Friday, January 7, 2011

ရသလောက် ရေးခြစ်ဖို့ အိပ်မက်ကို ရေရောထားတယ်

မြွေဖမ်းတယ်ဆိုတာ ပြဿနာရှာခြင်း ဒီမြွေကောင်က ရေပဲသောက်တဲ့ မြွေပဲ မြေပဲ မစားဘူး

ရိုးရိုးသားသား အရိုးနဲ့ အသားအစအနလေး ရှိတယ်

ဆုံတွေ့မှု သက်ရောက်တရားဟာ ရသလောက် ရေးခြစ်ဖို့ ရသလောက်လေးပဲ

ဆောက်လုပ်ရေးပစ္စည်းတွေက တကယ်တော့ လူသားဘ၀အတွက် သိပ်အသုံးမ၀င်လှပါဘူး

လာ သွားမယ် ငရဲကို နိဗ္ဗာန်ကို ဇွဲရှိရှိ ရောက်တတ်ရာရာ

တွေး

ငေးရင်း သွေးပေါင်ကျတယ် ၀င်းဒိုးကျတယ် စိတ်ဓာတ်ကျတယ်

ကျစရာမရှိတဲ့ အဆုံး ၀ါကျတစ်ကြောင်းအရ ၀က်တစ်ကောင် ပြုတ်ကျသွားလို့ပဲဖြစ်ဖြစ်

ဖြစ်တာကို ခံနေရလို့ပဲ ဖြစ်ဖြစ် မြင်သမျှ တွေ့သမျှ ဖျစ်ဖျစ်မြည်အောင် ကြေကွဲလို့

နာကျင်ကြိုးစတွေလည်း ရသလောက်ပဲ

သားစားသတ္တ၀ါဟာ အသက်အရွယ် ကြီးပြင်းလာပါပြီ

ထိုကိစ္စကို သင့်အား ကျွန်ုပ်နှင့်အတူ သတိပေးကြေငြာအပ်ပါသည်

ထို့ကြောင့် ကျွန်ုပ်တွင် အပြစ်မရှိ ပစ်ထားခံနေရမှာလား

မှားလား

ရှေ့အချိုးအကွေ့ဟာ မီးခိုးပဲ တိမ်တိုက်ထဲ လေထဲ လေလွင့်လို့ တိုက်ဆောက်နေရသလို

ကျဆုံးမှုအားလုံး ရသလောက် ရေးခြစ်ဖို့ အသက်ဓာတ်ငွေ့ငွေ့လေးထဲ အသည်းဟာ

ချောက်ခန်းနေပါပြီ သဲထဲရေသွန်လိုက်သလို ချောက်ချောက်ခန်းခန်း ဖြစ်နေပါပြီ

ရေရောရင် သက်တောင့်သက်သာ ရှိတယ်လို့ သင် ယူဆထင်မြင်မိပါသလား

လူတစ်ယောက်အတွက် ငွေလိုတယ် ရေလိုတယ် ရသလောက် ရေးခြစ်နေတယ်

ဒါသံသရာ သံပုရာသီးစားရတာထက် ချဉ်ဖို့ကောင်းတယ်

သွားလေသူများနောက်သို့ ကျွန်တော် လွယ်လွယ်ကူကူ မလိုက်လိုပါ

ကျွန်တော်သွားလိုသော အရပ် မေတ္တာတရားတွေ မရှိ အချစ်အမုန်း ကင်းမဲ့ဇုန်

နွေးထွေးငြိမ်းချမ်း အေးမြစေမယ့် နေရာ တစ်နေရာ

တွေး

ရောက်ဖြစ်တဲ့ စနေဥယျာဉ်မှာ အင်တာနက်ကဖီးမှာ ရှိမလား လားလားမှ မရှိမလား

ညည အိပ်မပျော်တဲ့အခါ ငယ်ငယ်က ကလေးဘ၀နဲ့အတူ မိသားစု

စုစုပြီးဖွဲ့ထားတဲ့ မိသားစု သတိတရတွေ သတိပေးနေတာ

တွေး

အေးစက်သလို ဟန်ဆောင်ခဲ့ပြီးမှ အသိုက်ပျက်ခဲ့ရတယ်

ပျက်ပျက်ယွင်းယွင်း ရသလောက် ရခဲ့တယ်

ဆောင်းဥတုထဲ တိုးဝင်လာတိုင်း နှင်းတွေ အရင်ကထက် ပိုကျလာတာပဲ အဖတ်တင်တယ်

အသက်တစ်နှစ် ကြီးလာပြန်ပြီ

အိုလာ မင်းလာ ရင့်လာ ဆွေးလာတဲ့ အသက်ဓာတ်နဲ့

ခေတ်တစ်လုံး ငြင်းဆန်ရင်း ရသလောက်တော ရေးခြစ်သွားရမှာပဲ

ရူးသွားလိမ့်မယ်

ရှူး

အသံနက်ကြီးထဲ အသံက နက်လွန်းတယ် မမြင်ရဘူး

ရှေ့မှာ စာနာမှုမဲ့ နတ်ဆိုးတွေ ရှိမယ်

ကြင်နာမှုနဲ့ တွဲခေါ်မယ့် လက်တွေ ရှိမယ်

ငါ့လက်ထဲ ဘာတွေ ရှိမလဲ

လေပြင်းပြင်းတိုက်ရင် ကိုယ်ဟာ အသာလေး ၀ပ်နေရတယ်

လေနိမ့်နိမ့်ပြင်းလာတော့ ကိုယ်ဟာ ပိပြားသွားတယ် ယုံလား

ယုံလို့ မွေးလာတဲ့ ဂဏန်းတွေ ထွက်မလားဘူး

အလို သူမက နှစ်ချောင်းလည်း ကစားတတ်ပြန်တယ်

ရန်ကုန်ဟာ မွေးဖို့ မလွယ်ဘူး သေဖို့ခက်တယ်

ကုပ်/တ်အင်္ကျီ မရှိတော့ ကုပ်/တ်ကုပ်/တ်လေး နေနေရတယ်

ကုပ်/တ်စရာဟာလည်း ယားလို့မှ ယားစရာတောင် ရှာမတွေ့တော့ဘူး

ဟိုမှာ ကြည့်စမ်း ကုပ်/တ်ကုပ်/တ် ကလေးကွေးနေတဲ့

နို့မပြတ်သေးတဲ့ ခွေးပေါက်စနလေးတွေ

ဘယ်သူကိုယ်ချင်းစာမှာလဲ

ဒီနှစ်ထဲက ဒီဇင်ဘာဟာ

နောက်ဆုံးမှာ မွေးလာတဲ့ ခွေးလေခွေးလွင့် တစ်ကောင်ဖြစ်တယ်

နာနာဘာဝဟာ ခင်ဗျားတို့အတွက် ကြောက်စရာပါ

ခွေးဟောင်တိုင်း ထပြေးနေရတဲ့ ဘ၀ကို

ခွေးတစ်ကောင်ထက် လူတစ်ယောက် လူတစ်ယောက်ထက် ခွေးတစ်ကောင်

တစ်နဲ့တစ် ပေါင်းပြီး နှစ်မဖြစ်လိုက်ကြဘူး

ဗူးသီးမှ အရီးတော်ချင်တဲ့ နာနာဘာဝတွေအတွက်

ဖရုံသီးစေ ဗူးသီးစေ စေတစ်လုံးပဲ

ရင်ဘတ်မှာ သော့တန်းလန်း ချထားတယ်

သမရိုးကျ မဆန်ဘူး မျက်လှည့်မဆန်ဘူး ဒါပေမယ့် လုံးဝမယုံကြည်ရဘူး

လိပ်ပြာ သင်လိုရာသို့ သင်ပျံသန်းသွားပါတော့ သင့်အား လွတ်လပ်မှုပေးလိုက်သည်

free

စိတ်တွန်းအား ရသလောက်နဲ့ ကိုယ်တို့ ရေးခြစ်ခဲ့သလို

စိတ်တွန်းအား ရသလောက်နဲ့ ခင်ဗျားဖတ်ခဲ့တယ်

စိတ်တွန်းအား ရသလောက်နဲ့ တစ်စုံတစ်ရာကို ctrl + c … ctrl + v လုပ်မယ်

စိတ်တွန်းအား ရသလောက်နဲ့ like thit လုပ်မယ်

စိတ်တွန်းအား ရသလောက်နဲ့ ဘာသာစကား တစ်ခုခုနဲ့ comment ပေးမယ်

free ပဲ feel

ငါအတောင်တွေ ညောင်းလို့ ရေထဲထိုးကျသွားတယ်

လိပ်ပြာ ငါခေါ်နေတယ် လိပ်ပြာ ဟလို လိပ်ပြာ လိပ်ပြာ ကြားလား ကြားလား

ငါခေါ်နေတယ် လိပ်ပြာ လိပ်ပြာ လိပ်ပြာ ကြားလား

ကြားရင် တိုးတိုးလေး ပြန်ပြောပါ

ဟလို ဟလို ဟလို

စူဠလိပ်နဲ့ စကားပြောဖြစ်တယ်

ကျွန်တော်သင်္ဘောမှောက်သွားတာ ဘယ်ဘ၀ ရောက်နေပြီလဲ

ရသလောက် ရေးခြစ်ဖို့ အိပ်မက်ကို ရေရောထားတယ်

ဆူးရင့် မင်းသက်ဇဉ်

၁၉ ၁၂ ၂၀၁၀

No comments:

LinkWithin

Related Posts with Thumbnails