Wednesday, July 8, 2009

ဂမ္ဘီခေါင်း ပန်းပုရုပ်ကလေး ။


ပန်းတွေနဲ့ ဂမ္ဘီ



နံရံပေါ်က ဂမ္ဘီ




ခေါင်းစဉ်ကို ဖတ်လိုက်တဲ့ ခင်များအတွက် ဝေါဟာရစကားလုံးတွေဟာ သူစိမ်းတရံ ဆန်သလို ဖြစ်နေမှာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ ဂမ္ဘီဆိုတာ လူတွေနဲ့မှ သိပ်မရင်းနှီးသေးတာပဲ။ နော ။ ကျနော့ရဲ့ စိတ်ခံစားမှုကို ရုပ်လုံးဖေါ်ကြည့်မိရုံ သက်သက်ကလွဲရင် ဘာမှတော့ အထူးအဆန်း သိပ်မရှိပါဘူး ။

နွေရာသီ မရောက်ခင်လောက်ကတည်းက ကျနော့်ဇာတိမြေ တန့်ဆည်ကို ပြန်သွားလိုက်တာ ငါးလလောက် ကြာမြင့်သွားခဲ့တယ် ။ အညာဒေသမှာတော့ နွေရာသီကို ဖြတ်သန်းရတာ မလွယ်ပါဘူး ။ အရမ်းပူ အရမ်းအိုက်တယ် ဆိုရမှာပါပဲ ။ အလုပ်တွေ လုပ်လိုက် အရှုပ်တွေ လုပ်လိုက်နဲ့ဆိုတော့ တစ်ခါတစ်ခါ နေ့ရက်တွေဟာ ကြည်လင်ပြတ်သားပြီး တစ်ခါတစ်ခါမှာတော့ ညီမလေးစိတ်နဲ့ မှုန်သီေ၀၀ါးလို့ နေခဲ့ပါတယ် ။

ညီမလေးဆီ စိတ်တွေပို့ပြီး ။ ကဗျာတွေ ရေးဖြစ်တယ် ။ ယဉ်ကျေးမှု သင်တန်းဖွင့်ထားတဲ့ ဆရာတော်ကို ကူညီ
ပေးခဲ့တယ်။ သူငယ်တန်းကနေ ကိုးတန်းအထိဆိုတော့ ကလေးတွေကလည်း (၂၀၀)ကျော်တယ် ။ ထားပါတော့ ။

တစ်နေ့ မန္တလေးက ဘုရားထုတဲ့ ပန်းပုဆရာ ဦးမင်းဇော်တစ်ယောက် တန့်ဆည်ကို ရောက်လာတယ် ။ သူရောက်လာတဲ့ အကြောင်းက ဥာဏ်တော်(၇)ပေ အမြင့်ရှိတဲ့ ဆင်စီးမြင်းရံ အလိုတော်ပြည့် ရုပ်ပွားတော်ကြီး
ထုလုပ်ဖို့အတွက် ရောက်လာတာပါ ။ သူနဲ့ ကျနော် ဆုံဖြစ်ကြတယ် ဆိုပါတော့လေ ။

ကျနော်က ကျနော်ထုချင်တဲ့ အရုပ်ပုံစံလေးကို သူကိုပြောပြတယ် ။ အဲဒီတော့ သူက “ ရပါတယ် ။ ကိုဆူးရင့်ကို
ဖြစ်အောင် လုပ်ပေးရမှာပေါ့ ၊ ကျနော်လည်း ခင်များခိုင်းတဲ့ အရုပ်မျိုး တစ်ခါမှတော့ မထုလုပ်ဖူးဘူး ” တဲ့။

အရုပ်ကလေးရဲ့ နာမည်က “ ဂမ္ဘီခေါင်း” ။ “ဂမ္ဘီ”ဆိုတာကတော့ ရာဇ၀င်မှာ အချစ်လူကြမ်းကြီးလို့ စာတင်ခဲ့ဖူးတဲ့
ဒဿဂီရိဘီလူးရဲ့ ညီမအရင်းဖြစ်တဲ့ ဘီလူးမလေးတစ်ယောက်ပါ ။ မယ်သီတာကို ခိုးမယ့် ဒဿဂီရီအတွက်
တော့ အဓိက ကူညီပေးတဲ့ ချစ်စရာ ညီမလေးတစ်ယောက်ပဲ ဆိုပါတော့လေ ။ ဘယ်လို အကူအညီတွေ ပေးသလဲဆိုရင်

မယ်သီတာက ရာမမင်းသားကို ရွှေသမင်ဖမ်းခိုင်းသတဲ့လေ ။ တောထဲမှာ ရာမမင်းဟာ ရွှေသမင် အဖမ်းထွက်ရ
တော့တာပေါ့ ။ ဂမ္ဘီဟာ တောထဲမှာ ရွှေသမင်ယောင်ဆောင်ပြီး ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ ရာမမင်းကို
အရူးလုပ်တော့တာပါပဲ ။ ရာမမင်း သမင်းဖမ်းထွက်နေတဲ့ အချိန်မှာပဲ ဒဿဂီရိဟာ မယ်သီတာကို ခိုးပြေးသွားခဲ့
ပါတယ် ။

ဟုတ်လေသလားတော့ မသိပါဘူး ။ ကြားဖူးတဲ့ ဇာတ်လမ်းတွေထဲက ဖြစ်ရပ်တွေပါ ။

ကျနော် တစ်ခါက မြင်ခဲ့ဖူးတဲ့ “ ဂမ္ဘီခေါင်း” ဆိုတာကတော့ အောက်ဆုံးမှာ မိန်းကလေးလှလှ တစ်ယောက်ရဲ့ ကိုယ်တစ်ပိုင်းပုံ ။ အလယ်က ဘီလူးခေါင်း ။ ဘီလူးခေါင်းရဲ့ အထက်မှာတော့ သမင်ချိုတွေပါတယ် ။ ကျနော် ထု
လုပ်ခိုင်းတဲ့ ပုံမှာတော့ ဘီလူးခေါင်းရဲ့ အထက်မှာ သမင်ချိုတွေ မတပ်ခိုင်းတော့ဘူး ။

ဘာလို့လဲဆိုရင် တန့်ဆည်+ရန်ကုန်ခရီးမှာ ချိုတွေထည့်လိုက်ရင် သယ်ရ ပြုရတာ ဘယ်လွယ်ကူမလဲ ။ နော ၊
နောက်တစ်ချက်က အရုပ်ကလေးကို ကြည့်တဲ့သူတိုင်း ရသနှစ်မျိုးကို ခံစားစေချင်တယ် ။ (ကြီးကြီးကျယ်ကျယ်နဲ့)
ဒဿဂီရီဇာတ်လမ်းကို သိတဲ့သူတွေ အနေနဲ့ ဇာတ်လမ်းကို ခံစားကြရုံပေါ့ ။ မသိတဲ့ သူတွေကတော့.............
“ မိန်းကလေး လှလှလေးတွေဟာ ဘီလူးမတစ်ကောင်လို ကြောက်စရာ ကောင်းတယ် ” လို့ ခံစားမယ်ဆိုရင်လည်း ခံစားလို့ ရတာပေါ့ ။

ဘာရည်ရွယ်ချက်နဲ့ ဒီအရုပ်ကလေးကို ထုလုပ်ဖြစ်သွားတာလဲတဲ့ ညီမလေးက မေးတယ် ။တကယ်ပြောရရင်
ဘာရည်ရွယ်ချက်မှ ကျနော့်မှာ သီးသီးသန့်သန့် မရှိခဲ့ပါဘူး ။ ကျနော့် ချစ်သူကို ကျနော် ခိုးပြေးတဲ့အခါ ဂမ္ဘီဆိုတဲ့
ဘီလူးမလေးက အကူအညီတွေ ပေးလိမ့်မယ်လို့တောင် ရည်ရွယ်ချက် မျှော်လင့်ချက် မထားခဲ့တာပါဗျာ ။

အဲ အရုပ်ကလေးရဲ့ တန်ဖိုးကတော့ တစ်သောင်းခုနှစ်ထောင် ကုန်ကျသွားပါတယ် ။ မိန်းကလေးလှလှလေးရဲ့
နားနှစ်ဖက်မှာ နားကပ်တစ်ရံ ။ ဘီလူးခေါင်းရဲ့ နားနှစ်ဖက်မှာ နားကပ်တစ်ရံ ။ လည်တိုင်မှာ ဆွဲကြိုးတစ်ကုန်း ။
လက်သန်းကြွယ်မှာ လက်စွပ်တစ်ကွင်း ။ တပ်ဆင်ပေးဖို့တော့ လိုအပ်နေပါသေးတယ် ။

ဟာဗျာ ရွှေအစစ် စိန်အစစ်တွေတော့ ဘယ်ဟုတ်မလဲ ။ ဖန်စီလေးတွေပဲ တပ်ဆင်ပေးမှာပေါ့ ။
ဟုတ်တယ်လေ ။ “ ဂမ္ဘီ” ဟာ ကျနော့်ညီမလေး စစ်စစ်မှ မဟုတ်တာပဲ ။
သူဟာ ဒဿဂီရီရဲ့ ညီမသာ ဖြစ်တယ်လေ ။ မဟုတ်ဘူးလား ။ နော ။

ကျနော့်ရဲ့ ညီမလေးက
ကျနော့်ရဲ့ ညီမလေးစစ်စစ်က
ကျနော့် ရင်ထဲက ထာဝရ ညီမလေးသာ ဖြစ်ပါတယ် ။
သူ့ရဲ့ နာမည်ကတော့.........
မပြောတော့ပါဘူးဗျာ ။ ခင်များလည်း မသိချင်ပါနဲ့ ။

ဆူးရင့်၊တန့်ဆည်၊


Thursday, July 2, 2009

အစွန်း အကွက်တွေနဲ့ လူ

ခဏ ခဏ ခုန်နေတတ်တဲ့ ရင်က
ယောင်မနေတာတော့ အမှန်ပါပဲ။

ကံလမ်းကြောင်းကို ဖြန့်ကျက်တတ်သူမှာ
မနက် ရှိတယ်
နေ့ ရှိတယ်
ည ရှိတယ်
တခြား ဘာမှ မရှိတော့ဘူး ။

ကျေးလက်က မန်ကျည်းရိပ်အောက်မှာ
စိတ်ချင်း လက်ထပ်ခဲ့တဲ့ ဖိတ်စာလေးတစ်စောင်ကို
လွမ်းလွမ်းနေတတ်တာကလွဲရင်
ဘာ စာလုံးတွေမှ မမှားယွင်းခဲ့ပါဘူး ။

ဘုရားသခင်ဆီက
အလိုမတူ ရရှိခဲ့တဲ့
ရင်ဘတ် တစ်စုံဟာ
ခုတော့
ဝေးကွာ သတိရမှုတွေပဲ
မှတ်တမ်းတင် ကျန်ရစ်ခဲ့ ။

ဖြတ်သန်းနေရတဲ့
နေ့ရက်တွေဆိုတာကလည်း
နှစ်ပေါင်းများစွာ
ပိတ်လှောင်ခံထားရတဲ့
ငါးလေးတစ်ကောင်လို
အသက်ရှု မ၀လိုက်ပုံများ ။

ဆူးရင့်၊ တန့်ဆည်၊

မလိုအပ်တဲ့ သင်္ကေတတွေသာ ရွာချပေးတတ်တဲ့ ကောင်းကင်

ကိုယ့်အထာနဲ့ကိုယ် လိမ့်ဆင်းသွားတဲ့ စာမျက်နှာက
ညကိုရှို့ ပြီး လှုံရတဲ့ မီးတောက်ချိုတွေလို
လင်းလင်းလွင့် ကောင်းကင်တစ်ခု မေ့ဆေးပြယ်ချိန်မှာ
မျှော်လင့်ချက်တိုင်းက
အိပ်မက်။

ငြို့ဓာတ်မရှိတဲ့ လရောင်ဆိုတာလည်း
မုဆိုးမအိမ်က ခွေးပိန်တစ်ကောင်လို
မည်းမည်းမြင်တိုင်း ထိုးထိုးဟောင်နေရ ။

လက်တွေ့မှာ ခြေရာ လက်ရာ ကွေ့ကောက်ခဲ့ရတဲ့ ရင်စိုင်ခဲတွေ
လောက်တရွရွ ထ၊
အမှိုက်ပုံးထဲက စိတ်အရေပြား ယားယံမှုအတွက်
သူခိုးက အိမ်ရှင်ကို ပြန်ဖမ်းဖို့ ကြိုးစားနေရတဲ့ ခေတ် ။

ညီမလေးရေ
ရေအိုးကို လုံခြုံစွာ ဖုံးအုပ် သန့်စင်ပါ
အမှည့်လွန် သစ်သီးနဲ့ ယင်နားစာကို မစားပါနဲ့။

လွှင့်ပစ်လိုက်တဲ့ ဖဲချပ်တွေလို
နာကျင်မှု ရှုံးနိမ့်မှုတွေဟာ
တငွေ့ငွေ့ စီးမြောရင်း
အသားမာတက်လာမယ့်
“ မီးတောက်ချိုထဲက ခွေးပိန်တစ်ကောင်ရဲ့ ဖဲချပ်များ”

ဆူးရင့်၊တန့်ဆည်၊

ရေးဖို့ မဆုံးဖြတ်ရသေးတဲ့ စာ

ဟင်းလင်းပြင်
စိတ်ပြေးလမ်းမှာ
ငါတို့ အလွမ်းတွေ
တအိအိ ခုတ်မောင်းနေရ ။

လတ်တလော
ပြတ်ရွေ့ကြောကြီးက
ဝေးကွာခြင်း ၀ါကျတွေနဲ့
ပြည့်လျှံနေတယ်။

မောင်ချောနွယ် ပြောသလို
ရင်ဘတ်ခြင်း ဂျက်ပင်ထိုးဖို့
တစ်ယောက်က
တစ်ယောက်ဆီ
ပေးအပ်ထားတဲ့စိတ်။

ဒါပေမယ့်
သို့မဟုတ်
ဖြစ်နိုင်ချေ
အကယ်၍
စသည့် မလိုအပ်သော
ခေတ္တ လူ့ဘုံရောက်
အမှတ်တရ သေတမ်းစာများ ။
ဆူးရင့်၊တန့်ဆည်၊

အညာထန်းတော

ညနေခင်းတွေက
အပျံသင်စ ငှက်တစ်ကောင်လို
ရင်ထဲ ၀မ်းထဲမှာတော့
ခေတ်ကြိုးတန်းပေါ် ဖြတ်သန်းခွင့်မရှိတဲ့
သက်တမ်းလွန် စိတ်ကူး အပျက် အယွင်းကြီး ။

ဟိုက ဒီက သီချင်းထဲက အတိုင်း
နေညိုချိန် တိမ်တောက်တာလည်း
မကြည့်အားခဲ့၊
ဟိုနား ဒီနား ကုက္ကိုပင်နားက
စာဥနဲ့ သူငယ်ချင်းမတွေကလည်း
ကိုယ်နဲ့ မသက်ဆိုင်၊

ဟိုလိုနဲ့ ဒီလိုနဲ့
ထန်းတောရောက် ညနေခင်းတွေဟာ
အပျံသင်စ ငှက်တစ်ကောင်လို
အမှားအယွင်းများတယ် ။
ဆူးရင့်၊တန့်ဆည်၊

LinkWithin

Related Posts with Thumbnails