Thursday, January 14, 2010

အသိပေးခြင်း၊ နှုတ်ဆက်ခြင်း



အခု ရက်ပိုင်းအတွင်း မအားလပ်တဲ့ အလုပ်တွေကြောင့်
ဘလော့မှာ အသစ်မတင်ဖြစ်သလို
တစ်ခြား ဘလော့တွေဆီကိုလည်း
အလည်မရောက်ဖြစ်ခဲ့ပါဘူး။

အလုပ်တွေကတော့ ရှုပ်သလား မမေးပါနဲ့
ခေါင်းတစ်ခုလုံး ပူထူနေတာ
ကိုယ့်ဒုက္ခ ကိုယ်ရှာတယ်လို့ ပြောရတော့မှာပေါ့။

ဖေဖော်ဝါရီ အမီ
စာအုပ်လေး တစ်အုပ် လုပ်ဖြစ်လိုက်ပါတယ်
အဲဒီမှာ စပြီး အလုပ်က ရှုပ်တော့တာ
စာပေစိစစ်ရေး လစ်ရ
မျက်နှာဖုံးနဲ့ အတွင်းဒီဇိုင်းနာဆီ ပြေးရ
ပုံနှိပ်တိုက်နဲ့ စာအုပ်ချုပ် သွားရ
မပင်ပန်းဘူးလိုလိုနဲ့
စိတ်ရော ကိုယ်ပါ တော်တော် ပင်ပန်းသွားပါတယ်။

စာအုပ်ပြီးမယ့်နေ့ကို စောင့်ရင်း
တန့်ဆည်ကို ပြန်မယ့် နေ့ရက်လည်း ကျန့်ကြာသွားပြန်ရော့
ခုတော့ စာအုပ်ကတော့ ပြီးလုသွားပါပြီ
အလုပ်က မပြတ်ချင်သေးဘူး။

မဂ္ဂဇင်းနဲ့ ဂျာနယ်တွေ သတင်းပေးရ
ဖတ်ညွှန်းနဲ့ ဝေဖန်ရေးကို
ဝါရင့်တဲ့ ကဗျာဆရာတွေကို ရေးခိုင်းရ
ဗီနိုင်း ကြော်ငြာချပ်တွေ ထုတ်ရ
နောက်
ဖြန့်ချိပေးမယ့် သူငယ်ချင်းနဲ့ စကားပြောရနဲ့
ခုထိတောင် မပြီးပြတ်သေးဘူး ဆိုပါတော့
ပြီးလုနီးနီးတော့ ရှိနေပါပြီလေ။

အလုပ်တွေ များနေတဲ့ကြားထဲ ပြည်ပက ပြန်လာတဲ့
သူငယ်ချင်းက “ သူ့ကို စောင့်ပါဦး
သူပြန်ရောက်မှ တန့်ဆည်ကို ပြန်ပါ ”တဲ့။

သူငယ်ချင်း အရင်းခေါက်ခေါက်၊ မတွေ့ရတာလည်း ကြာပြီဆိုတော့
သူ့ကို စောင့်ပေးလိုက်ပါတယ်
သူ မနက်ဖြန် 12း00 လောက်မှာ
ပြည်တွင်းကို ပြန်ရောက်ပါမယ်။

သူနဲ့ တစ်ရက်လောက် တွေ့ဆုံပြီးရင်
တန့်ဆည်ပြန်ရုံပေါ့။

အင်တာနက် အသုံးပြုလို့ မရတဲ့ တန့်ဆည်မှာ
ကျွန်တော် နှစ်လ သို့မဟုတ် ခြောက်လလောက် ကြာမြင့်ပါလိမ့်မယ်။

“ ပင့်ကူအန် တိမ်တိုက် ” မှာ
ကျွန်တော်ကိုယ်တိုင်
အသစ်တင်ဖြစ်တော့မှာ မဟုတ်ပါဘူး။

အသိတစ်ယောက်ဆီမှာတော့ အကူအညီတောင်းထားပါတယ်
အားလပ်ရင် အသစ်တင်ဖို့ စိတ်ကူးရရင် တင်ပေးဖို့ပါ။
ဒါပေမယ့် မသေချာပါဘူး။

အင်တာနက် ကွန်ယက်ကြီးတစ်ခုလုံးနဲ့ အတူ
သူငယ်ချင်းတွေကို သတိရနေပါမယ်။

ကျွန်တော်နဲ့ အတူ သူငယ်ချင်းတွေဖြစ်တဲ့
သာရလင်း
ဧဏီမင်းတို့ သုံးယောက်
ချစ်သူများနေ့ အမီ ထုတ်ဝေဖြစ်ကြတဲ့
“ ချစ်သူပေါင်း 1500 ”
ကဗျာ စာအုပ်လည်း ထွက်ပြီလို့
အသိပေး ကြော်ငြာပါတယ်။

နောက်
ကျွန်တော် တန့်ဆည်ကို အလုပ်ကိစ္စတစ်ခုနဲ့
ပြန်လိုက်ပါဦးမယ်လို့
အွန်လိုင်းက မိတ်ဆွေအားလုံး
ဘလော့ဂါ အားလုံးကို
နှုတ်ဆက်ပါတယ်။

အားလုံး ပျော်ရွှင်ချမ်းမြေ့စွာ
ဘ၀ကို ဖြတ်သန်း ခရီးနှင်နိုင်ကြပါစေ။ ။

လေးစားလျှက်
ဆူးရင့်၊တန့်ဆည်၊
14 . 1 . 2010


Monday, January 4, 2010

ချစ်သူပေါင်း 1500 ကဗျာစာအုပ် တနင်္ဂနွေနေ့တွင် ဖြန့်ချိမည်



ဆရာသစ္စာနီ၏ မုဒိတာ စကားများနဲ့ အတူ
ချစ်သူပေါင်း ၁၅၀၀
ရင်ခုန်သံ ဒေတာများ
ကဗျာစာအုပ်ကို လာမည့် တနင်္ဂနွေနေ့တွင်
sweetheart စာအုပ်တိုက်မှ တပြည်လုံး
ဖြန့်ချိမည် ဖြစ်ပါသည်။

စာရေးသူ ဆူးရင့်၊တန့်ဆည်၊
သာရလင်း
ဧဏီမင်း
ဒီဇိုင်း လူဇော်သစ်
တန်ဖိုး ၁၅၀၀ ကျပ်ဖြင့်


ဝယ်ယူ အားပေးနိုင်ပါသည်။

အားလုံးကို လေးစားလျှက်
ဆူးရင့်၊တန့်ဆည်၊


Friday, January 1, 2010

စက္ကူနဲ့ လုပ်တဲ့ အနုပညာ



ပုံလေးတွေက စိတ်ဝင်စားစရာ
အရမ်းကောင်းတာနဲ့
ယူလာတာပါ။
စက္ကူ A-4 တစ်ရွက်တည်းနဲ့
ဒီလို ဖန်တီးမှု အနုပညာအသစ်ကို
စုံစုံလင်လင် ကြည့်ချင်ရင်တော့
ဒီနေရာကို ရောက်အောင်သွားပြီး ကြည့်ရှုစေချင်ပါတယ်။
ခံစားမှု တစ်ခုခုတော့ ရရှိမှာ အမှန်ပါပဲ။
ဆူးရင့်၊တန့်ဆည်၊

Wednesday, December 30, 2009

၂၀၀၉-ခုနှစ်အတွက် ပို့စ် (၁၀၀) အမှတ်တရ



ထူးထူးခြားခြား မ
ဟုတ်ပေမယ့်

“အမေနေ့” မှာ
၂၀၀၉-ခုနှစ်အတွက်
ရေးသားဖြစ်ခဲ့တဲ့ ပို့စ်အရေအတွက်ဟာ

(၁၀၀)တိတိ ပြည့်မြောက်သွားခဲ့ပါတယ်။

အဲဒီထဲမှာကိုယ့်ကဗျာ အက်ဆေးနဲ့
သူများ ကဗျာတွေ အပါအ၀င်ဆိုပါတော့..။

ပို့စ်(၁၀၀)ပြည့် အထိမ်းအမှတ်အမှတ်အဖြစ
သာရလင်းက လောလောဆယ်မှာ
သူဝယ်ထားတဲ့
ကားအသစ်နဲ့
ချောင်းသာလိုက်ပို့ပါတယ်။


ဟိုမှာ တည်းခိုခန်းစရိတ်နဲ့
စားစရိတ်အားလုံး

သူကပဲ စပွန်ဆာ ပေးတယ်ပေါ့။


နယူးယီယားညမှာ
ကျွန်တော်၊
မောင်မင်းစိုး၊ သာရလင်း၊
မိုးပြည့်၊ ၀ိုင်ဝိုင်၊
ကေခိုင်၊ သီတာတို့ သူငယ်ချင်းတွေ

ချောင်းသာမှာ နှစ်သစ်ကို ကြိုဆိုကြပါမယ်။


အမေရိရောက်နေတဲ့ နေသစ်မှူးကတော့
သူလည်း သူငယ်ချင်းအားလုံးကို
သတိရတယ်ဆိုတဲ့အကြောင်း
နယူးယီးယားညကို အတူတူ
ဖြတ်သန်းချင်တဲ့အကြောင်းတွေ
လွမ်းလွမ်းမောမောပြောပြီး

သူငယ်ချင်းတွေ သုံးရအောင်လို့တဲ့

ဒေါ်လာ(၅၀၀)ကို အစောကြီးကတည်းက
လူကြုံနဲ့ ထည့်ပေးလိုက်ပါတယ်။

အဲဒီ ဒေါ်လာ(၅၀၀) ကို
ကျွန်တော်ကပဲ အားနာနာနဲ့

အိပ်ကပ်ထဲ ထည့်လာခဲ့ပါတယ်။


သူ့လိုပဲ အပြင်မှာ ရောက်နေကြတဲ့

နွေမင်းသစ်၊ နေရု၊ အတည်မဲ့၊
ဇာဇာ၊ သက်သက်ဦးတို့ကလည်း
သူတို့ကို စောင့်ဦး၊ ပြန်လာခဲ့မယ်

သူတို့လဲ လိုက်မယ်လို့ ပြောခဲ့ကြပေမယ့်

သူတို့ အချိန်မီ ရောက်မလာခဲ့ကြပါဘူး။


စိတ်မကောင်းစွာပဲ ကျွန်တော်တို့
ချောင်းသာကို ထွက်လာခဲ့ကြပါတယ်။
နယူးယီးယားညကလဲ နီးနေပြီလေ..
မနက်ဖြန်ဆို ရောက်တော့မယ်မို့လား...။


သာရလင်းကတော့ ကား/ဆီဖိုးကအစ
ဘယ်သူလိုက်လိုက် သူအားလုံး
ကုန်ကျစရိတ်ကို စပွန်ဆာပေးမယ်
လိုက်ချင်တဲ့ သူလိုက်ခဲ့ကြလို့ ပြောပါရဲ့ ။

ကျွန်တော့်ရဲ့ ပို့စ်(၁၀၀)ပြည့်

နယူးယီးယားည ချောင်းသာခရီးစဉ်ဟာ
ပျော်စရာ အရမ်းကောင်းခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ ပျော်ရွှင်မှုဟာ

ထင်ထားသလောက် တာရှည်မခံလိုက်ပါဘူး။

မြောက်လေအဝှေ့မှာ တံခါးတစ်ချပ်
“ဒုန်း”ကနဲ့ ပိတ်သံ ကြားလိုက်ရပါတယ်။
အေးစက်စက် အတွေ့ကို
ရလိုက်မိတဲ့အချိန်မှာ

ကျွန်တော် လန့်နိုးသွားပါတယ်.။


ဒါကိုပဲ လူတွေက
”အိပ်မက်”လို့
ခေါင်းစဉ်တပ်လိုက်ကြပါရဲ့။

ဘာပဲဖြစ်ဖြစ် “ပင့်ကူအန် တိမ်တိုက်”
မှာ
၂၀၀၉-ခုနှစ်အတွက
် ပို့စ် (၁၀၀)ပြည့်အောင်
တင်လိုက်တဲ့အတွက်
အင်တာနက်အသုံးပြုခ
ဘယ်လောက်ကုန်သွားတယ်ဆိုတာ
မေ့ထားပြီး
ကျွန်တော် ပျော်ပါတယ်။


“ ပင့်ကူအန် တိမ်တိုက် ” ဆီ

ရောက်လာသူအားလုံး၊

ရောက်မလာသူအားလုံး

နှစ်သစ်မှာ စိတ်အသစ်၊ အောင်မြင်မှုအသစ်နဲ့

ပျော်ရွှင်ချမ်းမြေ့ကြပါစေ....။ ။


ဆူးရင့်၊တန့်ဆည်၊

အမေ သို့မဟုတ် ညီမျှခြင်း



အမေ့ဗိုက်ထဲမှာ

ကျွန်တော်
ဘာတွေများ တောင်းဆိုခဲ့ပါသလဲ၊

မမှတ်မိတော့ဘူးအမေ
မှတ်သားမှု နည်းပါးလွန်းတဲ့ ကျွန်တော်လေ

ကွန်ပျုတာဆေးပြားတွေ

မနက်နေ့ည ဆက်တိုက် မျိုချနေရ


အဲဒီနောက်

လောကထဲ အကောင်းဆုံးလူတွေကို

ရွေးထုတ်လိုက်တယ်၊

အဲဒီနောက်

ထိပ်ဆုံးကအမေဟာ
ညီမျှခြင်းတွေနဲ့ အောင်ပွဲခံနေရဲ့ ။

ဆူးရင့်၊တန့်ဆည်၊
အမေနေ့ အမှတ်တရ

၁၃၇၁-ခုနှစ်၊ ပြာသိုလ်လပြည့်။

LinkWithin

Related Posts with Thumbnails