သုံး ................................
ကိုယ်တို့အားလုံး သေသလို ဟန်ဆောင်နေခဲ့ရတဲ့ သက္ကရာဇ်တွေ
ပျက်သုဉ်းနေတဲ့ နာမည်ကို ပလပ်စတစ်ဆာဂျရီ အစားထိုးလို့
လှနိုင်မလား
သမိုင်းဟာ အုတ်ကျင်းနဲ့ သိပ်မဝေးလှပါဘူး
လှလှ၏ ရယ်သံတွင် အသံလုံးဝ မပါဝင်ပါ
တန်ကြေးကြီး သရုပ်ဆောင်တွေက
အရုဏ်ဦးမှာ ကြာတွေပွင့်လို့
ကဗျာတစ်ပုဒ် စာမူခ သုံးလေးထောင်
အရေးသားကအစ ကဗျာဆရာတွေ လက်မထောင်ထားကြ
ပေါ်လစီကင်းကင်း ဂျက် ကွင်း ကင်း
ရုံးသုံး ပွဲစားသုံး လက်ဖက်ရည်ဖိုးဟာ ဘယ်လောက်လဲ
မြို့ပြရဲ့ ချွေးနံဟာ အရင်ကထက် နံစော်ရင်
ကျေးလက်က ဘာစော်နံနေမလဲ
ရုပ်ရှင်ရုံမှာ ဘူတာမှာ မှတ်တိုင်နဲ့ ခုံးကျော်တံတားအောက်မှာ
မာဆတ်မှာ ကေတီဗီမှာ နိုက်ကလပ်နဲ့ သံလမ်းမှာ
သွေးသားရောင်းပြီး ၀ယ်လာခဲ့တဲ့
သူမရဲ့ စာဝတ်နေရေး ကျန်မာရေး
ကျောင်းနဲ့လမ်း လမ်ကြောင်းမှားခဲ့ရတဲ့ သူဖုန်းစား ကလေးငယ်တွေ
ကိုယ်အနှံ့ နနွင်းသုပ်ထားတဲ့ အ၀ါရောင် မိခင်အတုတွေ
ငှားရမ်းခ တစ်ထောင့်ငါးရာ အထက်ရှိတဲ့ နီတာတွက် ရင်သွေးငယ်အတုတွေ
လမ်းစရိတ်ပြတ် ဖိနပ်ပြတ်နေတဲ့ အရေခြုံ ဘာသာရေးအတုတွေ
ရုပ်သေးတွေ ကြိုးဆွဲသမျှ ကပြနေရတဲ့ လူအတုတွေ
လိမ်ညာလှည့်ပတ်မှုက မျက်လှည့်ပွဲ တစ်ခုလို ....တစ်ခုပြီး တစ်ခု
လောင်ကွင်းထဲ မီးသင့် အစအနတွေ လိုက်ရှာလိုက်တိုင်း
စိတ်နဲ့ကိုယ် မကပ်နိုင်တဲ့ခေတ်ဟာ မကောင်းဆိုးဝါး ဆန်လာတယ်
တောကျီးကန်းတွေ အုပ်စုဖွဲ့ရယ်မောသံနဲ့
လမ်းမပေါ် ဖြတ်ပြေးသွားတဲ့ အင်းဂျင်သံနဲ့
အသက်(၁၈)နှစ်ပြည့်သူတိုင်း မှတ်ပုံတင်လုပ်ဖို့ နိုးဆော်သံနဲ့
ဒီကဗျာကို နောက်ထပ် စာခုနစ်ကြောင်း ရေးပြီး အဆုံးသတ်ရမယ့် အတူတူ
အဖြူရောင်အခန်းကျဉ်းလေးထဲ
ကောင်းကင်က လမင်းဆီ ငေးရင်း ဟိုအဝေးက လမင်းဆီ
သစ်ခက် သစ်ရွက်တွေ ယိမ်းလှုပ်ခါယမ်းနေသလိုလား ခံစားမှု လွင့်ဝဲနေတာ
မိုးစက်စက် ပြုတ်ကျလာသလိုလား မျက်ဝန်းမှာ စီးဆင်းနေတာ
ကိုယ့်ပထမ မျက်လုံးတစ်ဖက်က အဆင်မပြေမှုများနဲ့ တိမ်မြုပ်ကန်းမိုက်နေတယ်
တဖြည်းဖြည်း ရွေးကောက်ပွဲကြီး နီးကပ်လာပြီ အမေ့ကို လွမ်းရင်း..........
ကိုယ့် ဒုတိယမျက်လုံးတစ်ဖက်ကို နာနာကျင်ကျင်မှိတ်ပစ်လိုက်ပါတယ်။ ။
ဆူးရင့်၊တန့်ဆည်၊
၂၁၊ ၉၊ ၂၀၁၀
နံနက်ခင်း ၃း၁၀
1 comment:
ဟိုင်း...လည်လည်ရောက်တယ်ဗျာ.. ဒီကဗျာလေး ကြိုက်တယ်..
ပျော်ရွှင် ချမ်းမြေ့ပါစေ...
Post a Comment