင်း အဖြစ်
နေ့ အဖြစ်
ည အဖြစ်
အဖြစ်
အဖြစ်
အဖြစ်
တကယ့် လွတ်လပ်မှု အဖြစ်။

ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာဘူး
သီချင်းကို နားထောင်လိုက်ပါ ။

Friday, January 2, 2009

စကားလုံး အရုပ်






လေထဲမှာ ညစ်ပေနေတဲ့ အရေပြားတွေ/အတ္တနဲ့ ဖြစ်တည်လာတဲ့ ကိုယ်ထည်တွေ

ရှင်သန်ပြီး သေဆုံးခြင်းတွေ/
ည၀တ် အင်္ကျီထဲမှာ ည /အတွင်းစိတ် အမှောင်တွေ
ဘာကိုမှ မယုံကြည်ဘူး ။ အကြင်နာတရားနဲ့ အားလုံးရော အားလုံးပေါ့ ။
ဘာအတွက် ဘယ်လို/ဘယ်အချိန်က ဘယ်မှာ/ပြားနေခဲ့တာတွေ/လုံးနေခဲ့တာတွေ/
ပေါက်ထွက်သွားမှုတွေ
မိုးလင်းလို့ မနက်ဖြစ်ခဲ့တာ/နေ့လယ်ရောက်/ညဆီ သွားနေတာ
ဟို ရာသီဖွား၊ ဒီ ရာသီဖွား၊ ဘယ် ရာသီဖွား၊ ဘာ ဖြစ်သွားသလဲဆိုတာ
web page အမည်းစက်များဟာ ငါ့ဒဏ်ရာ
ချိုင့်တွေကို ဖြတ်ခဲ့ရတယ် ၊ ဆူးတွေ ၊ ငြောင့်တွေ ၊ ခလုတ်တံသင်းတွေချည်းပဲ (ချေးပဲ)
ဘယ်လို အိပ်မက်ရမလဲ ၊ ကျောခင်းမဲ့ ဗလာအရာတွေရယ် ...
(အဖြေ မပေးရ ၊ မဖြေရ )
အထီးကျန်မှုကို ဓာတ်ဆီလောင်း မီးရှို့ပစ်မယ်
မိတာ
လူများ ၊ အမှားများ ၊ အမှန်များ
ပါးစပ်ထဲ ဆေးပြားပစ်ထည့်ပြီး ငြိမ်နေရတယ်
ဆယ်ပေအကွာမှာ အဆိုးအနာ နေစမ်း
အမိုး အကာ လုံခြုံမှု ရှိခဲ့လို့လား
( မဖြေရ ၊ အဖြေ မပေးရ )
ငါဟာ ငါမဟုတ်တော့ဘူး
ငါ လောင်ကျွမ်းပြီးသား
မျက်ရည်ရစ်ဝဲ၀ဲဟာ ဆိုင်းဆိုင်း
ကယ်တင်ရှင်ဘုရား အစွန့်ပစ်ခံ များများလာတယ်
ငါးတွေ မျှားချိတ်မှာ ဆတ်ဆတ်ခါလို့
နာကျင်လို့ ၊ ဒီလို့ ၊ ဟိုလို့
သေမှုသင့်လို့ သေရတယ်
ခြေထောက်မှာ နင်းကြမ်းမရှိတော့ဘူး
ဟင်းလင်းကို တွေ့နိုင်မယ်
အချဉ်ပေါက်တာ ချဉ်သွားလို့ပါ
ချဉ်လို့ စပ်ဖျဉ်းလို့ ချဉ်ချဉ်စပ်စပ် ဆတ်ဆတ်နာ
(မျက်လုံး မှိတ်ထားပါသည်)
ပြတ်တောက်သွားတဲ့ ကြိုးစတို့ ဆက်ဖို့ အဆက်မမီလို့
ဆက်သွယ်မှုမဲ့ အသက်
ယဉ်ကျေးတာကို ဘယ်လိုတိုင်းမလဲ
(မဖြေရ ၊ အဖြေ မပေးရ )
မယဉ်ကျေးတာရော ဘယ်လိုလဲ
( အဖြေ မပေးရ ၊ မဖြေရ )
အခေါင်းထဲက အလောင်း /အပုတ်သာ အဟုတ်ဖြစ်လာမယ်
ဆွေးမယ်/ပျောက်သွားမယ်
လောက်
ထွက်လာမယ်
အိုး.....လောက်လောက်လမ်းလမ်း
ဘ၀အပြဲတွေ
ပြဲမှာပဲလေ ရဲရမှာပေါ့ ဟုတ်တာပေါ့ ၊ ဟုတ်/ ဟုတ်ကဲ့
တော်တော်ကွဲပြိုပါတယ် အမှန်ပဲ
တော်တော်
စောင့်ခဲ့တယ် အဝေးဆုံးက အရာတွေ
ရေခဲတွေလို အရာရာ ပျော်ကျတော့ ငါတစ်ယောက်တည်း ။
တစ်ချိန်တုန်းက နွေးထွေးမှုများ
အခု နေ့ /ည စကြ၀ဠာ အခေါင်းထဲမှာ အလောင်းပဲ
သောကြာသမီးနဲ့ အင်္ဂါသားလေး ကိုဟာ
ချစ်လို့ ချစ်ချစ်ခဲ့ကြတာ
အကွာအဝေးကြားမှာ အနီးဆုံး နီးကြဖို့ပဲ လိုနေတယ်
လူဆူးကြိုးတွေကို သိသလား
( အဖြေ မပေးရ ၊ မဖြေရ )
အခြားအနား မခံချင်တာရော သိသလား
( မဖြေရ ၊ အဖြေ မပေးရ )
အားလုံး အားဂလိတွေ
ဘ၀မှာတော့ ရှင်သန်နေထိုင်ခြင်းဟာ အညစ်အကြေးသုတ်ပြီးသား စက္ကူစလို အဖြစ်တွေ
တွေ့တွေ့ကြုံနေရတာ
နာကျင်နေတာပဲ သိတယ်
နှလုံးသားထဲမှာ အကြင်နာတရား ရှိဖို့လိုတယ်
လိုနေတာ ဒါပဲ
တခြား အဆိပ်တို့ ၊ မစာနာမှုတို့ ၊ အဆိုးချေးတို့ သွား နားချေ
နောက်ထပ် ငွေရေစက်တို့ ဂွေတို့ လူကြီးမင်းရဲ့ အလိုတော်ကျတို့ စွန့်ထုတ်ခဲ့ချေ
ကိုယ်စွမ်း ကိုယ်စ ရိုးသားဖူးလား
( မဖြေရ ၊ အဖြေ မပေးရ )
ကိုက ငသင်းတို့ ချိုးပစ်စရာ ကိုယ်ဒြပ်လား
( အဖြေ မပေးရ ၊ မဖြေရ )
သူတို့ရဲ့ ခွန်အားများ
လောင်နေတဲ့ အတ္တ မာန အတိုင်းအဆများ .................(ချေးပဲ)
သူတို့ ဖုန်ထနေတာလား
( မဖြေရ ၊ အဖြေ မပေးရ )
ကိုဟာ အသက်ရှူကြပ်ရ
ဒီလို ဖေါင်းခနဲ့ပေါက်တဲ့ ပူစီဖေါင်းပေါ့
ကိုတို့ရဲ့ ကိုယ်စီလမ်းကို အိုး ........ဟိုး ............ဟို သူတို့ နားမလည်ကြဘူး ။
ရွှေဈေး ဟိုဈေး ဒီဈေးသာ နားလည်ပြီး
ဒါဟာ................အချစ်ရာ ဒါဆိုတာ နားမလည်ကြဘူး ။
ယုတ်ညံ့မှုချေး
အောက်တန်းကျ အသက်/ချေးတွေကို
အဝေးဆုံးကနေ သိပ်ချစ်ခဲ့ကြတယ်ဆိုတာ
ပြောပြလိုက်စမ်းပါ
လိုက်စမ်းပါ
စမ်းပါ
ပါ .................... ။

စိုးမင်းအောင်
31.12.2008
AM :1:30:

သူငယ်ချင်း ကဗျာဆရာ စိုးမင်းအောင်တစ်ယောက် တောင်ကြီးပြန်သွားတဲ့ သူကောင်မလေးကို လွမ်းလွမ်းဆွတ် ဆွတ်နဲ့ ရေးထားတဲ့ ကဗျာလေးတစ်ပုဒ်သာ ဖြစ်ပါတယ် ။ အချစ်က ဆန်းကြယ်ပါတယ် ။ အချစ်ကို ဘယ်လို
ဖွင့်ဆိုကြသလဲ ဆိုရင်................................................................................................................................................................ ...........................................................................................................................................................................
..........................................................................................................................................................................
...............................................စသည်ဖြင့်ပေါ့လေ ။ ( ကျွန်တော်ကိုယ်တိုင်လည်း ဘာမှ သိတာမဟုတ်ဘူး )
ဆူးရင့်

LinkWithin

Related Posts with Thumbnails