Monday, December 22, 2008

နတ္ထိဝါဒ

အတူနေ ခုန်တန်းလျားလေး
သီချင်းသံ တိတ်တဲ့အခါ
နံရိုးများ အရင်ကထက် စကားပြောတတ်လာတယ် ။

ပြက္ခဒိန်တစ်ချပ်လို ခုတ်မောင်းလာတဲ့
ည ပြေးလမ်းမှာ
ဖိနပ်လေးကို ဆွဲခေါ်ရင်း
ငါ့တစ်ကိုယ်လုံး မီးခိုးတွေ အူလို့ ။

ဇီဇာကြောင် မှော်နှုတ်ခမ်းသား တစ်ဝိုက်
စောင့်ကြည့် လှည့်ပြန်ရုံသက်သက်နဲ့
အဓိပ္ပာယ်တွေ မလုံလောက်ခဲ့ဘူး ။

လောကဓံနဲ့ မသင့်မြတ်တော့
ဆူးရင့်ဟာ ကဗျာဆရာ ဖြစ်လာခဲ့တယ်
နထုံပေတေး တစ်ယောက် ဖြစ်လာခဲ့တယ် ။

ကလေးမရှိတဲ့ မိဘဟာ နတ္ထိဝါဒလား
မိဘမရှိတဲ့ ကလေးဟာ နတ္ထိဝါဒလား
လူမရှိတဲ့ အိမ်ဟာ နတ္ထိဝါဒလား
အိမ်မရှိတဲ့ လူဟာ နတ္ထိဝါဒလား
အကိုင်းမရှိတဲ့ အရွက်ဟာ နတ္ထိဝါဒလား
အရွက်မရှိတဲ့ အကိုင်းဟာ နတ္ထိဝါဒလား
မျှော်လင့်ချက်မရှိတဲ့ စိတ်ဟာ နတ္ထိဝါဒလား
စိတ်မရှိတဲ့ မျှော်လင့်ချက်ဟာ နတ္ထိဝါဒလား ။

လူပီသချင်လွန်းလို့
ငါ ငိုပစ်လိုက်တယ်
လူ့သင်္ချိုင်းမှာလည်း
တိရစ္ဆာန်တွေ သေခွင့်ရှိတာပဲ ။

ဆူးရင့် ၊တန့်ဆည်၊


ဒီဇင်ဘာ အခိုးအငွေ့

လ အစင်းစင်း ပုံးကွယ်ဆွံ့အ သွားတာတောင်
ကျွန်တော့်ဆီ ဦးလှည့်ဖို့ လမ်းပျောက်နေတဲ့
ခြေဖ၀ါးနုနုလေး အတွက်
သွေးရိုး သားရိုး ဒီဇင်ဘာမှာ
နှင်းအသစ်တွေ ဆန်းဆန်းပြားပြား ဝေတယ် ။

ကျွန်တော့် နက္ခတ်တစ်စုံရဲ့
စုန်ဆန်စီးမြောမှု ၀င်သက် ထွက်သက်မှာတော့
မြောက်ပြန်လေ မုန်တိုင်းနဲ့
ခရမ်းပြာ ဂီတနဲ့
နှင်းဆွတ်လမ်းပေါ်
ရင်ခုန်သံတွေ အရောင်ပြောင်းရင်း
ကျွန်တော့် တစ်ကိုယ်စာ ခိုက်ခိုက်တုန်အောင် လွမ်းတယ် ။

ဆူးရင့်၊တန့်ဆည်၊
ခရမ်းပြာဂျာနယ်
အမှတ်(၅၉) ။ ၅ ၊ ဒီဇင်ဘာလ ၊ ၂၀၀၆ ၊




Wednesday, December 17, 2008

သက်တော်ရှည် မစိုးရိမ်ဆရာတော်ကြီး ဘ၀နတ်ထံ ပျံလွန်တော်မူခြင်း









သက်တော်(၉၆)နှစ်ရှိပေမယ့် ။ ၀ါတော်(၇၆)၀ါရရှိခဲ့ပေမယ့်

ဆရာတော်ရဲ့ စိတ်ဓာတ်တော်ဟာ ပြင်းထန်ခိုင်မာနေဆဲ
တိုင်းပြည်နဲ့ လူမျိုးကို ဘာသာနဲ့ သာသနာကို
ချစ်နေဆဲ
ဘယ်လောက်ပဲချစ်ခဲ့ပေမယ့်
လူသားမှန်သမျှ အားလုံးဟာ တစ်နေ့တော့
သေခြင်းတရားဆီ
အသေအချာ သွားကြရမှာ ဖြစ်တဲ့အလျှောက်
ရန်ကုန်တိုင်း ၊ စမ်းချောင်းမြို့နယ် ၊ ပြည်လမ်း ၊မြေနီကုန်း ၊မစိုးရိမ်ပရိယတ္တိစာသင်တိုက်ကြီးရဲ့
ဦးစီးပဓာန မဟာနာယက ဖြစ်တော်မူတဲ့
မစိုးရိမ်သက်တော်ရှည်
ဆရာတော်ကြီးဟာ
ဒီနေ့
၁၃၇၀-ပြည့်နှစ် ၊ နတ်တော်လပြည့်ကျော်(၅)ရက်
(၁၇၊၁၂၊၂၀၀၈)
ဗုဒ္ဓဟူးနေ့
မနက်(၂း၁၅)မိနစ်အချိန်မှာ
ဘ၀နတ်ထံ ပျံလွန်တော်မူသွားခဲ့ပါတယ် ။
ဆရာတော်ရဲ့စိတ်ဓာတ်တော်ဟာ
နောင်ဘ၀မှာလည်း
လင်းလက်ပြင်းထန်နေဦးမယ်လို့ ထင်မိပါရဲ့ ။
ဒီစာစုလေးနဲ့ ဆရာတော်ကြီးရဲ့ ကျေးဇူးတော်ကို ပူဇော်တုန့်ဆပ်လိုက်ပါတယ် ။
ဆရာတော့်ကျေးဇူးတော်နဲ့ နှိုင်းစာရင် ကျွန်တော့်ရဲ့ ပူဇော်မှုဟာ
တကယ့် အသေးအမွှား
မြူတစ်မှုန်စာလောက်ပဲ ရှိပါတယ် ။
သက်တော်ရှည် မစိုးရိမ်ဆရာတော်ကြီးရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်တော်ကို
နတ်တော်လပြည့်ကျော်(၉)ရက် ။(၂၁ ၊ ၁၂ ၊ ၂၀၀၈) တနင်္ဂနွေနေ့
နေ့လည်ပိုင်းမှာ
အန္တိမဈာပနသဘင်ဆင်ယင်ကျင်းပပြီး
တပည့်ဒကာ+ဒကာမတို့က စည်ကားသိုက်မြိုက်စွာ
ပြုလုပ်ကြမှာ ဖြစ်ပါတယ် ။
ထိန်ပင်သုဿာန်မှာ မီးသင်္ဂြိုလ်မည်ဟု သိရပါတယ် ။

ဆူးရင့်

Sunday, December 14, 2008

နယ်သာလန်က လိမ္မော်သီးပွဲတော်



ကျွန်တော်အကြိုက်ဆုံးသစ်သီးက
လိမ္မော်သီးနဲ့ ပန်းသီးပါ
ဗိုက်ဆာဆာနဲ့ ဒီပုံလေးကိုတင်လိုက်ပါတယ် ။
ဒီဓာတ်ပုံကို သူငယ်ချင်းထက်ကို စင်္ကာပူကနေ ပို့ပေးလိုက်တာပါ ။
ဓာတ်ပုံဆရာနာမည်ကို ကျွန်တော်မသိပါဘူး ။
ဓာတ်ပုံခိုးတယ် ဖြစ်နေမှာ စိုးလို့ပါ ။
မြန်မာပြည်က ဓာတ်ပုံဆရာပီတာ မဟုတ်တာတော့ သေချာပါလိမ့်မယ် ထင်တယ် မှတ်တာပဲ ။

Friday, December 12, 2008

ဒါကိုတော့ မမေ့ပါနဲ့ သူငယ်ချင်းတို့


တစ်နေကွယ်


သေနယ်သို့ တစ်ရက်ကူး


မေ့လျော့ကာ မသေဘူး မထင်လိုက်ပါနဲ့


နေကွယ်တာ အကြိမ်များရင်ဖြင့်


သေနယ်ရွာ အရောက်သွားရမယ်


တားမရဘူး ။


(ပေါရာဏစာဆို
)

LinkWithin

Related Posts with Thumbnails