Tuesday, July 13, 2010

တန့်ဆည် (သို့) ဂျာလင်း မြို့တော်

ကာရန်မဲ့ စိတ်ကူးသစ်မျဉ်းများ
ငါ့ကို ကြိုးအဆုံးထိ
လွှတ်တင် မိုက်မဲခဲ့ပြီ။

အမှန် အမှားကို ထုဆစ်တတ်ပုံက အစ
တန့်ဆည်ဆိုတာ
မျှော်လင့်ချက်နဲ့ အတောင်ပေါက်လာတဲ့
ရည်းစားဦး။

လွမ်းချင်စရာ မကောင်းတဲ့
ငါ့ မထွန်းကားမှုက
ပင့်သက် အလျား အနံ ရှည်ဝေး
ကိုယ့်အနံ့ကိုတောင် ပြန်လိုက်ရှာတဲ့ ငါ့ကို
တန့်ဆည်ဟာ
မျက်မှန်စိမ်းစိမ်းနဲ့ ချော့သိပ်လို့။

ကတ္တရာလို့ ခေါင်းစဉ်မှားခဲ့တဲ့ လမ်းတွေ
ရာသီအမျှ ပေါက်ပြဲ ဖုထစ်
အနောက်တိုင်း မိတ္တူ မဖောင်းပွသေးတဲ့ တန့်ဆည်ဟာ
ငါ ပြန်လာတိုင်း
အပျိုရည်မပျက် စောင့်ကြိုနေခဲ့။

မြို့ အတုနဲ့ တောဇာတ်သွင်းခံရတဲ့
တန့်ဆည်
ကြယ်ငေးရင်း ငါ့ကို မုန်းတဲ့
တန့်ဆည်
အမတ်ကြီး တစ်ယောက်က လွဲလို့
ပစ်ခတ်စရာ လက်နက် မရှိတဲ့
တန့်ဆည်။

လက်ညှိုး ထိုးစရာ
ရှစ်ဆယ့်ရှစ်က လွဲလို့
တန့်ဆည်ဟာ နာမည်ပျက် မရှိဘူး။

အရင်က တန့်ဆည်ဟာ
တန့်ဆည် မဟုတ်သလို အိပ်စက်မှုန်ဝါးလို့
အခု တန့်ဆည်ဟာ
တန့်ဆည် မဟုတ်သလို
တရုတ်ပြည် သေမင်းကို ခွစီးလို့။

ကိုလူဇော်သစ်ရေ..
ကျုပ်တို့ ခဏခဏ ဆာလောင်ခဲ့တဲ့
တန့်ဆည်ရဲ့ အကြောင်းခံစိတ်
ဘယ်တော့များ လက်မ ထောင်နိုင်ပါ့မလဲ။

တန့်ဆည်က ကဗျာဆရာ
ရန်ကုန်မှာ ကိုယ့်အနံ့ကို လိုက်ရှာနေလေရဲ့ ။

ဆူးရင့်၊တန့်ဆည်၊

Monday, July 12, 2010

ဇာတ်ထဲက ကောင်မလေး

အက ကောင်းတဲ့ ကောင်မလေး
အဆိုကောင်းတဲ့ ကောင်မလေး
မြို့ သားတွေရဲ့ ပါးစပ်ဖျားမှာ
တောသားတွေရဲ့ ပါးစပ်ဖျားမှာ
သူမ ဂုဏ်သတင်းဟာ သင်းပျံ့ခဲ့။

ရူပဗေဒနည်းနဲ့ပဲ ကြည့်ကြည့်
ခန္ဓာဗေဒနည်းနဲ့ပဲ ကြည့်ကြည့်
အရပ်က မရှည်လွန်း မပုလွန်း
မ၀လွန်း မပိန်လွန်း
မဖြူလွန်း မမည်းလွန်း
အပြစ်ခြောက်ပါးကင်းပြီး
လမင်းလို လှနေတဲ့ ကောင်မလေး။

တခြားမိန်းကလေးတွေထက်
သာလွန်တဲ့ သူမအလှအပ
အနုအရွဟာ ထိပ်ဆုံးက ပထမ
လူမက နတ်မကျ
ထူးထူးခြားခြား လှနေတဲ့ ကောင်မလေး။

မြို့သားတွေ အာရုံကို ငြို့ယူ
ရွာသားတွေရဲ့ ၀ိညာဉ်ကို ဖမ်းစား
သူမကိုယ်ရောင်ဟာ
မီးမထွန်းပဲ ဆယ့်နှစ်တောင် လင်းတယ်။

သူမ အသားအရေဟာ
ပျဉ်းပွင့်တွေလို ရွှေရောင်တောက်လို့
သူမ နှုတ်ခမ်းလေးတွေ
လက်ချောင်းလေးတွေက အစ
ခြေထောက်လေးတွေ အဆုံး
အားလုံး အားလုံးဟာ
ချိပ်ရည်နဲ့ အလှဆုံးဖြစ်အောင်
ဆိုးထားသယောင် ထင်ရရဲ့
သူမ အသားရောင်ကြပြန်တော့
သန္တာနီ ကမ္ဗလာနီလို ကြည့်လို့ မ၀နိုင်ခဲ့ဘူး။

အပြင်ကို ရှည်ထွက်လာတဲ့
ခြေသည်း လက်သည်းလေးတွေဟာ
နို့ရည်တွေ စီးဆင်းကျနေသလိုမျိုး
ဝင်းဖန့်ဖြူစင်လို့ နေပြန်ရဲ့ ။

ပညာရှင်တွေ ဂရုတစိုက်သွေးပြီး
စီစီရီရီ ချထားတဲ့
ပုလဲလုံး ရွဲလုံးလေးတွေလို
သူမရဲ့ သွားအလှဟာ ပေါ်လွင်တယ်။

ကောင်းခြင်းငါးဖြာနဲ့
အရွယ်တင်တဲ့ ကောင်မလေး
မြို့သားတွေရဲ့ အားပေးမှုကို
တောသားတွေရဲ့ အားပေးမှုကို
အပြည့်အ၀ရတဲ့ ကောင်မလေး
ပရိသတ်ချစ်တဲ့ ကောင်မလေး
အက ကောင်းတဲ့ ကောင်မလေး
အဆို ကောင်းတဲ့ ကောင်မလေး
ဇာတ်ထဲက ကောင်မလေး
သိပ်လှနေတဲ့ ကောင်မလေး
သူ
ဇနပဒကလျာဏီ။ ။

တေလပတ္တဇာတ်တော်ကို
ဆီလျှော်အောင် ခံစားရေးဖွဲ့ပါသည်။

ဆူးရင့်၊တန့်ဆည်၊

Tuesday, June 29, 2010

နွေ

စိမ်းညို့စိုက်ခင်းတွေ ပဲ့ကြွေကွဲအက်
၂၀၁၀ မေ ၂၇ ဗဟိုပစ်မှတ်က
နားခိုရာ သံစဉ်ပျက် မီးလောင်ကွင်း ရာသီ
အိုက်ပြုတ် ပူလောင် အခိုးထ နေ့ဆိုးထဲ
နှုတ်ခမ်းမျိုးစုံ မိုးခေါ် မောကြ

ငါကတော့
သံဝေဂ အတုနဲ့
မီးတောင်တစ်လုံးကို မြိုချလိုက်တယ်.....။

ဆူးရင့်

Thursday, January 14, 2010

အသိပေးခြင်း၊ နှုတ်ဆက်ခြင်း



အခု ရက်ပိုင်းအတွင်း မအားလပ်တဲ့ အလုပ်တွေကြောင့်
ဘလော့မှာ အသစ်မတင်ဖြစ်သလို
တစ်ခြား ဘလော့တွေဆီကိုလည်း
အလည်မရောက်ဖြစ်ခဲ့ပါဘူး။

အလုပ်တွေကတော့ ရှုပ်သလား မမေးပါနဲ့
ခေါင်းတစ်ခုလုံး ပူထူနေတာ
ကိုယ့်ဒုက္ခ ကိုယ်ရှာတယ်လို့ ပြောရတော့မှာပေါ့။

ဖေဖော်ဝါရီ အမီ
စာအုပ်လေး တစ်အုပ် လုပ်ဖြစ်လိုက်ပါတယ်
အဲဒီမှာ စပြီး အလုပ်က ရှုပ်တော့တာ
စာပေစိစစ်ရေး လစ်ရ
မျက်နှာဖုံးနဲ့ အတွင်းဒီဇိုင်းနာဆီ ပြေးရ
ပုံနှိပ်တိုက်နဲ့ စာအုပ်ချုပ် သွားရ
မပင်ပန်းဘူးလိုလိုနဲ့
စိတ်ရော ကိုယ်ပါ တော်တော် ပင်ပန်းသွားပါတယ်။

စာအုပ်ပြီးမယ့်နေ့ကို စောင့်ရင်း
တန့်ဆည်ကို ပြန်မယ့် နေ့ရက်လည်း ကျန့်ကြာသွားပြန်ရော့
ခုတော့ စာအုပ်ကတော့ ပြီးလုသွားပါပြီ
အလုပ်က မပြတ်ချင်သေးဘူး။

မဂ္ဂဇင်းနဲ့ ဂျာနယ်တွေ သတင်းပေးရ
ဖတ်ညွှန်းနဲ့ ဝေဖန်ရေးကို
ဝါရင့်တဲ့ ကဗျာဆရာတွေကို ရေးခိုင်းရ
ဗီနိုင်း ကြော်ငြာချပ်တွေ ထုတ်ရ
နောက်
ဖြန့်ချိပေးမယ့် သူငယ်ချင်းနဲ့ စကားပြောရနဲ့
ခုထိတောင် မပြီးပြတ်သေးဘူး ဆိုပါတော့
ပြီးလုနီးနီးတော့ ရှိနေပါပြီလေ။

အလုပ်တွေ များနေတဲ့ကြားထဲ ပြည်ပက ပြန်လာတဲ့
သူငယ်ချင်းက “ သူ့ကို စောင့်ပါဦး
သူပြန်ရောက်မှ တန့်ဆည်ကို ပြန်ပါ ”တဲ့။

သူငယ်ချင်း အရင်းခေါက်ခေါက်၊ မတွေ့ရတာလည်း ကြာပြီဆိုတော့
သူ့ကို စောင့်ပေးလိုက်ပါတယ်
သူ မနက်ဖြန် 12း00 လောက်မှာ
ပြည်တွင်းကို ပြန်ရောက်ပါမယ်။

သူနဲ့ တစ်ရက်လောက် တွေ့ဆုံပြီးရင်
တန့်ဆည်ပြန်ရုံပေါ့။

အင်တာနက် အသုံးပြုလို့ မရတဲ့ တန့်ဆည်မှာ
ကျွန်တော် နှစ်လ သို့မဟုတ် ခြောက်လလောက် ကြာမြင့်ပါလိမ့်မယ်။

“ ပင့်ကူအန် တိမ်တိုက် ” မှာ
ကျွန်တော်ကိုယ်တိုင်
အသစ်တင်ဖြစ်တော့မှာ မဟုတ်ပါဘူး။

အသိတစ်ယောက်ဆီမှာတော့ အကူအညီတောင်းထားပါတယ်
အားလပ်ရင် အသစ်တင်ဖို့ စိတ်ကူးရရင် တင်ပေးဖို့ပါ။
ဒါပေမယ့် မသေချာပါဘူး။

အင်တာနက် ကွန်ယက်ကြီးတစ်ခုလုံးနဲ့ အတူ
သူငယ်ချင်းတွေကို သတိရနေပါမယ်။

ကျွန်တော်နဲ့ အတူ သူငယ်ချင်းတွေဖြစ်တဲ့
သာရလင်း
ဧဏီမင်းတို့ သုံးယောက်
ချစ်သူများနေ့ အမီ ထုတ်ဝေဖြစ်ကြတဲ့
“ ချစ်သူပေါင်း 1500 ”
ကဗျာ စာအုပ်လည်း ထွက်ပြီလို့
အသိပေး ကြော်ငြာပါတယ်။

နောက်
ကျွန်တော် တန့်ဆည်ကို အလုပ်ကိစ္စတစ်ခုနဲ့
ပြန်လိုက်ပါဦးမယ်လို့
အွန်လိုင်းက မိတ်ဆွေအားလုံး
ဘလော့ဂါ အားလုံးကို
နှုတ်ဆက်ပါတယ်။

အားလုံး ပျော်ရွှင်ချမ်းမြေ့စွာ
ဘ၀ကို ဖြတ်သန်း ခရီးနှင်နိုင်ကြပါစေ။ ။

လေးစားလျှက်
ဆူးရင့်၊တန့်ဆည်၊
14 . 1 . 2010


Monday, January 4, 2010

ချစ်သူပေါင်း 1500 ကဗျာစာအုပ် တနင်္ဂနွေနေ့တွင် ဖြန့်ချိမည်



ဆရာသစ္စာနီ၏ မုဒိတာ စကားများနဲ့ အတူ
ချစ်သူပေါင်း ၁၅၀၀
ရင်ခုန်သံ ဒေတာများ
ကဗျာစာအုပ်ကို လာမည့် တနင်္ဂနွေနေ့တွင်
sweetheart စာအုပ်တိုက်မှ တပြည်လုံး
ဖြန့်ချိမည် ဖြစ်ပါသည်။

စာရေးသူ ဆူးရင့်၊တန့်ဆည်၊
သာရလင်း
ဧဏီမင်း
ဒီဇိုင်း လူဇော်သစ်
တန်ဖိုး ၁၅၀၀ ကျပ်ဖြင့်


ဝယ်ယူ အားပေးနိုင်ပါသည်။

အားလုံးကို လေးစားလျှက်
ဆူးရင့်၊တန့်ဆည်၊


LinkWithin

Related Posts with Thumbnails