စိတ်တောက်စားမှုရဲ့
ထောင့်ကွေး နယ်နိမိတ်မှာ
ခံစားချက်မဲ့သူက
ပိုပြီး သတ္တိကြောင်တယ်။
နှင်းအက္ခရာ အစစ်နဲ့
ရင်ခုန်သံတွေ ဖွင့်ထုတ်
တံတိုင်းအထပ်ထပ် ကာရံထားတဲ့
ညနေခင်းဟာ
ရှင်သန်ခွင့်ကို လျှို့ဝှက်ထားပြန်တယ်။
ငါဟာ
တုန်ခါမှုနဲ့ ကျွမ်းဝင်တုန်ခါခဲ့ရ
နာကျင်မှုနဲ ရင်းနှီး နာကျင်ခဲ့ရ။
တိတ်ဆိတ်ခြင်းဟာ
ပဲ့တင်သံ အထပ်ထပ်
အသက်လှောင် နံရံပေါ်က
အမှောင်ဆုံး မီးတောက်တွေ
အရောင်လေးဟာ
လွင့်ရင်း ၀ဲရင်း ပျောက်ဆုံးသွားခဲ့။
နှလုံးသားဟာ
သံထည်နဲ့ဆောက်တဲ့ တံတားလား၊
ကြေကွဲခြင်းဟာ
သူမရဲ့ ဘေးထွက်ပစ္စည်းလား၊
အမှန်တရားဟာ
မရဲရင့်တဲ့ ရုပ်တုလား။
အရှိအတိုင်း အန်ချလိုက်မှ
အလေးချိန် ပိုတိုးလာတဲ့ ကမ္ဘာ
အပူလှိုင်းဟာ
အေးစက်စက်နဲ့
ငါ့ဆီပြေးဝင်လာတယ်။
ညီမလေးရေ
ဒါဟာ မှော်မအောင်တဲ့
နေ၀င်ချိန် ပန်းချီကား တစ်ချပ်ပေါ့၊
ဒါဟာ အချစ်ရဲ့
နိယာမ လမ်းခွဲပေါ့၊
ဒါဟာ
လူ့အဖြစ်ရဲ့ တစ်ခန်းရပ် ငရဲခန်းပေါ့ ။
ကျွန်းကလေးရဲ့
အစစ်အမှန်ကို
အရိုးခံအတိုင်း
အိပ်မက်နဲ့ ရင်ဖွင့်လိုက်တာပါ
အပူလှိုင်းဟာ အေးစက်စက် ပြေးဝင်လာတယ်။ ။
ဆူးရင့်၊တန့်ဆည်၊
၃၀ ၊ ၇ ၊ ၂၀၀၉ သို့ အကြိမ်ကြိမ် အခါခါ အမှတ်တရ
3 comments:
ညီမလေး ရေ.... မြန်မြန်သာ ပြန်ချစ်လိုက်ပါတော့ကွာ... ဟိဟိ
ကျွန်းခံနေမယ် ဆိုတော့ မလွယ်ဘူးဗျ၊ဒါမှ စာသားတွေ များများ ထွက်မယ် . . .):
ညီမလေးနဲ့ ချစ်နိုင်ပါစေ၊ အဲ့ ၃၀ ရက်နေ့က တို့ မွေးနေ့ကွ၊ အဆင်ပြောပါစေ ချစ်သူတွေ
Post a Comment